Chapter 96
“ရှန်းကောအာ”
ဒေါသကိုကျော်လွှားခဲ့ရသော ရှန်ထျန်းဖုန်းမှာ ထိုညမှာ အရေးပေါ်ခန်းကို အလျင်စလိုရောက်သွားခဲ့ပြီး ဆရာဝန်က အသက်ရှူမဝလို့ မေ့လဲသွားသော လက္ခဏာလို့ပြောခဲ့သည်။ သူ့ခန္ဓာကိုယ်က လောလောဆယ်အဆင်ပြေနေတာကြောင့် အားလုံးက သက်ပြင်းချလိုက်ကြ၏။
ထိုအချိန်တွင် အိမ်တော်သုံးအိမ်က ယခင်ကလောက် စိတ်အားထက်သန်မနေတော့ပဲ သူတို့၏အသက်သွေးကြောကို ရှန်ချီဟွမ်းက ဖြတ်တောက်ခဲ့သည်။ ရှန်ထျန်းဖုန်း၏သေခြင်းရှင်ခြင်းက သူတို့နဲ့မသက်ဆိုင်တော့ပဲ သူ့သေတမ်းစာကို ပြောင်းလဲမယ်ဆိုသည့်အချက်ကြောင့် အိမ်တော်သုံးအိမ်က သူ့ကိုဂရုစိုက်ပေးဖို့ ဆန္ဒမရှိတော့ပေ။
သူတိုသာလောဘမကြီးခဲ့လျှင် သူတို့သာ မတွေးသင့်သော အတွေးများမရှိခဲ့လျှင် ယနေ့လိုဖြစ်လာမှာမဟုတ်ပေ။
ဒုတိယမဒမ်က ထိတ်ထိတ်ပျာပျာ ရေရွတ်နေခဲ့သည်။ ယနေ့လိုဖြစ်လာမှာကိုသိခဲ့ရင် လွန်ခဲ့သောနှစ်များစွာက ကုပီချင်း ရှန်ချီဟွမ်းကို သတ်နိုင်အောင် ကူညီပေးခဲ့မှာဖြစ်သည်။ ထိုအချိန်က ရှန်ထျန်းဖုန်းက မိသားစု၏ကြွယ်ဝမှုကို ရှန်ချီယွမ်ကို လွှဲပြောင်းပေးမှာလို့ထင်ခဲ့တာကြောင့် သူမက သူ့ကိုသာပစ်မှတ်ထားခဲ့သည်။ ယခုတော့အားလုံးပြီးသွားခဲ့သည်။ သူမ၏ထက်မြက်မှုက သူမဦးနှောက်၏သားကောင်ဖြစ်လာပြီး နောက်ဆုံးမှာ ဘာမှမရခဲ့ပေ။ သူမက သူမခေါင်းကိုရိုက်ကာ ဆေးရုံမှာ သေလိုက်ချင်တော့သည်။ သူမသေသေရှင်ရှင် ဘယ်သူမှဂရုစိုက်မှာမဟုတ်ပဲ သူမ၏ရုပ်ဆိုးသောအပြုအမူသာဖြစ်လိမ့်မည်။
တတိယမဒမ်၏ဘေးမှာ သူ့သမီးတစ်ယောက်သာရှိတော့ပြီး သူက သူမကိုဖက်ကာ ငိုနေလေသည်။ စတုတ္ထမဒမ်ကတော့ စိတ်လွတ်နေပုံရပြီး ဆေးရုံကြမ်းပြင်ကို ငေးစိုက်ကြည့်နေသည်။
ကုပီချင်းက မလာခဲ့ပေ။ ရှန်ချီယွမ်က သူမကို ဖုန်းထဲကနေ အခြေအနေကို သတင်းပို့ခဲ့သည်။
ရှန်ချီဟွမ်းက သူတို့ကိုစောင့်ကြည့်ရန် လူလွှတ်ထားပြီး ထိုမှသာ သူ့ဇနီးကို ဘယ်သူမှအန္တရာယ်မပေးနိုင်တော့မှာပင်။
သူ့အဖေရှိရင် အိမ်တော်သုံးအိမ်ရှိမည်။ သူ့အဖေမရှိရင် အိမ်တော်သုံးအိမ်က ဘယ်သူမှမသိသော နာမည်တစ်ခုသာဖြစ်၏။
လူတိုင်းကပင်ပန်းနေပြီး လိုအပ်သောဝန်ထမ်းမှလွဲ၍ အားလုံးက ဆေးရုံကနေ တစ်ယောက်ပြီးတစ်ယောက်ပြန်သွားကြသည်။ ကားထဲမှာ ရှန်းယုဟန်က ရှန်ချီဟွမ်း၏မျက်နှာ ပင်ပန်းနွမ်းနယ်နေသည်ကို သတိထားမိသည်။
အရာအားလုံးက ယနေ့မှာ ဖြစ်ပျက်သွားတာမြန်ဆန်ပြီး တုံ့ပြန်မှုနှင့်ဖြစ်စဥ််နှုန်းထားမှာ အတော်လေးမြန်ဆန်သည်။ အဆိုပါနှုန်းထားမှာ အိမ်တော်သုံးအိမ်အပေါ် ရှန်ချီဟွမ်း၏စောင့်ကြည့်မှု ဘယ်လောက်အားကောင်းလဲဆိုတာ ပြသနေခဲ့ပြီး သူနဲ့ရှန်းယုဟန်ကြုံတွေခဲ့ရသော သေခြင်းတရားအတွေ့အကြုံများက သူတို့အားလုံးနဲ့သာသက်ဆိုင်သည်။
–
လမ်းပေါ်တွင် ရှန်ချီဟွမ်းက မျက်လုံးမှိတ်ကာ ရှန်းယုဟန်ကို စကားတစ်ခွန်းမှမပြောသဖြင့် ရှန်းယုဟန်ကလည်း ဘယ်လိုပြောရမလဲမသိပေ။
သူတို့က ဖန့်မြို့တော်ကပြန်လာပြီး ယခုချိန်အထိ နှစ်ယောက်သားက စကားကောင်းကောင်းမပြောခဲ့ရပေ။
အိမ်ပြန်ရောက်တော့ နှစ်ယောက်သားက အိမ်ထဲကို တစ်ယောက်ပြီးတစ်ယောက် ဝင်သွားကြသည်။
ရှန်ချီဟွမ်းက ရှန်းယုဟန်ကို ရေအရင်ချိုးခိုင်းလိုက်၏။ “မင်းအခန်းထဲမှာ ရေသွားချိုးပြီး အရင်အိပ်နှင့်၊ ငါ လုပ်စရာတစ်ခုရှိနေလို့ စာဖတ်ခန်းထဲမှာရှိနေမယ်။”
ယနေ့မှာ ထိတ်လန့်ခဲ့သူက ရှန်းယုဟန်မဟုတ်ပဲ နေ့လည်ထဲက တုန်လှုပ်မှုမှ ရုန်းမထွက်နိုင်သေးသော ရှန်ချီဟွမ်းဖြစ်ပြီး ယနေ့ညမှာ သူ့တည်ငြိမ်မှုက ဟန်ဆောင်နေတာဖြစ်၏
“ဒါပေမယ့် အရမ်းနောက်ကျနေပြီလေ နောက်နေ့မှလုပ်လို့မရဘူးလား?” ရှန်းယုဟန်က သူ့ခင်ပွန်းပင်ပန်းမှာကို မလိုချင်ပေ။
“ငါအဆင်ပြေသွားမှာပါ” ရှန်ချီဟွမ်းက သူ့နဖူးကိုနမ်းလိုက်သည်။ “ပြီးမှ အခန်းထဲပြန်လာခဲ့မယ်။”
ရှန်းယုဟန်က ရေချိုးဖို့ အခန်းထဲပြန်သွားပြီး သူလည်းပင်ပန်းနေခဲ့သည်။ သို့သော် သူရေချိုးပြီး ဆံပင်ခြောက်သွားသည်အထိ သူ့ခင်ပွန်းက အခန်းထဲပြန်မလာခဲ့ပေ။
သူက အခန်းထဲမှထွက်ကာ သူ့ခင်ပွန်းကိုရှာဖို့ စာဖတ်ခန်းထဲသွားခဲ့သည်။ သူတံခါးခေါက်လိုက်ပေမယ့် ဘယ်သူမှမဖြေပေ။ သူတံခါးတွန်းဖွင််လိုက်တော့ မီးတွေဖွင့်ထားပေမယ့် သူ့ခင်ပွန်းကို ရှာမတွေ့ခဲ့ပေ။
သူက ရေချိုးခန်းတံခါးကို ထပ်ခေါက်ကာ တံခါးလက်ကိုင်ဘုကို လှည့်လိုက်တော့ ဘယ်သူမှမရှိပေ။ “ယောကျာ်း?”
သူဘယ်သွားတာလဲ?
စားပွဲပေါ်တွင် ပုံနှိပ်ထားသည့် စာရွက်စာတန်းတစ်ခုရှိ၏။ ရှန်းယုဟန်က တွဲထားသောဓာတ်ပုံတစ်ပုံကို မြင်သောအခါ သူက ရှေ့တိုးပြီး စပ်စုကြည့်လိုက်သည်။ ယင်းမှာ ကောလိပ်ဝင်ခွင့်စာမေးပွဲဖောင်ဖြစ်ပြီး သူက ဖောင်ကို ရှေ့တိုးလိုက်တော့ ဓာတ်ပုံထဲမှာ မူလရှန်းယုဟန်၏မျက်နှာကို မြင်လိုက်ရသည်။ သူက စာရွက်ပေါ်က အကြောင်းအရာကို ကြည့်လိုက်တော့ အားလုံးက သူ့မိသားစု၏အချက်အလက်များဖြစ်၏။
ရှန်းယုဟန်က နောက်လှည်ကြည့်လိုက်တော့ ရှန်ချီဟွမ်းမှာ ဒီအချက်အလက်တွေ ဘာကြောင့်ရှိနေလဲသိသွားသည်။ သူက နောက်ကျောမှာ မူလရှန်းယုဟန်၏လက်မှတ်ကို မြင်ခဲ့ရသည်။
လက်ရေး…
သူ့လက်ရေးက မူလရှန်းယုဟန်နှင့်မတူပေ။ သူက သူ့နဖူးသူပုတ်လိုက်ပြီး ရှန်ချီဟွမ်း၏ စုံစမ်းစစ်ဆေးမှုကို မခံမရပ်နိုင်ဖြစ်မိသည်။
မူလရှန်းယုဟန်၏ စားလုံးပေါင်းက မှန်တောင်မမှန်ပေ။ သူ့လက်ရေးလှကျွမ်းကျင်မှုစံနှုန်းအရ ဤလက်ရေးကို ရုပ်ဆိုးသည်ဟုဖော်ပြနိုင်သည်။ သူငါးနှစ်သားအရွယ်က ရေးခဲ့သော စာလုံးများက ဒီထက်အဆပေါင်းများစွာ သားနားသေးသည်။
ရှန်းယုဟန်က သက်ပြင်းမောချလိုက်ပြီး သူက ရှန်ချီဟွမ်းကို သူ့ဇစ်မြစ်အကြောင်း ထုတ်ပြောချင်သလို ရှန်ချီဟွမ်းကလည်း သူ့ကိုသံသယဝင်နေပုံရသည်။ သူ့ခင်ပွန်းသံသယဝင်တာ ကျိုးကြောင်းသင့်တာကြောင့် သူလုံးဝစိတ်ဆိုးမည်မဟုတ်ပါ။
သူ့ကိုဘာလို့မမေးတာလဲ?
သူ့ယခင်ပြောစကားတွေမှာ တကယ်ကိုပင် အမှားများနှင့် လွဲချော်မှူများပြည့်နေခဲ့သည်။ သူ့ခင်ပွန်းက သတိလက်လွတ်နေတတ်သူမဟုတ်ပဲ သူက စေ့စပ်သောဉာဏ်ရည်ရှိသူဖြစ်တာကြောင့် ခန့်မှန်းမိနေလောက်သည်။
ဤအရာအားလုံးက သူတို့ဆက်ဆံရေးကို မဆွေးနွေးဖြစ်ကြလို့ပင်။ ဒါမှမဟုတ် ရှန်ချီဟွမ်းက သူ့ကို ဖွင့်ပြောဖို့အခွင့်အရေးပေးနေတာကို သူက ယခုချိန်ထိ မလှုပ်ရှားရသေးတာဖြစ်ပေမည်။
သူတို့ ဖန််မြို့တော်မှာရှိနေတုန်းက တစ်ခါတည်းရှင်းပြခဲ့ရမှာကို သူ့ခင်ပွန်းက ရုတ်တရက်ကြားဖြတ်ပြောခဲ့သည်။ အဲ့ဒီအချိန်တည်းက သူတစ်ခုခုမှားနေတာကို သိနေခဲ့တာလား…. အဲ့ဒါက တမင်တကာလုပ်ခဲ့တာလား? မဟုတ်ရင် သူပါးစပ်မဖွင့်ခင် သူ့စကားကိုကြိုတင်ပိတ်ခဲ့တာက တိုက်ဆိုင်မှုဖြစ်နိုင်ပါ့မလား… သူက နားထောင်ဖို့ အဆင်သင့်မဖြစ်သေးလို့လား?
သူက လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကျော်က ဝိညာဥ်တစ်ယောက်ဆိုတာကို ဘယ်လိုရှင်းပြမှာလဲ၊ ခေတ်သစ်လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို မတော်တဆရောက်လာပြီး တိုက်တိုက်ဆိုင်ဆိုင် မျက်နှာချင်းပါတူနေခဲ့တာကို သူ ဘယ်လိုရှင်းပြရမလဲ?
ရှန်းယုဟန်က ကောလိပ်ဝင်ခွင့်စာပေးပွဲ လျှောက်လွှာဖောင်ကိုကြည့်ကာ သူ့စိတ်က ရှုပ်ထွေးနေခဲ့သည်။ ယခုလုပ်ရမှာက ကွန်ပျူတာထဲ ဝင်ရောက်ဖို့ဖြစ်၏။
သူက အသက်ပြင်းပြင်းရှူလိုက်ပြီး ရှန်ချီဟွမ်းကိုရှာဖို့ အလျင်မလိုပေ။ သူက ပုံမှန်ဆိုရင် ကိစ္စအားလုံးကို ပြောနိုင်ပေမယ့် ယခုတော့ နည်းနည်းရှက်နေမိသည်။
သူက သူ့ခင်ပွန်း၏ကုလားထိုင်မှာ ထိုင်လိုက်ပြီး ပိတ်ထားသော ကွန်ပြူတာကို ကြောင်စီစီ စိုက်ကြည့်ကာ ပြုံးယောင်သမ်းသွားလေသည်။
တကယ်တော့ သူက နေ့စဥ်နေ့တိုင်း အမှားတွေအများကြီးလုပ်မိနေသည်။ ခေတ်သစ်လူသားတွေလို ဖုန်းကိုလူနဲ့မကွာထိန်းသိမ်းထားပေမယ့် ကွန်ပျူတာကိုမြင်သောအခါ ခေတ်သစ်လူငယ်များမှာ ဝါသနာအများကြီးရှိပြီး သူက ယခုထိ ကွန်ပျူတာသုံးနည်း မသင်ရသေးတာကို မေ့သွားခဲ့သည်။
သူဘယ်လောက်ပဲလျှို့ဝှက်ဖို့ ကြိုးစားနေပါစေ လျှို့ဝှက်နိုင်မှာမဟုတ်ပေ။
–
“မင်းဘာလို့ဒီကိုရောက်နေတာလဲ” ရှန်ချီဟွမ်းက အောက်ထပ်မှာ ရေသွားခပ်ပြီး အပေါ်ပြန်တက်လာတော့ စာဖတ်ခန်းတံခါးပွင့်နေတာကို တွေ့ခဲ့ရပြီး သူ့ဇနီးလေးက ကုလားထိုင်ပေါ်မှာထိုင်ကာ မေးစေ့ကိုထောက်ပြီး မိန်းမောတွေဝေနေသည်။
“ခင်ဗျားကိုစောင့်နေတာ” ရှန်းယုဟန်က သူ့ကိုမော့ကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှာ ငိုက်မျည်းမှုမရှိပဲ ရှုပ်ထွေးမှုသာရှိသည်။
ရှန်ချီဟွမ်း၏နှလုံးသားက တစ်ချက်ခုန်သွားပြီး သူအောက်ထပ်ကိုဆင်းသွားတော့ လျှောက်လွှာဖောင်ကို ပြန်သိမ်းဖို့ မေ့သွားခဲ့သည်။
သူက ထိတ်လန့်နေသောစိတ်အခြေအနေမှ ရုန်းမထွက်နိုင်သေးတာကြောင့် ရှန်းယုဟန်ကို စကားမပြောချင်သေးပဲ လျှောက်လွှာဖောင်ကိုသာ ကြည့်နေခဲ့သည်။ လူတစ်ဦး၏ ယခင်ကနှင့် ယခုပုံစံကြားမှာ ထိုမျှလောက်ကြီးမားတဲ့ ကွာခြားချက် ဘာလို့ရှိနေရတာလဲ၊ သူက စိတ်ရှုပ်နေခဲ့သည်။
ရှန်းယုဟန်က ရှန်းယုဟန်သာဖြစ်ပြီး လူက မပြောင်းလဲသွားပေမယ့် အပြုအမူနှင့် အလေ့အထအားလုံးပြောင်းလဲသွားခဲ့သည်။ သေချာစဥ်းစားကြည့်မယ်ဆိုလျှင် ယုတ္တိမရှိသောအရာများစွာ ရှိနေသည်။
သူက ရှေးခေတ်လူသားတစ်ယောက်လိုပဲ..
ရှန်ချီဟွမ်းက ယနေ့မှာ သူ့လုပ်ရပ်အတွက် စိတ်ဆိုးချင်နေသဖြင့် စိတ်ဆိုးနေတုန်းမှာ ထိုအကြောင်းကို ဆက်တိုက်စဥ်းစားနေမိသည်။
သူတို့ ဒီနေ့ပြပွဲခန်းမမှာရှိနေတော့ သူသာ စကားဖြတ်မပြောခဲ့ရင် သူဘာများပြောမှာပါလိမ့်?
ရှန်ချီဟွမ်းက ရှန်းယုဟန်ပြောသော အမှန်တရားကို လက်မခံနိုင်မှာကြောက်နေ၏။ ဒါပေါ့… သူက လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ထောင်ကျော်က အနောက်ဟန်မင်းဆက်အုတ်ဂူ၏ ရှန်းကျိယွီနဲ့တော့ မပတ်သက်လောက်ဘူးထင်၏။ ဆက်စပ်မှုမှ မရှိတာလေ…..
သူက တကယ်ကို ရှန်းယုဟန်မဟုတ်ရင် ဘာဖြစ်မလဲ? သူဘာလုပ်ရမလဲ?
ဤပြဿနာက သူ့ကိုအနှောင့်ယှက်ပေးကာ ခေါင်းကိုက်စေသည်။ သူ ခဏလောက်တော့ ရှန်းယုဟန်ကို ဘယ်လိုရင်ဆိုင်ရမလဲမသိပေ။ သူ့ဇနီးလေးက စိတ်ထိရှလွယ်ပြီး တစ်ချက်ကြည့်ရုံဖြင့် သူ့အမူအရာက ဘာမှားနေလဲပြောနိုင်သည်။ သူက သူ့ဇနီးရှေ့မှာ ခံစားချက်ကိုဖုံးကွယ်ထားရတာကို မကြိုက်တာကြောင့် အလွန်ခက်ခဲနေ၏။
ယင်းမှာ ရှန်းယုဟန်က ကုလားထိုင်မှာထိုင်ပြီး သူ့ကိုစောင့်နေတာကို မမြင်ရခင်ထိဖြစ်၏။
မင်္ဂလာဦးညတုန်းက သူ ကုလားထိုင်ပေါ်မှာထိုင်နေပြီး ရှန်းယုဟန်က တံခါးနားမှာ ယဥ်ယဥ်ကျေးကျေးရပ်ကာ အထဲကိုဝင်လာရမယ့်အစား သူ့ကိုစိုးရိမ်တကြီးကြည့်ပြီး အနားယူချင်လားလို့ မေးခဲ့တာကို မှတ်မိသေးသည်။
သူက အဲ့ဒီအချိန်တုန်းက လက်မခံခဲ့ရင် အချိန်အတော်ကြာ နောင်တရနေမိမှာကို ရှင်းရှင်းလင်းလင်း မှတ်မိပြီး ယခုချိန်မှာ သူ့ဆုံးဖြတ်ချက်က မှန်ကန်တယ်လို့တွေးမိသည်။
“ဒါဆို အခန်းထဲမှာသွားအိပ်တော့” ရှန်ချီဟွမ်းက ရှန်းယုဟန်၏အမူအရာကိုကြည့်ကာ သူ ရုတ်တရက် ဒေါသထွက်လာမှာကို ကြောက်နေသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူက သူ့ကို လျှို့ဝှက်ထောက်လှန်းနေခဲ့တာလေ..
သို့သော် ရှန်းယုဟန်က ရှန်ချီဟွမ်းကို ဒေါသမထွက်ပဲ မတ်တပ်ထရပ်ကာ အခန်းထဲကို သူနဲ့အတူပြန်သွားခဲ့သည်။
ဒါက ရှန်ချီဟွမ်းရဲ့ နှလုံးသားကို ကြောင်ခြေသည်းနဲ့ ကုတ်ခြစ်နေသလိုပဲ၊ ရှန်းယုဟန်က လျှောက်လွှာဖောင်ကို မတွေ့ခဲ့တာလား? သူက ထားခဲ့တာ သိသာတာကို!
သူ့ဇနီး၏စိတ်ရှည်မှုက အရမ်းကောင်းတာပဲ။
–
ရှန်ချီဟွမ်း ရေချိုးပြီးထွက်လာတော့ ရှန်းယုဟန်က ခေါင်းအုံးပေါ်မှာ မျက်လုံးမှိတ်ကာ လဲလျောင်းနေပြီး အိပ်ပျော်နေလောက်ပြီ။
သို့သော် သူကုတင်ပေါ်တက်သွားတော့ ရှန်းယုဟန်က သူ့ခေါင်းအုံးပေါ်ကို ရုတ်တရက်ရွှေ့လာပြီး ရှန်ချီဟွမ်းကို မျက်နှာမူလိုက်သည်။
ရှန်းယုဟန်၏လက်များက စောင်အောက်တွင်ဝှက်ထားကာ စောင်ကိုဆွဲထားသည်။ သူက ရှန်ချီဟွမ်းကို ယခင်ကလို နူးနူးညံ့ညံ့ မခေါ်တော့ပဲ နာမည်ခေါ်လိုက်သည်။
“ရှန်ချီဟွမ်း”
ဤသည်မှာ ရှန်းယုဟန်က သူ့နာမည်ကို ထိုလေသံမျိုးနဲ့ခေါ်တာ ပထမဆုံးအကြိမ်ဖြစ်၏။ သူက ခဏလောက်အေးခဲသွားပြီး ဦးရေပြားထုံကျင်လာလာ ငိုက်မျည်းနေမှုကလည်း ရုတ်ချည်းပျောက်ကွယ်သွားခဲ့သည်။
ရှန်ချီဟွမ်းက သူ လျှောက်လွှာအကြောင်း ပြောချင်နေတာလို့ ခန့်မှန်းမိတာကြောင့် တည်ငြိမ်ချင်ယောင်ဆောင်ကာ ပြောလိုက်သည်။ “အွန်း?” သူသေချာပေါက်စိတ်ဆိုးနေတာပဲ…
ထို့နောက် ရှန်းယုဟန်ပြောခဲ့သော ပထမဆုံးစကားမှာ “ သခင်မလေးရှန်းက တကယ်တော့ အမျိုးသမီးတစ်ယောက်မဟုတ်ဘူး။”
ခေါင်းစဥ်က နည်းနည်းကြီးနေသလားလို့? သခင်မလေးရှန်းကဘာလဲ?
“အာ?” အနောက်ဟန်မင်းဆက်အုတ်ဂူက သခင်မလေးရှန်းကို ရည်ညွှန်းတယ်ဆိုတာနားလည်ဖို့ သူ့အတွက် အချိန်မဆိုစလောက်ကြာခဲ့သည်။ “မင်း သူ့အကြောင်းကို ညသန်းခေါင်မှ ဘာလို့လာပြောနေတာလဲ?” ရှေးခေတ်မှာ အမျိုးသားချင်း လက်ထပ်ထိမ်းမြားခြင်းမရှိပေ။ “သူက အမျိုးသားတစ်ယောက်ကို လက်ထပ်ခဲ့တာလေ၊ အမျိုးသမီးမဟုတ်တာ ဖြစ်နိုင်ပါ့မလား”
ရှန်းယုဟန်က ရှန်ချီဟွမ်းကို တောက်လောင်နေသာအကြည့်ဖြင့် ကြည့်လိုက်သည်။ “ခင်ဗျားသူ့အကြောင်းသိချင်လား?”
လက်ရှိရာသီဥတုအတွက် လေအေးပေးစက်ဖွင့်စရာမလိုပေ။ ညအချိန်မှာ သိပ်မအေးသလို ပူလည်းမပူတာကြောင့် ပြတင်းပေါက်များကို ဖွင့်ထားပြီး အခန်းက လေဝင်လေထွက်ကောင်းနေသည်။ ရှန်ချီဟွမ်းက သူ့ဇနီးလေး အအေးမိမှာစိုး၍ စောင်ကိုဆွဲခြုံလိုက်ပေမယ့် ဆွဲလို့မရဖြစ်နေသသည်။ ထိုမှသာ သူက ရှန်းယုဟန် စောင်ကို တင်းတင်းဆုပ်ကိုင်ထားမှန်းသိတော့သည်။
ရှန်ချီဟွမ်းက နောက်ဆုံးမှာ တစ်ခုခုမှားနေတာကို သတိထားမိသွားပြီး “ဘာလို့သူ့အကြောင်းပြောနေတာလဲ?”
သခင်မလေးရှန်းဆိုသောစကားလုံးက သူတို့ကြားက အတားအဆီးဖြစ်ပြီး သူက သူမအကြောင်း ဘာပဲပြောပြော သူ့ဇနီးလေးက စိတ်မချမ်းသာဖြစ်တတ်သည်။.
“ကျွန်တော် သူ့ဘဝကိုသိတယ်။ ခင်ဗျားကိုပြောပြချင်တယ်။ မပြောရရင် အိပ်ပျော်မှာမဟုတ်ဘူး။” ရှန်းယုဟန်၏ ကိုယ်ဟန်က မပြောင်းသွားပေ။
ကျွမ်းကျင်ပညာရှင်တွေက သူမအကြောင်းမသိလို့ သူမက လျှိို့ဝှက်ဆန်းကြယ်မှုတစ်ခုဖြစ်နေတာမလား? ရှန်းယုဟန်က ဘယ်လိုသိတာလဲ?
သူက ထပ်ပြီးမတွေးရဲပေ။
ပြီးတော့ ရှန်းယုဟန်က သခင်မလေးရှန်းကို ဘာလို့အဲ့လောက်စွဲလမ်းနေရတာလဲ?
ရှန်ချီဟွမ်းက သူ့ကို နားမလည်သလိုမေးသည်။ “ဒါပေမယ့် ကျွမ်းကျင်ပညာရှင်တွေတောင် မသိတာကို မင်းကဘယ်လိုသိတာလဲ?”
ရှန်းယုဟန်က မျက်လွှာချကာ ပိုးထည်စောင်ပေါ်က ဒီဇိုင်းကိုကြည့်ကာ ခပ်ချွဲချွဲလေသံဖြင့် ပြောလိုက်၏။ “ဒါဆို ခင်ဗျားနားထောင်မှာလား နားမထောင်ဘူးလား”
ရှန်ချီဟွမ်းက စိတ်ထဲကနေ ရေရွတ်လိုက်သည်။ ဒါက သူ့ဇနီးလေးရှန်းယုဟန်ပဲ…. ဘယ်လိုပရော်ပရည်လုပ်ရမလဲ ကောင်းကောင်းသိတယ်….
နေ့လည်ကနေ ယခုချိန်ထိ သူက နောက်ဆုံးတော့ ပြုံးပြလာသည်။ “ဟုတ်ပြီ ဟုတ်ပြီ.. မင်းပြောပါ ငါနားထောင်မယ်”
ရှန်းယုဟန်က သူ့ခင်ပွန်း၏ချော့မော့သော လေသံကြောင့် စိတ်မလှုပ်ရှားတော့ပဲ သာမန်စကားပြောသောလေသံကို ပြန်ပြောင်းလိုက်သည်။
လေးနက်သောလေထုကပျောက်ကွယ်သွားပြီး သူ့ပါးစပ်ကို ဘယ်လိုဖွင့်ရမလဲမသိပေ။
ရှန်ချီဟွမ်းက ရှန်းယုဟန်၏ ရှုပ်ထွေးပြီး ကူကယ်ရာမဲ့နေသော အမူအရာကို ရယ်ချင်နေပေမယ့် မရယ်ရဲပေ။ “ဒါဆို သခင်မလေးရှန်းရဲ့ဘဝကို မင်းအဖြေရှာပြီးပြီပေါ့”
ရှန်းယုဟန်က ထမထိုင်ပဲ အိပ်ရာပေါ်မှာ လဲလျောင်းနေပေမယ့် တစ်ချိန်တည်းမှာ ရှန်ချီဟွမ်းကိုပါ လဲလျောင်းဖို့ ဆွဲချလိုက်သည်။
သူ့ခင်ပွန်းကို ညဘက်စကားမပြောရတာ ကြာခဲ့ပြီ။
သူက ရှန်ချီဟွမ်း၏လက်ချောင်းကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။ “သူက မိန်းမပျိုလေးမဟုတ်ဘူး။ ကောတစ်ယောက်ပဲ”
ရှန်ချီဟွမ်းက သူ့လက်ကိုပြန်ကိုင်လိုက်ပြီး ပို၍ တက်ကြွလာသည်။ “ကောကဘာလဲ?”
“ကောက ကလေးမွေးနိုင်တဲ့ယောကျာ်းလေးတစ်ယောက်လို့ ခင်ဗျားနားလည်ထားလို့ရတယ်။ သူတို့ရဲ့ခန္ဓာကိုယ်တည်ဆောက်ပုံက ကောင်လေးတွေနဲ့တူပေမယ့် သူတို့က ကလေးမွေးနိုင်တယ်။” ထိုစကားပြောပြီးနောက် ရှန်းယုဟန်က ညဝတ်အင်္ကျီ၏ကော်လာကို ဖွင့်ပြီး ညှပ်ရိုးပေါ်က မှဲ့အနီရောင်ကို လက်ညိုးထိုးပြလိုက်သည်။ “ကောအားလုံးမှာ မွေးကတည်းက ညှပ်ရိုးပေါ်မှာ ဟင်္သာပြဒါးရိုင်းမှဲ့်မှဲ့ပါတယ်။ မှဲ့က အနီရောင်ပိုတောက်လေ မျိုးအောင်လေပဲ။”
ရှန်ချီဟွမ်းက ဖြူဖွေးနေသော ရှန်းယုဟန်၏လည်ပင်းနှင့် တောက်ပနေသော မှဲ့နီကိုကြည့်ကာ ဆွဲဆောင်မှုရှိနေပေမယ့် သူ့ဇနီးလေးက မထင်မှတ်ထားတာတစ်ခုခုကို ပြောခဲ့သည်။ ဒီလိင်အမျိုးအစားကောက တကယ်ရှိလို့လား?
“ဒါဆို အဲ့ဒီနောက်က ဘာဖြစ်လဲ?” ရှန်ချီဟွမ်းက ရှန်းယုဟန်၏ညှပ်ရိုးပေါ်က မှဲ့နီကိုကြည့်ပြီး သူ့အာရုံကြောက တင်းမာလာသည်။ သာမန်နေ့မှာဆို တခြားဘာမှတွေးမိမှာမဟုတ်ပေမယ့် ယနေ့မှာ သူ မကြားဖူးတာကို နားထောင်လိုက်ရပြီး စိတ်စိုးနှောင့်နေခဲ့သည်။
သို့သော် သူက နားထောင်ပေးရဦးမည်။
ရှန်းယုဟန်က တိုးတိုးလေးပြောလိုက်သည်။ “သူတို့က အိမ်မှာ အမျိုးသမီးတွေလို ပျိုးထောင်ခံခဲ့ရတာ။ သူတို့က မိသားစုကို ဘယ်လိုဂရုစိုက်ရမလဲ သင်ယူရတယ်။ အမျိုးသားတွေလို လူပုံလယ်သွားလို့မရဘူး။ အသက်တစ်ခုရောက်ရင် လက်ထပ်ဖို့ အမျိုးသားရွေးချယ်ရပေမယ့် သူတို့က အမျိုးသမီးလောက်တော့ မတော်ဘူး။ ဟင်္သာပြဒါးရိုင်းမှဲ့်မှဲ့က ဘယ်လောက်ပဲ အရောက်တောက်ပါစေ သူတို့ရဲ့ ကလေးမွေးနိုင်စွမ်းက အမျိုးသမီးတွေလောက်မကောင်းဘူး။ အတော်ဆုံးကောက နှစ်ယောက်ထိပဲမွေးနိုင်တယ်။ မဟုတ်ရင် သူတို့အသက်အန္တရာယ်ထိခိုက်နိုင်တယ်။ ကောင်းမွန်တဲ့မိသားစုမှာ မွေးဖွားလာတဲ့ ကောတစ်ဦးကပဲ ပထမဇနီးဖြစ်နိုင်တယ်။”
“ရှန်းကောအာက ကျုံးယုံမြို့စားကြီးစံအိမ်မှာမွေးလာတာ။ ပြီးတော့ သူက အိမ်တော်က ပထမဇနီးရဲ့ ကောလေးတစ်ယောက်ပဲ။ သူ့အမေ၊အမေ၊အစ်ကိုတွေက သူ့ကိုအရမ်းချစ်ကြပြီး သူ့အထက်မှာ အစ်ကိုသုံးယောက်ရှိတယ်။ သူမွေးကတည်းက သာယာတဲ့ဘဝမှာနေထိုင်ရပြီး အိမ်မှာဆိုရင် နေ့စဥ်ဘဝရဲ့လိုအပ်ချက်*တွေကို စိတ်ပူစရာမလိုခဲ့ဘူး။ ဒါပေမယ့် ချမ်းသာပြီးအာဏာရှိတဲ့ တခြားအိမ်က အမျိုးသမီးတွေလို သူကလည်း ချင်၊ ဂိုး၊ လက်ရေးလှနဲ့ ပန်းချီကို သင်ယူခဲ့ပြီး ဆွေကြီးမျိုးကြီးစံအိမ်က လိမ္မာရေးခြားရှိပြီး လက်မထပ်ရသေးတဲ့ သမီးတစ်ယောက်ဖြစ်လာခဲ့တယ်။ ဘုရားသခင်က သူ့ကို ကောင်းကောင်းဆက်ဆံခဲ့လို့ဖြစ်မယ်။ သူကကြည့်ကောင်းပြီး အရည်အချင်းရှိတယ်။ ဒီလိုနဲ့ မြို့တော်မှာ တဖြည်းဖြည်းနာမည်ကြီးလာခဲ့တယ်။ သူလက်ထပ်ရမယ့်အရွယ်ရောက်တော့ အောင်သွယ်တော်တွေက သူ့အိမ်တံခါးဝမှာ တိုးကြိတ်နေကြပြီး တံခါးကို ချိုးဖျက်လုနီးပါးပဲ။ သူ့အဖေက သူ့သားအတွက် သားမက်ကောင်းတစ်ယောက်ရွေးပေးဖို့ ဆံပင်အများကြီးကျွတ်ခဲ့သေးတယ်။ မင်းဆက်ဧကရာဇ်တောင်မှ သူ့အကြောင်းကြားတော့ သူ့ကို ကိုယ်လုပ်တော်အဖြစ် နန်းတော်ထဲခေါ်မယ့်အကြောင်း ကောလာဟလထွက်ခဲ့တယ်။ ဒါပေမယ့် ဧကရာဇ်က အသက်ကြီးတော့ စိတ်ဆန္ဒရှိပေမယ့်လည်း ခန္ဓာကိုယ်ကမသန်စွမ်းတော့ အဲ့ဒီကိစ္စမအောင်မြင်ပဲ အဆုံးသတ်သွားတယ်။”
(***အစားအသောက်အသုံးအဆောင် စသဖြင့် အဲ့ဒါတွေကိုပြောတာပါ)
“သူ့မိသားစုက သူ့ကို သိပ်ချစ်လို့ သူ့အစ်ကိုတွေက သူ့ကို အဝေးမှာလက်ထပ်ပေးဖို့ တုံ့ဆိုင်းခဲ့တယ်။ တခြားကောတွေက အသက်ဆယ့်လေးနှစ် ဆယ်ငါးနှစ်လောက်မှာ လက်ထပ်ကြပေမယ့် သူကတော့ အသက်နှစ်ဆယ်ပြည့်ခါနီးအထိ စေ့စပ်ထားတာမရှိခဲ့ဘူး။ တစ်နေ့မှာ ရှန်းမိသားစုက ဧကရာဇ်အမိန့်ပြန်တမ်းတစ်စောင်ရခဲ့တယ်။”
ရှန်ချီဟွမ်း၏နှလုံးသားက မွန်းကြပ်လာသည်။ “ဒါဆိုဘာဖြစ်သွားလဲ?”