Ch 12
Viewers 276

12

 

ရန်ကျစ်တစ်ယောက် မနက်အစောကြီး သဘာဝအတိုင်းလေး နိုးလာသော်လည်း ပြတင်းပေါက်မှတိုးဝင်လာသည့် တောက်ပသည့်နေရောင်ခြည်ကြောင့် နိုးလာတာဆိုပိုမှန်လိမ့်မည်။ ဇဝေဇဝါဖြစ်မှုတွေကြား သေချာတာတစ်ခုကတော့ သူဧည့်သည်ခန်းရှိ အိပ်ရာပေါ်တွင် အိပ်နေခြင်းပင်။ နံရံများသည်လည်း လာဗင်ဒါရောင်ဖြစ်နေဆဲဖြစ်ပြီး ထိုနံရံနှင့်လိုက်ဖက်ညီစွာ ခရမ်းရောင်ပန်းအိုးထဲ၌ ခရမ်းဖျော့ရောင် ပျိုနီပန်းများ ထိုးစိုက်ထားသေးသည်။ သူကုရှောင်ရှမ်းနှင့် အတူရှိနေခဲ့သည့်အိပ်မက်ထဲသို့ ပြန်ရောက်သွားသလို ခံစားလိုက်ရကာ အဲဒီအိပ်မက်ထဲမှ မနိုးထချင်တော့ပေ။

 

ဟုတ်တယ်၊ သူသေချာသွားပြီ။ သူကွေးနေတာ၊ သူ့ဘဝအဆုံးသတ်သွားပြီ။

 

ရန်ကျစ် သူ့ဖင်သူကိုင်လိုက်ကာ အရမ်းကို တောင်းတောင်းပန်ပန် ဖြစ်နေလေသည်။

 

'တောင်းပန်ပါတယ် ဘရို မင်း အနာဂတ်မှာပိုပြီး ရုန်းကန်ရတော့မယ်'

 

ရန်ကျစ် သူဘဝအကြောင်းအား သုံးသပ်ဖို့အတွက် မသင့်တော်ဘူးဆိုတာ နားလည်ပေသည်။ ထို စိတ်ကူးယဥ်သီအိုရီများနှင့် တွေးခေါ်မှုများသည် သူ့အတွက် ခက်ခဲလွန်းလှ၏။ ပိုပြီးသဘာဝကျသည့် အမှား ဒါမှမဟုတ် အမှန်ဆိုတဲ့ ခွဲခြားနည်းကပဲ သူ့အတွက်ပိုလွယ်ကူမယ်မဟုတ်လား? ကျီရှန် ပြောတာကတော့"မင်း အိပ်မက်ထဲမှာ sexလုပ်တဲ့အကြောင်းမက်ရင် အပြင်မှာလည်း သူနဲ့တကယ် sexလုပ်ချင်နေတာ"

 

ရန်ကျစ် ထိုစကားအား “” ပေးလိုက်ပြီး အမှားအယွင်း မဖြစ်ဖို့အတွက် မျှော်လင့်နေလေသည်။

 

ရန်ကျစ်၏အသားရေသည် ဖြူဖျော့နေပြီး အိပ်ရာမှနိုးခါစဖြစ်သည့်အတွက် ပါးနှစ်ဖက်သည်လည်း နှင်းတောထဲမှ ပန်းသီးများသဖွယ် နီမြန်းနေ၏။ သူပြုံးလိုက်စဥ် သူ့ပုံစံသည် ရွတ်နောက်နောက် ကလေးတစ်ယောက်လိုပင်။ ရန်ကျစ်ပြုံးလျက် အိပ်ရာဘေးရှိဖုန်းအား ဆွဲယူလိုက်ကာ ကျီရှန်ထံမက်ဆေ့ချ် ပို့လိုက်လေသည်။

 

"မနေ့က မင်းပြောခဲ့တာတွေက တော်တော်အဓိပ္ပါယ်ရှိတယ်ထင်တယ် ကျေးဇူး!"

 

ကျီရှန်တစ်ယောက် ပြောစရာစကား ပျောက်ဆုံးသွားရ၏။

 

ရန်ကျစ် ဧည့်သည်ခန်းထဲ၌ ရေချိုးသန့်စင်ကာ သပ်သပ်ရပ်ရပ် ဝတ်စား၍ အောက်ထပ်သို့ ဖြည်းဖြည်းချင်း ဦးတည်လာခဲ့သည်။ — ဘယ်လိုပဲဖြစ်ဖြစ် အစ်ကိုရှောင်ရှမ်းသည် အရင်ကလို သူအတွင်းခံတစ်ထည်တည်းဖြင့် ဟန်ရေးပြနိုင်သည့် လူတစ်ယောက် မဟုတ်တော့ပါ။ ယခုဆိုရင် သူလိုက်တော့မည့် လူတစ်ယောက် ဖြစ်နေပြီပင်။

 

သူ့ထံတွင် ထိုကဲ့သို့ လူယုတ်မာအကြံအစည်ကြီး ရှိနေသည်ကို မသိသေးသည့် ကုရှောင်ရှမ်းကတော့ ခါတိုင်းလိုပင် မနက်စာအား စိတ်အေးလက်အေး ထိုင်စားနေလေသည်။ ရန်ကျစ် စားပွဲဆီသို့ ပြေးသွားလိုက်ပြီး သူ့မျက်နှာတွင်လည်း စပ်ဖြီးဖြီးအပြုံးတစ်ခုနှင့်ပင်။

 

"ဂွတ်မောနင်း အစ်ကိုရှောင်ရှမ်း!"

 

“မင်း မနက်အစောကြီး ဘယ်လိုထရမလဲ သိနေပြီလား?”

 

ရန်ကျစ်ဘယ်လိုပြန်ဖြေရမလဲ မသိတာကြောင့် စားစရာတစ်ခုခုရှာရန် ရေခဲသေတ္တာဆီသို့ လျှောက်သွားလိုက်၏။ ကုရှောင်ရှမ်းသည် တိုက်ခန်းအတွက် အိမ်တော်ထိန်း ငှားရမ်းထားခြင်း မရှိသောကြောင့် နံနက်စာသည် အလွန်ရိုးရှင်းသည့် နို့အေးနှင့်အသီးနှံများသာ ဖြစ်သည်။

 

ရန်ကျစ်သည်လည်း အထွန့်မတက်ဘဲ မနက်စာစားနေရင်း မေးလိုက်မိ၏။

 

"ဟားကျု့ကိုရော အစာကျွေးပြီးပြီလား?"

 

ကုရှောင်ရှမ်းရယ်လျက်-"မင်းက ငါ့နေရာမှာလည်း နေသေးတယ်။ အလကားလည်း စားသေးတဲ့အပြင် မင်းခွေးကိုပါ အစာကျွေးခိုင်းနေတာလား?"

 

ရန်ကျစ် ကုရှောင်ရှမ်းအား စိုးရိမ်တကြီး ကြည့်လိုက်စဥ် သူထပ်ပြောလာလေသည်။ "ငါ ကျွေးပြီးပြီ"

 

ထိုမှသာ ရန်ကျစ်၏စိုးရိမ်မှုများ ပြေလျော့သွားကာ မနက်စာအား ဆက်စားနေရင်း ထပ်မေးခွန်းထုတ်လိုက်ပြန်၏။ "ငါ့ရွှေဖလား ဘယ်ရောက်သွားတာလဲ?"

 

ကုရှောက်ရှမ်း ထပ်၍ရယ်လိုက်မိကာ-"မင်းအဲတာကို သတိရသေးသားပဲ။ ငါမင်းအိပ်ရာဘေးက ဗီရိုထဲကို ထည့်ပေးထားတယ်"

 

နံနက်စာအားဝါးနေရင်း ရန်ကျစ်၏ပါးစပ်များ ခြောက်သွေ့လာရ၏။ ထို့နောက် သူတစ်ခုခုအား သတိရသွားဟန် ထပ်မေးလိုက်ပြန်သည်။

 

"ဒါဆို...ဟယ်ကျွင်းအတွက်ရော ဘာလက်ဆောင်ပါလာလဲ?"

 

ထိုစကားအားကြည့်ကာ ကုရှောင်ရှမ်း အနည်းငယ် အံ့အားသင့်သွားခဲ့၏။

 

"မင်း ဘယ်သူ့ကို ပြောနေတာလဲ?"

 

ရန်ကျစ် ပွင့်ပွင့်လင်းလင်းပင်..."ဟယ်ကျွင်းလေ! မင်းရည်းစား!" ပြောပြီးမှ ရန်ကျစ် ရုတ်တရက် ထိပ်လန့်သွားတော့သည်။

 

'တကယ်လို့ဟယ်ကျွင်းက အစ်ကိုရှောင်ရှမ်းရည်းစားဆိုရင် ငါကြားလူ ဖြစ်နေပြီပေါ့? မဖြစ်နိုင်ဘူး!'

 

သူ အစ်ကိုရှောင်ရှမ်းအား လိုက်ရန် သတ္တိများ စုစည်းထားပြီးခါမှ ယခုအခါ အကျင့်စာရိတ္တဆိုင်ရာ ပြဿနာများ၌ တစ်ဖန် နစ်မွန်းနေရပြန်သည်။

 

ကုရှောင်ရှမ်းကတော့ တည်ငြိမ်စွာပင် အဖြေပေးလာခဲ့၏။ "သူက ငါ့ရည်းစားမဟုတ်ဘူး"

 

"အိုး" ရန်ကျစ်၏ပါးစပ်ကြီး ပြန်ဖြီးလာကာ နှလုံးသားလေးသည်လည်း ရွှင်မြူးစွာ ခုန်ပေါက်နေတော့သည်။

 

'ပျော်လိုက်တာ ဒါဆို ငါကြားလူ လုပ်စရာမလိုတော့ဘူး!'

 

အကျင့်စာရိတ္တဆိုတဲ့ ခေါင်းစဥ်အောက်၌ အမြီးကုတ်နေခဲ့သည့် ရန်ကျစ်၏စိတ်ဓါတ်များ ပြန်လည် ထောင်မတ် လာပြန်သည်။

 

ကုရှောင်ရှမ်း ရန်ကျစ်အား ပဟေဠိဆန်ဆန်အကြည့်ဖြင့် ကြည့်ရင်း..."မင်း ဟယ်ကျွင်းကို မှတ်မိ နေသေးတာလား?" ဒါသည် အဓိက အချက်ပင်။

 

ရန်ကျစ် အိုးတိုးအန်းတန်းဖြင့်..."ငါ သူ့ကို မေ့နေတာ ဒါပေမယ့် ဟိုတလောကမှ ဆုံမိလို့ သူပြန်သတိပေးတာနဲ့ အဲတာနဲ့...ပြန်မှတ်မိသွားတာ"

 

ကုရှောင်ရှမ်း ခေါင်းညိတ်လိုက်ကာ သူ့ရှင်းပြချက်သည် ဖြစ်နိုင်ချေရှိသည်ဟု တွေးလိုက်မိတာကြောင့် လက်ခံလိုက်၏။ သို့သော် အနေအထားသည် အနည်းငယ် မသက်မသာဖြစ်နေဆဲပင်။ ရန်ကျစ် နွားနို့ခွက်အား မွှေနေရင်း..."ဒါဆို...မင်းသူ့ကို ဘာလက်ဆောင်ပေးမှာလဲ?"

 

“ငါ သူ့ကို အခုထိ ဘာမှမပေးဖူးဘူး”

 

“ဒါဆို ဘာပေးမယ်လို့ စီစဥ်ထားလဲ?”

 

ကုရှောင်ရှမ်း မျက်မှောင်ကြုတ်လိုက်မိလေသည်။

“ဘာလို့ အဲတာတွေ မေးနေတာလဲ?”

 

ရန်ကျစ် ဆက်မေးရန် ရှက်ရွံ့လာတာကြောင့် နံနက်စာကိုသာ ငြိမ်ငြိမ်လေး ပြန်စားနေလိုက်တော့၏။

 

ရန်ကျစ် ထိုကိစ္စနှင့်ပတ်သတ်ပြီး အတော်လေး စိတ်ဝင်စားနေပုံပေါ်တာကြောင့် ကုရှောင်ရှမ်း ချက်ချင်းပင် ဖုန်းအား ကောက်ကိုင်ကာ သူ၏အမျိုးသမီး လက်ထောက်ထံသို့ စာပို့လိုက်၏။

 

"မင်း ဟယ်ကျွင်းအတွက် ဘာတွေပြင်ဆင်ထားလဲ"

 

လက်ထောက်မလေးသည် အလျင်အမြန်ပင် သူ့ဘောစ့်၏အမေးအား ပြန်ဖြေလာခဲ့သည်။

 

"ဘားဘယ်ရီ(Burberry)ပဝါပါ။ လေဆိပ်အခွန်လွတ်စတိုးမှာ ဝယ်လာခဲ့တာ ဆင်စွယ်ရောင်ပေါ်မှာ အကွက်ဖော်ထားတဲ့ ဒီဇိုင်းမျိုး၊ လျော့စျေးနဲ့ ရခဲ့တာမို့ ၂၅၀၀ယွမ် ကျသင့်ခဲ့ပါတယ်"

 

ကုရှောင်ရှမ်း သူ့ဖုန်းအား ပြန်ပိတ်လိုက်ကာ ရန်ကျစ်ဘက်သို့ လှည့်၍..."ဘားဘယ်ရီပဝါတဲ့"

 

ရန်ကျစ် ရှော့ရသွားတော့၏။

 

"ဒါ အပူပိုင်းဒေသမြို့ကြီးရဲ့ နွေခေါင်ခေါင်လမှာနော်! အဲတာကို ပဝါ?! သူ့ကို ပူပြီးသေအောင် လုပ်နေတာလဲ!"

 

“အင်း မင်းပဲ ဝိုင်စိမ်ပြီး အအေးဆုံးဖြစ်နေတာ”

 

ရန်ကျစ်ချက်ချင်း ပါးစပ်ပိတ်သွားရသည်။

 

မနက်စာစားပြီးချိန်၌ ကုရှောင်ရှမ်းတစ်ယောက် အလုပ်သွားဖို့ ပြင်လိုက်လျှင် ရန်ကျစ်၏နှလုံးသားလေး ကုရှောင်ရှမ်းအတွက် အနည်းငယ် နာကျင်သွားရ၏။ သူ မနေ့ကလေးတင် လေယာဉ်ခရီးရှည်ကြီးဖြင့် ပြန်လာခဲ့ပြီး ပင်ပန်းနွမ်းနယ်နေသော်လည်း နောက်နေ့တွင် အလုပ်သွားရန် စောစော ထရသေးသည်။ စီအီးအိုတစ်ယောက် ဖြစ်ရခြင်းသည် အမှန်တကယ်ပင် ခက်ခဲပင်ပန်းသော အလုပ်တစ်ခုဖြစ်ပြီး ရန်ကျစ် နေရာမှနှု တ်ထွက်ခဲ့တာကိုတောင် ကံကောင်းသည်ဟု ခံစားလိုက်ရတော့သည်။

 

ယခုမှာတော့ ကုရှောင်ရှမ်း ရန်ကျစ်အတွက် ပူပန်ရသည့်အလုပ်တစ်ခု တိုးလာပြန်၏။ အိမ်မှ မထွက်ခွာခင် သူ ရန်ကျစ်အား လိမ်လိမ်မာမာနေဖို့နှင့် ခွေးအား သေချာဂရုစိုက်ရန် သတိပေးခဲ့ရသည်။ ရန်ကျစ်တစ်ယောက် ခေါင်းအား အထပ်ထပ်အခါခါ ညိတ်ကာ လိမ္မာပါ့မယ်ဟု အားတက်သရော ကတိပေးခဲ့၏။ ကုရှောင်ရှမ်း သိပ်တော့ မယုံချင်သော်လည်း အလုပ်သွားဖို့ လိုသေးတာကြောင့် ထွက်လာခဲ့လိုက်တော့သည်။

 

အိမ်ထဲတွင် အတော်ကြာအောင် ထိုင်နေခဲ့ပြီးနောက် ရန်ကျစ် မငြိမ်မသက်ဖြစ်လာလေချေပြီ။ အချိန်ပိုင်းသန့်ရှင်းရေးသမား ရောက်လာချိန်တွင် ပို၍ပင် ဆိုးလာခဲ့၏။ သန့်ရှင်းရေးသမားသည် အိမ်အား သပ်သပ်ရပ်ရပ် ရှင်းလင်းနေစဥ် ရန်ကျစ်ပိုလို့ပင် နေရထိုင်ရ မသက်မသာဖြစ်လာတော့သည်။ ထို့ကြောင့် "အိမ်ထဲမှာ ခွေးရှိနေရင် အန်တီသန့်ရှင်းရေးလုပ်ရတာ ခက်နေလိမ့်မယ်"ဟူသည့် အကြောင်းပြချက်ဖြင့် ဟားကျု့အား ခေါ်ကာ အပြင်သို့ လစ်ထွက်လာခဲ့လိုက်၏။

 

သူ လမ်းတစ်လျှောက် လျှောက်လာရင်း စိုးရိမ်ပူပန်မှုတစ်ခုအား ခံစားနေမိသည်။ ဒါသည်သူ့အတွက် အတွေ့အကြုံသစ်တစ်ခုပင်။ သူဘာကိုမှ ဂရုမစိုက်တတ်ဘူးဟု ထင်ရနိုင်သော်လည်း တကယ်တော့ သူ့တွင်လည်း စိတ်ထိခိုက်ရသည့် အခိုက်အတန့်လေးများရှိ၏။ ဒါပေသည့် ထိုအခိုက်အတန့်များ အားလုံးသည် လေဆင်နှာမောင်းလိုပင် မြန်မြန်ဆန်ဆန်နှင့် ပြင်းထန်စွာ ဝင်ရောက်လာခဲ့ပြီး ထိုအတိုင်းလေးသာ ငြိမ်သက်စွာ ပြန်ထွက်သွားတတ်သလို သူသည်လည်း ထိုဒုက္ခများအား ခဏချင်းပင် မေ့ပျောက်သွားတတ်ပေသည်။ ယခုမှာတော့ သူ့ခံစားချက်များသည် နွေဦးရာသီ၌ ရွာသောမိုးကဲ့သို့ပင် မပြင်းထန်သော်လည်း ကာလရှည်ကြာစွာ သူ့စိတ်ထဲတွင် အဆက်ပြတ် တုန်ခါနေတော့၏။

 

သူ့ကိုယ်ထဲတွင် နွေဦးမိုးလေးများ ဖြိုင်ဖြိုင်သည်းနေသော်လည်း အပြင်မှာတော့ နွေရာသီ အပူမီးလိုပင်။ ဆယ့်ငါးမိနစ်လောက် လမ်းလျှောက်ပြီးနောက် ရန်ကျစ်၏နဖူးတွင် ချွေးများ ရွှဲလာသလို ခွေးလေးသည်လည်း လျှာတန်းလန်းဖြင့် အော်ဟစ်နေတော့၏။ ရန်ကျစ် ဟားကျု့အား အဲကွန်းရှိရာနေရာသို့ ခေါ်လာချင်ပေမယ့် သူ့အိတ်ကပ်သည် ဗလာနတ္တိဖြစ်နေလေသည်။ ထို့နောက် သူ့တွင်ပိုက်ဆံမရှိလျှင် ကုမိသားစု နာမည်အောက်ရှိ ဘယ်နေရာကိုမဆို သွားလို့ရတယ်ဟူသည့် စီအီးအိုကြီးကု၏စကားအား သတိရလိုက်ကာ ရန်ကျစ် ဟားကျု့အား လမ်းကြားထဲရှိ စားသောက်ဆိုင်တစ်ဆိုင်သို့ ခေါ်သွားလိုက်တော့၏။

 

ထိုဆိုင်သည် အိမ်အနီးနားရှိ တစ်ခုတည်းသော အိမ်မွေးတိရစ္ဆာန်များပါ ခေါ်ဆောင်လို့ရသည့် စားသောက်ဆိုင် ဖြစ်သဖြင့် သူတို့၏အိမ်မွေးတိရစ္ဆာန်များကိုသာ ခေါ်လာခဲ့သည့် ဧည့်သည်များစွာ ရှိခဲ့သည်။ ရန်ကျစ်သည်လည်း ပုံမှန်ဧည့်သည်ဖြစ်တာကြောင့် မန်နေဂျာ သူ့အားမှတ်မိကာ နေရာချပေးလာ၏။ ဟားကျု့ကို ပိုက်ထားရင်း ရန်ကျစ်သူ့အား..."စိတ်မရှိပါနဲ့ ဒီတစ်ခါတော့ ဘေလ်ကို အကြွေးကဒ်နဲ့ အရင်ဆုံး ရှင်းပါ့မယ်"  

 

မန်နေဂျာ သူ့အားပြုံးပြကာ စိတ်မပူဖို့ပြောရင်း ဟားကျု့အား pet zoneသို့ ခေါ်သွားလေသည်။ ရန်ကျစ် စားစရာတွေ အများကြီးမှာဖို့ ရှက်လွန်းတာကြောင့် ကော်ဖီတစ်ခွက်သာ မှာယူခဲ့၏။ ထို့နောက် သူ ဟားကျု့နှစ်သက်သော ခွေးများအတွက် အထူးပြုလုပ်ထားသည့် သကြားနည်း လက်လုပ်ရေခဲမုန့်အား မှာပေးလိုက်သည်။ သူ ကော်ဖီထိုင်သောက်နေရင်း ရေခဲမုန့်အား တစိုက်မတ်မတ် လျက်နေသည့် သူ့ခွေးဟားကျု့အား ထိုင်ကြည့်လိုက်၏။

 

'တောက်စ် ဟားကျု့မုန့်က ငါ့ဟာ ထက်တောင် စျေးကြီးသေးတယ်!'

 

ကော်ဖီအနည်းငယ် မော့ပြီးနောက် ရန်ကျစ် ရုတ်တရက် သူ့နာမည်ခေါ်သံအား ကြားလိုက်ရသည်။

 

"သခင်လေးယွီ?"

 

ထိုအသံသည်...အရမ်းရင်းနှီးလွန်းနေတာကြောင့် ရန်ကျစ် သိချင်စိတ်များဖြင့် အသံလာရာဘက်သို့ လှည့်ကြည့်လိုက်လျှင် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် ယောကျာ်းတစ်ယောက် သူ့အား ငြိမ်သက်စွာ ကြည့်နေသည်ကို တွေ့လိုက်ရ၏။ သူတွန့်ဆုတ်စွာဖြင့်..."မင်းက...ဟယ်ကျွင်း?"

 

ရန်ကျစ် သူ့အား မှတ်မိနေတာကြောင့် ဟယ်ကျွင်း အနည်းငယ် အံ့သြမိသွားတော့သည်။ သူ့ မျက်နှာပေါ်တွင် မသိမသာ ရွှင်မြူးသွားသည့် အရိပ်ယောင်ပေါ်လာကာ-"ဟုတ်တယ် ကျွန်တော်ပါ ကျွန်တော့်ကို မှတ်မိနေသေးတာ မယုံနိုင်ဘူး"

 

ရန်ကျစ် သူ ဟယ်ကျွင်းအပေါ် အနည်းငယ် ရန်ငြိုးထားနေသည်ဟု ခံစားမိလိုက်သော်လည်း ဆုံးမသွန်သင်မှုများဖြင့် ကြီးပျင်းလာသည့် လူကြီးလူကောင်း တစ်ယောက်ပီပီ သူပြုံးကာမတ်တပ်ထရပ်လိုက်ရင်း..."အရင်တစ်ခေါက်က မမှတ်မိခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ တကယ်တော့ မှတ်မိတယ် ဘယ်တုန်းကလဲ ဆိုတာကိုပဲ ပြန်စဥ်းစားမရခဲ့တာ"

 

 

သူတို့ ဖုန်းပြောခဲ့စဥ် ရန်ကျစ် ဟယ်ကျွင်းအား သေချာပေါက် လူပေါ်ကြော့ဟု ထင်ထားခဲ့၏။ သူ့အားလက်တွေ့ မြင်လိုက်ရချိန်မှာတော့ အနည်းငယ် လူပေါ်ကြော့စတိုလ် ဖြစ်နေသော်လည်း တစ်ဖက်လူကိုတော့ မထိခိုက်စေခဲ့ပါ။ သူ့အတွက်တော့ ဟယ်ကျွင်းသည် အနုပညာရှင်တစ်ဦးလိုပင်။ ပိတ်အပြည့်နှင့် အဝတ်အစားအား ဝတ်ဆင်ထားကာ ဆံပင်အရှည်ကြိုက်တတ်သည့် ယောကျာ်းတစ်ဦးမှန်း သိသာထင်ရှားနေပြီး ဆေးဖောက်ဆိုးထားသည့် ဆံပင်ရှည်များအား အနည်းငယ် လိမ်ကောက်ထား၍ ကြော့ရှင်းသည့် လည်တိုင်ကိုလည်း အသားပေးဖော်ထားသေး၏။ သူ့အား သေချာကြည့်လိုက်စဥ် သူ့မျက်နှာသည် သွယ်လျနေကာ အနည်းငယ် ချောင်ကျနေသလိုပင် ခန္ဓာကိုယ်သည်လည်း ပိန်ပါးနေပြီး သူ့လုပ်ရပ်တိုင်းသည် ဆွဲဆောင်မှုရှိနေေလေသည်။

 

ပုံမှန်ဆိုလျှင်တော့ ရန်ကျစ် ယောကျာ်းတစ်ယောက်အား ထိုလောက်ထိ ခရေစေ့တွင်းကျ အကဲမခတ်တတ်ပေ။ သို့သော် ဒီနေ့ကတော့ ခြွင်းချက်ပင်။ သူ ဟယ်ကျွင်းအား မှန်ဘီလူးဖြင့် ချဲ့ကြည့်နေသလို လေ့လာနေတာကြောင့် ဟယ်ကျွင်း အနည်းငယ် ထူးဆန်းနေသလို ခံစားလိုက်ရကာ ပြုံး၍မေးခွန်းထုတ်လာခဲ့၏။

 

"ဘာလို့ ကျွန်တော့်ကို စိုက်ကြည့်နေတာလဲ?"

 

ရန်ကျစ် နင်သွားကာ-"မဟုတ်..မဟုတ်ပါဘူး။ ငါ ဆံပင်အရှည်နဲ့ ယောကျာ်းလေးကို မြင်ရခဲလို့ပါ"

 

ဟယ်ကျွင်း ရယ်လိုက်မိ၏။ သူ၏မျက်လုံးများသည် ပို၍ရှည်သွယ်သွယ် ဖြစ်သွားသလိုပင်။

 

"အိုး ဒါဆိုလည်း ကြာကြာလေး ကြည့်ပေးပါ"

 

ရန်ကျစ် အနည်းငယ် ရှက်ရွံ့သွားတော့သည်။