Chapter 97
“ဆံပင်လက်ဆောင်”
ရှန်းယုဟန် ခေါင်းလှည့်ကာ ရှန်ချီဟွမ်း၏အမူအရာကို စိုက်ကြည့်ပြီး ဆက်ပြောလိုက်သည်။ “ဒီဧကရာဇ်အမိန့်ပြန်တမ်းက သတင်းဆိုးပဲ”
“ဘာလို့အဲ့လောက်ဆိုးတာလဲ?” ရှန်ချီဟွမ်းက ရှန်းယုဟန်၏ ပုံပြင်ပြောပြသောနည်းလမ်းကြောင့် အပြည့်အဝစိတ်ဝင်စားနေသည်။ “ဧကရာဇ်က ငြိမ်းချမ်းရေးလက်ထပ်ပွဲအတွက် အိမ်နီးချင်းနိုင်ငံကို ပို့ခဲ့တာလား?”
“အင်း… ချူတိုင်းပြည်ဘုရင်က သူ့ဖြစ်တည်မှုကို သိသွားတယ်။ သူ ရှန်းကောအာကို လက်ထပ်နိုင်ရင် ချီတိုင်းပြည်ကနေ သိမ်းပိုက်ထားတဲ့ မြို့နှစ်မြို့ကို ပြန်ပေးမယ်လို့ပြောခဲ့တယ်။ အဲ့ဒါက ချီတိုင်းပြည်အတွက် ကောင်းမွန်တဲ့ညှိနှိုင်းမှုတစ်ခုဆိုပေမယ့် ရှန်းမိသားစုအတွက်တော့ ကြီးမားတဲ့ကပ်ဘေးတစ်ခုဖြစ်ခဲ့တယ်။ ရှန်းကောအာ အဲ့ဒီကိုသွားရင် သူတို့ဘယ်ချိန်ပြန်တွေ့ရမလဲဆိုတာ မသေချာဘူး။” ရှန်းယုဟန်က သက်ပြင်းချလိုက်၏။ “ဒါက နှုတ်ဆက်ပွဲဆိုပေမယ့် ထာဝရနှုတ်ဆက်ပွဲဖြစ်သွားခဲ့တယ်”
ရှန်ချီဟွမ်းက သူ သက်ပြင်းချတာကိုတွေ့တော့ မမေးပဲမနေနိုင်တော့ပေ။ “သူ ဓားပြတွေနဲ့ တွေ့ခဲ့ရလို့ သူ့မိသားစုနဲ့ ထာာဝရခွဲခွာခဲ့ရတာလား?”
“အင်း၊ သူ ချောက်ကမ်းပါးပေါ်က ပြုတ်ကျတာ။” ရှန်းယုဟန်က ထိုစကားပြောပြီး ရှန်ချီဟွမ်းကို နောက်တစ်ကြိမ်မော့ကြည့်လိုက်သည်။ သူဘာမှမဖြစ်တာကိုတွေ့မှ ဆက်ပြောလိုက်သည်။ “ချောက်ကမ်ပါးပေါ်က ပြုတ်ကျတော့ သူဘာဖြစ်သွားလဲ သိချင်လား?”
“ကယ်တင်ခံလိုက်ရပြီး ပုန်းအောင်းနေထိုင်ခဲ့တာလား? သူ့ခန်းဝင်ပစ္စည်းတွေလည်း ပျောက်နေတာဆိုတော့ သူ့ကိုကယ်တဲ့သူ ယူသွားတာလား?” ရှန်ချီဟွမ်း၏အတွေးက ကွဲလွဲနေသည်။
“ဘယ်ဟုတ်မလဲ၊ သူဆုံးသွားတာ” ရှန်းယုဟန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ဘာ?” ရှန်ချီဟွမ်းက ရှန်းယုဟန်၏ လက်ကိုကိုင်ထားပြီး အားအနည်းငယ်ပါနေခဲ့သည်။
ရှန်းယုဟန်က နာသွားပြီး အာမေဋိတ်ပြုလိုက်၏။ “ယောကျာ်း၊ ကျွန်တော့်လက်နာတယ်။”
ရှန်ချီဟွမ်းက သူ့စကားကြောင့် သတိပြန်ဝင်လာပြီး လက်ကို ကမန်းကတန်းလွှတ်ကာ လက်ကောက်ဝတ်ကိုပွတ်ပေးလိုက်သည်။ သူက စိတ်ခံစားချက်ကို ထုတ်ဖော်မိသိသွားတာပဲ…
“နာနေသေးလား?”
“မနာတော့ဘူး။ ကျွန်တော်ဆက်ပြောပြမယ်” ရှန်းယုဟန်က ရှန်ချီဟွမ်း၏ စိုးရိမ်သောကကို ခံစားမိပေမယ့် စိတ်သက်သာရာရနေသည်။ “ရှန်းကောအာက သူချောက်ကမ်းပါးပေါ်က ပြုတ်ကျပြီး သေသွားပြီထင်ခဲ့တာ။ ဒါပေမယ့် သူမျက်လုံးဖွင့်လိုက်တော့ သူ့မှာထူးဆန်းတဲ့အတွေ့အကြုံတစ်ရှိခဲ့တယ်။
ထိုစကားကြားကြားခြင်း ရှန်ချီဟွမ်းက ပို့လိုတောင် စိုးရိမ်လာသည်။ သူ ဘာကိုဆိုလိုတာလဲ သိသွားခဲ့ပြီ။
“အချိန်ခရီးသွားတာလား?”
ဝက်သားမစားဖူးပေမယ့် ဝက်ဖြတ်ပြေးတာကိုမြင်ဖူးကြမှာပါ။ ဟုတ်တယ်မလား? သူက ဝတ္ထု၊ ရုပ်ရှင်နဲ့ တီဗီဇာတ်လမ်းတွဲတွေ အများကြီးမဖတ်ဖူးပေမယ့် ရံဖန်ရံခါ ထိုအရာများနှင့် သက်ဆိုင်သည့် ဖျော်ဖြေရေးပရိုမိုးရှင်းခေါင်းစဥ်တို့ကို တွေ့ရတတ်သည်။ ပြန်လည်မွေးဖွားခြင်း၊ အချိန်ခရီးသွားခြင်း…. စသဖြင့်ပေါ့။
“ခရီးသွားတာ?” ရှန်းယုဟန်က ထိုစကားလုံးကို တစ်ခါမှမကြားဖူးလို့ ထူးဆန်းသောအတွေ့အကြုံက ဤစကားလုံးကို ဆိုလိုတာလား သေချာမသိပေ။ သူက ငြင်းလည်းမငြင်း အတည်လည်းမပြုခဲ့ပေ။ သူက သူ့ခင်ပွန်းကိုသာ အကျဥ်းချုံးနားလည်အောင် ပြောလိုက်သည်။ “သူနိုးလာတော့ ထူးဆန်းတဲ့ကမ္ဘာတစ်ခုမှာ ရောက်နေတာကို တွေ့ခဲ့ရတယ်။ သူက သူပေမယ့် သူမဟုတ်တော့ဘူး။ သူ စရောက်တုန်းက ဘာမှမပြောရဲ ဘာမှမလုပ်ရဲခဲ့ဘူး။ သူက တခြားသူတွေရဲ့ အစီအစဥ်တိုင်း လိုက်နာပြီး လက်ထပ်လိုက်ရတယ်။”
ရှန်ချီဟွမ််းက မေးခွန်းမေးတာရပ်ပြီး တိတ်ဆိတ်သွားခဲ့သည်။
ရှန်းယုဟန်က ဆက်ပြောလာသည်။ “ရှန်းကောအာက ငယ်ငယ်လေးတည်းက နာခံမှုသုံးပါးနဲ့ သီလလေးပါးကို သင်ခဲ့ရတာ။ သူ အိမ်ထောင်ကျတော့ သူ့ခင်ပွန်းနဲ့ သဘာဝအတိုင်း ကောင်းမွန်တဲ့ဆက်ဆံရေးရှိချင်တယ်လို့ တွေးခဲ့တယ်။ သူက ခေတ်သစ်က အရာအားလုံးနဲ့ ဖြည်းဖြည်းချင်းထိတွေ့ခဲ့ရတယ်။ အဲ့ဒါတွေက သူသိထားတာနဲ့မတူဘူး။ ဘုရားသခင်က သူ့ကို နောက်တစ်ကြိမ်အခွင့်အရေးပေးထားတာဆိုတော့ သူ့ဘဝကို ကောင်းကောင်းရှင်သန်သင့်တယ်လို့ တွေးခဲ့တယ်။ ပြီးတော့ သူ့ခင်ပွန်းကလည်း သူ့ကိုကောင်းကောင်းဆက်ဆံတယ်။ ရှန်းကောအာက သူနဲ့သူ့ခင်ပွန်း အတူတူကြီးပြင်းကြပြီး ဘယ်တော့မှမခွဲရဖို့ မျှော်လင့်ခဲ့တယ်။” ထိုအချိန်မှာ အားလုံးရှင်းသွားခဲ့သည်။ ရှန်းယုဟန်က ရှန်ချီဟွမ်းကို ကျောပေးလိုက်သည်။ “ယောကျာ်း၊ ကျွန်တော်အိပ်ချင်ပြီ”
သူက ရှန်ချီဟွမ်းကို မျက်နှာချင်းမဆိုင်ရဲတော့ပေ။ သူက တစ်ဖက်လူ၏မျက်လုံးထဲက အကြောက်တရားနဲ့ ခါးသီးမှုကို မြင်ရမှာစိုး၍ပင်။
အချိန်အတော်ကြာတိတ်ဆိတ်နေပြီးနောက် ရှန်ချီဟွမ်းကပြောလိုက်သည်။ “အိပ်တော့” သူက လူကို ညင်ညင်သာသာ ပွေ့ဖက်လိုက်သည်။ ထပ်ပြီးတူးဆွဖို့ မေးခွန်းတွေဆက်တိုက်မေးတာက သူနဲ့ ရှန်းယုဟန်ကြား အကျုံးမဝင်တော့ပေ။
ရှန်းယုဟန်က သူ့ခါးပေါ်ကလက်နှင့် လက်ချင်းယှက်လိုက်သည်။ “အင်း” အနည်းဆုံးတော့ မထင်မှတ်ထားသော အရာတွေကိုကြားပြီး သူ့ခင်ပွန်းက သူ့ကိုလွှတ်မပေးခဲ့တာကြောင့် သူ့စိတ်ကို အေးချမ်းစေခဲ့သည်။
ယနေ့မှာ သိပ်ပင်ပန်းနေသဖြင့် ရှန်းယုဟန်က သူ့နှလုံးသားထဲက ကြိုးထုံးတစ်ခုကို ဖြည်ချကာ စိတ်သက်သာရာရပြီးနောက် ချက်ချင်းအိပ်ပျော်သွားခဲ့သည်။ သူက အရမ်းအိပ်ချင်နေလို့ ဆက်ပြီး မထိန်းထားနိုင်တော့ပေ။
ရှန်ချီဟွမ်းကလည်း အိပ်ချင်နေပြီး ရှန်းယုဟန်၏ အသက်ရှူသံကိုနားထောင်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။
သူက ရှန်းယုဟန်ပြောခဲ့သမျှကို ယုံရမည်လား မသိပေ။ နက်ဖြန်မှစကားပြောကြတာပေါ့..
–
နောက်နေ့မနက်။
ရှန်းယုဟန်က မိုးခြိမ်းသံကြောင့် နိုးလာခဲ့သည်။
သူက မျက်လုံးမှိတ်ထားရင်း လှည့်လိုက်တော့ သူ့ဘေးမှာ အပူဓာတ်ရှိရမှာပေမယ့် ယနေ့မှာ ဗလာဖြစ်နေသည်။
သူ ကုတင်ဘေးစားပွဲက နာရီကိုကြည့်လိုက်တော့ မနက်ဆယ်နာရီထိုးပြီး သူ့ပုံမှန်အိပ်ရာထချိန်မဟုတ်ပေ။
သူ မနေ့ညက နောက်ကျမှအိပ်ခဲ့ပြီး ယနေ့မှာ ပုံမှန်လိုမထနိုင်ခဲ့ပေ။
မနေ့ညကပြောခဲ့တာတွေကို စဥ်းစားကြည့်တော့ သူက စောင်ကိုဆွဲကာ မျက်နှာကိုဖုံးလိုက်သည်။ သူ့ယောကျ်ားက သူ့ကို မွန်းစတားလို့ထင်သွားမလား?
ဘာလုပ်ရမလဲ?
သူ့ကိုမောင်းထုတ်မှာလား?
သူ့ကိုကွာရှင်းမှာလား?
သူမနေ့က သိသာအောင်ပြောခဲ့တာပဲ။
ဘာလုပ်ရမလဲ?
ရှန်းယုဟန်က ကုတင်ပေါ်မှာ လူးလိမ့်ကာ ယနေ့မှာ ရှန်ချီဟွမ်း ဘယ်လိုတုံ့ပြန်မလဲမသိပေ။ ထို့နောက် သူ့မျက်နှာက နီမြန်းလာသဖြင့် စောင်ကိုဆွဲချလိုက်သည်။
သူက အိပ်ရာမထခင် အသက်ရှူထုတ်လိုက်သည်။
ကျွီဆိုသည့်အသံနှင့်အတူ အခန်းတံခါးပွင့်သွားပြီး သူ့ခင်ပွန်းက သေသေသပ်သပ်ဝတ်စားထားပြီး အထဲဝင်လာခဲ့သည်။
ရှန်းယုဟန်က မျက်လုံးကိုပွတ်နေပြီး ရှန်ချီဟွမ်းကရှေ့တိုးကာ မျက်လုံးပွတ်နေသော သူ့လက်ကိုဖယ်လိုက်သည်။ “မပွတ်နဲ့ မျက်လုံးအတွက်မကောင်းဘူး။”
သူ့ခင်ပွန်း၏ခန္ဓာကိုယ်ပေါ်က ထင်းရှူးရနံ့ကိုရသောအခါ ရှန်းယုဟန်က မျက်တောင်ခတ်သည်။ “ယောကျာ်း?”
ရှန်ချီဟွမ်းက သူ့မေးစေ့ကို ဆွဲဖျစ်လိုက်ပြီး သူအပြည့်အဝမနိုးသေးတာကို တွေ့တော့ မေးလိုက်လေသည်။ “ဆက်အိပ်မှာလား..ထတော့မလား?”
“ထမယ်။” ရှန်းယုဟန်က တခဏလောက် အေးခဲသွားပြီး ကုတင်ပေါ်ကဆင်းကာ ဖိနပ်ဝတ်လိုက်၏။ “ခင်ဗျားအပြင်သွားမှာလား?”
ရှန်ချီဟွမ်းက မှန်ရှေ့မှာ သူ့နက်ခ်တိုင်ကြိုးကို ချည်လိုက်ပြီး “အင်း၊ ငါ ကုမ္ပဏီကိုသွားရမယ်။ ဆယ့်တစ်နာရီမှာ အစည်းအဝေးရှိတယ်။”
ရှန်းယုဟန်က မှန်ထဲက သူ့ခင်ပွန်းကိုကြည့်လိုက်သည်။ မူမမှန်တာလည်းမရှိသဖြင့် သူက နောက်ကနေ သတ္တိရှိရှိဖက်လိုက်ပြီး ပခုံးပေါ်ခေါင်းမှီကာ သမ်းဝေလိုက်သည်။ “သွားဖို့လိုတာလား?”
“အင်း၊ အဲ့ဒါက ဘုတ်အဖွဲ့အစည်းအဝေးမို့ အရေးကြီးတယ်။ ဒါပေမယ့် မွန်းလွဲပိုင်းမှာ အပြင်သွားစရာမလိုဘူး။” ရှန်ချီဟွမ်းက ရှန်းယုဟန်ကို ရုတ်တရက်မေးလိုက်သည်။ “မင်းကုမ္ပဏီကိုလိုက်ချင်လား?”
“အဆင်ပြေပါ့မလား?” သူက ရှန်ဂရုကို သိပ်မရောက်ဖူးတာကြောင့် သူ့ခင်ပွန်း၏ဖိတ်ခေါ်မှုကို လက်ခံတာက သဘာဝကျသည်။
“ဒါပေါ့၊ ဒါပေမယ့် အစည်းအဝေးပြီးတဲ့ထိ စောင့်ရမယ်။ ပြီးရင်နေ့လည်စာ အတူစားကြမယ်။” ရှန်ချီဟွမ်းကပြောလိုက်သည်။
ရှန်းယုဟန်က ရှန်ချီဟွမ်းကို ချက်ချင်းလွှတ်ပေးလိုက်သည်။ “ဒါဆို ကျွန်တော့်ကို ခဏစောင့်နော်”
သူ ပျော်ပျော်ကြီး ရေချိုးခန်းထဲဝင်သွားတာကိုတွေ့တော့ ရှန်ချီဟွမ်းက ပြုံးလိုက်သည်။ ရှန်းယုဟန်က အမြဲတမ်း စိတ်ကျေနပ်ဖို့လွယ်သည်။
ရှန်းကောအာအကြောင်းကို ဘယ်သူကမှမပြောကြတော့ပေ။
ဒီအချက်ထိပြောပြီးပြီမို့ ထပ်ပြောစရာမလိုပေ၊ ယုံတာမယုံတာက ရှန်ချီဟွမ်း၏အတွေးပေါ်မူတည်၏။
–
ရှန်ချီဟွမ်းက သူ့ဇစ်မြစ်ကိုလက်ခံနိုင်ဖို့ အချိန်လိုတယ်လို့ ရှန်းယုဟန်ခံစားမိသည်။ ထိုစဥ် ရှန်ချီဟွမ်းက သူ အရမ်းမအံ့သြသွားဘူးဆိုတာကို ရှန်းယုဟန် နားလည်အောင်လုပ်ဖို့ စဥ်းစားနေသည်။
သူ မနေ့ညက အကြာကြီးမအိပ်ခဲ့ပဲ မနက်၇နာရီမှာထခဲ့သည်။
သူက ရှန်းယုဟန်နှင့် သိကျွမ်းခဲ့သော အခိုက်အတန့်ကို ပြန်စဥ်းစားလိုက်သည်။ ရှန်းကောအာနှင့်ပတ်သက်သော အရာအားလုံးက ခြေရာခံနိုင်ပေမယ့် ဤလမ်းကြောင်းအတိုင်း ဖြစ်လာမယ်လို့တော့ မတွေးထားပေ။ အမှန်တရားကို သိရှိပြီးနောက် သူက မကြောက်ရွံ့ပါပဲ ဆန့်ကျင်ဘက်အားဖြင့် ပျော်ရွှင်နေသည်။
ရှန်းယုဟန်နဲ့ပတ်သက်ပြီး ကျိုးကြောင်းမသင့်တာအားလုံးက ရှင်းလင်းသွားလေပြီ။
အတတ်ပညာမရှိတဲ့လူတစ်ဦးက ညတွင်းချင်း ချင်၊ဂိုး၊ လက်ရေးလှနှင့် ပန်းချီ ကျွမ်းကျင်တဲ့ လူတော်တစ်ယောက် ဘယ်လိုဖြစ်လာနိုင်မှာလဲ?
နေ့စဥ်ဘားသွားတဲ့လူတစ်ယောက်က အရက်နည်းနည်းလေးသောက်ရုံနဲ့ ဘာလို့ချစ်ဖို့ကောင်းသွားရတာလဲ?
ချစ်ရတဲ့သူကို ဒေါသဖြစ်အောင်လုပ်တဲ့ လူတစ်ယောက်က ဘာလို့ ရုတ်တရုက် ကျင့်ဝတ်နားလည်လာပြီး ဆင်ခြင်ဉာဏ်ကောင်းလာရတာလဲ?
ဆံပင်ကိုအရောင်သွေးစုံလင်အောင် ဆေးဆိုးတတ်သည့် လူတစ်ယောက်က ဘာလို့အနက်ရှည်ဆံပင်ရှည်ကို ကြိုက်ရတာလဲ?
သူက သူ့အတွက် ဖုံးကွယ်ပေးဖို့ အကြောင်းပြချက်အများကြီး ရှာတွေ့ခဲ့ပေမယ့် သူ့ကြည့်ရတာ ဖုံးကွယ်ဖို့ လုံးဝမလိုအပ်ပေ။ အကြောင်းမှာ သူက ရှန်းယုဟန် လုံးဝဟုတ်မနေလို့ပင်။
–
ရှန်းယုဟန်က ရှန်ချီဟွမ်းနှင့်အပြင်မထွက်ခင် ဆန်ပြုတ်တစ်ပန်းကန်သောက်လိုက်၏။
သူ ဆန်ပြုတ်သောက်နေစဥ် သူ့ခင်ပွန်းက သူ့ကိုကြည့်နေသည်။
သူ ကားပေါ်ရောက်တော့လည်း သူ့ခင်ပွန်းက ကြည့်နေတုန်းပဲ။
ရှန်းယုဟန်က သူ့ဘက်ကို ခန္ဓာကိုယ်စောင်းလိုက်သည်။ “ယောကျာ်း၊ ကျွန်တော့်ကို ဘာလို့ကြည့်နေတာလဲ?”
ရှန်ချီဟွမ်းက ရှန်းယုဟန်၏ဆံပင်ထိပ်ဖျားကို ညင်ညင်သာသာမြှောက်လိုက်ပြီး “ဘာမှမဟုတ်ဘူး။ မင်းဆံပင်က အရမ်းရှည်နေပြီ၊ နေ့လည်ကျရင် ညှပ်ဖို့ခေါ်သွားပေးမယ်။”
ရှန်းယုဟန်၏အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။ “တိုအောင်ညှပ်ချင်တာလား?”
ရှန်ချီဟွမ်းက သူ့ကိုကြည့်ကာ ရယ်သံတစ်ခုနှင့်အတူ ခေါင်းခါပြလိုက်သည်။ “မဟုတ်ဘူး။ ဆံပင်အဖျားကို ကြည့်ကောင်းအောင် ညှိတာကိုပြောတာ။” သူ အရင်တည်းက ရှန်းယုဟန်ကို ဆံပင်ညှိဖို့ ခေါ်သွားချင်ပေမယ့် အချိန်မရခဲ့ပေ။
“အော်” ရှန်းယုဟန်က သက်ပြင်းရှူထုတ်လိုက်ပြီး ဆံပင်ညှပ်တာမဟုတ်လို့တော်သေးသည်။ သူက နောက်ကျောအေးတယ်လို့ ခံစားရသဖြင့် ဆံပင်တိုနှင့် ကျင့်သားမရပေ။
ရှန်ဂရုကိုရောက်တော့ ရှန်းယုဟန်က မရေမတွက်နိုင်သော လူများထံမှ စူးစမ်းသောအကြည့်ကိုရရှိခဲ့ပြီး ယင်းမှာ သူ့အသွင်အပြင်ကြောင့်မဟုတ်ပဲ သူ့အနေအထားကြောင့်ဖြစ်သည်။
မူလက သူသည် ရှန်ထျန်းဖုန်းက ရှန်ချီဟွမ်းကို ကြုံရာကျပန်းပေးပစ်ခဲ့သည့် လူတစ်ယောက်ဖြစ်ပေမယ့် အခုတော့ သူသည် အဆတစ်ရာတန်ဖိုးရှိသော ဖီးနစ်အဖြစ် ပြောင်းလဲသွားခဲ့သည်။ လူတိုင်းက သူ့ကံတရားကို အားကျနေတာလား?
သို့သော် ရှန်ချီဟွမ်းကတော့ ထိုသို့မတွေးပေ။ ကိုယ်ကျင့်သိက္ခာရှိသောဇနီးကို ပိုင်ဆိုင်ထားရတာ ပကတိနိယာမဖြစ်၏။ ရှန်ချီဟွမ်း အစည်းအဝေးခန်းမှာရှိနေစဥ် ရှန်းယုဟန်က အပေါ်ထပ်ရုံးခန်းတစ်ဝိုက်ကို လျှောက်ပတ်ကြည့်သည်။ သူက ယခုချိန်မှာ သူဌေး၏ဇနီးဖြစ်၍ လိုက်လံစစ်ဆေးဖို့ အရည်အချင်းပြည့်မီပြီး ရှန်ချီဟွမ်းပြန်လာချိန်အထိ ရုံးခန်းထဲမှာနေစရာမလိုပဲ သူ့သတ္တိက ပိုမိုကြီးမားလာသည်။
ရှန်ချီဟွမ်း အစည်းအဝေးခန်းမှထွက်လာစဥ် ရှန်းယုဟန်က အလွှာတူမှ ဝန်ထမ်းများနှင့် စကားပြောနေပြီး မိသားစုထဲမှာ လူဘယ်နှစ်ယောက်ရှိလဲ၊ ဝက်ဘယ်နှစ်ကောင်ရှိလဲ၊ အချိန်ပိုဆင်းရလား စူးစမ်းနေသည်။
ရှန်ချီဟွမ်းက ရှန်းယုဟန်ကို မတူညီသောပုံစံနှင့်ကြည့်လိုက်သည်။ သိမ်မွေ့သောစိတ်လှုပ်ရှားမှု၊ ကွဲပြားတဲ့အပြုံး..အရာအားလုံးက မှန်ကန်ပြီး ရှန်းယုဟန်က ဘယ်တော့မှ အပိုလုပ်ခြင်းမရှိပေ။
သာမန်လူတွေပျော်ရွှင်နေတဲ့အခါ သူတို့က တခြားသူများရှေ့မှာ ရယ်မောကြသည်။ သူကတော့ သူ့ကိုယ်သူထိန်းချုပ်ထားလေသည်။
ရှန်းယုဟန်က သူ့ကိုကြည့်နေသော ရှန်ချီဟွမ်းကိုတွေ့သောအခါ သူ့ခင်ပွန်းဆီသွားပြီး ပြောလိုက်သည်။ “အလုပ်ပြီးသွားပြီလား?”
“အင်း၊ နေ့လည်စာသွားစားမယ်” ရှန်ချီဟွမ်းက သူ့အချုပ်အခြာအာဏာကို ကြေညာလိုက်သည်။ သူက ရှန်းယုဟန်၏ခါးကိုဖက်လိုက်ပြီး ရုံးခန်းကိုပြန်သွားခဲ့သည်။
သူတို့နောက်မှာ အံ့အားသင့်နေသော လူတစ်စုရှိ၏။
သေချာတာပေါ့၊ ပြဇာတ်အတိုင်းကွက်တိပဲ…. ဥက္ကဋ္ဌရှန်က သူ့ဇနီးလေးကို သဲသဲလှုပ်နေတာ ချစ်စရာကောင်းလိုက်တာ… အား…….
ရှန်ချီဟွမ်းက ရှန်းယုဟန်ကို အနီးနားက ဂျပန်စားသောက်ဆိုင်ကို ခေါ်သွားခဲ့သည်။ ဤနေရာကို ရှန်းယုဟန်ရောက်ဖူးတာ ပထမဆုံးအကြိမ်မဟုတ်တာကြောင့် သူက သဟဇာတဖြစ်ကာ ဆူရှီတောင် အရင်မှာလိုက်လေသည်။
သူ မီနူးကိုမော့ကြည့်တော့ သူ့ခင်ပွန်း သူ့ကိုကြည့်နေတာ တွေ့လိုက်ရသည်။
ရှန်းယုဟန်က ရှန်ချီဟွမ်း၏မျက်လုံးကို လက်နှစ်ဖက်ဖြင့် ကာလိုက်သည်။ “မနက်တည်းက ခင်ဗျားကြည့်နေတာ ငါးခါမကတော့ဘူး။”
ဥက္ကဋ္ဌရှန်က ရှက်ကိုးရှက်ကန်းဖြစ်ကာ သူ့လက်ကိုဆွဲပြီး ခက်ခက်ထန်ထန် ပြောလိုက်၏။ “ကိုယ့်ဇနီးကိုယ်ကြည့်လို့မရဘူးလား? အလှတရားက ပိုကြည့်ပေးရမှာလေ”
ရှန်းယုဟန်က သူ့လက်ကိုပြန်ဆွဲလို့မရခဲ့ပေ။ “ခင်ဗျားအဲ့လိုစကားပြောရင် သန်းထူကျိနဲ့တူတယ်။” ယခုချိန်မှာ သူက သူ့စကားလုံးရွေးချယ်မှုများကို စိတ်ပူစရာမလိုတော့ပဲ သူကြိုက်သလို ဖော်ပြလို့ရသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ခင်ပွန်းက ထက်မြက်တာမို့ သူနားမလည်ဘူးဆိုတာ မဖြစ်နိုင်ပေ။
“သန်းထူကျိက စကားပဲပြောမှာမို့လား” ပြောပြီးပြီးခြင်း ရှေ့တိုးကာ ရှန်းယုဟန်၏နှုတ်ခမ်းကို အမြန်နမ်းလိုက်သည်။ “သူက သူ့လက်နဲခြေကို ဘယ်လိုသုံးရမလဲသိသေးတယ်။ ဒါက သန်းထူကျိ ပြုမူတဲ့ပုံစံပဲ။”
ကျွီ
ဖြစ်ချင်တော့ စားပွဲထိုးက တံခါးဖွင့်ခဲ့သည်။
ရှန်းယုဟန်က ရှန်ချီဟွမ်းကို သူ့ထိုင်ခုံသို့ အမြန်တွန်းပို့ပြီး သူ့မျက်နှာက နီရဲလာသည်။
စားပွဲထိုးက ရှေ့ကိုတိုးကာ သူတို့မှာထားတာကို ချပေးလိုက်ပြီး အပြုံးတစ်ခုဖြင့် ထွက်သွားခဲ့သည်။
ထိုမှသာ ရှန်းယုဟန်က ခေါင်းမော့ပြီး ရှန်ချီဟွမ်းကို စူးစိုက်ကြည့်သည်။ “အဲ့ဒါခင်ဗျားအပြစ်ပဲ”
ရှန်ချီဟွမ်းက လက်မြှောက်ကာ သူ့ပါးကိုဆွဲလိုက်သည်။ သူက ရယ်မောလိုက်ပြီး နေ့စဥ်နေ့တိုင်းဘားသွားသည့် လူမျိုးက တစ်ချိန်လုံး ဘယ်လိုရှက်သွေးဖြာနိုင်တာလဲ အံ့အားသင့်နေသည်။
“ကောင်းပြီ၊ ထပ်မစတော့ဘူး။ မင်းက အရမ်း အရေပါးတာပဲ။” သူ့ဇနီးလေး၏မျက်နှာက ပန်းရောင်သမ်းနေပြီး သူ့ပုံစံက သူ့မျက်စိကို အစာကျွေးနေခဲ့သည်။
“နောက်တစ်ခါ ဒီလိုမလုပ်နဲ့” ရှန်းယုဟန်က ညည်းတွားသည်။
“ဟုတ်ပါပြီဗျာ” နောက်တစ်ကြိမ်မှ ဆက်ပြောကြတာပေါ့
–
နေ့လည်ခင်းမှာ ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်က ဆံပင်ညှပ်ဆိုင်ကိုသွားခဲ့ပြီး ထိုအချိန်မှာ သူတို့နှစ်ယောက်သာရှိပြီး တခြားဘယ်သူမှရှိမနေပေ။
ဆံသဆရာက ရှန်းယုဟန် ဤကမ္ဘာကို ရောက်ခါစက တွေ့ခဲ့ရသော ဆံပင်ခရမ်းရောင်နှင့် ထန်နီမဟုတ်ပဲ ဆံပင်တိုတို အမျိုးသမီးတစ်ယောက်ဖြစ်၏။
ဆံပင်မညှပ်ခင် ရှန်းယုဟန်က သူမဆီက ကပ်ကြေးတစ်စုံတောင်းလိုက်၏။
သူက ခေါင်းစည်းကြိုးကိုဖြည်ပြီး အပိုင်းသေးသေးလေးကို ဆွဲထုတ်ကာ ဖြတ်တောက်လိုက်ပြီး ခေါင်းစည်းကြိုးဖြင့် ပြန်ချည်လိုက်သည်။
ရှန်ချီဟွမ်းက သူ့ကိုမေးလိုက်သည်။ “မင်းဘာလို့ကိုယ်တိုင်ညှပ်နေတာလဲ?”
ရှန်းယုဟန်ကဆိုသည်။ “လုပ်စရာရှိလို့ပါ။”
ရှန်ချီဟွမ်းက အများကြီးမစဥ်းစားတော့ပဲ ဆံပင်ညှပ်နည်းဓလေ့တစ်ခုလို့ပဲ တွေးလိုက်၏။
သူတို့နှစ်ယောက်လုံးက ယနေ့မှာ ဆံပင်ညှပ်ဖို့လာခဲ့တာဖြစ်ပြီး ရှန်းယုဟန်၏ဆံပင်က ညှိပြီးချိန်မှာ ပို၍ကြည့်ကောင်းနေပြီး မညီညာသောအစွန်းတွေကို ဖြတ်တောက်ပစ်ခဲ့သည်။ မပြန်ခင်မှာ ဆံသဆရာက ခေါင်းစည်းအသစ်ရှာကာ သူ့နောက်မှာချည်ပေးခဲ့သည်။
သူက မှန်ကိုကြည့်ကာ သူ့ဆံပင်ကို ပွတ်သပ်နေသည်။
အရမ်းမတိုဘူး။
ပုံမှန်အတိုင်းပင် သူတို့က ညနေမှာ အိမ်အတူပြန်ပြီး ညစာစားခဲ့ကြသည်။
ရှန်းယုဟန်က ယနေ့မှာ ကောင်းသောနေ့ကို ပိုင်ဆိုင်ခဲ့ရပေမယ့် သူ့ခင်ပွန်းက သူ့ကိုယ်ပိုင်နည်းလမ်းဖြင့် စိတ်ချဖို့ပြောနေခြင်းဖြစ်၏။ သို့မဟုတ် သူ့အကြောင်း ပိုသိချင်တာဖြစ်နိုင်သည်။
ညတွင် ရှန်ချီဟွမ်းက ကုတင်ပေါ်အရင်တက်ပြီး ရှန်းယုဟန် ရေချိုးခန်းထဲက ထွက်လာမှာကိုစောင့်နေသည်။ ရှန်းယုဟန်က သတင်းစာပြောင်းပြန်ဖတ်နေသော သူ့ခင်ပွန်းကိုတွေ့လိုက်ရမယ်လို့ ဘယ်သူကထင်ထားခဲ့မှာလဲ…..
“ယောကျာ်း၊ ခင်ဗျား မဂ္ဂဇင်းကို ပြောင်းပြန်ကိုင်ထားတယ်။ ခင်ဗျားက စာအုပ်တွေကို ဇောက်ထိုးမိုးမျှော်လည်း ဖတ်နိုင်တာလား?”
ရှန်ချီဟွမ်းက သူ့အရှက်ကိုကာကွယ်ဖို့ ချောင်းဟန့်လိုက်ပြီး မဂ္ဂဇင်းကို အတည့်ပြောင်းကာ အလိမ်အညာမိသွားတယ်လို့ ခံစားလိုက်ရသဖြင့် မဂ္ဂဇင်းကို ကုတင်ပေါ်ပစ်တင်လိုက်သည်။
ရှန်းယုဟန်က ပြုံးလိုက်ပြီး မှန်တင်ခုံက သစ်သားဘူးကိုယူကာ ရှန်ချီဟွမ်းကို ပေးလိုက်၏။ “ရော့ဒီမှာ”
“ဘာလဲ?” ရှန်ချီဟွမ်းက သူဘာပေးတာလဲမသိသလို သူတစ်ခုခုဝယ်ခဲ့တာလည်း မတွေ့ခဲ့ပေ။
“ဖွင့်ကြည့်” ရှန်းယုဟန်က သူ့လက်ပေါ်မှာ လေးထောင့်ဘူးကိုတင်ပေးလိုက်၏။
ရှန်ချီဟွမ်းက ဘူးအဖုံးကိုဖွင့်လိုက်တော့ အပြာနုရောင်ခေါင်းစည်းကြိုးဖြင့် ချည်နှောင်ထားသော ဆံပင်တစ်ပိုင်းရှိနေပြီး ဤသည်မှာ ရှန်းယုဟန် နေ့လည်က ဖြတ်တောက်ခဲ့သော ဆံပင်ဖြစ်၏။
သူက အနောက်ဟန်မင်းဆက်အုတ်ဂူပြတိုက်မှာ ဖတ်ခဲ့ရသော စာတစ်ကြောင်းကို သတိရသွားသည်။ ချီတိုင်းပြည်မှာ ဇနီးက ခင်ပွန်းကို ချစ်မြတ်နိုးရင် သူတို့က သူတို့ဆံပင်ကိုဖြတ်တောက်ပြီး ခင်ပွန်းကိုပေးဖို့ ဆန္ဒရှိကြသည်။ ယင်းမှာ သူတို့နှလုံးသားကို ဘယ်တော့မှမပြောင်းလဲဘူးလို့ ပြောနေတာပင်။