Ch 13
Viewers 283

13

 

သူတို့နှစ်ယောက် ထိုင်ခုံတွင် ထိုင်ပြီးပြီးချင်းပဲ ရန်ကျစ်က မအောင့်အီးနိုင်တော့ပဲ စတင် မေးမြန်းတော့၏။

 

"မင်း ကုရှောင်ရှမ်းနဲ့ သိတာ ဘယ်လောက်ကြာပြီလဲ"

 

ဟယ်ကျွင်း နှုတ်ခမ်းများ ကွေးတက်သွားမိသည်။

"ကျွန်တော် သူနဲ့ သိတာ လအနည်းငယ်ပဲ ရှိသေးတယ်။ ကျိချန်းအိမ်တော် မှာ လက်ဖက်ရည်ဝိုင်းအတွက် ပညာရှင်အနေနဲ့ သွားတုန်းက သူနဲ့တွေ့တာလေ။ သူက ကျွန်တော့်ကို ကောင်းကောင်းဆက်ဆံ...... "

 

'မင်း ကို ဂျွန်လကြီးမှာ လည်စည်းပဝါတောင် ဝယ်ပေးတာ၊ မင်းအပေါ်ကောင်းတာ သေချာတာပေါ့'

 

"ငါက မင်းတို့နှစ်ယောက် သိတာ ကြာပြီလို့တောင် ထင်နေတာ"

 

ရန်ကျစ် နောက်တစ်ခွန်း ထပ်မံကြွားဝါလိုက်ပြန်သည်။

 

"ငါတို့က ငယ်ငယ်တည်းက ခင်လာတာလေ"

 

ဟယ်ကျွင်း မျက်နှာတွင် အားကျသည့်အရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။

 

"ကံကောင်းလိုက်တာ၊ မင်းတို့ ငယ်ငယ်ကတည်းက ခင်လာတာဆိုတော့၊ သူဘာတွေ စဥ်းစားနေလဲ မင်းကောင်းကောင်း သိမှာပဲ။ ကျွန်တော့်လို့ မဟုတ်ဘူး။ ကျွန်တော်တော့ သူဘာတွေ စဥ်းစားနေလဲ နားကို မလည်နိုင်ဘူးလေ။ ဒါကြောင့်ပဲ ဘာမှ မဟုတ်တာလေးတွေကို စိတ်ပူနေမိတာ"

 

ရန်ကျစ် အနည်းငယ် အံ့သြသွားမိပြီး

 

"မဟုတ်ပါဘူး။ ကျွန်တော်လည်း သူ့ဘာတွေးနေလဲ နည်းနည်းမှ နားမလည်ဘူး"

 

ဒီအဖြေက နည်းနည်း ကသိကအောက်နိုင်ပေမယ့် ဟယ်ကျွင်းကတော့ ပြုံးနေလိုက်ကာ ရန်ကျစ် လက်ထဲက ခွက်ကို သူ့ခွက်နဲ့ "ထပ်" ကနေ တိုက်လိုက်၏။

 

"ကောင်းလိုက်တာ၊ အခုဆို ငါတို့ ပြောစရာ ခေါင်းစဥ်တစ်ခုရပြီ"

 

စကားတပြောပြောဖြင့် အချိန်ကုန်လာသည့်နောက်တွင် ရန်ကျစ်သည် သူ့ရှေ့ရှိ ဟယ်ကျွင်းက "ရည်းစားလုဘက်" ဆိုသည်ကိုပင် မေ့လျော့သွားကာ စိတ်ထဲရှိသမျှ ပွင့်ပွင့်လင်းလင်း ပြောဆိုနေတော့သည်။ ဟယ်ကျွင်းက ချောမောသူတစ်ယောက် မဟုတ်သော်လည်း သူ့ဆွဲဆောင်မှုနှင့်သူ ရှိပြီး လူအများနှင့် အလွယ်တကူ စကားပြောဆိုနိုင်သည့် စကားပြောစွမ်းရည်လည်း ရှိလေသည်။ ရန်ကျစ်သည် သတိမထားမိဘဲ ကုရှောင်ရှမ်းနှင့် ပတ်သတ်သည့် ကိစ္စကြီးငယ်တို့ကို သူကပင် ဦးဆောင် ပြောပြလိုက်သေးသည်။ အကြောင်းအရာများ တော်တော်ပြောလိုက်မိပြီးမှ ရုတ်တရက် သတိဝင်သွားရကား သူ့ပါးစပ်သူ တစ်ခုခုနှင့် ဆို့ထားချင်မိတော့၏။

 

သူတို့ အချိန်အကြာကြီး စကားပြောလိုက်မိနေသည်မှာ Pet Zone တွင် ဗရုတ်ဗရက် မဖြစ်ခင်အထိပင်။ Pet Zone ဝန်ထမ်း ၏ အလွတ်တွင် ဟားကျု့က တစ်စုံတစ်ယောက်၏ ပူဒယ်လေး ကို ရန်ရှာကာ ကိုက်ဆွဲသွား၏။ ပူဒယ်လေး၏ အော်ဟစ်သံမှာ ကျယ်လောင်နေပြီ ဟက်စကီးကောင် ကိုက်ထားသည့် ကိုက်ရာမှလည်း သွေးများ အဆက်မပြတ်စီးကျနေသည်။ ဖြစ်ချင်တော့ ထိုသနားစရာ ပူဒယ်လေးက ဟယ်ကျွင်း၏ ခွေးငယ်လေး ဖြစ်နေခဲ့သည်။

 

(Poodle / ပူဒယ် - ဆံပင်အော်ကောက်နဲ့ ခွေးပုလေးတွေကို ပြောတာပါ)

 

နှစ်ဦးသား ပူဒယ်လေးကို ခေါ်ကာ တိဆေးခန်းသို့ အမြန်ပြေးကြရသည်။ စားသောက်ဆိုင် မန်နေဂျာကလည်း သူတို့နှင့် အတူလိုက်ခဲ့ကာ ဆေးကုသစရိတ်များ လိုက်လံရှင်းနေရင်းမှ တစ်ဖက်တွင်လည်း အဆက်မပြတ် တောင်းပန်နေသည်။ ဟယ်ကျွင်းကလည်း "ကိစ္စမရှိပါဘူး၊ ရပါတယ်" စသည့်ဖြင့် အပြန်အလှန် ပြောဆိုနေကြသဖြင့် ကြားထဲက ရန်ကျစ်ပင် မျက်နှာပူလာ ရလေသည်။

 

ခွေးပိုင်ရှင် ရန်ကျစ်လည်း အရှက်ရကာ  သူ့ခွေးကို သူ ဆူချင်သော်လည်း ဟားကျူ့၏ ဒေါသထွက်နေသည့် မျက်နှာအနေအထားကြောင့် မဆူရဲ ဖြစ်နေသည်။ ဟယ်ကျွင်းကပင် ရန်ကျစ်ကို နှစ်သိမ့်လိုက်သေးသည်။ "အဆင်ပြေပါတယ်။ ကျွန်တော့် အမှားလဲပါပါတယ်။ ကျွန်တော့်ခွေးအကြောင်း ကျွန်တော်သိတယ်။ ကောင်းကောင်း မသင်ထားမိတော့ စကားနားမထောင်ဘူး။ အပြင်ထွက်တိုင်း ခွေးကြီးတွေကို ရန်လုပ်နေကြ။ ဒါက ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ဒီလို မနာဘူးရင် သင်ခန်းစာရမှာ မဟုတ်ဘူး။"

 

ရန်ကျစ်၏ခွေးကသာ ပူဒယ်လေးကို သွေးထွက်သည်အထိ ဒဏ်ရာရစေခဲ့သော်လည်း မန်နေဂျာနှင့် ဟယ်ကျွင်းက ရန်ကျစ်အား ပြန်နှစ်သိမ့်နေကြရသည်။ ခံရသည့်ခွေး၏ ပိုင်ရှင်က သူ့ခွေးကို ကောင်းကောင်း မသင်ကြားပေးထားလို့  ရန်ကျစ်ကို အခက်တွေ့သွားစေသည် ဟူသော တောင်းပန်မှုကြောင့် ရန်ကျစ်သည် သူ့ကိုယ်သူ အမှန်တကယ် နစ်နာသူဟု ထင်လာမိသည်။ အမှန်တွင်တော့ ဒီလို သူ့အမှားကို ပေါ့လျော့ပေးခြင်းက သူ့အဆင့်အတန်းကြောင့်သာ ဖြစ်သည်။

 

ရန်ကျစ်သည် အမြဲတမ်း သူ့ဖခင်၏ လုံခြုံသော အရိပ်အောက်တွင်သာ နေခဲ့ရသည်။ ယခုပိုင်ဆိုင်ထားသော အရာအားလုံးသည် သူ့ဖခင်၏ကြိုးစားမှုကြောင့် ဖြစ်ပြီး သူနှင့် လုံးလုံး မသက်ဆိုင် ဆိုသည်ကိုတော့ ရန်ကျစ် နားလည်ထားသည်။ သူ့ဟာသူသာ ရှာစားရလျှင် ဆန်ပြုတ်ပင် နပ်မမှန်မည်ကို စိုးရိမ်မိသည်။

 

ဒီအမှန်တရားကို ရန်ကျစ် သေချာ သဘောပေါက်သော်လည်း ဝမ်းမနည်းခဲ့ဖူးပေ။ အရင်တုန်းက သူ ငွေမရှာနိုင်ပေမယ့် အခုလည်း ဒီအတိုင်းဆက်ဖြစ်နေမယ်လို့ မဆိုလိုပေ။  သူ ကုရှောင်ရှမ်းကို လိုက်ဖို့ ဆုံးဖြတ်လိုက်ကတည်းက သူ့ကိုယ်သူ သုံးသပ်ထားပြီးဖြစ်သည်။ သူက ကုရှောင်ရှမ်းနှင့် လုံးဝ မတန်ရေးချာ မတန်။

 

ကုရှောင်ရှမ်း အိမ်ပြန်ရောက်လာချိန်တွင် သူ့တိုက်ခန်း တစ်ခုလုံးက ဝမ်းနည်းမှုများဖြင့် အုံမှိုင်းနေသည်။ လူတစ်ယောက်နှင့် ခွေးတစ်ကောင်သည် စိတ်အားငယ်မှုများ ဖြင့် ရှိနေသည်ကို မြင်လိုက်ရ၏။ ဟားကျူ့က တစ်ယောက်ယောက် ရောက်လာသည်ကို သိလိုက်သည်နှင့် သူ့ခွေးအိမ်လေးထဲက ထွက်မလာတော့ဘဲ အိမ်လေးအတွင်းထဲထိ ဝင်ကာ ကုပ်ကုပ်လေး လုပ်နေ၏။

 

ကုရှောင်ရှမ်း ဧည့်ခန်းမှ ခွေးအိမ်နားအထိ လျှောက်လာပြီး ဟားကျူ့၏ပိုင်ရှင်အစစ် ဟု ထင်ရလောက်အောင် ကွက်တိ ခန့်မှန်းနိုင်ခဲ့သည်။

"ဟားကျူ့ ပြဿနာတစ်ခုခုရှာထားလား"

 

"ဟယ်ကျွင်းရဲ့ ခွေးကို ကိုက်လိုက်တယ်"

 

ကုရှောင်ရှမ်း အံ့အားသင့်သွားပြီး

"မင်း ဟယ်ကျွင်းနဲ့ သွားတွေ့ပြန်ပြီလား"

 

"ဒီနေရာမှာက ခွေးခေါ်သွားလို့ရတာ တစ်နေရာပဲ ရှိတယ်လေ။ ငါတို့မှာ ခွေးရှိတော့ မတော်တဆ ဆုံမိတာ ပုံမှန်ပါပဲ"

 

"ကိုယ့် စားသောက်ဆိုင်မှာလား"

 

ရန်ကျစ် ခေါင်းညိတ်ပြလိုက်သည်။

"ဆိုင်မန်နေဂျာက အရမ်းတော်တယ်။ သူက ခွေးအချင်းချင်းကိုက်တာအတွက် ဆက်တိုက် တောင်းပန်နေတာ၊ လျော်ကြေးလဲ ပေးလိုက်သေးတယ်။ ငါက မလိုဘူးလို့ ပြောပါတယ် ဒါက ငါ့အမှားလေ။ ငါက ပေးခဲ့သင့်တာပါ။"

 

ကုရှောင်ရှမ်း ရန်ကျစ် အပြောကြောင့် သဘောကျသွားပြီး "မင်းက ဆေးစရိတ်ရှင်းပေးမယ်ဆိုတော့ ဘယ်က ပိုက်ဆံရလာလို့လဲ။"

 

"အိပ်ရာဘေးက ဗီဒိုထဲမှာ ယွမ် ၃သောင်း ၄သောင်းလောက်ရှိသေးတယ် မဟုတ်လား"

 

ကုရှောင်ရှမ်း ရန်ကျစ် ဆံပင်လေးများကို ပုတ်ပေးလိုက်ရင်း "ကိုယ့်ကိုယ်ကိုယ် အပြင်လူလို့ သဘောမထားပါနဲ့ "

 

ဒီလို ရန်ကျစ်၏ဆံပင်လေးတွေကို ဆော့ကစားတာက ကုရှောင်ရှမ်းအတွက် ပထမဆုံးအကြိမ် မဟုတ်ပေ။ ငယ်ငယ်ကတည်းမှ ကြီးလာသည်အထိ ပါလာသည့် အကျင့်ဖြစ်သည်။ သို့သော် ကုရှောင်ရှမ်း ထိုသို့ မလုပ်သည်မှာ ကြာလေပြီ။ ခုမှ ပြန်အစပြုလာသည့် အကျင့်က ရန်ကျစ် နှလုံးသားလေးကို ရိုလာကိုစတာ စီးသလို ခုန်လှုပ်သွားစေတော့သည်။

 

သူ့ဆံပင်တွေကြား လက်တစ်ဖက်ဝင်ရောက် ဆော့ကစားနေချိန်တွင် အဲသည် အိပ်မက်ကို ပြန်တွေးလိုက် မိပြန်သည်။ ကုရှောင်ရှမ်း၏ နွေးထွေးခြောက်သွေ့နေသည့် လက်ဖဝါးက သားမွေးလေးလို နူးညံနေသည်။ အခုကော ကုရှောင်ရှမ်း၏လက်က ဒီအတိုင်းပဲလား ဆိုတာ အရမ်းသိချင်လာမိ၏။

 

ရန်ကျစ် ကုရှောင်ရှမ်းလက်ကို မထိရသေးခင်မှာပင် သူ့နားများက ပူလာပြီး ရဲရဲနီလာတော့သည်။

 

ကုရှောင်ရှမ်းက လမ်းလျှောက်ဝင်လာပြီး ရန်ကျစ်၏ခေါင်းကို မတော်တဆ ပွတ်မိခဲ့တာသာ ဖြစ်သည်။ အမှန်တော့ ကုရှောင်ရှမ်းက နံရံကပ်စင်ပေါ်မှ ပစ္စည်းတစ်ခုကို ယူရန် ရောက်လာခြင်းဖြစ်သော်လည်း ရန်ကျစ်၏ ပုံမှန်မဟုတ်သည့် ငြိမ်သက်နေမှုကြောင့် ဆိုဖာနားတွင် ရပ်လိုက်ကာ ရန်ကျစ် ဘာများဖြစ်သလဲ ကြည့်နေခဲ့သည်။ ရန်ကျစ်ကလည်း သူ့ကို ခေါင်းမော့ကာ စိုက်ကြည့်နေခဲ့၏။ အခန်းမီးရောင်က ကုရှောင်ရှမ်း၏ နောက်ကျောဘက်မှ ထိုးနေသဖြင့်  ရန်ကျစ် အမြင်တွင် ကုရှောင်ရှမ်း၏ အလင်းရောင်နောက်ခံ ဝိုးတဝါးပုံရိပ်က သူ့အိမ်မက်ထဲက အတိုင်းဖြစ်နေသည်။

 

ကုရှောင်ရှမ်း သူ့ လက်ပြန်ရုတ်လိုက်ချိန်တွင် ရန်ကျစ် အမူအယာကြောင့် လက်မှာ လေထဲတွင် တန်းလန်းဖြစ်နေ၏။ ရန်ကျစ် မျက်လုံးများက ထိုလက်ပေါ်သို့ ကျရောက်သွားသည်။ ကုရှောင်ရှမ်း လက်ဖဝါးရှိ လက္ခဏာလမ်းကြောင်းများကတောင် သူ့အိပ်မက်ထဲကအတိုင်း တူညီနေသည်ကို အံ့သြဖွယ် တွေ့ရှိလိုက်ရသည်။ သူ မယုံကြည်နိုင်ဘဲ ကုရှောင်ရှမ်းလက်ကို ကိုင်ကာ သူ့တို့ လက်ဖဝါးနှစ်ခု ပူးတွဲထားလိုက်မိသည်။ ဒီနွေးထွေးတဲ့ အထိအတွေ့ က တကယ့် အစစ်အမှန် အတိုင်းပဲ။

 

တစ်ခုတည်းသော မတူညီမှုက အိပ်မက်ထဲက ကုရှောင်ရှမ်း၏လက်သည် နူးညံနေပြီး လက်ရှိတွင်တော့ အလွန် မာကျောနေသည်။ ကုရှောင်ရှမ်း စကားပြောနိုင်မီ နှစ်စက္ကန့်လောက် ဆွံ့အနေ၏။

"မင်းဘာလုပ်နေတာလဲ"

 

ရန်ကျစ် အတွေးများထဲက ဆွဲထုတ်ခံလိုက်ရပြီး သူ့အိပ်မက်ထဲမှာ မဟုတ်ကြောင်း သဘောပေါက် သွားတော့သည်။  သူက ကုရှောင်ရှမ်း လက်ကို ကိုင်ထားတုန်း ဖြစ်ပြီး အလွန် ရှက်နေမိသည်။ ရှက်ရှက်ဖြင့် လက်ကို ဆက်ကိုင်ကာ နှစ်ခါလောက် လက်ဆွဲ နှုတ်ဆက်သလိုလုပ်ပြီး

"လက်ဆွဲ နှုတ်ဆက်ရအောင်၊ ငါတို့ သူငယ်ချင်းကောင်းတွေ လုပ်ကြမယ်လေ"

 

ရန်ကျစ် လုပ်နေကြ ရူးကြောင်ကြောင် အမူအယာများကို ကုရှောင်ရှမ်းတစ်ယောက် မှတ်သားလို့ပင် မနိုင်တော့ပေ။

 

ဒါကြောင့် ရန်ကျစ်လက် ကို လွှတ်လိုက်ပြီး

"ငါတော့ အရူးတွေနဲ့ သူငယ်ချင်း မလုပ်ဘူး"