ရှောင်ယွမ်သည် ၂၁ရာစုတွင်တက္ကသိုလ်
ကျောင်းသားတစ်ယောက် ဖြစ်ခဲ့သည်။
သာမန်ဘဝဖြင့် ကျောင်းတက်ရင်း
ဘဝကိုဖြတ်သန်းနေခဲ့သည်။
တစ်ရက် ညနေခင်းတွင် သူကျောင်းမှပြန်လာခဲ့၏။
သူ စက်ဘီးလေးထုတ်ကာ အပြင်ထွက်ပြီး မကြာမီ သကြားရုပ်လုပ်၍ရောင်းသော အဘိုးအိုနှင့် တွေ့လိုက်ရသည်။
အဘိုးအိုမှာ အလွန်တရာ အိုမင်းနေခဲ့သည်။ သူ၏ တုန်နေသော လက်ဖြင့်ပင်
လက်ရာမြောက်သော သကြားရုပ်များကို
ဖန်တီးနေသည်။ ရှောင်ယွမ်တစ်ယောက်
အဘိုးအို၏အနုပညာတွင် မြောဝင်သွားမိသည်။
သူ၏ သကြားရုပ်ဝယ်မည့် ကိစ္စကိုပင်မေ့ပြီး ထိုင်ကြည့်နေမိတော့သည်။ နောက်ဆုံး အဘိုးအိုက မေးလာမှသာ သတိပြန်ဝင်သွားသည်။
"မြေးလေး ဘယ်အရုပ်လိုချင်လို့လဲ...
အဘိုးအခုလုပ်ထားတဲ့ အရုပ်တွေထဲက
လိုချင်တာရှိလား...
တစ်ခြား အရုပ်တစ်ခု ထပ်လုပ်ပေးရမလား..."
"အာ...ဟုတ်ကဲ့...အဘိုး
အဘိုး အဆင်ပြေတဲ့ အရုပ်ပဲပေးပါ...
ကျွန်တော်က ဘာဖြစ်ဖြစ်အဆင်ပြေပါတယ်...
အဘိုးရဲ့ လက်ရာတွေက အနုပညာမြောက်လိုက်တာ... စားရမှာတောင် နှမျောတယ်...
တစ်ခု ဘယ်လောက်လဲ အဘိုး..."
အဘိုးအိုမှ ငွေပမာဏတစ်ခုအား ပြောလိုက်သည်။
ရှောင်ယွမ်တစ်ယောက် စဥ်းစားမနေဘဲ
သူ၏ ပိုက်ဆံအိတ်ထဲမှ ပါသမျှကို
ထုတ်ပေးလိုက်သည်။
"အဘိုး ယူလိုက်ပါ...
အဘိုးရဲ့ လက်ရာမြောက်တဲ့ အနုပညာကို ကြည့်ခွင့်ရတဲ့အတွက်ပေးတာပါ...
အဘိုးကိုမြင်ပြီး ကျွန်တော်အဘိုးကိုလည်း သတိရမိလို့ပါ...
ကျေးဇူးပြုပြီး ယူလိုက်ပါ..."
"ငါ့မြေးက ကြင်နာတတ်တဲ့လူငယ်လေးပဲ...
ကောင်းပြီ... ဒီအရုပ်လေးကို
အဘိုးကပေးလိုက်မယ်...
စိတ်ကောင်းစေတနာကောင်းအတွက် ဆုပဲ..."
အဘိုးအိုမှ ထူးဆန်းသော သကြားရုပ်လေးအား
ပေးလာသည်။ ရှောင်ယွမ်တစ်ယောက်
ထိုအရုပ်လေးအား အလွန် သဘောကျမိသည်။
အဘိုးအို သကြားရုပ်လုပ်နေစဥ်ကတည်းက ဤအရုပ်လေးအား ထူးထူးခြားခြား သဘောကျနေမိခဲ့ခြင်းပင်။ အချိန်အားကြည့်ပြီးနောက် မကြာမီ အဆောင်ပိတ်တော့မည်ဖြစ်၍ ရှောက်ယွမ် အဘိုးအိုအား နှုတ်ဆက်ကာ အမြန်ပြန်ရလေသည်။
"ကျေးဇူးပါ အဘိုး...
အိမ်ပြန်ရင် ဂရုစိုက်ပြန်ပါဗျ..."
တုန်ယင်နေသော အဘိုးအိုသည် နုပျိုသော အပြုံးတစ်ခုနှင့်အတူ ရှောင်ယွမ်အားကြည့်နေခဲ့သည်။
ထိုည၌ စာကြည့်ရင်း စာရေးခုံတွင်
ထောင်ထားသော သကြားရုပ်လေးအား
ကြည့်နေမိသည်။ စားရမည်အား အလွန်နှမျောမိသော်လည်း မစားလျှင် အရည်ပျော်သွားလိမ့်မည်။
ထို့ကြောင့် သကြားရုပ်လေးအား စားလိုက်တော့သည်။ သကြားရုပ်လေးမှာ တမူထူးခြားစွာ အလွန်အရသာရှိနေသည်။ အဘိုးအိုမှာ အနုပညာလက်ရာမြောက်ရုံသာမက သကြားရည်လုပ်ရာတွင်လည်း အလွန်တော်သည်ဟု တွေးနေမိသည်။
(၁)နာရီခန့် စာကြည့်ပြီးနောက် ရှောင်ယွမ် အိပ်ငိုက်လာခဲ့သည်။ ၁၀နာရီသာရှိသေးသော်လည်း အလွန်ပင်ပန်းနွမ်းနယ်လာသည်။ နေ့လည်မှ PE အတန်းချိန်ကြောင့်ဖြစ်နိုင်သည်ဟု တွေးကာ
ရှောင်ယွမ်က စောစောအိပ်ယာဝင်လိုက်တော့သည်။
ရှောင်ယွမ်တစ်ယောက် အိပ်ပျော်သွားပြီး များမကြာမီ အိပ်မက်ကဲ့သို့ နေရာတစ်ခုသို့ ရောက်ရှိသွားသည်။ ထိုနေရာတွင်
စီးဆင်းနေသော ချောင်းလေးတစ်ခုရှိသည်။
ချောင်း၏ အဆုံးနှင့်အစကို မမြင်နိုင်သော်လည်း ချောင်းရည်မှာ အလွန်ကြည်လင် သန့်ရှင်းနေ၏။
စမ်းချောင်းလေး၏ တစ်ဖက်တွင်
မြေကွက်လပ်တစ်ခုရှိပြီ အပင်ကြီးတစ်ပင် လည်းရှိသည်။ အခြားတစ်ဖက်တွင် ပျဥ်ဖြင့် ဆောက်လုပ်ထားသော အဆောက်အဦးတစ်ခု ရှိသည်။ ထူးခြားမှုတစ်ခုမှာ ထိုနေရာတွင် မည်သည့်အသံမျှ မကြားရချေ။ အလွန်တရာ တိတ်ဆိတ်ငြိမ်သက်နေပြီး စိတ်အေးချမ်းမှုအား ခံစားရသည်။
နံနက် ၇ နာရီတွင် ရှောင်ယွမ်၏ ဇီဝနာရီအရ အိပ်ယာနိုးလာခဲ့သည်။ ကျောင်းပိတ်ရက်ဖြစ်သော်လည်း စောစောထသည့်အကျင့်ကြောင့်
အိပ်ယာမှ ထလိုက်သည်။ သူ၏
သာယာသော နံနက်ခင်းမှာ ရေချိုးရန်
ရေချိုးခန်းထဲသို့ သွားသောအခါ
ရေပိုက်ပျက်နေကြောင်း သိလိုက်ရသည်။
"အာ...ဒုက္ခဘဲ...
မနေ့ညကလည်း ရေမချိုးလိုက်ရဘူး...
ခုချိန်ရေမချိုးရရင် ငါ့ကိုသာ
တစ်ယောက်ယောက် သယ်သွားလိုက်တော့..."
ရှောင်ယွမ်၏ စိတ်ထဲတွင် ရေချိုးချင်ကြောင်း ငြီးငြူမိလိုက်သော တစ်ခဏတွင် အဆောင်ခန်းထဲမှ ထူးခြားသောနေရာသို့ ချက်ချင်းရောက်သွားသည်။
"အားး... wtf
ဘာဖြစ်တာလဲ...ငါဘယ်ရောက်သွားတာလဲ..."
ရှောင်ယွမ် ဘေးပတ်လည်အားကြည့်ရင်
ယမန်ညမှ အိပ်မက်အား သတိရသွားသည်။
"ဒါ မနေ့ညက အိပ်မက်ထဲက နေရာမလား...
ငါဘယ်လိုလုပ် ဒီထဲရောက်သွားတာလဲ...
ဘာလဲ...ဝတ္ထုထဲက နေရာလွတ်ဆိုတာလား..."
ရှောင်ယွမ်တစ်ယောက် ထိတ်လန့်နေရာမှ နေရာလွတ်အကြောင်း တွေးမိသောအခါ စိတ်လှုပ်ရှားလာသည်။ စမ်းချောင်းလေးအား ငုံ့ကြည့်ကာ အဆောက်အဦးလေးထဲ ဝင်လိုက်သည်။
အဆောက်အဦးလေးမှာ သာမန်အိမ်လေးတစ်လုံးကဲ့သို့ပင်။ အိပ်ခန်းဟုထင်ရသော အခန်း ၁ခန်း၊ ဧည့်ခန်းနှင့် သိုလှောင်ခန်း ၁ခန်း ရှိသည်။ အိမ်လေးအား လှည့်ပတ်ကြည့်ပြီးနောက် စမ်းချောင်းပေါ်မှ တံတားလေးအားဖြတ်ကာ မြေကွက်လပ်ကိုသွားကြည့်လိုက်သည်။
"အင်း မြေအနေအထားအရ
စိုက်ပျိုးလို့ရမယ်ထင်တယ်...
ဝတ္ထုတွေထဲကလို စိုက်ပျိုးရင်
အပင်တွေတန်းပြီး ကြီးလာမှာလားပဲ..."
ရှောင်ယွမ်က နေရာလွတ်ထဲတွင်
သွားလို့နေရသည့် နေရာမှန်သမျှ
လျှောက်ပတ်၍ သွားကြည့်ခဲ့သည်။
အတွင်းနှင့်အပြင်ဘက် အချိန်ကွာခြားမှုအား မသိသောကြောင့် ယခုထွက်သင့်ပြီဟု တွေးလိုက်သည်။
"ကောင်းပြီ...ထွက်မယ်ကွာ..."
ရှောင်ယွမ်က နေရာလွတ်ထဲတွင်သာရှိနေသေးသည်။
"ဟမ်...
ထွက်မယ်လို့ အပြင်ထွက်မယ်ကွ..."
ရှောက်ယွမ် မျက်စိမှိတ်ကာ ကုန်းအော်လိုက်သည်။
သို့သော် ပြောင်းလဲမှုမရှိချေ။ နေရာလွတ်ထဲတွင်သာ ရှိနေသေးသည်။ ရှောင်ယွမ် အနည်းငယ် ထိတ်လန့်လာသည်။ ဤအစားအစာမရှိသော နေရာလွတ်ထဲတွင်သူပိတ်ပြီ နေရင်ဟု တွေးကာ စိုးရိမ်လာပြီး စိတ်ညစ်ညူးစွာ ထိုင်ချလိုက်သည်။
"သေစမ်းကွာ...အလိုလိုရောက်လာပြီး...
ဘယ်လို ပြန်ထွက်ရမယ်မှန်း မသိတော့ဘူး...
ငါ ရှောင်ယွမ် ထွက်ချင်ပြီကွာ..."
ဝုန်း...
သို့နှင့် ရှောင်ယွမ်တစ်ယောက်
အပြင်လောကသို့ ပြန်ရောက်သွားသည်။
"ဟမ် ဘယ်လိုထွက်နိုင်လိုက်တာလဲ...
Code ကဘာလဲ...
<ငါ ရှောင်ယွမ် ထွက်ချင်ပြီကွာ>လား..."
ရှောင်ယွမ် ခေါင်းကုတ်ရင်း
နာရီအားကြည့်လိုက်မိသည်။
နေရာလွတ်ထဲတွင် အချိန်အတော်ကြာ
နေခဲ့သော်လည်း အပြင်ဘက်တွင်
အချိန်ပြောင်းလဲမှုမရှိချေ။
သို့ဖြစ်၍ နေရာလွတ်မှာ အချိန်စီးဆင်းမှုနှင့် ကင်းလွတ်နေပုံရသည်။
ဘေးအခန်းသို့သွားကာ အကူညီတောင်း
ရေချိုးပြီးနောက် စားသောက်ဆိုင်သို့
အပြေးသွားလိုက်သည်။ ပူပူနွေးနွေး
ခေါက်ဆွဲ၂ပန်းကန်ဝယ်ပြီး ပြန်လာသည်။ ခေါက်ဆွဲ၁ပန်းကန််အား စားရင်း
နောက်တစ်ပန်းကန်အား နေရာလွတ်ထဲသို့ ထည့်ရန် ကြိုးစားကြည့်ခဲ့သည်။
စိတ်ထဲတွင် တွေးလိုက်သောအခါ
ရှေ့မှ ခေါက်ဆွဲပန်းကန်က ပျောက်သွားသည်။
ရှောင်ယွမ် နေရာလွတ်ထဲသို့ ဝင်ကြည့်လိုက်သောအခါ အိမ်ကလေး၏ ဧည့်ခန်းနှင့်တူသော အခန်းကျယ်၏ စားပွဲပေါ်တွင် ခေါက်ဆွဲပန်းကန်လေးက ရောက်နေသည်။
ရှောင်ယွမ် ပြန်ထွက်လာပြီးနောက်
အချိန်မှတ်ကာ နေ့စဥ်ဓူဝ ကိစ္စများအား
လုပ်ကိုင်နေခဲ့သည်။ ညအိပ်ချိန်ရောက်သောအခါနေရာလွတ်ထဲသို့ ထပ်မံဝင်ကြည့်ခဲ့သည်။
သူထင်ထားသကဲ့သို့ပင် ခေါက်ဆွဲပန်းကန်မှာ မနက်ကကဲ့သို့ပင် ပူနွေးနေသေးသည်။
"ဟားဟားဟား မိုက်ပြီကွာ...
ငါ ရှောင်ယွမ် နေရာလွတ်ပိုင်တဲ့
ဆရာကြီး ဖြစ်ပြီကွ..."