Chapter 94
“ဒီလိုအချိန်မှာ မင်းကပြုံးနိုင်သေးတယ်”
ရှန်းယုဟန်က သူ့လိင်အမျိုးအစားကြောင့် ဘော်ဒီဂတ်ကို သန့်စင်ခန်းထဲလိုက်ဖို့ ခွင့်မပြုခဲ့တာဖြစ်၏။ ယင်းမှာ လူဆိုးများကို အခွင့်အရေးယူခွင့်ပေးသလို ဖြစ်သွားခဲ့သည်။
သို့သော် တစ်ဖက်လူက ရှန်းယုဟန်ကို ပြန်ပေးဆွဲခဲ့တာမဟုတ်ပဲ သူက သူ့နောက်လိုက်ဖို့ အစပြုခဲ့တာပင်။ တစ်ဖက်လူက တံခါးဝမှာစောင့်နေသော ဘော်ဒီဂတ်များကိုရှောင်ရန် သူ့ကိုယ်သူ ရုပ်ဖျက်ထားခဲ့သည်။
ရှန်းယုဟန်က သူ့နောက်ကနေ ရံဖန်ရံဖန် လှုပ်ရှားနေသော တစ်ဖက်လူကို ငြီးငွေ့လာသည်။ သူ တစ်ဖက်လူကိုတွေ့တော့ ထိတ်လန့်ခဲ့သင့်ပေမယ့် သူက နောက်ကွယ်မှာ ငါးစာအဖြစ် တစ်ဖက်လူကို လှည့်ဖြားရင် ပြဿနာကို အလုံးစုံ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ခဲ့သည်။
သူသာ ဤလူများနှင့် လိုက်မသွားချင်ပါက ကြုံသလို အော်ခေါ်လိုက်လို့ရပြီး သူ့ကို ဒီလို ပေါ့ပေါတန်တန် ခေါ်သွားလို့ရခဲ့မှာမဟုတ်ပေ။ သူ့ခင်ပွန်း စိတ်ပူပြီး ရှုပ်ထွေးမနေဖို့မျှော်လင့်သည်။ တစ်ခုခုဖြစ်ရင် ဖုန်းခေါ်ရမယ်ဆိုတာသိပေမယ့် ယခုတစ်ကြိမ်မှာ ဖုန်းမခေါ်ခဲ့တာ သာမန်မဟုတ်တာကို သူသိသည်။
ရှန်းယုဟန်၏ဖုန်းကို သိမ်းလိုက်ကြပြီး သူ့လက်ကို နောက်ကျောတွင်ချည်ထားသည်။
သူ့ကိုခေါ်သွားပြီးနောက် ထိုအဖွဲ့က သူတို့အလုပ်ရှင်ကို ဖုန်းခေါ်ခဲ့သည်။
ရှန်းယုဟန်က ဖြစ်စဥ်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေပြီး သူ့ပုံစံက ပြန်ပေးဆွဲခံရတာနဲ့မတူသဖြင့် သူ့ဘေးမှာ ထိုင်နေသောလူက အံ့အားသင့်နေသည်။
တစ်ဖက်လူက ရှန်းယုဟန်ကို မေးလာသည်။ “မင်းမကြောက်ဘူးလား?”
ရှန်းယုဟန်က သေချာပေါက် ကြောက်နေပေမယ့် သူ့ခင်ပွန်းက သူဘာကိုဆိုလိုတာလဲ နားမလည်မှာပိုကြောက်သည်။ သို့သော် လူဆိုးများနှင့် ရင်ဆိုင်ရာမှာ သူက ပြန်ပေးဆွဲခံရသော လူလိုသာဟန်ဆောင်လိုက်သည်။ “ကြောက်တာပေါ့။ မင်းငါ့ကို ဘယ်ခေါ်သွားနေတာလဲ?”
“အလုပ်ရှင်ခေါ်လာခိုင်းတဲ့နေရာ” တစ်ဖက်လူပြောတာမှန်သည်။
“ငါမင်းရဲ့အလုပ်ရှင်ကို တွေ့လို့ရမလား? သူဘာလို့ငါ့ကိုဖမ်းချင်တာလဲ?” ရှန်းယုဟန်ကမေးလိုက်၏။
ဖြစ်စဥ်တစ်လျှောက် သူ့ပူးပေါင်းမှုကိုတွေ့တော့ ပြန်ပေးသမားများက သူ့ကိုပြောပြလိုက်သည်။ “မင်းကို ဘာလို့ပြန်ပေးဆွဲခဲ့တာလဲ ငါတို့လည်းမသိဘူး။ ဒါပေမယ့် မင်းမိသားစုနဲ့ဆိုင်လိမ့်မယ်။”
ရှန်းယုဟန်က ပြန်ပေးဆွဲမှုနောက်ကွယ်ကလူကို ခန့်မှန်းနေသည်။ “ဘယ်အိမ်တော်က ဖြစ်နိုင်မလဲ?”
“မင်း သူတို့ကိုတွေ့ရင် သိပါလိမ့်မယ်” တစ်ဖက်လူက ရှန်းယုဟန်ကို ပြောမပြချင်ပေ။ “ငါတို့က မင်းကို တစ်ဖက်လူဆီ ခေါ်သွားဖို့ပဲတာဝန်ရှိတာ။ မင်းမေးခွန်းကို ဖြေပေးလို့မရဘူး။”
တစ်ဖက်လူက ရှန်းယုဟန်ကို ပြန်ပေးဆွဲနိုင်ခဲ့ပြီး သူ့အသံမှာ နားမလည်နိုင်သော စိတ်လှုပ်ရှားမှုတစ်ခုရှိနေသည်။ သူက ထိုလူကိုဖမ်းဖို့ မြို့နှစ်မြို့တောင် ဖြတ်ကျော်ခဲ့ရတာ…. စိတ်မလှုပ်ရှားပဲ ဘယ်လိုနေမလဲ?
တစ်ဖက်လူ၏အလုပ်ရှင်က ရှန်ချီဟွမ်းကို ဘယ်လိုဆက်သွယ်မလဲဆိုတာ ရှန်းယုဟန်မသိပေ။ သူ့မျက်လုံးကို ပိတ်ခံထားရသဖြင့် သူဘယ်ကိုသွားနေတာလဲမသိရပေ။
ဤနေရာက ကျန်းမြို့တော်မဟုတ်လို့ သူ့ခင်ပွန်း သူ့လုပ်ရပ်ကြောင့် အနှောင့်ယှက်ဖြစ်မည်လား စိုးရိမ်နေ၏။
ကားက မြို့ပြင်ထွက်သွားတော့ လုံးဝမရပ်တော့ပဲ လမ်းကချောမွေ့နေသည်။
သိပ်မကြာခင်မှာ ရှန်းယုဟန်၏ခေါင်းစွပ်ကို ချွတ်လိုက်ကြပြီး သူက မျက်လုံးကိုစွေကာ အလင်းရောင်နှင့်ညှိယူလိုက်ရ၏။ ထို့နောက် သူ့ရှေ့က အဆောက်အဦးကို တိုင်းတာလိုက်သည်။
ဤသည်မှာ အနောက်တိုင်းစတိုင်အဆောက်အအုံဖြစ်ပြီး စုစုပေါင်းသုံးလွှာရှိသည်။ အတွင်းအပြင်က အလွန်သပ်ရပ်ပြီး ဆိတ်ညံသောလမ်းဖြစ်၍ လမ်းမပေါ်တွင် လူသွားလူလာသိပ်မရှိပေ။
ရှန်းယုဟန်က ထိုနေရာမှာ စက္ကန့်အနည်းငယ်လောက် မတ်တပ်ရပ်နေပြီး စကားသိပ်မပြောသော ပြန်ပေးသမားများက သူ့ကိုအထဲသို့တွန်းပို့ကာ တတိယထပ်အိပ်ခန်းမှာ ပိတ်ထားခဲ့သည်။ တံခါးကိုပိတ်ထားပေမယ့် ပြတင်းပေါက်ကို မပိတ်ထားပဲ ကြမ်းပြင်ကလည်းမမြင့်ပေ။ သူထွက်ပြေးချင်ရင် ဒီကနေခုန်ချလို့ရသည်။
စိတ်တည်ငြိမ်သွားပြီးနောက် ပြန်ပေးသမားများ အထဲဝင်လာတာကို တွေ့လိုက်ရသည်။ သူတို့ထဲမှနှစ်ယောက်က သူ့ကိုပြန်ပေးဆွဲခဲ့တာဖြစ်ပြီး ကျန်နှစ်ယောက်က ပန်းခြံအသေးလေးတစ်ခု၏ အပြင်ဘက်မှာရပ်ကာ ရှန်းယုဟန်ကို စောင့်ကြပ်နေကြသည်။
ပြန်ပေးဆွဲခံရသူက ပူးပေါင်းဆောင်ရွက်ပေးနေသဖြင့် သူတို့ဒေါသမထွက်နိုင်ပေ။
တစ်ဖက်မှာ ရှန်းယုဟန်က ကုတင်ပေါ်မှာထိုင်နေပြီး နောက်ကွယ်ကလူ ပေါ်လာတော့မည်လား စဥ်းစားကာ သူ့ခင်ပွန်းရောက်မလာခင် ထိုလူမျက်နှာပြဖို့ မျှော်လင့်နေသည်။ ထိုမှသာ သူတို့အားလုံးကို ပိုက်စိပ်တိုက်ဖမ်းနိုင်မှာပင်။
–
တစ်နာရီကြာတော့ အောက်ထပ်မှာလှုပ်ရှားမှုများရှိလာသည်။ ကားတစ်စီးက ကားဂိုထောင်ကိုမောင်းလာပြီး မတ်စ်နှင့်မျက်မှန်တပ်ထားသော အမျိုးသားတစ်ယောက်ထွက်လာသည်။ ရှန်ညီအစ်ကိုများမှာ မတူညီသော ခန္ဓာကိုယ်တည်ဆောက်ပုံရှိကြပြီး ထိုလူက အရပ်ရှည်ကာ ကြည့်ကောင်းပြီး လေ့ကျင့်ခန်းလုပ်ဖို့ လျစ်လျူမရှုခဲ့မှန်းသိသာသည်။
သူက တတိယထပ်ကို တန်းတန်းမတ်မတ် ရောက်လာသည်။
ထိုအချိန်တွင် ရှန်းယုဟန်က တစ်ဖက်လူကို သတိထားမိပြီး စိုးရိမ်စပြုလာသည်။ သူ့ယောကျာ်း သူ့ရဲ့ သဲလွန်စရှာတွေ့ရဲ့လား?
သူလုပ်ခဲ့တဲ့အန္တရာယ်များတဲ့လှုပ်ရှားမှုက မမှားပါဘူးနော်… ဟုတ်တယ်မလား?
ပိတ်ထားသောတံခါးက တွန်းဖွင့်ခံလိုက်ရပြီး ကုလားထိုင်ပေါ်တွင် စာအုပ်ဖတ်ချင်ယောင်ဆောင်နေသော ရှန်းယုဟန်က ခေါင်းမော့လိုက်၏။
“ရှန်ချီယွင်?” ရှန်းယုဟန်က အံ့အားသင့်မသွားပေ။ ဒုတိယနှင့် တတိယအိမ်တော်ကလွဲရင် သူစဥ်းစားနိုင်သောလူလည်း မရှိပေ။
“ငါ မင်းကို အခုရှင်းပြလို့မရသေးဘူး” ရှန်ချီယွင်က သူ့ဆီ စိုးရိမ်တကြီးပြေးလာပြီး သူ့ကိုဆွဲထူလိုက်သည်။ “ငါနဲ့လိုက်ခဲ့!”
“ခင်ဗျားကျွန်တော့်ကို ပြန်ပေးဆွဲဖို့ လူလွှတ်ခဲ့တာလား?” ရှန်းယုဟန်က သူဘယ်လိုဒရာမာခင်းနေလဲ မသိပေ။
“မဟုတ်ဘူး။ တစ်ခွန်းနှစ်ခွန်းလောက်နဲ့ သေချာရှင်းပြလို့မရဘူး။ အခုအလျင်လိုနေလို့ ငါ့နောက်လိုက်ခဲ့… စကားမပြောနဲ့” ရှန်ချီယွင်၏ စိုးရိမ်နေသောပုံစံက ဟန်ဆောင်နေတာနဲ့မတူပေ။
ရှန်းယုဟန်က သူ့ပါးစပ်ကိုပိတ်ထားဖို့ ဆုံးဖြတ်လိုက်ပေမယ့် သူက ရှန်ချီယွင်၏လက်ကို ခါထုတ်လိုက်သည်။ “ကိုယ့်ဘာသာလျှောက်မယ်။ ကျွန်တော့်ကိုဆွဲဖို့မလိုဘူး”
သူ့အပြုအမူအရဆိုရင် သူ့ကို ပြန်ပေးဆွဲခဲ့သူက ဒုတိယအိမ်တော်တစ်ခုပဲမဟုတ်ဘူးလား? ဒုတိယနဲ့ တတိယအိမ်တော်က ပူးပေါင်းထားတာလား?
ရှန်ချီယွင်က သူ့ကိုတစ်ချက်ကြည့်ကာ လက်ကိုခါယမ်းလိုက်သည်။
ရှန်းယုဟန်က ဖမ်းဆုပ်ခံခဲ့ရသော အင်္ကျီလက်ကို အသာအယာပုတ်လိုက်သည်။ ကံအားလျော်စွာ သူ့အသားကို မထိခဲ့လို့ပေါ့….
သူတို့နှစ်ယောက် အောက်ထပ်ဆင်းသွားတာနဲ့ ရှန်ချီယွင်က ရှန်းယုဟန်ကို ပြန်ပေးဆွဲလာသော ပြန်ပေးသမားများ၏ တားဆီခြင်းခံလိုက်ရသည်။
“ရပ်၊ မင်းဘယ်မှသွားလို့မရဘူး!”
ရှန်ချီယွင်က တည်ငြိမ်ယောင်ဆောင်ကာ ပြောလိုက်သည်။ “ဒီမှာ မလုံခြုံဘူး။ ငါနေရာပြောင်းချင်တယ်။”
“သူဌေးပိုင်က နေရာပြောင်းမယ်လို့ပြောတာလည်း မကြားမိဘူး။” ပြန်ပေးသမားများက အရူးလုပ်လို့မလွယ်ပေ။
“ငါကလည်း မင်းတို့ကိုငှားထားတဲ့သူဌေးပဲ၊ မင်းတို့က သူ့စကားနားထောင်ပြီး ငါ့စကားဘာလို့နားမထောင်တာလဲ?” ရှန်ချီယွင်က အလွန်ပါးနပ်ပြီး တခြားသူများကို လှည့်စားနိုင်စွမ်းရှိသည်။
ရှန်းယုဟန်က ဘေးမှာရပ်ကာ သူတို့စကားကိုနားထောင်နေသည်။ ဒုတိယနဲ့တတအိမ်တော်က သူ့ကိုပြန်ပေးဆွဲဖို့ ကြံစည်ခဲ့ပေမယ့် အခုအချင်းချင်းပဋိပက္ခဖြစ်နေတာထင်တယ်? ဒါဘာကိုဆိုလိုတာလဲ?
ရှန်ချီယွင်က တုံ့ဆိုင်းမနေပဲပြောလိုက်၏။ “ကောင်းပြီ၊ သူငါ့ကားနဲ့လိုက်လိမ့်မယ်။ ငါသူ့ကိုမေးစရာရှိလို့၊ မင်းတို့နောက်ကလိုက်လာလို့ရတယ်။”
ပြန်ပေးသမားများက ထိုစကားကိုမငြင်းပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က အလုပ်လုပ်နေတာဖြစ်၍ သူတို့ကိုပိုက်ဆံပေးသည့် လူကသာ သူဌေးဖြစ်သည်။
ပြန်ပေးသမားခေါင်းဆောင်က ရှန်ချီယွင်၏အပြုအမူကို သံသယဝင်နေပေမယ့် ၎င်းကို ရှင်းမပြနိုင်တာကြောင့် သူက ကားပြောင်းခဲ့ရသည်။ သူက သူဌေးပိုင်ကို မကြာခဏဆက်သွယ်မရပေ။ အကြောင်းမှာ တစ်ဖက်လူက သူ့အထောက်အထားကို မဖော်ပြချင်လို့ပင်။
ရှန်ချီယွင်က ရှန်းယုဟန်ကို ဒရိုက်ဘာထိုင်ခုံသို့ တွန်းပို့လိုက်ပြီး ရှန်းယုဟန်က သူ့ခါးပတ်သူတပ်လိုက်သည်။
ရှန်ချီယွင်က ကားထဲဝင်ဖို့စီစဥ်နေသော ပြန်ပေးသမားများကို တစ်ချက်ကြည့်ပြီး သူ့ကားထဲအမြန်ဝင်ကာ ရှန်းယုဟန်ကို အနောက်တိုင်းစတိုင်အဆောက်အဦးမှ ခေါ်ထုတ်သွားခဲ့သည်။
ထိုအချိန်မှာ ရှန်းယုဟန်က ရှန်ချီယွင်ကိုမေးလိုက်၏။ “ခင်ဗျားကျွန်တော့်ကို ဘယ်ခေါ်သွားမှာလဲ?”
သူ့ဖုန်းက ပြန်ပေးသမားများ သိမ်းထားတာကြောင့် သူတို့ သူ့နောက်လိုက်လာမှ သူ့ခင်ပွန်းက သူ့တည်နေရာကို ရှာနိုင်မှာဖြစ်၏။
“ခင်ဗျား ကျွန်တော့်ကိုဘာလို့ပြန်မပို့ပေးတာလဲ? ဒီလိုဆိုရင် ကျွန်တော်လုံခြုံသွားမှာ။” ရှန်းယုဟန်က သူ့ကို တမင်မေးလိုက်သည်။ လက်ရှိမှာ သူ့ခင်ပွန်း သူ့ကို အမြန်ရှာတွေ့နိုင်ဖို့ အချိန်ဆွဲနေသည်။ သူက သူ့နောက်ကွယ်မှာ သူ့ဘဝကို အန္တရာယ်ပေးချင်သော လူနှစ်စုရှိမယ်လို့ မမျှော်လင့်ထားပေမယ့် သူတို့က လက်ဝါးချင်းရိုက်ကာ ပူးပေါင်းထားကြသေးသည်။ ဤသည်မှာ သူမမျှော်လင့်ထားသောအရာတစ်ခုဖြစ်ပြီး ရှန်ချီဟွမ်းက ဒီလိုတွေးမိခဲ့လား မသိပေ။
ရှန်ချီယွင်က ရှန်ချီဟွမ်းအကြောင်းပြောနေသော ရှန်းယုဟန်၏ စကားများကို သည်းမခံနိုင်တာကြောင့် သူ့မျက်နှာပေါ်က နူးညံ့ညင်သာမှုက ရုတ်ချည်းပြောင်းလဲသွားခဲ့သည်။
ရက်စက်ယုတ်မာသောမျက်လုံးတစ်စုံဖြင့် သူက ပြောလိုက်လေသည်။ “ရှန်းယုဟန်၊ ဒီတစ်ခေါက် ငါမင်းကိုကယ်လာတာ။ မင်းက ရှန်ချီဟွမ်းအကြောင်း တွေးနေတုန်းလား? သူမင်းကို ရွှံ့အိုင်ထဲတွန်းပို့ပြီး ဒုက္ခရောက်အောင်လုပ်လိမ့်မယ်။ မင်းကို အသက်အန္တရာယ်ရှိအောင်လည်း လုပ်လိမ့်မယ်။ မင်း အပြင်မှာ ဒုက္ခရောက်နေတော့ သူမင်းကိုအချိန်မီ ရှာနိုင်ခဲ့လား?”
“ကျွန်တော်အပြင်ထွက်လို့ ဒုက္ခရောက်နေတာကို ခင်ဗျားကဘယ်လိုသိတာလဲ?” ရှန်ချီယွင်က ဤစကားထဲမှာ အချက်အလက်အများကြီးကို ဖော်ပြခဲ့သည်။ သူက ရှန်းယုဟန်ကို စောင့်ကြည့်ဖို့ လူလွှတ်ထားတာပဲ…
ရှန်းယုဟန် အပြင်ထွက်သည့်အကြိမ်ရေက နည်းသည်။ အရေးကြီးအခြေအနေမဟုတ်ရင် သူက အိမ်မှာပဲနေပြီး အိမ်မှာပတ်လျှောက်နေပေမယ့် ဘယ်တော့မှမငြီးငွေ့သွားပေ။
“ရှန်ချီဟွမ်းက မင်းရဲ့လုံခြုံရေးကို အာမမခံပေးနိုင်ဘူး။ ငါက မင်းအတွက် လူဆိုးတွေကို စောင့်ကြည့်ခိုင်းထားတာ”
“ခင်ဗျားကျွန်တော့်ကို ဘာလို့စောင့်ကြည့်နေတာလဲ?” ရှန်းယုဟန်က ရှန်ချိီယွင်၏အခြေအနေကို အလွန်ထူးဆန်းတယ်လို့ထင်မိသည်။ လူတွေကိုစောင့်ကြည့်တာက ရာဇဝတ်မှုမဟုတ်ဘူးလား? ဒါပေမယ့် သူတော့ ဒီကိစ္စက ထမင်းစားရေသောက်သလို ရိုးရှင်းတယ်လို့မြင်နေတာလား?
“စောင့်ကြည့်နေတာမဟုတ်ဘူး။ ငါမင်းကိုကာကွယ်ပေးနေတာ!” ရှန်ချီယွင်က အတင်းအကြပ်ဖိပြောလိုက်၏။
ရှန်းယုဟန်က ထိုစကားကိုနားမလည်ပေ။ ရှန်ချီယွင်က သူ့ပုံစံနဲ့မတူတာကိုလုပ်ပြီး သူ့ကိုကာကွယ်ပေးနေတယ်လို့ ပြောတာလား? သူ့ဦးနှောက်က တစ်ခုခုမှားနေတာလား?
ရှန်းယုဟန် မတုံ့ပြန်တာကိုတွေ့တော့ ရှန်ချီယွင်ကထပ်ပြောလိုက်သည်။ “မင်း ရှန်ချီဟွန်းနဲ့အတူရှိရတာ လုံးဝမပျော်ဘူးဆိုတာငါသိတယ်။ အဖေရဲ့ဖိအားကြောင့် မင်း သူနဲ့ အတူနေခဲ့ရတာ။ အခုမင်းနဲ့ထိုက်တန်တဲ့ ကုမ္ပဏီလည်း ရခဲ့ပြီး အဆက်အသွယ်တွေလည်းရှိတော့ မင်းသူ့ကိုထားခဲ့လို့ရပြီ ရှန်းယုဟန်။ ငါမင်းနဲ့အတူရှိချင်တယ်! ငါက ချီမင်ချင်းနဲ့ ကွာရှင်းတော့မှာမို့ မကြာခင်လွတ်လပ်တော့မှာ။ မင်းရဲ့ဂုဏ်သတင်းကို မထိခိုက်စေရဘူး။”
“ဒါပေမယ့် ခင်ဗျား မစ်ချီကို ကွာရှင်းလည်း ကျွန်တော့်အတွက် အရေးမပါဘူး။ ကျွန်တော်က ရှန်ချီဟွမ်းကို ဘာလို့ထားခဲ့ရမှာလဲ?” ရှန်းယုဟန်က ရှန်ချီယွင်၏ စိတ်အခြေအနေကို လေ့လာရင်း မေးလိုက်လေသည်။ ခေတ်မီဦးနှောက်တွေမှာ ရောဂါတွေဖြစ်နေတယ်လို့ သူကြားခဲ့တယ်။ ရှန်ချီယွင်ရော အဲ့လိုဖြစ်နေတာလား?
“ရှန်ချီဟွမ်းက မင်းကိုတစ်ခုခုပြောပြီး ခြိမ်းခြောက်ထားလား၊ မင်းထွက်သွားမှာကို တားဖို့လေ?” ရှန်ချီယွင်က ရှန်ချီဟွမ်း ချစ်နေတယ်ဆိုတာကို မယုံပေ။ “စိတ်မပူပါနဲ့၊ ဒီတစ်ခါ မင်းထွက်လာလို့ရပြီ။ နောက်ကလိုက်လာတဲ့ကားကို ဖယ်ရှားပြီး မင်းကို ဒီက ခေါ်ထုတ်သွားပေးမယ်!”
ရှန်းယုဟန်က ရှန်ချီယွင်နဲ့ပတ်သက်ပြီး တစ်ခုခုမှားနေလား မသေချာပေမယ့် သူက သူ့စကားတွေကို နားမထောင်နိုင်တော့ပဲ အတွေးထဲ နစ်မြုပ်သွားခဲ့သည်။ အိမ်တွင်းတိုက်ပွဲမှာ ရှုံးသွားလို့ ရူးသွားတာလား?
ရှန်ချီယွင်မှာ ဦးနှောက်ရောဂါရှိနေတာဖြစ်ရမယ်။ ဒါဆို သူ အန္တရာယ်ရှိမနေဘူးလား?
သူ နောက်ကိုလှည့်ကြည့်လိုက်တော့ ပြန်ပေးသမား၏ကား သူတို့နောက်ဆက်လိုက်နေတာကို တွေ့ခဲ့ရသည်။ “ခင်ဗျား သူတို့ကို ဘယ်လိုရှင်းထုတ်မှာလဲ?” လက်ရှိမှာ ပြန်ပေးသမားတွေ သူတို့နောက်လိုက်နေတာပိုကောင်းသည်။ ကိစ္စတွေ ဒီလိုဖြစ်လာမယ်လို့ သူမတွေးခဲ့ပေ။
ရှန်ချီယွင်က နောက်ကြည့်မှန်ကို တစ်ချက်ကြည့်လိုက်သည်။ “သေစမ်း…. သူတို့ အနီးကပ်လိုက်လာတာပဲ၊ ရှေ့မှာ မီးပွိုင့်ရှိနေတော့ ဒီအခွင့်အရေးကိုသုံးပြီး သူတို့ကို ရှင်းထုတ်လို့ရတယ်။”
သူသာ ပြန်ပေးသမားနှင့် ဝေးသွားလျှင် ရှန်ချီဟွမ်းက သူ့ကို ရှာနိုင်တော့မှာမဟုတ်ပေ။ ရှန်းယုဟန်က ရှန်ချီယွင်နဲ့ မလိုက်သွားချင်သဖြင့် ရုတ်တရက်အတွေးတစ်ခုပေါ်လာကာ ပြတင်းပေါက်အပြင်ကိုကြည့်လိုက်သည်။ “ကျွန်တော် ယာဥ်ထိန်းရဲတွေကိုတွေ့လိုက်တယ်၊ ခင်ဗျား အခု စည်းကမ်းချိုးဖောက်ရင် သူတို့ ခင်ဗျားနောက်လိုက်လာမှာပဲ။ အဲ့ဒါဆို ကျွန်တော်တို့ ရှောင်ပြေးနိုင်တော့မှာမဟုတ်ဘူး။ ခင်ဗျားကန့်လန့်ဖြတ်နှစ်ခုကိုကျော်ပြီးမှ နောက်ကလူတွေကို ရှင်းထုတ်လိုက်ပါ။”
သူကြားချင်တာကို ကြားလိုက်ရတော့ ရှန်ချီယွင်က စိတ်ကြည်လင်သွားသည်။ ထို့အပြင် သူလည်း ယာဥ်ထိန်းရဲကားကို မြင်လိုက်တာကြောင့် ရှန်းယုဟန်က မျှော်လင့်ထားသလိုပင် သူ့ဘက်ပါလာသည်။ “ကောင်းပြီ၊ မင်းပြောတာကိုနားထောင်ပါမယ်။”
ရှန်ချီယွင်၏ပန်းတိုင်က ရှန်မိသားစုလုပ်ငန်းမဟုတ်ပဲ သူ့ကို အရူးအမူးချစ်နေသည့် ရှန်းယုဟန်သာဖြစ်သည်။
“ဒါဆို သူတို့ကို ရှင်းထုတ်ပြီးရင် ကျွန်တော့်ကို ဘယ်ခေါ်သွားမှာလဲ?” ရှန်းယုဟန်က မဝံ့မရဲမေးလိုက်သည်။
ရှန်ချီယွင်၏မျက်နှာက တောင့်တမှုအပြည့်ရှိနေသည်။ “မင်းပဲပြောခဲ့တာမလား၊ မင်းငါနဲ့အတူနေချင်တယ်ဆို…. ဒီတော့ သာယာတဲ့တောင်တန်းတွေနဲ့ ကြည်လင်တဲ့ရေတွေရှိတဲ့ နေရာမျိုးမှာ နှစ်ယောက်တည်း နေကြမလား? မြို့ပြရဲ့ ရှုပ်ယှက်ခတ်မှုတွေနဲ့ဝေးတဲ့ ကိုယ်ထူကိုယ်ထဖူလုံတဲ့ ဘဝမျိုးမှာလေ။ ငါစဥ်းစားပြီးပြီ၊ ငါတို့ကြိုးစားကြည့်လို့ရပါတယ်။”
ရှန်းယုဟန်က အလွန်တည်ငြိမ်နေသည်။ “အဲ့လိုလား?”
ရှန်ချီယွင်က ရှန်းယုဟန်၏မျက်နှာပေါ်မှာ ကျေနပ်နေသောအရိပ်အယောင် မတွေ့ရသောအခါ သူလည်း စိတ်မချမ်းမသာဖြစ်သွားသည်။ “မင်းစိတ်ပြောင်းသွားတာလား?”
ရှန်းယုဟန်က သူ့လက်ကိုကြည့်ကာ ပြောလိုက်သည်။ “ကျွန်တော်က လယ်မစိုက်တတ်ဘူး။ ခင်ဗျားလုပ်နိုင်လို့လား?”
ရှန်ချီယွင်က လက်တွေ့ကျသော အခက်အခဲကို တစ်ခါမှမတွေးဖူးပေ။ “မလုပ်တတ်ဘူး။ ဒါပေမယ့် သင်လို့ရတယ်လေ”
“ဒါပေမယ့် ကျွန်တော်က ချင်တီးခတ်ရတာ သဘောကျတယ်။ လယ်လုပ်ရင် ကျွန်တော့်လက် ဖောအန်းလာပြီး ဒဏ်ရာရသွားလိမ့်မယ်။ လက်ရှိမှာ ကျွန်တော်က တောင်ပေါ်မှာ တသီးတသန့်မနေချင်ဘူး။ မြို့မှာပဲနေချင်တယ်။ ဒါဆို မချက်ပြုတ်ချင်ရင်လည်း မှာစားလို့ရတယ်။ နို့လက်ဖက်ရည်ကလည်း အရမ်းအရသာရှိတယ်။ ဇာတ်လမ်းတွဲတွေကလည်း ဘယ်အချိန် ဘယ်နေရာမဆို အွန်လိုင်းကကြည့်လို့ရတယ်။ ကျွန်တော်က ပေါက်ပေါက်ဆုပ်နဲ့ ကိုလာသောက်ပြီး ရုပ်ရှင်ကြည့်ရတာလည်း ကြိုက်တယ်။” ရှန်းယုဟန်က ကြုံရာကျပန်း ပြောလိုက်၏။
“ဒါဆို မင်းတောင်ပေါ်မှာ မနေချင်တော့ဘူးပေါ့?”
“ကျွန်တော်က ငတ်မသေချင်ရုံပါ။ တောင်ပေါ်မှာ တောခွေးတွေနဲ့ ခြင်တွေလည်းရှိတယ်။ လက်ရှိမှာ နိုင်ငံတော်က တောင်ပေါ်ကလူတွေက တောင်အောက်ဆင်းခိုင်းပြီး အိမ်တွေပေးနေတာလေ။ ကျွန်တော်တို့က ဥပဒေကို ဆန့်ကျင်နေသလိုမဖြစ်ဘူးလား?” ရှန်းယုဟန်က လတ်တလောသတင်းများကို ကြည့်ခဲ့ပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အစီအစဥ်များ အောင်မြင်နေတာကို တွေ့ခဲ့ရသည်။ ရှန်းယုဟန်က သူတွေ့ခဲ့ရသော သတင်းများကို မကြိုက်ကြောင်းပြောပြလိုက်သည်။ လက်တွေ့ကျသော ကိစ္စရပ်များက ပိုအရေးကြီးသည်။
ရှန်ချီယွင်က စကားဘယ်လိုဆက်ရမလဲမသိတော့ပေ။ ဒါက လူနှစ်ယောက်ကြားက ကိစ္စဆိုတာ သိသာနေပေမယ့် နိုင်ငံအဆင့် ဘယ်လိုရောက်သွားခဲ့တာလဲ?
အဆုံးမှာ ရှန်းယုဟန်၏ မှန်ကန်သော စကားများကို ရင်ဆိုင်ကာ ရှန်ချီယွင်က ပြောလိုက်သည်။ “ဒါဆို ကျန်းမြို့တော်ကို အရင်ပြန်မယ်လေ၊ ငါက လုပ်စရာရှိတာတွေကို အရင်ပြီးအောင်လုပ်လိုက်မယ်။”
ရှန်းယုဟန်က ရှန်ချီယွင်၏ စိတ်ခံစားချက်ပြောင်းလဲမှုကို အာရုံစိုက်ခဲ့သည်။ သူတို့နှစ်ယောက်ကြားလေထုက အတုယောင်ဆန်နေပြီး သူတို့နောက်က ပြန်ပေးသမားများက ကျိန်ဆဲနေကြသည်။ သူတို့က ရှန်ချီပိုင်၏လူကို ခေါ်သွားခွင့်မပြုနိုင်တာကြောင့် သူတို့နှစ်ယောက်၏ ကားနောက်ကိုသာ လိုက်နိုင်သည်။
–
ရှန်းယုဟန်ကို အောင်အောင်မြင်မြင် ခေါ်ဆောင်လာနိုင်ခဲ့တာက သူ့နောက်ကလူတွေကို ရှန်ချီဟွမ်းနှင့် ယုံကြည်မှုရှိရှိ စကားပြောဖို့ အခွင့်အရေးပေးခဲ့သည်။
ရှန်ချီဟွမ်းက စိတ်တည်ငြိမ်သွားတော့ ရှန်းယုဟန်၏ ရုတ်တရက်ပျောက်ကွယ်မှု ဖြစ်နိုင်ချေကို ခန့်မှန်းခဲ့သည်။
စိုးရိမ်နေသည့်အပြင် သူက ရှန်းယုဟန်ကိုဖမ်းပြီး ရိုက်ပစ်လိုက်ချင်သည်။ သူက သူ့ဘဝကို ဘယ်လိုတောင် စတေးနိုင်ရတာလဲ၊ သူသာ သူ့ရည်ရွယ်ချက်ကို မခန့်မှန်းမိခဲ့ရင် ဘယ်လိုလုပ်မလဲ?
ရှန်ချီဟွမ်းက စိတ်ထဲမှာတွေးနေသော်လည်း ရှန်းယုဟန်၏တည်နေရာကို ချက်ချင်းဖမ်းဆုပ်နိုင်ခဲ့သည်။ ပြည်ထိန်းရဲများနှင့် ပူပေါင်းလျှင် အားစိုက်ထုတ်မှုတစ်ဝက်ဖြင့် ရလဒ်နှစ်ဆဖြစ်လာနိုင်သည်။ နိုင်ငံတော်စောင့်ကြည့်ရေးစနစ်နဲ့ဆိုလျှင် သူ့အတွက် လူရှာဖို့ ပိုအဆင်ပြေသည်။ ထို့အပြင် ရှန်းယုဟန်၏ဖုန်းတည်နေရာကိုလည်း သိနိုင်ပြီး လက်ရှိမှာ သူ့ဖုန်းတည်နေရာက ရွေ့နေသည်။
ကံအားလျော်စွာ ဘော်ဒီဂတ်တစ်ယောက်က ပုံမှန်မဟုတ်တာတစ်ခုကို သတိထားမိသွားပြီး ရှန်းယုဟန်အနောက်ကိုလိုက်ခဲ့သည်။ ပုန်းလျှိုးကွယ်လျှိုးလိုက်နေစဥ် ဘော်ဒီဂတ်က ရှန်းယုဟန်ဆီက စိတ်မြန်လက်မြန်မလုပ်ဖို့ အကြည့်တစ်ချက်တောင် ရခဲ့သေးသည်။ ရှန်းယုဟန် အနောက်တိုင်းစတိုင်အဆောက်အအုံကို ရောက်ရောက်ခြင်း သူက သူ့သူဌေးကို သတင်းပို့ခဲ့သည်။
ပြန်ပေးသမားနှင့် ရှန်ချီယွင်အပါအဝင် ဘယ်သူမှမသိခဲ့ကြသလို သူတို့က မယောင်မလည်ဖြစ်နေခဲ့သည်။ သို့သော် သူတို့နောက်ကနေ လူတစ်စုလိုက်လာပြီး သူတို့လမ်းကြောင်းတည်နေရာကို စောင့်ကြည့်နေတာမသိခဲ့ပေ။
ရှန်ချီဟွမ်းက ကားပေါ်မှာထိုင်နေပြီး စိုးရိမ်တကြီးဖြစ်နေ၏။ ရှန်ချီယွင်က ရှန်းယုဟန်တစ်ယောက်တည်းကို ဘာလို့ ကားပေါ်တင်သွားတာလဲ၊ သူဘာလုပ်ချင်နေတာလဲ?
သူသာ ရှန်ချီပိုင်ကို သွေးဆောင်ပြီး အိမ်မှာ သက်သေနဲ့တကွ ပြဿနာမဖြေရှင်းချင်ဘူးဆိုလျှင် ရှန်းယုဟန်ကို ဒီလိုအန္တရာယ်ထဲ ဆွဲခေါ်ခဲ့မှာမဟုတ်ဘူး။ ရွံစရာကောင်းတဲ့ လူတစ်စုက လူတွေကို ငြိမ်းငြိမ်းချမ်းချမ်း နေဖို့ကိုမပေးဘူး!
“ရှန်ချီပိုင်က ဘာဖြစ်နေတာလဲ?” ရှန်ချီဟွမ်းက ရှန်ချီပိုင်ကို ကြည့်နေသောလူကို မေးလိုက်သည်။ “သူ ရှန်ချီယွင်နဲ့ ပူးပေါင်းထားတဲ့ သက်သေကိုရထားတာ သေချာလား?”
“သူတို့ဖုန်းထဲမှာ စကားပြောထားတာကို သက်သေအဖြစ်ယူလို့ရလား?” ရှန်ချီဟွမ်း၏ လူတွေက မေးခဲ့သည်။
ရှန်ချီဟွမ်းက သူတို့ကို သတိမထားမိတာမဟုတ်ပဲ အချိန်မကျသေးလို့ အဖြေကိုစောင့်နေတာဖြစ်၏။
“သူ့လှုပ်ရှားမှုတွေက ဘာတွေလဲ?” ရှန်ချီဟွမ်းက ရှန်ချီပိုင်အကြောင်းမေးလိုက်သည်။ သူ့မျက်လုံးများက ရှန်းယုဟန်၏ဖုန်းတည်နေရာကို စိုက်ကြည့်နေသည်။
“သူ အပြင်မှာ လူတစ်ယောက်နဲ့တွေ့ဖို့ ထွက်သွားလို့ ကျွန်တော်တို့ သူ့နောက်လိုက်ခဲ့တာ။ သူ အမျိုးသမီးတစ်ယောက်ကိုတွေ့ခဲ့တယ်။ ပုံမှန်ဆိုရင် တိုက်ခန်းမှာတွေ့တာဆိုပေမယ့် ဒီတစ်ကြိမ်က အရေးပေါ်မို့လို့ သာမန်နို့လက်ဖက်ရည်ဆိုင်လေးတစ်ခုကို ပြောင်းသွားတယ်။ သူဌေး… ကျွန်တော်တို့ ဓာတ်ပုံရိုက်ထားပါတယ်။ ခင်ဗျားရဲ့ဖုန်းထဲကို ပို့ပေးလိုက်မယ်။”
“အင်း… ဆက်စောင့်ကြည့်နေ”
တအောင့်ကြာတော့ ရှန်ချီဟွမ်းက ဓာတ်ပုံကိုကြည့်ကာ တွေးလိုက်သည်။ အဆင်ပြေတယ်… သက်သေတွေကလုံလောက်တယ်၊
ရှန်ချီယွင်က မတော်တဆမှုသာဖြစ်ပြီး သူ့ပစ်မှတ်က ရှန်ချီပိုင်နှင့် ထိုအမျိုးသမီးသာဖြစ်သည်။
ရှန်းယုဟန်သာ ငါးစာအဖြစ် လိုက်မသွားခဲ့ရင် သူ သက်သေရှာဖို့ အချိန်ရခဲ့မှာဖြစ်သည်။ သူ့ဇနီးက စိတ်လိုက်မာန်ပါ လုပ်ခဲ့သည်။
ရှန်ချီယွင်က ရှန်းယုဟန်ကို ခေါ်သွားနေပြီး သူ့စိတ်က သူတို့နှစ်ယောက်၏ အနာဂတ်ကိုတွေးနေသည်။ ထို့အပြင် ပြန်ပေးသမား၏ကားက သူ့ကိုမမှီခဲ့လို့ စိတ်ရွှင်နေသည်။ သူ့ကားကို ရဲကားများစွာက မပိတ်ဆို့မချင်း သူက ဘာတွေဖြစ်နေလဲမသိခဲ့ပေ။
“ရှန်းယုဟန် မင်းငါ့ကို တကယ်မကြိုက်တော့ဘူးလား?” ရှန်ချီယွင်က တည်ငြိမ်နေသော ရှန်းယုဟန်ကို စိုက်ကြည့်လိုက်သည်။
ရှန်းယုဟန်က သူ့လက်တွေကို ခြေထောက်ပေါ်တင်ထားပြီး သူက မူလရှန်းယုဟန်မဟုတ်တာကို အမှန်အတိုင်းပြောပြလိုက်သည်။ “ကျွန်တော်က ခင်ဗျားသိတဲ့ ရှန်းယုဟန်မဟုတ်ဘူး။ ကျွန်တော် ခင်ဗျားကိုမသိသလို ဘယ်တုန်းကမှ မကြိုက်ခဲ့ဘူး။”
ရှန်ချီယွင်၏ ကားတံခါးက ပိတ််ထားဆဲဖြစ်ပြီး ရှန်ချီဟွမ်းက သူ့ကို ကားထဲက ဆွဲထုတ်ဖို့ လက်လှမ်းလိုက်သည်။
ရုတ်တရက်ဆိုသလိုပင် ရဲသားနှစ်ယောက်က သူတို့သေနတ်တွေကို မြှောက်လိုက်၏။
ကားထဲက ရှန်ချီယွင်က စိတ်ခံစားချက် မတည်မငြိမ်ဖြစ်နေသည်။ “မင်းငါ့ကိုလိမ်ခဲ့တယ်!”
သူက ဓားတစ်လက်ကိုင်ထားပြီး ရှန်းယုဟန်၏လည်ပင်းကို ထောက်ထားခဲ့သည်။
ရှန်ချီဟွမ်းက ရှန်ချီယွင်၏လုပ်ရပ်ကို မြင်လိုက်သောအခါ နှလုံးခုန်မြန်လာပြီး မေ့လဲတော့မတတ်ပင်။ သူက သူ့ဇနီးလေး သူ့ကို ပြုံးပြနေတာတွေ့ခဲ့ရသည်။
ဒီလိုအချိန်မှာ မင်းကပြုံးနိုင်သေးတယ်!