Chapter 95
“အိမ်တော်သုံးအိမ်နှင့် ရင်ဆိုင်ခြင်း”
ဓားချွန်ပေါ်က ရှန်းယုဟန်၏မျက်နှာမှာ တည်ငြိမ်နေပြီး ရှန်ချီဟွမ်းနှင့် အပြင်က ရဲတွေက ဇောချွေးပြန်လာသည်။
သို့သော် သူကတော့ စိုးရိမ်စိတ်မရှိပဲ ရှန်ချီယွင်ကိုမေးလိုက်သည်။ “ခင်ဗျားကသာ ရှန်းယုဟန်ကို လက်လွှတ်ခဲ့တဲ့သူပါ။ ကျွန်တော့်ကို ဘာလို့ အပြစ်တင်နေရတာလဲ၊ ခင်ဗျားတို့ဇာတ်လမ်းက စတောင်မစခဲ့တာမို့ ခင်ဗျားအပေါ်ကို ဘယ်သူမှအကြွေးတင်မနေဘူး။ ကျွန်တော် သေရမှာကိုမကြောက်ဘူး။ ကျွန်တော်က တစ်ကြိမ်သေခဲ့ပြီးပြီ။ ခင်ဗျားကိုမေးချင်တာရှိတယ်။ ခင်ဗျားဘာလို့ ရှန်ချီပိုင်တို့နဲ့အတူ ပူးပေါင်းခဲ့တာလဲ? ပိုက်ဆံကြောင့်လား? ကျော်ကြားမှုကြောင့်လား?”
ဓားကိုင်ထားသော ရှန်ချီယွင်၏လက်က မသိမသာတုန်ယင်လာပြီး သူက တခြားသူများရှေ့မှာ နူးညံ့ကြော့ရှင်းသော ပုံရိပ်ကိုသာပြခဲ့ပေမယ့် သူ့စိတ်က ရိုးသားဖြောင့်မတ်မှုမရှိပေ။ သူက လူတွေကို လှည့်ဖြားဖူးပေမယ့် အသက်အန္တရာယ်ပေးဖို့ တစ်ခါမှမစဥ်းစားဖူးချေ။ သူ့မှာငွေမရှိတာမဟုတ်သလို သူ့ကိုချစ်သည့် သူ့မိခင်လည်းရှိတာကြောင့် သူက ဝရမ်းပြေးတစ်ယောက်မဟုတ်ပေ။
ရှန်းယုဟန်က သူ့ကို ဒီမွေးခွန်းမေးလာတဲ့အခါ ရှန်ချီယွင်က တွေဝေနေခဲ့သည်။ သူဘာကြောင့် ဒါတွေလုပ်နေတာလဲ?
သူက ရှန်းယုဟန်၏မျက်နှာကို ခက်ခက်ခဲခဲ စိုက်ကြည့်ရင်း သူ့မှာအဖြေတစ်ခုသာရှိတော့သည်။ သူက ရှန်းယုဟန်နှင့် မတွဲဖူးသလို အတိတ်မှာ ဆက်ဆံရေးလည်းမရှိခဲ့ဘူး။ တစ်ယောက်နဲ့တစ်ယောက် သေတဲ့အထိ ချစ်မယ်ဆိုတဲ့ ကတိစကားလည်းမရှိခဲ့ဘူး။ သူက သူ့အချစ်ဦးမဟုတ်သလို လရောင်ဖြူလေးလည်းမဟုတ်ဘူး။ ဒါဆို သူရှန်းယုဟန်ဆီက ဘာလိုချင်နေတာလဲ?
ရှန်းယုဟန်က သူ့မျက်လုံးထဲကအဖြေကို မြင်ပြီးလေပြီ။ “ကျွန်တော်ဆိုတဲ့ ရှန်းယုဟန်မဟုတ်ပဲ လီယုဟန်နဲ့ ကျန်းယုဟန်ဖြစ်ခဲ့ရင်တောင် ခင်ဗျားရဲ့ဆုံးဖြတ်ချက်က တူနေမှာပဲ။ ဒါက ခင်ဗျားက ကျွန်တော်နဲ့ပတ်သက်ချင်လို့မဟုတ်ပဲ မနာလိုဖြစ်နေလို့ပဲ။ အစကနေအဆုံး ခင်ဗျားမနာလိုဖြစ်ခဲ့တဲ့ တစ်ဦးတည်းသောသူက ကျွန်တော့်ခင်ပွန်းပဲ”
“မဟုတ်ဘူး!” ရှန်ချီယွင်ကခေါင်းခါသည်။ “အဲ့လိုမဟုတ်ဘူး။ ငါ ရှန်ချီဟွမ်းကို မနာလိုဖြစ်စရာ အကြောင်းမရှိဘူး။ သူ့အဖေက သူ့ကိုဂရုမစိုက်သလို သူ့အမေကလည်း သူ့ကိုမချစ်ဘူး။ ငါ သူ့ကို ဘာလို့မနာလို့ဖြစ်ရမှာလဲ!”
“ဘာလို့လဲဆိုတော့ သူက ခင်ဗျားထက် အရည်အချင်းရှိလို့လေ။ သူက ခင်ဗျားမလုပ်နိုင်တာတွေကို လုပ်နိုင်တယ်။ ခင်ဗျားအထင်သေးခဲ့တဲ့ ကျွန်တော့်လိုလူကိုတောင် လက်ထပ်ခဲ့သေးတယ်။ လက်ထပ်ပြီးတော့ ကျွန်တော်နှစ်ယောက်လုံး အရမ်းပျော်နေတာ။ ပြီးတော့ သူ့ကို ခင်ဗျားအဖေကပဲ ရှန်ဂရုရဲ့အမွေဆက်ခံသူအဖြစ် ရွေးချယ်ခဲ့တာ။ ဒါကြောင့် ခင်ဗျားက သူနဲ့ပတ်သတ်တဲ့အရာအားလုံးကို မနာလိုဖြစ်နေခဲ့တာ။ သူရဲ့ အဆက်အနွယ်တွေအပါအဝင်!” ရှန်းယုဟန်က စိတ်ပညာရှင်မဟုတ်သလို ညှိနှိုင်းစေ့စပ်ရေး ကျွမ်းကျင်ပညာရှင်လည်းမဟုတ်ဘူး။ သူက ရှန်ချီယွင်ကို အိမ်တွင်းတိုက်ပွဲရှုထောင့်ကနေသာ ကြည့်လိုက်သည်။
အတွင်းခြံဝင်းတွင် ရှန်ချီယွင်နဲ့တူသော မိန်းမပျိုများနှင့် ကောများစွာရှိ၏။ အကောင်းဆုံးတွေလောက် မတော်ပေမယ့် အဆိုးဆုံးတွေထက်တော့ ပိုတော်သည်။ သူတို့က သူတို့ထက် ပိုတော်နေသည့် လူများကို မခံမရပ်နိုင်ပဲ သူတို့အထင်သေးသော လူတစ်ယောက်က သူတို့ထက် ပိုကောင်းသောဘဝကို နေထိုင်ရရင် မနာလိုဖြစ်သည်။ သူတို့က တစ်ဖက်လူ၏ဘဝမှာ အခက်အခဲကြုံနေရတာကိုပဲ ကြားချင်ကြသည်။ တစ်ဖက်လူ၏ဘဝက ကောင်းစားနေရင် သူတို့က ဒုက္ခပေးဖို့ ကောလာဟလဖြန့်မှာဖြစ်သည်။ တစ်ဖက်လူ၏ဘဝက ဆိုးရွားနေရင် အားရပါးရပြောဆိုကြမှာဖြစ်၏။ သူတို့လိုလူမျိုးတွေက မြင့်ရာကိုကိုင်ကာ နိမ့်ရာကိုနင်းပြီး အထက်လူကိုကြောက်လန့်ကာ အောက်ကအားနည်းသူကိုတော့ အနိုင်ကျင့်ကြလေသည်။
“မင်းပါးစပ်ပိတ်ထား…မပြောနဲ့တော့၊ ယုံချင်ယုံမယုံချင်နေ.. ငြိမ်ငြိမ်မနေရင် ငါ့လက်ထဲကဓားနဲ့ မင်းလည်ချောင်းကို လှီးလိုက်မယ်!” ရှန်ချီယွင်က ရှန်းယုဟန်၏စကားကြောင့် အရှက်ရကာ ဒေါသထွက်လာခဲ့သည်။
ရှန်းယုဟန်က သူ့ကိုဆွနေတာရပ်လိုက်သည်။ သူ့ခင်ပွန်း အချိန်မီရောက်လာမှာကိုသိပေမယ့် ရှန်ချီယွင်က ရှက်ဒေါသဖြစ်ပြီး သူ့ကို တစ်ခုခုမလုပ်ဘူးလို့ အာမမခံနိုင်ပေ။ သူက သူ့ဘဝကို တန်ဖိုးထားနေဆဲပင်။
သူဒါတွေကိုလုပ်ရဲသည်မှာ နောက်ကွယ်ကလူကို သူ့ခင်ပွန်းအတွက် မျှားခေါ်ဖို့ဖြစ်သည်။ ဘယ်သူမှမလုပ်နိုင်ပဲ သူသာလုပ်နိုင်သည်။
ရှန်ချီယွင်က ကုလားထိုင်ကိုမှီကာ အသက်ပြင်းပြင်းရှူလိုက်သည်။ သူ ဒေါသထွက်နေသည်မှာ ရှန်းယုဟန်က သူ့ခေါင်းကို လက်သည်းနှင့် ကုတ်ခြစ်ခဲ့လို့ဖြစ်ပြီး သူက ရှန်ချီဟွမ်းကို မနာလိုနေခဲ့တာဖြစ်၏။ သူတို့က တချိန်တည်းမှာ မွေးခဲ့တာလည်းသိသာသည်။ သူတို့က ဖခင်လည်းတူတာ သိသာသည်။ သို့သော် သူတို့ကို ဆက်ဆံပုံက ကွာခြားခဲ့သည်။ သူတို့က လှပသောအိမ်ကြီးမှာ နေထိုင်နိုင်ပေမယ့် သူကတော့ သူ့မိခင်နဲ့ အဆောက်အဦးတစ်ခုမှာ နေထိုင်ရသည်။ ရှန်ချီဟွမ်းမှာ မွေးကတည်းက ဂရုစိုက်ပေးမယ့် လူတွေအများကြီးရှိခဲ့ပြီး သူကတော့ အချိန်တိုင်းမှာ အရာအားလုံးကို ကိုယ်တိုင်လုပ်ခဲ့ရသည်။ အချက်အပြုတ်နှင့် သန့်ရှင်းရေးကိုလည်း သူ့မိခင်ကလုပ်ခဲ့ရသည်။ သူ အသက်နည်းနည်းကြီးလာပြီး ကုပီချင်းက သီလရှင်ဖြစ်သွားတော့မှ သူတို့အဆင်ပြေလာခဲ့သည်။
ကောင်းကောင်းမွန်မွန်နေမှသာလျှင် သူ့ဖခင်၏အာရုံစိုက်မှုကိုခံရမယ်ဆိုတာ သူသိခဲ့သည်။ သူက သူ့ဖခင်ကျေနပ်အောင် ဘယ်လိုလုပ်ရမလဲသိသည်။ ပင်မအိမ်တော်ကို ပြောင်းရွှေသွားတော့ ရှန်ချီဟွမ်းက သူတို့အားလုံးကိုအထင်သေးကာ ဘယ်သူ့ကိုမှ ကျေနပ်အောင် လုပ်စရာမလိုတာကိုတွေ့တော့ သူက အားကျမနာလိုဖြစ်ခဲ့ပြီး တစ်ဖက်လူကို နာကျည်းခဲ့သည်။ နောက်တော့ သူက တသီးတသန့်နေတတ်သော ရှန်ချီဟွမ်းကို အနိုင်ကျင့်ဖို့ ဘယ်သူမှမရှိသည့်အချိန်ကို အခွင့်ကောင်းယူကာ ထိုအရာမှတစ်ဆင့် သူ့ကိုယ်ပိုင်ကမ္ဘာတစ်ခုကို ရှာတွေ့ခဲ့သည်။
(အနိုင်ကျင့်ပြီး သူ့ဖြစ်တည်မှုကို တန်ဖိုးရှိတယ်လို့ ခံစားလာရတာ။ သူ့အတွက် ကမ္ဘာပေါ်မှာ နေရာတစ်ခုရှိတယ်လို့ ခံစားလာရတာ..ကို ပြောတာပါ။)
ရှန်ထျန်းဖုန်းက သူ့အပေါ်ကောင်းသည်။ သူ့ကိုတုန်နေအောင်ချစ်တယ်လို့တော့ ပြောလို့မရပေမယ့် အနည်းဆုံးတော့ သူက တခြားညီအစ်ကိုများထက် သူ့အပေါ်ပိုကောင်းပေးခဲ့သည်။ သို့သော် သူတို့ကြီးပြင်းလာတော့ လူတိုင်းမှာ အားနည်းချက်နှင့် အားသာချက်ရှိလာပြီး သူကလည်း သူ့မိခင်၏မျှော်လင့်ချက်ဖြစ်သော ရှန်မိသားစုလုပ်ငန်းကို အမွေဆက်ခံချင်ခဲ့သည်။ သို့သော် ရှန်ချီယွမ်က ကုမ္ပဏီကိုဝင်သွားခဲ့တော့ သူ့က မျှော်လင့်ချက်ကို လုံးဝမမြင်နိုင်ခဲ့ပေ။ ထိုအချိန်မှာ ရှန်ချီဟွမ်းက ကိုယ်ပိုင်ကုမ္ပဏီထောင်ပြီး အဆင်ပြေနေခဲ့သည်။ သူ့အတွက် ရန်ပုံငွေရှာပြီး နာမည်ကြီးလာဖို့ အချိန်သိပ်မကြာခဲ့တာကြောင့် သူ့အရည်အချင်းကို ထုတ်ဖော်ပြသလိုဖြစ်ကာ ရှန်ထျန်းဖုန်း၏အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ ထိုစဥ် သူကတော့ ဘာမှမအောင်မြင်သေးပေ။
သိပ်မကြာခင်မှာ ရှန်းယုဟန်ပေါ်လာပြီး သူ့ကိုလိုက်ခဲ့သည်။ သူကတော့ သူ့ကို ဘာပညာမှမတတ်သည့် အလေ့အလွင််သားတစ်ယောက်လို့ မြင်တာကြောင့် ခွာချခဲ့သည်။ သခင်ကြီးက ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်ကို အိမ်ထောင်ချပေးတော့ သူ တိတ်တိတ်လေးပျော်နေခဲ့သည်။ နောက်တော့ ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းကို ထပ်တွေ့ခဲ့သောအခါ သူနောင်တရနေခဲ့သည်။ ရှန်းယုဟန်က ကျင့်ဝတ်စည်းကမ်းများကို နားလည်သူတစ်ဦးဖြစ်လာပြီး ရှေ့ဆက်သင့်သလား နောက်ဆုတ်သင့်သလား ကောင်းကောင်းသိသည်။ သူက သခင်ကြီး၏ မျက်နှာသာပေးမှုကိုလည်း ရခဲ့ပြီး ရှန်ချီဟွမ်း၏ အဆင့်အတန်းက သိသိသာသာ မြှင့်တက်လာခဲ့သည်။
သူက ထပ်မံလွဲချော်သွားခဲ့သည်။ အားသာချက်နှင့်ကံတရားက ရှန်ချီဟွမ်းကိုပဲ ရွေးချယ်ခဲ့သည်!
“မင်းပြောတာမှန်တယ်။ ငါဝန်ခံတယ်။ ငါ ရှန်ချိီဟွမ်းကို မနာလိုဖြစ်ခဲ့တယ်။ သူ့ပျောက်ကွယ်သွားဖို့ကို ငါမျှော်လင့်ခဲ့ပေမယ့် ငါသူ့ကိုပိုမုန်းလေ လူတွေက ငါ့ကို သူနဲ့ယှဥ်လေပဲ။ ငါမင်းကိုလက်ထပ်ခဲ့ရင် ဒီလိုတွေဖြစ်လာမှာမဟုတ်ဘူး။” ရှန်းယုဟန် ပိုလို့တောင် ကျော်ကြားလာတော့ သူဘယ်ပွဲပဲတက်တက် လူတွေက သူ့နောက်ကွယ်မှာ အတင်းအဖျင်းပြောတာကို ကြားခဲ့ရသည်။ သူ့သူငယ်ချင်းတွေကလည်း ရှန်းယုဟန်ကို လက်မထပ်ခဲ့တာ နောင်တမရဘူးလား မေးခဲ့ကြသည်။
ရှန်းယုဟန်က အသာအယာ ပြုံးကာ ခေါင်းခါလိုက်သည်။ “မဟုတ်ဘူး။ ကျွန်တော် ခင်ဗျားကိုလက်ထပ်ခဲ့ရင်တောင် ကျွန်တော်တို့က ကွာရှင်းကြရမှာပဲ။ ကျွန်တော်နဲ့ ကျွန်တော့်ခင်ပွန်းက ပါရမီဖြည့်ဘက်တွေပဲ။ ကျွန်တော်တို့ရဲ့ ချစ်ခြင်းမေတ္တာက အကျိုးအမြတ်တွေအပေါ် အခြေခံထားတာမဟုတ်ဘူး။ ဒါပေမယ့် ခင်ဗျားကတော့ ကျွန်တော်တို့နဲ့ကွာတယ်။ ခင်ဗျားက လူတွေနဲ့ ပထမဆုံးအကြိမ်ဆုံတွေ့တဲ့အခါ သူတို့တန်ဖိုးကို အကဲဖြတ်တယ်။ သူတို့က အသုံးချဖို့တန်ရဲ့လား…. ခင်ဗျားရဲ့အားထုတ်မှုနဲ့ တန်ပါ့မလာား…. အဲ့လိုမျိုးတွေပေါ့။ ကျွန်တော့်အမြင်အရဆိုရင် ကျွန်တော်က ခင်ဗျားအတွက် အကူအညီဖြစ်လာမှာမဟုတ်ဘူး။ ဒါကြောင့် ခင်ဗျားက ကျွန်တော့်ကို အနှေးနဲ့အမြန်စွန့်ပစ်လိုက်မှာပဲ။ သခင်ကြီးက ကျွန်တော့်ခင်ပွန်းကို မရွေးချယ်ခင်မှာ ခင်ဗျားက ဆုံးဖြတ်ပြီးသားပါ။”
ရှန်းယုဟန်၏ စကားများက ရှန်ချီယွင် စကားပြောမှာကို အောင်အောင်မြင်မြင်ရပ်သွားစေသည်။ သူပြောသမျှကအမှန်ဖြစ်ပြီး တစ်လုံးမှမမှားပေ။ သူ ငယ်ငယ်တည်းက ဒီအတိုင်းပဲဖြစ်၏။ တစ်ဖက်လူ သူ့အတွက် အကျိုးအမြတ်ပေးနိုင်ရဲ့လား တွက်ချက်လေ့ရှိပြီး ရှန်းယုဟန်က သူလွဲသွားခဲ့သော တစ်ဦးတည်းသူမဟုတ်ပေမယ့် သူက အရင်စွန့်ပစ်ခဲ့တာဖြစ်ပြီး သူက ရှန်းယုဟန်ကို တန်ဖိုးမရှိသောဘက်မှာ ထည့်သွင်းထားခဲ့သည်။
စကားစမြည်ပြောဆိုမှုအပြီးမှာ ရှန်ချီယွင်က သူနဲ့ ရှန်းယုဟန်ကြားမှာ ကွက်လပ်တစ်ခုရှိတာကို ရှင်းရှင်းလင်းလင်း သိသွားခဲ့ပြီး စမှတ်ကိုပြန်သွားရရင် သူတို့က တစ်ခါမှမသိခဲ့ဖူးသော သူစိမ်းနှစ်ယောက်သာဖြစ်၏။
နောက်ဆုံးမှာ ရှန်ချီယွင်က ဓားကိုချကာ တံခါးဖွင့်ပေးလိုက်သည်။
ရှန်းယုဟန်ကို ခေါ်ဆောင်သွားချိန်မှစ၍ နောက်ကွယ်ကလူပေါ်ထွက်လာပြီး ရှန်းယုဟန်ကို ရှာတွေ့ချိန်အထိ လေးနာရီကြာမြင့်ခဲ့သည်။
ရဲတွေက ရှန်းယုဟန်ကို ကားထဲက ချက်ချင်းဆွဲထုတ်ကာ ရှန်ချီဟွမ်းကလည်း ရှန်းယုဟန်ကို ပွေ့ဖက်ထားပြီး ထိတ်လန့်နေသည်။
ဒီတစ်ကြိမ်မှာ သူက တကယ်ကို စိတ်ဆိုးနေခဲ့သည်။
ရှန်ချီဟွမ်းက သူ့ကို အေးစက်သောမျက်နှာဖြင့် တည့်ပြောလိုက်သည်။ “ရှန်းယုဟန်၊ ငါစိတ်ဆိုးတယ်။ မင်းငါ့ကိုချော့လည်း အသုံးမဝင်တော့ဘူး။”
ရှန်းယုဟန်က သူ့နောက်ကျောကို ညင်ညင်သာသာပုတ်လိုက်တော့ သူ့ရှပ်အင်္ကျီက ချွေးအေးများဖြင့် စိုရွှဲနေသည်။ သူက စိတ်မသက်မသာဖြစ်သွားပြီး သူ့မူလရည်ရွယ်ချက်က သူ့ခင်ပွန်းကို စိတ်ပူဝမ်းနည်းအောင်လုပ်ဖို့ မဟုတ်ချေ။
သူက ရှန်ချီဟွမ်းကိုဖက်ကာ တိုးတိုးလေးပြောလိုက်သည်။ “ယောကျာ်း၊ တောင်းပန်ပါတယ်။ ခင်ဗျားစိတ်ဆိုးနေတာကိုသိပါတယ်။ ကျွန်တော့်အသက်ကို ဟာသမလုပ်ခဲ့သင့်ဘူး။”
“မင်းက မင်းအသက်ကို ဟာသလုပ်ခဲ့တယ်ဆိုတာ သိသေးတယ်ပေါ့! မင်းတစ်ခုခုဖြစ်သွားရင်….. ပြန်ပေးသမားတွေက ဓားစာခံကိုမသတ်ဘူးဆိုတာ မင်းဘယ်လိုအာမခံနိုင်တာလဲ၊ သူတို့က သူတို့အလုပ်ရှင်နဲ့ ရန်ဖြစ်ပြီး မင်းရဲ့လက်တွေခြေတွေကို မဖြတ်ပစ်ဘူးလို့ ထင်နေတာလား! သူတို့မင်းကိုထိခိုက်အောင်လုပ်ရင် ငါဘာလုပ်ရမလဲ? ရှန်းယုဟန်…. မင်းဦးနှောက်ဘယ်ရောက်သွားလဲ?” ရှန်ချီဟွမ်းက စကားကို တုန်တုန်ယင်ယင် ပြောနေပြီး ခေါင်းငုံ့လိုက်တော့ ရှန်းယုဟန်၏လည်ပင်းပေါ်မှာ မျက်ရည်တွေကျလာသည်။
ဆိုရိုးစကားအတိုင်း အမျိုးသားတစ်ယောက်က အလွယ်မငိုဘူးဆိုတာ ဝမ်းနည်းသောအဆင့်ကို မရောက်သေးလို့ဖြစ်သည်။
“ကိစ္စတွေက ဒီလိုဖြစ်သွားမယ်ဆိုတာ ကျွန်တော်မသိခဲ့လို့ပါ။ ကျွန်တော် မဆင်မခြင်လုပ်ခဲ့မိတယ်။ ခင်ဗျား ကျွန်တော့်ကို ရိုက်ချင်ရိုက် ဆူချင်ဆူပါ။” ရှန်းယုဟန်က သူ့လုပ်ရပ်ကို ပြန်တွေးမိသွားသည်။ “တောင်းပန်ပါတယ်။ ယောကျာ်း၊ ကျွန်တော်ခင်ဗျားကိုယုံလို့ မဆင်မခြင်လုပ်ရဲတာပါ။ ကျွန်တော့်ကို တစ်ကြိမ်လောက်ပဲ ခွင့်လွှတ်ပေးပါ။”
“တစ်ခုခုဖြစ်သွားရင် အကြိမ်ဆယ်သန်းလောက်တောင်းပန်လည်း အသုံးဝင်မှာမဟုတ်ဘူး!” ရှန်ချီဟွမ်းက သူ့လုပ်ရပ်ကို ခွင့်လွှတ်ပေးဖို့ မရည်ရွယ်ထားပေ။
ဒီတစ်ကြိမ်မှာ ရှန်းယုဟန် ဘယ်လိုပြောပြော သူ့ခင်ပွန်း၏ ဝမ်းနည်းမှုကို သက်သာအောင် မလုပ်နိုင်တော့ပေ။ သူက ရှန်ချီဟွမ်း တုန်လှုပ်နေတာကိုသိလိုက်သည်။ ယင်းမှာ သူ့ကို တကယ်ဂရုစိုက်လို့ဖြစ်သည်။
သူ့ဆုံးဖြတ်ချက်ကိုတော့ နောင်တမရပေ။ ဤသည်မှာ သူ့ခင်ပွန်း၏စိတ်ရင်းကို စမ်းသပ်ခဲ့သည့် နောက်ဆုံးအကြိမ်ဖြစ်သည်။
–
ရှန်ချီဟွမ်းက ရှန်ယုဟန်ကို ကျန်းမြို့တော်သို့ ပြန်လည်ခေါ်ဆောင်သွားပြီး အိမ်ရောက်မှသာ စိတ်သက်သာရာရသွားခဲ့သည်။
ထိုအဖြစ်အပျက်ကို မီဒီယာကို ပေးမသိပဲ လျင်မြန်စွာ ဖြေရှင်းခဲ့သော်လည်း ရှန်မိသားစုတစ်ခုလုံး ရှော့ခ်ရသွားကြသည်။
ဖြစ်ခဲ့တာကိုကြားခဲ့ရသော ရှန်ထျန်းဖုန်းက ဒေါသထွက်လွန်း၍ သွေးပေါင်ချိန်တက်သွားသော်လည်း ကံအားလျော်စွာ အဆင်ပြေသွားခဲ့သည်။
သို့သော် ရှန်ချီဟွမ်းက ဒီကိစ္စကို လွှတ်ထားပေးမှာမဟုတ်ချေ။ အိမ်ပြန်အနားယူပြီးနောက် နေ့လည်က အမျိုးသမီးတစ်ယောက်နှင့် တွေ့ခဲ့သော ရှန်ချီပိုင်ကို ရှန်ထျန်းဖုန်းဆီ ဆွဲခေါ်သွားခဲ့သည်။
ရှန်းယုဟန်က သူ့ခင်ပွန်းရူးသွားမှာကိုကြောက်နေခဲ့ပြီး တစ်ခုခုဖြစ်မှာစိုး၍ သူ့နောက်ကိုလိုက်သွားခဲ့သည်။
ထိုဖြစ်ရပ်ကိုသိခဲ့သော ရှန်မိသားစုဝင်များက ရှန်အိမ်တော်ကို တိုက်ဆိုင်သလို ရောက်လာခဲ့ပြီး ကုပီချင်းကလည်း စိတ်ထင့်နေခဲ့သည်။ သူမက လတ်တလောမှာ သက်သတ်လွတ်စားပြီး ဗုဒ္ဓကျမ်းဂန်ကို ရွတ်ဆိုနေခဲ့သည်။ ပုံမှန်တိတ်ဆိတ်သောရှန်အိမ်တော်နှင့်မတူစွာ ယနေ့မှာ မီးတွေလင်းထိန်နေပြီး အလျင်စလိုပြေးလာခဲ့သော ရှန်ချီရှင်းအပါအဝင် အိမ်တော်လေးအိမ်က လူအားလုံး ပင်မခန်းမထဲကို ရောက်နေကြသည်။
ရဲစခန်းမှာချုပ်နှောင်ခံထားရလို့ ပြန်မလာနိုင်သော ရှန်ချီယွင်ကလွဲရင် လူတိုင်းက ဤနေရာမှာရှိနေသည်။
ရှန်ထျန်းဖုန်းက ပင်မခုံမှာထိုင်နေပြီး ရှန်ချီဟွမ်းက တင်းမာသောမျက်နှာဖြင့် စကားတစ်ခွန်းမှမပြောပေ။ သူက လူတိုင်းရောက်လာတာကို စောင့်နေပြီးမှ ရှန်ချီပိုင်ကို အိမ်ထဲခေါ်သွင်းလာခဲ့၏။
ထိုအချိန်တွင် ရှန်ချီပိုင်က မျက်နှာတစ်ခုလုံး ဖူးရောင်သည်အထိ အရိုက်ခံထားရသည်။
ဒုတိယမဒမ်က သူမသားကိုမြင်တော့ အော်ဟစ်တော့သည်။ “ရှန်ချီဟွမ်း.. မင်းငါ့သားကို ဘာလို့ဒီလိုလုပ်ခဲ့တာလဲ?” သူမက ရှန်ချီဟွမ်းဆီကို ဆတ်ခနဲလှမ်းလာပေမယ့် ဘော်ဒီဂတ်က သူမကို တရွတ်တိုက်ဆွဲခေါ်ခဲ့သည်။
ရှန်ချီဟွမ်းက လုံးဝမကြောက်သလို အမူအရာမဲ့စွာပြောလိုက်၏။ “သူလုပ်ခဲ့တာကို ခင်ဗျားက ဘာလို့မသိရတာလဲ။ ခင်ဗျားက သူ့အတွက် ကြိုကာပေးနေတာလား?” သူက လူအုပ်ကြီးကိုကြည့်လိုက်သည်။ “အခုလူတိုင်းလည်းရှိနေတော့၊ ကျုပ်တည့်ပဲပြောတော့မယ်။ ကျုပ် ကားအက်စီးဒန့်တွေ အရင်ကအများကြီးကြုံခဲ့ရတယ်။ ရှန်ဂရုကို လက်လွှဲယူပြီးနောက်မှာ ကျုပ်တင်မကပဲ ရှန်းယုဟန်ပါ ကြုံခဲ့ရတယ်။ ကျုပ်တို့ကို သတ်ချင်တဲ့သူရှိတာသေချာတယ်။ ကျုပ်သိချင်နေတာက ကျုပ်တို့သေတာကို မြင်ချင်ရတဲ့ထိ ဘယ်လို့အမုန်းတရားတွေရှိနေလို့လဲ? ဒီနေ့ သူတို့က ယုဟန်ကို ပြန်ပေးဆွဲပြီး ကျုပ်ကိုခြိမ်းခြောက်ဖို့ လူတွေလွှတ်ခဲ့သေးတယ်။”
ဒုတိယမဒမ်က ကြွက်စုတ်တစ်ကောင်လို ကြိမ်းမောင်းလိုက်သည်။ “ဒါဆို ငါ့သားလုပ်တယ်လို့ မင်းကဘာလို့ထင်တာလဲ… ငါတို့နဲ့ဘာဆိုင်လို့လဲ!”
“ရှန်ချီယွင်က ဝန်ခံပြီးပြီ၊ ရှန်ချီပိုင်က ပူးပေါင်းဖို့ အရင်ဖိတ်ခေါ်ခဲ့တာလို့ ပြောတယ်။” ရှန်ချီဟွမ်းက သူမ၏ဖျော်ဖြေမှုကို အေးစက်စက်ကြည့်လိုက်သည်။
တတိယမဒမ်၏မျက်နှာက ဖြူဖျော့သွားပြီး သူမခန္ဓာကိုယ်က ပြိုလဲလုနီးပါး တုန်လှုပ်သွားသည်။ “ချီယွင်က ဒီလိုမိုက်မဲတဲ့အရာမျိုး ဘယ်လိုလုပ်နိုင်မှာလဲ၊ မင်းသူကိုဘယ်လိုသွေးဆောင်ခဲ့တာလဲ၊ မင်းဘာလို့ ဒီလောက်တောင်ဆိုးရတာလဲ!”
ရှန်ချီပိုင်၏မျက်လုံးများက ရောင်ကိုင်းနေသည်။ သူက ရှန်ချီဟွမ်းကို မျက်လုံးတစ်ဖက်ဖြင့် စိုက်ကြည့်လိုက်ပြီး တစ်ခုခုကိုတွေးမိသွားကာ ထေ့ငေါ့လိုက်သည်။ “ငါလုပ်တယ်ဆိုတာ မင်းမှာသက်သေရှိလား?”
“သက်သေလား? ငါ့မှာအများကြီးရှိတယ်။ သက်သေရှိရုံတင်မကဘူး။ မင်းက လူသတ်ဖို့ လူသတ်သမားတောင်းငှားခဲ့သေးတာ။ ဒါပေမယ့် ငါ့မှာ တခြားသက်သေလည်းရှိတယ်။ မင်းကြည့်ချင်လား?” ရှန်ချီဟွမ်းက ယနေ့မှာ အားလုံးကို တုံ့ဆိုင်းမှုမရှိဆွဲချဖို့ စီစဥ်ထားသည်။ ဤအူယားစရာကောင်းသော ယင်ကောင်များက ဘယ်လောက်ထိ ယုတ်မာတတ်လဲ အားလုံးကိိုဖွင့်ဟချင်သည်။
သူက ယနေ့မှာ သက်သေပါခေါ်လာခဲ့သည်။ ခန်းမထဲရှိ ဖန်သားပြင်ကို ပါဝင်ဖွင့်လိုက်ပြီး သူ့လူတွေက ဟာဒ့်ဒရိုက်ကို အင်တာဖေ့စ်မှာ ပလက်ထိုးလိုက်တော့ ဓာတ်ပုံတစ်ပုံက ဖန်သားပြင်ပေါ်မှာ ချက်ချင်းပေါ်လာခဲ့သည်။
ကိုယ်လုံးကိုယ်ပေါက်ရှိသော အမျိုးသမီးတစ်ယောက်က ပုံထဲမှာပေါ်လာပြီး သူမက မတ်စ်တပ်ကာ တံငါသည်ဦးထုပ်ဆောင်းထားသည်။ သူမ၏ပုံပန်းသွင်ပြင်က ခဏလောက်တော့ ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ပေမယ့် ဤကိုယ်လုံးကိုယ်ပေါက်ကို ရှန်မိသားစုထဲမှာတွေ့နိုင်သည်။
“ရင်းနှီးနေတယ်မလား?” ရှန်ချီဟွမ်းက သူတို့ကိုမေးလိုက်သည်။ “အဖေ၊ သူမဘယ်သူလဲသိတယ်မလား?”
အိမ်တော်ထိန်းက ရှန်ထျန်းဖုန်းကို စာကြည့်မျက်မှန်ပေးလိုက်သည်။
ရှန်ချီဟွမ်းက ဗီဒီယိုနောက်တစ်ခု ဖွင့်ပြလိုက်တော့ ထိုအမျိုးသမီးက ကလေးမလေးတစ်ယောက်ကိုကိုင်ကာ အပန်းဖြေပန်းခြံတွင် လူတစ်ယောက်ကိုစောင့်နေသည်။ သိပ်မကြာခင်မှာ ရှန်ချီပိုင်က ဗီဒီယိုထဲမှာပေါ်လာပြီး ကလေးမလေးကို ရင်းရင်းနှီးနှီး ကောက်ချီကာ မျက်နှာကိုနမ်းလိုက်သည်။
ခန်းမကြီးက ရုတ်ချည်းတိတ်ဆိတ်သွားသည်။
ထိုအမျိုးသမီးက ဘယ်သူလဲသိသာသည်။
ရှန်ထျန်းဖုန်းက စကားတစ်ခွန်းမှမပြောသော စတုတ္ထမဒမ်ကို လှည့်ကြည့်လိုက်သည်။ ထိုအချိန်တွင် စတုတ္ထမဒမ်က လက်သီးဆုပ်ကာ သူမကိုယ်လုံးကိုမမြင်ရအောင် နောက်မှာရပ်နေသည်။ သို့သော် လူတိုင်းက သူမကိုကြည့်နေကြတော့ လွတ်မြတ်ဖို့လမ်းမရှိသလို ပုန်းစရာနေရာလည်းမရှိတော့ပေ။
ထိုကိစ္စကို ရှန်းယုဟန်က လုံးဝမသိခဲ့ပေ။ သူ့မျက်လုံးထဲမှာ အံအားသင့်မှုအရိပ်အယောင် ပေါ်လာခဲ့ပေမယ့် ပြန်လည်ငြိမ်ကျသွားသည်။ သခင်ကြီးကျန်း၏ မယားငယ်နှင့် မယားငယ်၏သားက ညားနေကြပုံပဲ။ ချီတိုင်းပြည်မှာဆိုရင် အိမ်တွင်းတိုက်ပွဲတွေ အများကြီးရှိပေမယ့် ဤသည်မှာ ပြောင်ကျသည့်ပုံစံမျိုးကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းပင်။
ဘယ်လိုပဲဖြစ်ဖြစ် ရှန်ထျန်းဖုန်းက လေပြင်းတိုက်ခတ်မှုနှင့် လှိုင်းလုံးများကို ကြုံတွေ့ခဲ့ရသူတစ်ဦးဖြစ်တာကြောင့် စစ်မှန်သောဗီဒီယိုတစ်ခုထွက်လာချိန်မှာ သူ့အမူအရာက မပြောင်းမလဲရှိနေသည်။ သူက စတုတ္ထမဒမ်နှင့် ရှန်ချီပိုင်တို့အကြောင်းကို အစောကြီးထဲက သိနေပုံရသည်။
“ချီဟွမ်း၊ မင်းဘာပြောချင်သေးလဲ?” ရှန်ချီဟွမ်း ဤနေရာမှာ အားလုံးကိုချပြခြင်းက သူ့အမြင်ကိုမေးဖို့မဟုတ်ပဲ သူ့ကိုအသိပေးဖို့ဆိုတာ ရှန်ထျန်းဖုန်းက နားလည်သည်။ သူ့ကလေး၏စတိုင်က ဖြတ်လတ်ပြီး ခိုင်မာသည်။
“ရှန်ချီပိုင်ကို ရှန်မိသားစုထဲက မောင်းထုတ်ပြီး ကျွန်တော်သူ့ကို ထောင်ထဲပို့မယ်၊ သူက ဒီနေ့ ယုဟန်ရဲ့အသက်နဲ့ ကျွန်တော့်ကို ခြိမ်းခြောက်ခဲ့တယ်။ မနက်ဖြန်ဆိုရင် သူ ခင်ဗျားတို့အားလုံးကိုပါသတ်လိမ့်မယ်။ ဒီလိုရက်စက်ယုတ်မာတတ်တဲ့လူမျိုးက လူအဖွဲ့အစည်းကို ဒုက္ခပဲရောက်စေလိမ့်မယ်။” ရှန်ချီဟွမ်းက ဝေ့လည်ကြောင်ပတ်ပြောမနေတော့ပေ။
ဘယ်သူမှစကားတစ်ခွန်းမပြောရဲပေ။ ဒုတိယမဒမ်က ကြမ်းပြင်ပေါ်လဲကျသွားပြီး သူမသမီးမရှိတာကြောင့် သူမကိုထူမယ့်လူမရှိပေ။
သို့သော် ရှန်ချီဟွမ်းကပြောလို့မပြီးသေးပေ။ သူ့မှာ ဒုတိယမဒမ်နှင့် တတိယမဒမ်တို့ကို ကိုင်တွယ်ဖြေရှင်းဖို့ အခွင့်အာဏာမရှိသော်လည်း ရှန်ထျန်းဖုန်း၏သေတမ်းစာကိုတော့ ပြောင်းခိုင်းလို့ရသည်။ “ဒုတိယမဒမ်နဲ့တတိယမဒမ်က သူတို့ကလေးတွေကို ကောင်းကောင်းသွန်သင်မဆုံးမခဲ့တော့ သူတို့က ရာဇဝတ်မှုကိုတောင် ကျူးလွန်ရဲနေပြီ။ သူတို့မလုပ်ရဲတာဘာရှိဦးမှာလဲ။ စတုတ္ထမဒမ်ကတော့ ကျွန်တော့်မှာ DNA မိတ္တူရှိတယ်။ ဒီတော့ အဖေဖတ်ပြီးရင် ဆုံးဖြတ်လိုက်ပါ။ ကျွန်တော်အဖေ့ကို အကြံပေးချင်တာက အဖေ့ရဲ့သေတမ်းစာကိုပြောင်းလိုက်ပါ။”
ရှန်ချီဟွမ်းက ဘယ်သူ့မျက်နှာမှမထောက်တော့ပဲ ရှန်မိသားစု၏ နောက်ဆုံးသောအရှက်ထုံးကို ဖြည်ချခဲ့ပြီး အရာအားလုံးကို ဖွင့်ချပစ်ခဲ့သည်။
သူက လူတိုင်းထိတ်လန့်သွားစေမယ့် လှုပ်ရှားမှုကို လုပ်ဝံ့ခဲ့သည်။
ရှန်ထျန်းဖုန်း၏သေတမ်းစာက ယခုအချိန်မပြောင်းရင်တောင် ပြောင်းဖို့ကလိုအပ်နေသည်။ ယခုချိန်မှာ ဝါးခြင်းတောင်းထဲက ရေကို ထုတ်ယူနေတာ တစ်ယောက်တည်းမဟုတ်ပဲ လူတိုင်းနှင့် အိမ်တော်တိုင်းက အကျိုးအမြတ်စိုးစဥ်းမျှ ရရှိမှာမဟုတ်တော့ပေ။ သူက ဤလူအားလုံးကို ချို့တဲ့သွားအောင်လုပ်ခဲ့သည်။
ဟုတ်သည်၊ ရှန်ထျန်းဖုန်း သေတမ်းစာမပြောင်းလည်း ကိစ္စမရှိ၊ ရှန်ချီဟွန်းက သူတို့ကို ဘာမှမရှိအောင်လုပ်ပစ်နိုင်သည်။ သူက သူတို့ဘဝကို အေးအေးချမ်းချမ်းနေခွင့်ပေးမှာမဟုတ်ပေ။
သူက သူရှေ့မှာ ရှန်းယုဟန် သေလုနီးပါးဖြစ်ခဲ့ရသည့် အတွေးအကြုံကို မလိုချင်တော့ပေ။
ယခုကိစ္စက အိမ်တစ်အိမ်စီကို ကြိမ်ဒဏ်ငါးဆယ်ပေးရမယ့် ကိစ္စမဟုတ်ပဲ သေခြင်းအဆုံးသတ်အထိ တိုက်ရိုက်တွန်းပို့ရမှာဖြစ်၏။ သူတို့အလိုချင်ဆုံးအရာကို ဘယ်တော့မှမရစေရဘူး!
ရှန်ထျန်းဖုန်းက အချိန်အတော်ကြာတိတ်ဆိတ်နေပြီး လက်ယမ်းပြကာ ပြောလိုက်၏။ “မင်းကြိုက်သလိုလုပ်နိုင်တယ်။” ရှန်မိသားစုက တကယ့်ကိုအရှုပ်ဖြစ်၏။ သူတန်ဖိုးထားခဲ့သော ကလေးများမှာ အကျင့်စာရိတ္တမကောင်း၊ လူသားဆန်မှုမရှိကြသူများဖြစ်ပြီး သူ့အိပ်ရာပေါ်ကလူတောင် သူ့ကိုသစ္စာဖောက်ခဲ့သည်။ ဤသည်မှာ ဘုရားသခင် သူ့ကိုပေးသော နောက်ဆုံးပြစ်ဒဏ်ဖြစ်ပေမည်။
ပါးစပ်မှစကားထွက်လာသည်နှင့် ရှန်ထျန်းဖုန်းက သတိလစ်သွားပြီး ယင်းမှာ အိမ်တော်သုံးအိမ်၏ ကျောထောက်နောက်ခံ ပြိုလဲပျက်စီးသွားကြောင်း ထင်ရှားစေခဲ့သည်။
ထိုမှသာ သူတို့က လက်ရှိရှန်ချီဟွမ်းက သူတို့လှုပ်ခါပစ်လို့ရသည့် အရာမဟုတ်ကြောင်း သိသွားခဲ့ကြသည်။
အရာအားလုံးပြီးဆုံးသွားခဲ့သည်။