Chapter 93.2
Viewers 23k

Chapter 93.2



“ပြန်ပေးဆွဲခံရခြင်း”


ရှန်ချီဟွမ်းက သူနဲ့အတူ သခင်မလေးရှန်း၏ ယဥ်ကျေးမှုအမွေအနှစ်များကို ဆက်လက်ခံံစားခဲ့သည်။


၎င်းတို့အားလုံးမှာ စာမရေးထားတာကြောင့် နေ့စဥ်သုံးပစ္စည်းများဖြစ်ကြသည်။ ရှန်းယုဟန်သည်လည်း တချိန်က သူပိုင်ဆိုင်ခဲ့ဖူးသော ပစ္စည်းများကိုထိဖို့ အခွင့်အရေးမရခဲ့ပေ။


ရှန်ချီဟွမ်းကမေးလိုက်သည်။ “သခင်မလေးရှန်းက အရမ်းနာမည်ကြီးတာကို ဘာလို့ ပစ္စည်းနည်းနည်းလေးပဲ ချန်ထားခဲ့တာလဲ?”


ရှန်းယုဟန်ကဆိုသည်။ “ဘာလို့ဆို သူလက်ထပ်ဖို့သွား​တော့ ခန်းဝင်ပစ္စည်းအဖြစ် အကုန်သယ်သွားလို့လေ၊ ပုံမှန်ဆိုရင် အိမ်မှာ ဘာမှထားခဲ့မှာမဟုတ်ပေမယ့် ဒါတွေက သူ့အစ်ကိုတွေ သူ့ကို လက်ဆောင်ပေးခဲ့တာ။”


“အစ်ကိုတွေ? သူမမှာ အစ်ကိုကြီးတစ်ယောက်ပဲရှိတာ မဟုတ်ဘူးလား? သူက ရှန်းကျိယွီရဲ့ဘိုးဘေးလေ” ရှန်ချီဟွမ်းက သူ မသိခဲ့သော အချက်အလက်များကြောင့် ရှုပ်ထွေးနေသည်။ သို့သော် ၎င်းမှာ သုတေသနပညာရှင်များထံမှ ရှန်းယုဟန်ရခဲ့သော အချက်အလက်လို့ တွေးမိသွားသည်။


“သူ့မှာအစ်ကိုသုံးယောက်ရှိတာ” ရှန်းယုဟန်က ရှန်ချီဟွမ်းကို သူ့အကြောင်း နည်းနည်းပြောပြချင်သည်။ “အကိုကြီးသုံးယောက်မှာ ကွဲပြားတဲ့အကျင့်စရိုက်ရှိပြီး သူတို့သုံးယောက်က သူ့ကို အရမ်းချစ်ကြတယ်။”

ရှန်ချီဟွမ်းက ရှန်းယုဟန်ကို ခဏလောက်စိုက်ကြည့်ရင်း “အစ်ကိုကြီးသုံးယောက်က သူပျောက်သွားတာကို စိတ်ထိခိုက်နေကြမှာပဲ။ ကြည့်ဦး၊ ဒါက မင်းနောက်ဆုံးဖတ်ခဲ့တဲ့စာပဲ။”


ရှန်းယုဟန်က သူ့အစ်ကိုကြီး ချန်ရစ်ခဲ့သောစာကို ငုံ့ကြည့်လိုက်သည်။ “အင်း၊ သူတို့ဝမ်းနည်းနေကြမှာ။ သခင်မလေးရှန်းကလည်း သူတို့စိတ်ထိခိုက်ခဲ့တာကို သိတယ်။” ဒါကြောင့် သူစာကိုဖတ်ရင်း ငိုခဲ့တာပင်။



“ဒါဆို သူမသေချာပေါက်ငိုမှာပေါ့” ရှန်ချီဟွမ်းက ရုတ်တရက်မေးလိုက်သည်။ “ဟုတ်တယ်မလား?”


“ဟုတ်တယ်” ရှန်းယုဟန်က ရှန်ချီဟွမ်း၏ ကုတ်အင်္ကျီထောင့်ကို ဆွဲလိုက်သည်။ “သူအရမ်းဝမ်းနည်းပြီး အရမ်းငိုနေမှာ။”


ရှန်ချီဟွမ်းက သူ့အဝတ်ပေါ်ရှိ အဓိပ္ပါယ်ဖွင့်ဆို၍မရသော ချွေးများကို လက်ဖဝါးဖြင့် သုတ်လိုက်ပြီး ရှန်းယုဟန်၏ အေးစက်နေသောလက်ကို ကိုင်လိုက်သည်။



သူတို့နှစ်​ယောက်လုံး ရုတ်တရက်ငြိမ်ကျသွားသည်။


သူတို့က သခင်မလေးရှန်းနှင့် သက်ဆိုင်သော အမွေအနှစ်များ၏ ပြခန်းရှေ့မှာရပ်နေပြီး သိပ်မရွှေ့ကြတော့ပေ။ “ရှန်းယုဟန်”



“အင်း?” ရှန်းယုဟန်၏နှလုံးက တဒုန်းဒုန်းခုန်နေပြီး သူက ရှန်ချီဟွမ်း၏လက်ကို မသိစိတ်၏ စေ့ဆော်ရာအတိုင်း ဖမ်းဆုပ်လိုက်သည်။ သူ့လက်က ကြီးမားကျယ်ပြန့်ပြီး သူကိုင်လိုက်သောအခါ မမြင်နိုင်သောအင်အားကို ခံစားမိသည်။ သူက သူ့စိတ်ထဲမှာ လျှို့ဝှက်ထားသော အကြောင်းအရာအားလုံးကို ဖွင့်ဟချင်နေသည်။



သူ့ခင်ပွန်းက အလွန်ပါးနပ်ပြီး သူက အချစ်​ကြောင့် ဆင်ခြင်တုံတရားကို ဥပေက္ခာပြုမယ့်သူမဟုတ်ပေ။ သူခန့်မှန်းနိုင်ခဲ့လား?


“မင်းက စိတ်ထိရှလွယ်တာကိုသိပါတယ်။ သူတို့အားလုံးက သေလူတွေပဲ။ သူတို့လို ခံစားနေစရာမလိုဘူး။ သူတို့ခွဲခွာရတာနဲ့ပတ်သက်ပြီး ဝမ်းနည်းစရာမလိုပါဘူး။” ရှန်ချီဟွမ်းက ရှန်းယုဟန်၏ပခုံးကိုဖက်ပြီး သူ့ကိုမှီစေချင်နေသည်။

ရှန်းယုဟန်က သူပြောပြချင်တာကို သူ့ခင်ပွန်းခန့်မှန်းနိုင်ခဲ့တာလား မသိခဲ့ပေ။ သူက စကားပရိယာယ်သုံးပြီး သိမ်မွေ့နေခဲ့လို့လား?


“ကျွန်တော်သိပါတယ်။” ရှန်းယုဟန်က သူ့ခင်ပွန်းပြောတာမှန်တယ်လို့ တွေးလိုက်သည်။ သူသည် တစ်ချိန်က စိတ်ထိခိုက်လွယ်ဖူးသည်။ သူက ရှန်ချီဟွမ်း၏မျက်နှာကို ထပ်လေ့လာပြီး တိုးတိုးလေးပြောလိုက်သည်။ “တုံးလိုက်တဲ့ယောကျာ်း”


“မင်းဘာပြောလိုက်တာလဲ?” ရှန်ချီဟွမ်းက သူ့ကို ဘေးစောင်းကြည့်သည်။

“ဘာမှမပြောပါဘူး။” ရှန်းယုဟန်က ပြုံးစိိစိလုပ်ပြပြီး မငိုတော့ပေ။


ရှန်ချီဟွမ်းက သူ့ဇနီးလေး၏အပြုံး​ကြောင့် ဆွဲဆောင်ခံလိုက်ရပြီး ရှန်းယုဟန်က သူ့ကို ငတုံးလို့ခေါ်ခဲ့သလားမေးဖို့ပင် မေ့သွားခဲ့သည်။


နှစ်ယောက်လုံး လမ်းပတ်လျှောက်ပြီးနောက် သူတို့ကြည့်ဖို့ လိုအပ်တာအားလုံးကို ကြည့်ခဲ့ပြီး ပြပွဲခန်းမမှ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ကြသည်။


သူတို့က ရှောင်လီ၊ ကြီးကြပ်ရေးမှူးလျန့်နှင့်တခြားသူများကို နေ့လည်စာအတူစားဖို့ ဖိတ်ခေါ်ခဲ့ကြသည်။

ရက်ပေါင်းများစွာ တစ်​ယောက်နဲ့တစ်​ယောက် မမြင်ခဲ့ရ၍ အားလုံးက အများကြီးပြောင်းလဲသွားခဲ့သည်။ နေ့စဥ်နေ့တိုင်း ညစ်ပတ်ပေရေ​အောင် နေထိုင်ခဲ့ရသည့်ရှောင်လီကို အကိုယန်နှင့် တခြားသူများက စနေကြသည်။ ရှောင်လီမှာ ကောင်လေးရှိပြီး သူတို့က ဘလိုင်းဒိတ်မှာတွေ့ခဲ့တာလို့ ပြောသည်။ သူတို့နှစ်​ယောက်က လက်ရှိမှာ ဒိတ်နေကြပြီး အဆင်ပြေရင် စေ့စပ်ပြီး လက်ထပ်မှာဖြစ်၏။.


သူတို့်အားလုံးက ပိတ်ရက်မှာ နဂါးလှေပွဲတော်ရှိတယ်လို့ ပြောခဲ့ကြသည်။ သုတေသနအဖွဲ့က သူတို့ကို ပိတ်ရက်နှစ်ရက်ပေးထားလို့ သူတို့ကျန်းမြို့တော်ကို လည်ပတ်ချင်ရင် ရှန်းယုဟန်ကခေါ်မှာလားဟု မေးခဲ့သည်။

ရှန်းယုဟန်က ကိစ္စမရှိဘူးလို့ပြောလိုက်သည်။ ထို့အပြင် သူတို့ သူ့အိမ်မှာလာကစားမယ်ဆိုရင် ခရီးသွားအချိန်ဇယားစီစဥ်ပေးမယ်လို့ ပြောခဲ့သည်။ သူက ရှောင်လီကိုလည်း မိသားစုဝင်ခေါ်လာလို့ရတယ်လို့ စနောက်လိုက်တော့ ရှောင်လီက သူ့ကို မျက်လုံးလှိမ့်ပြကာ အားလုံးက ရယ်မောလိုက်ကြ၏။


ရှန်ချီဟွမ်းက ရှေးဟောင်းသုတသနအဖွဲ့နှင့် အဆင်ပြေနေသော ရှန်းယုဟန်ကို​ကြည့်နေပြီး သူ့မှာ ယခင်က ဘယ်လိုအကျင့်စရိုက်မျိုးရှိလဲ တကယ်မတွေးနိုင်တော့ပေ။

ရှန်းယုဟန်က ကြီးကြပ်ရေးမှုးလျန်နှင့် စကားပြောနေစဥ် ရှန်ချီဟွမ်းက ရေချိုးခန်းကိုသွားဖို့ အခွင့်အရေးရခဲ့ပြီး အပြင်မှာ လေကောင်းလေသန့် သွားရှူခဲ့သည်။ သူမှန်းဆ၍မရသော အရာများစွာရှိနေပေမယ့် ယနေ့မှာ သူက ကြုံးထုံးတစ်ခုကိုတွေ့ခဲ့သည်။


ရှန်းယုဟန် ဆေးလိပ်သောက်၊ အရက်မူး၊ ရန်ဖြစ်ပြီး ဘားသွားတယ်ဆိုသော ကနဦးအချက်အလက်များ ရရှိခဲ့တာကို မှတ်မိသေးသည်။ သို့သော် ရှန်းယုဟန်ကို သိလာတာနှင့်အမျှ သူ့ဇနီးလေး ဆေးလိပ်ဘီယာသောက်တာကို မမြင်ဖူးသလို ဘားသွားပြီး ရန်ဖြစ်တာဆို ဝေးသေးသည်။ သူက ညဆိုရင် ဆယ်နာရီထိုးတာနဲ့ အိပ်ရာဝင်လေ့ရှိပြီး ရှန်ချီဟွမ်း သူ့ငယ်ချင်းများနှင့် အပြင်ထွက်သောက်ရင်လည်း စောစောပြန်လာဖို့ သတိပေးတတ်သည်။

ထိုသို့သော အမူအကျင့်ကောင်းသော လူငယ်တစ်​​ယောက်က တော်ရုံတွေ့ရခဲယဥ်းသည်။



ဒါပေမယ့် လူတစ်​ယောက်က ညတွင်းချင်း​ပြောင်းလဲသွားတာ ဖြစ်နိုင်ပါ့မလား?

ရှန်းယုဟန်က မူလရှန်းယုဟန်မဟုတ်ဘူးလား?



သူက ဘာလို့ အနောက်ဟန်မင်းဆက်အုတ်ဂူကို စွဲလမ်းနေရတာလဲ၊ သူက သူ့မှာ အစ်ကိုကြီးရှိတယ်လို့လည်း ​ပြောခဲ့သေးသည်။ ထို့အပြင် သူ လူလွှတ်ပြီး စုံစမ်းခိုင်းတော့ ရှန်းယုဟန်မှာ ငယ်ငယ်တုန်းက သိခဲ့ကြသည့် အိမ်နီးချင်းအကိုကြီးမရှိဘူးလို့ သိခဲ့ရသည်။


နောက်ဆုံးစုံစမ်းမှုရလဒ်မှာ ရှန်းယုဟန်က ငယ်စဥ်ကတည်းက ဆိုးသွမ်း​ပြီး ယုတ်မာသည်။ သူက ခွေးနှင့်ကြောင်များအပေါ်လည်း လှည့်ကွက်သုံးတတ်ပြီး မူလတန်းကျောင်းမှာ အိမ်နီးချင်းများ၏ ပြတင်းပေါက်ကို ကျောက်ခဲနဲ့ပစ်ပေါက်လေ့ရှိသည်။ အလယ်တန်းကျောင်းရောက်တော့ ဆေးလိပ်စသောက်ခဲ့ပြီး သင်တန်းကျောင်းများ တက်ခဲ့ပေမယ့် သင်ခန်းစာများက ချင်၊ဂို၊ လက်ရေးလှ၊ ပန်းချီနှင့် လားလားမျှမဆိုင်ပဲ သူသင်ခဲ့သည်မှာ ဒရမ်နှင့်ဂီတာဖြစ်သည်။ သို့သော် အလေလိုက်နေခဲ့တာကြောင့် ဘာမှမတတ်​မြောက်ခဲ့ပေ။ အထက်တန်းကျောင်းရောက်တော့ သူ့မိဘများ၏ သေဆုံးမှုကြောင့် အထိန်းအကွပ် အနည်းငယ်ရှိလာခဲ့သည်။


အိမ်နီးချင်း၏ဖော်ပြချက်အရ ရှန်းယုဟန်ကို သူ့အဖိုးက ပျိုးထောင်ခဲ့တာဖြစ်ပြီး သူ့မိဘများက အလုပ်ရှုပ်နေသဖြင့် ကလေးကို လူကြီးများထံ အပ်ထားလေ့ရှိသည်။ သူ့အဖိုးက သူ့​မြေးကို အရမ်းအလိုလိုက်ခဲ့ပြီး ရှန်းယုဟန်က သူ့အဘိုးကြောင့် ထိုသို့ကြီးပြင်းလာခဲ့ရသည်။



ရှန်းယုဟန်ကို ဘယ်လိုလူမျိုးဖြစ်အောင် ပျိုး​ထောင်ခဲ့တာလဲ? သူက သဘောထားကြီးတဲ့ပုံစံလား ဒါမှမဟုတ် လက်ရှိနွေးထွေးပြီး သိမ်မွေ့တဲ့အပြုအမူနဲ့လား?

ရှန်းယုဟန်၏အဖိုး သူ့မြေးကို အလိုလိုက်သည့် ပုံစံအရဆိုရင် ရှန်းယုဟန်ကို ပညာတတ်ပြီး သိမ်မွေ့နူးညံ့အောင် သင်ပေးဖို့က မဖြစ်နိုင်ပေ။ ယခုလိုစွမ်းဆောင်ရည်ဖြင့်ဆိုလျှင် ရှန်းမိသားစု၏လုပ်ငန်းကို ဆုံးရှုံးရသည်အထိ သူဆိုးသွမ်းခဲ့မှာမဟုတ်ပေ။


လက်ရှိရှန်းယုဟန်က တခြားတစ်ယောက်အဖြစ် ဟန်ဆောင်နေတာလား… ဒါဆို ဘယ်သူ့အဖြစ်လဲ?


မဟုတ်သေးဘူး။ သူက ရှန်းယုဟန်ပဲ သူ့ဆံပင်စတိုင်နှင့် အရောင်ချိန်းလိုက်ရင်တောင် သူက သူပဲ။


ရှန်ချီဟွမ်းက သူ့စိတ်ထဲကအတွေးကို ခါထုတ်လိုက်ပြီး မှန်းဆလို့မရတာကြောင့် လျှိုထန်ကို ဖုန်းခေါ်လိုက်သည်။


“လောင်ရှန်… မင်းငါ့ကိုခေါ်ဖို့အားတယ်ပေါ့?” လျှိုထန်က ဖုန်းခေါ်ဆိုမှုကိုရရှိတော့ စိတ်လှုပ်ရှားနေသည်။ “မင်းလတ်တလော ငါတို့နဲ့လာမသော​က်ဘူး။ အဲ့လောက်အလုပ်ရှုပ်နေတာလား?”

ရှန်ချီဟွမ်း: “ရှုပ်တာက တော်တော်ကိုရှုပ်နေတာ။ ငါရှာဖွေလို့မရတဲ့ ကိစ္စအချို့ရှိနေလို့ မင်းကိုမေးပါစေဦး”


လျှိုထန်က ရယ်မောကာပြောလိုက်သည်။ “ပြောပါဦး၊ မင်းကိုယ်မင်း လက်မထပ်ရသေးတဲ့ မိန်းမပျိုလေးလို့ ထင်နေလို့ ငါ့ကို ပုန်းနေတာလား?



ရှန်ချီဟွမ်းက သူ့ညွှန်းဆိုမှုမှာ ပြောစရာစကားမရှိဖြစ်သွားပြီး သူနဲ့ ငြင်းမနေတော့ပေ။ “လူတစ်ယောက်က အများကြီးပြောင်းလဲသွားတာ ဘာကြောင့်လို့ထင်လဲ?”



လျှိုထန်က ထိုစကားကြားကြားချင်း ဘယ်သူ့ကိုပြောနေလဲဆိုတာ သိလိုက်သည်။ “မင်းယုဟန်အကြောင်း ပြောနေတာလား?”


“အင်း၊ ငါအဖြေရှာမရလို့။” ရှန်ချီဟွမ်းက လူသူကင်းမဲ့သော ကော်ရီဒါမှာရပ်ကာ သူ့ရှေ့တွင် အမည်မသိလူတစ်​ယောက် ပျိုးထားသည့် စိန်းလန်းစိုပြေနေသော ပင်စိမ်းအိုးရှိပြီး သူက တစ်ရွက်ပြီး တစ်ရွက်ခြွေလိုက်သည်။

“ဘာထူးဆန်းလို့လဲ? မိသားစုထဲက ကောင်းသောပြောင်းလဲမှုက လူတစ်​ယောက်ရဲ့ စိတ်သဘောထားကို ပြောင်းလဲပေးနိုင်တယ်။ ဒါပေါ့…. သူတို့အားလုံးက သဘောထားကွဲလွဲနေမှာ။ တစ်ယောက်က ကောင်းတဲ့လမ်းကိုလျှောက်ပြီး နောက်တစ်​ယောက်က စိတ်ကျရောဂါခံစားနေရပြီး ကျရှုံးသွားတာဖြစ်နိုင်တယ်။ သူက လက်ရှိမှာ လုံလုံလောက်လောက် မကောင်းဘူးလို့ မင်းထင်နေလို့လား?”


“မဟုတ်ဘူး။ သူအရမ်းကောင်းလာတယ်လို့ တွေးမိလို့ ယုတ္တိမဆန်သလို ဖြစ်နေလို့” ယခင်က သူ့မှာ လျှိုထန်နဲ့ တူသောအတွေးရှိခဲ့ပေမယ့် သူ ပိုပြီးလေ့လာလေ ကိစ္စတွေက သူထင်ထားတာနဲ့ ကွာတာကို တွေ့ရလေပဲ။.”မင်းသိလား…. စိတ်နေစိတ်ထားက တစ်ရက်နှစ်ရက်နဲ့ တိုးတက်အောင်လုပ်လို့မရဘူး။ အဲ့ဒါက လူတစ်​ယောက်ရဲ့ မိသားစုနောက်ခံနဲ့ ​ပျိုးထောင်ခံထားရတဲ့ပုံစံနဲ့ သက်ဆိုင်တာ။”



“ငါသိတယ်။ ယုဟန်က စိတ်ထားကောင်းတယ်။ ဟန်ဆောင်နေတာနဲ့မတူဘူး။ ပြီးတော့ သူ ကျန်းလောင်တို့လို လူတွေနဲ့ စကားပြောနိုင်တာကို ငါအံ့သြမိတယ်။”

ရှန်ချီဟွမ်းက သူ့ဇနီးလေး၏ပြောင်းလဲမှုများကို ရေတွက်လိုက်သည်။ “သူက ငါ့ရှေ့မှာ တစ်ခါမှ မဆဲဖူးဘူး။ သူအရင်ကအဲ့လိုမဟုတ်ဘူး။ လူတစ်​​ယောက်က သူ့ရဲ့စကားပြောဆိုပုံကို အလုံးစုံပြောင်းလဲနိုင်ဖို့ မဖြစ်နိုင်ဘူး။ သူ တစ်ခါနှစ်ခါလောက်တော့ သတိလက်လွတ်ပြောမိရမှာ မဟုတ်ဘူးလား?”


“မှန်တယ်။ မင်းတို့နှစ်​​ယောက်က အမြဲပူးကပ်ပြီး ခွဲခွာတာနည်းတော့ သူဟန်ဆောင်နေတာဆိုရင် ချို့ယွင်းချက်တွေကို ရှာတွေ့မှာပဲလေ”


“သူ ဟန်ဆောင်နေတာမဟုတ်ဘူး။” ရှန်ချီဟွမ်းက တခြားသူတွေ သူ့ဇနီးကို မကောင်းပြောတာမကြိုက်ပေ။ “သူက အရမ်းရိုးသားတယ်။ ဒါပေမယ့် အဲ့ဒါက ငါနားမလည်တဲ့ အကြောင်းအရင်းပဲ။ သူ ဘယ်လိုလုပ်နိုင်တာလဲ”


“သူ့ပုံမှန်စရိုက်ဖြစ်မှာပေါ့။ သူက အမြဲတမ်း အပြုအမူကောင်းပြီး တွေးခေါ်တတ်တဲ့သူပဲလေ” လျှိုထန်က ထပ်ပြောလိုက်သည်။ 


ရှန်ချီဟွမ်းက နောက်ဆုံးထွက် စုံစမ်းစစ်ဆေးမှုရလဒ်ကို စဥ်းစားလိုက်သည်။ အိမ်နီးချင်းတွေက ချဲ့ကားပြောနေတာလား.. ဒါပေမယ့် အမှန်တရားနဲ့လည်း မဝေးဘူးလေ။ ဘာအတတ်ပညာမှမရှိတဲ့လူက စာပေနဲ့ပတ်သက်တဲ့အောင်မြင်မှုအဆင့် ဘယ်လိုမြင့်နေရတာလဲ? ပြီးတော့ ချက်ချင်းလက်ငင်းကို နာမည်ကြီးလာတယ်။ ဆယ်နှစ် ဆယ့်နှစ်နှစ်လောက် မလေ့ကျင့်ပဲနဲ့ သူက ဘယ်လို အလွယ်တကူလုပ်နိုင်ခဲ့တာလဲ?


“သူ့ရဲ့အရင်လက်ရေးကို ငါမြင်ဖူးတယ်။ သူ ကျောင်းမှာ ဖောင်ဖြည့်ခဲ့တဲ့ အချက်အလက်…” ရှန်ချီဟွမ်းက ပင်စိမ်းနောက်တစ်ရွက်ကို ခြွေလိုက်သည်။



“ဘယ်လိုမျိုးလဲ?” ဒါက လျှိုထန်ကို စိတ်ပူလာစေသည်။


“ကွာခြားချက်ကကြီးတယ်။ အထက်တန်းကျောင်းသားတစ်​ယောက်ရဲ့ လက်ရေးက ခွေးတွားသွားနေသလိုပဲ။” ရှန်ချီဟွမ်းက ရက်ပေါင်းများစွာ ဟန်ဆောင်နေပေမယ့် ဆက်ပြီး မထိန်းထားနိုင်တော့ပေ။


“ဒါပေမယ့် သူ့လက်ရေးကို တရုတ်က ဆရာကြီးတွေ​တောင် ချီးကျူးထားကြတာ။ မင်းမှားကြည့်မိတာလား.. အဲ့ဒီစာကိုရေးတုန်းက သူစိတ်မကြည်တာလည်း ဖြစ်နိုင်တာပဲမလား?” လျှိုထန်​က သူ့သူငယ်ချင်းအတွက် ခွဲခြမ်းစိတ်ဖြာပေးခဲ့သည်။ 


ရှန်ချီဟွမ်းက ဘာမှဆက်မပြောနိုင်တော့ပေ။ သူက ရှန်းယုဟန်၏ မူလတန်းကျောင်းကိုလည်း သွားခဲ့သေးသည်။


“ထားလိုက်တော့၊ ငါ စာတစ်​ကြောင်းနှစ်ကြောင်းနဲ့ ရှင်းပြလို့မရဘူး။” ရှန်ချီဟွမ်းက ဤသည်မှာ ကိုယ့်ကိုယ့်ကိုယ်နှိပ်စက်ခြင်းဖြစ်မှန်းသိသည်။


ရှန်းယုဟန်က ရှန်းယုဟန်ပဲ… အကြောင်းပြချက် အများကြီးမလိုပါဘူး!


“ဒါဆို အများကြီးမတွေးနဲ့၊ ဘာပဲဖြစ်ဖြစ် လူတစ်ယောက်လုံးက မင်းအပိုင်ပဲကို” လျှိုထန်ကပြောလိုက်၏။

“အင်း၊ ငါနေ့လည် ကျန်းမြို့တော်ကို ပြန်တော့မယ်။ အချိန်ရရင် စကားပြောတာပေါ့”


“​အေးပါ”


ရှန်ချီဟွမ်းက ဖုန်းချလိုက်ပြီး သီးသန့်ခန်းထဲပြန်ဝင်သွားပေမယ့် ရှန်းယုဟန်ကို မတွေ့ခဲ့ရပေ။ ရှောင်လီနှင့် တခြားသူများကို မေးလိုက်မှသာ ရှန်းယုဟန် သူ့ကိုရှာဖို့ ထွက်သွားမှန်းသိခဲ့ရသည်။


“ဒါပေမယ့် ငါသူ့ကို မတွေ့ခဲ့ဘူး။” ရှန်ချီဟွမ်းက အပြင်က ဘော်ဒီဂတ်ကိုမေးလိုက်သည်။ “သူဘယ်သွားတာလဲ?”


“မစ္စတာရှန်းက ခင်ဗျားကို သန့်စင်ခန်းမှာ သွားရှာမယ်လို့ ပြောထား​ပါတယ်။ ဒါပေမယ့် သူက ကျွန်တော်တို့ကို နောက်ကလိုက်မလာခိုင်းဘူး။” ဘော်ဒီဂတ်ကပြောလိုက်သည်။


ရှန်ချီဟွမ်းက ဖြစ်လာမှာကို သိနေသော အာရုံတစ်ခုရှိခဲ့ပြီး သူ့မျက်ခုံးကလှုပ်လာခဲ့သည်။ သူက အပြင်ကိုပြေးထွက်ကာ သန့်စင်ခန်းထဲ ပြေးသွားပေမယ့် ဘယ်သူမှရှိမနေပေ။


တချိန်တည်းမှာ သူ့ဖုန်းထဲတွင် ရှန်းယုဟန်ဆီက မက်ဆေ့တစ်စောင်ရောက်နေခဲ့သည်။


ရှန်းယုဟန်က သူ့ကို ဝီချက်မက်ဆေ့သာ ပို့လေ့ရှိပြီး ရိုးရိုးမက်ဆေ့မပို့ဖူးပေ။


ရိုးရိုးမက်ဆေ့၏အကြောင်းအရာက ရှန်ချီဟွမ်း၏ မျက်လုံးများကို နီရဲသွားစေသည်။

—---- ရှန်းယုဟန်က ငါ့လက်ထဲမှာရှိနေတယ်။ သူ့ကိုအသက်ရှင်စေချင်ရင် မင်းငါပြောတာကို နား​ထောင်ရမယ်….