အခန်း (၂)
ရှောင်ယွမ်၏ပျော်ရွှင်မှုမှာ ကြာရှည်မခံလိုက်ပေ။ သူဖတ်ဖူးသော ဝတ္ထုများထဲမှ အတိုင်းဆိုလျှင် နေရာလွတ်ရပြီး မကြာမီ ကမ္ဘာပျက်ကပ်ရောက်ရှိလာတတ်သည်။ ကမ္ဘာပျက်ကပ်မတိုင်မှီ စွမ်းအားရရှိလာတာမျိုးဖြစ်နိုင်သည်ဟု တွေးလိုက်မိပြီး ထိတ်လန့်လာရသည်။
နေရာလွတ်ရှိသော်လည်း ရှောင်ယွမ်က သာမန်တက္ကသိုလ်ကျောင်းသားလေးဖြစ်၍ ငွေကြေးများစွာမရှိချေ။ ငယ်စဥ်ကတည်းက မိဘများ စွန့်ပစ်ခဲ့သောကြောင့် မိဘမဲ့ဂေဟာတွင် ကြီးပျင်းလာခဲ့ရသည်။ အဖွဲ့အစည်းမှ ထောက်ပံ့ကြေးအချို့နှင့် သူ၏အချိန်ပိုင်း အလုပ်မှ ငွေအချို့အပြင် ဆုပေးပွဲများမှ စုငွေများသာရှိသည်။
ငွေပမာဏမှာ မနည်းသလို မများပေ။
ကမ္ဘာပျက်ကပ် အတွက်ဆိုလျှင် လိုအပ်သည့်အရာများ ဝယ်ရန် ငွေကုန်ကြေးကျများနိုင်သည်။ သေချာချင့်ချိန်ပြီး ဝယ်မှသာ လောက်ငနိုင်မည်။ မိမိအတွက် တစ်ကိုယ်စာတော့ သေချာဝယ်၍ စုဆောင်းထားသင့်သည်။
ရှောင်ယွမ် သူ၏စုဆောင်းထားသော ငွေများကို တွက်ချက်၍ စာရင်းတွက်ရသည်။ ကမ္ဘာပျက်ကပ်သာလာမည်ဆိုလျှင် သေချာပေါက် အစားအစာလိုအပ်မည်။ သူ၏နေရာလွတ်မှာ စိုက်ပျိုးနိုင်သည့်အတွက် တစ်ချို့သောကုန်ကြမ်းအတွက်မှု အစေ့အဆန်များသာ လိုသည်။ ထိုအရာက သူ့အား ငွေကုန်သက်သာစေသည်။
အစားအစာ၏ အခြေခံလိုအပ်ချက်များဖြစ်သော ဆန်၊ဂျုံ၊ဆီ၊ဆား၊ငရုတ်၊ကြက်သွန်၊ရှာလကာရည်၊ခရုဆီတို့မှာ မဖြစ်မနေလိုအပ်သည်။ အသားများလည်း ဝယ်ယူစုဆောင်းရမည်။
နေ့စဥ်သုံး အဝတ်အထည် အချို့နှင့်
ဆောင်းတွင်းဝတ်အနွေးထည်များလည်း ကြိုတင်သိမ်းထားသင့်သည်။ ဆေးဝါးမှာလည်း မရှိမဖြစ်ပင်။ တွေးကြည့်ရင်းဖြင့် ရှောင်ယွမ်သည် သူ၏အချိန်အား ဆွဲဆန့်ချင်လာသည်။ ညသန်းခေါင်
ကျော်မှသာ အိပ်ပျော်သွားတော့သည်။
ကျောင်းပိတ်ရက် ၁ရက်ရှိသေး၍
လိုအပ်သည့်အရာများကို စာရင်းပြုစုထားလိုက်သည်။ နံနက်မိုးသောက်သောအခါ ယခင်အချိန်များ
ကဲ့သို့ အပျင်းတစ်မနေဘဲ ရှောင်ယွမ်ချက်ချင်း အိပ်ယာမှ ထလိုက်သည်။ နေရာလွတ်ထဲသို့ ဝင်ကြည့်ပြီး စမ်းရေတစ်ခွက်သောက်လိုက်သည်။
ယမန်နေ့က သောက်ခဲ့သော စမ်းရေတစ်ခွက်၏အကျိုးကျေးဇူးကြောင့်လား မသိပေ၊ ၄နာရီခန့်သာအိပ်ခဲ့ရသော်လည်း
ပင်ပန်းသည်ဟု မခံစားရချေ။
ယနေ့က စျေးဝယ်ထွက်ရမည့်နေ့ဖြစ်၍
ရေချိုးပြီးနောက် စက်ဘီးလေးနှင့်
စျေးသို့ထွက်လာခဲ့သည်။ ကုန်စုံစျေးသို့
ရောက်သောအခါ ခြင်းတောင်းကြီး
တစ်ခုအား အရင်ဝယ်ပြီး စက်ဘီးနောက်ခုံတွင် ကြိုးတုပ်ထားလိုက်သည်။ ခြင်းအပေါ်တွင် အဆောင်မှယူလာသော အဝတ်စဖြင့် အုပ်ထားလိုက်သည်။သို့မှသာ ခြင်းထဲသို့ထည့်ရင်း လူအလစ်တွင်
နေရာလွတ်ထဲသို့ ထည့်နိုင်လိမ့်မည်။
ဆန်နှင့်ဂျုံဝယ်ရန် ဆိုင်သို့အရင်ဦးစွာ သွားလိုက်သည်။ ဆန်နှင့်ဂျုံက တစ်အိတ်လျှင် ကျင်း၂၀ (10kg)ခန့်ရှိသည်။ ဆန်အိတ် ၃၀ နှင့်ဂျုံအိတ် ၂၀
အရင်ဝယ်လိုက်သည်။ ဆိုင်မှစာရေးလေးအား စျေးပတ်ဝယ်ပြီးလာယူမည်ဟု မှာထားခဲ့သည်။ ထို့နောက် ဆားနှင့်ဟင်းခတ်အမွှေးအကြိုင်ဝယ်ရန်
ထွက်လာခဲ့သည်။ ဆားသည် အသားများ ကြာရှည်ခံအောင် ဆားသိပ်ရာတွင် အလွန်အသုံးဝင်သည့်အတွက် ဆား များများဝယ်ရန် လိုအပ်သည်။
ဆား ကီလို ၁ထောင်ခန့်ဝယ်ခဲ့လိုက်သည်။ ယခုခေတ်တွင် ဆားစျေးမှာအလွန်သက်သာ၍ အသုံးလိုသလောက်ဝယ်ခဲ့လိုက်သည်။
အခြားဟင်းခတ်အမွှေးအကြိုင်များလည်း သင့်တော်သလို ဝယ်ပြီး ခြင်းထဲသို့ ထည့်ဟန်ပြုလိုက်သည်။ ဆားပမာဏ အလွန်များ၍ ရှောင်ယွီတစ်ယောက် စက်ဘီးလေးနေသည့်ပုံစံ
ဟန်ဆောင်ရသေးသည်။
လမ်းတွင် စိုက်ပျိုးရေးဆေးဆိုင်သို့ဝင်ပြီး မြင်ဖူးသမျှ အစေ့အဆန်မျိုးစုံအား
ဝယ်ယူလိုက်သည်။
ဆီဝယ်ရာတွင် မြေပဲဆီ၊နှမ်းဆီ၊နေကြာဆီ ၃မျိုးလုံးဝယ်ရမည်။ ဆီစျေးကြီးသည့်အတွက် ချင့်ချိန်တေရသည်။ ၁ပုံးလျှင် ၅ကီလိုပါသော မြေပဲဆီ ၅ပုံး၊ နှမ်းဆီ ၅ပုံးနှင့် နေကြာဆီ
၁၀ပုံးဝယ်ခဲ့လိုက်သည်။
အသားနှင့်ကြက်ဥများဝယ်ရန်လိုအပ်နေသေးသည်။
အမဲသား၊ဝက်သား၊ဆိတ်သား၊ကြက်သား၊ဘဲသား နှင့် ငါး၊ပုဇွန် တို့ကို အလျင်းသင့်သလိုသာ ဝယ်လိုက်သည်။ တစ်ခြင်းလျှင် ကြက်ဥ အလုံး၅၀ပါသော ခြင်း၁၀ခြင်းအား ကြိတ်မှိတ် ဝယ်လိုက်ရသည်။
စျေးမှလိုအပ်သည့်အရာများ စုံသလောက် ဖြစ်နေ၍ ဆန်ဆိုင်သို့ပြန်သွားလိုက်သည်။
စျေးထိပ်မှ အသီးဆိုင်ကြီးအားတွေ့သောအခါ မြင်မြင်သမျှ ဝယ်မိပြန်သည်။ အသီးလတ်လတ်ဆတ်ဆတ်များအား စားရဖို့ရန်မှ မလွယ်ကူလောက်ပေ။ ထို့ကြောင့် နေရာလွတ်ထဲတွင် သိမ်းထားသင့်သည်။
ဆေးနှင့်နေ့စဥ်အသုံးအဆောင်အချို့ဝယ်ရန်လိုအပ်နေသေးသည်။ ရှောင်ယွမ်၏လက်ထဲတွင် စုငွေ၏ တစ်ဝက်ခန့်သာ ကျန်တော့သည်။
အကိုက်အခဲပျောက်ဆေး၊ဖျားနာလျှင်သောက်သည့်ဆေး၊ငှက်ဖျားဆေး၊အစာအိမ်ဆေး၊ဝမ်းပိတ်ဆေး၊
အစရှိသဖြင့် ဆေးအမျိုးမျိုးအား ၁မျိုးလျှင် ၁၀ကဒ်စီဝယ်လိုက်သည်။ ပတ်တီး၊ဂွမ်းနှင့် ပလာစတာအနည်းငယ်လည်း ဝယ်ရသေးသည်။ ဆေးဝယ်ပြီးနောက် ငွေမှာ ၃ပုံ၁ပုံသာ ကျန်တော့သည်။
ဆောင်းတွင်းဝတ် လေဒဏ်ခံနိုင်သော
အနွေးထည်အချို့၊ဂွမ်းစောင်အထူ ၂ထည်၊ ခြေအိတ်၊လက်အိတ်၊သိုးမွှေးခေါင်းစွပ် ၅ခု၊ နေ့စဥ်ဝတ်အင်္ကျီဘောင်းဘီ ၅စုံ၊အတွင်းခံ အချို့၊သဘက်စောင်များ အစရှိသဖြင့် ဝယ်ယူလိုက်သည်။ ကလေးချစ်တတ်သူပီသစွာ
ကလေးဝတ်ဂွမ်းကပ်လေးများအားမြင်သောအခါ မဝယ်ဘဲ မနေနိုင်ခဲ့ချေ။ အကယ်၍များ ကလေးတစ်ယောအား ကယ်တင်မိခဲ့လျှင်ဟု တွေးကာ နို့မှုန့်အချို့ပင် ဝယ်လိုက်သေးသည်။
ဂတ်စ်မီးဖိုတစ်ခုနှင့်ဂတ်စ်ဗူးအချို့၊ ဒယ်အိုးများ၊ ထမင်းပေါင်းအိုး၁ခု၊ ဓါးမကြီး၂ခု၊ ဓါးမျိုးစုံနှင့် ကပ်ကြေးများ၊ အိုးခွက် ပန်းကန်များလည်း
လိုအပ်နိုင်သည့်အတွက် ငွေအကုန်ခံလိုက်ရသည်။
အားလုံးဝယ်ပြီးနောက် ညနေစောင်းနေလေပြီ။ ရှောင်ယွီ အဆောင်သို့ပြန်သည့်လမ်းတွင် mini-marketအသေးလေးမှ ခေါက်ဆွဲခြောက်မျိုးစုံနှင့် အထားခံသည့် မုန့်များကို ကျန်သည့် ငွေလေးဖြင့် ဝယ်လိုက်တော့သည်။
အဆောင်သို့ပြန်ရောက်သောအခါ
ရှောင်ယွီသည်ခြေကုန်လက်ပန်းကျစွာဖြင့် ကိုယ်လက်မသန့်စင်နိုင်တော့ဘဲ အိပ်ပျော်သွားလေသည်။ တစ်နေကုန်ပင်ပန်းခဲ့ရ၍ စမ်းရေပင် မကယ်နိုင်တော့ချေ။ ရှောင်ယွီ၏အိပ်မက်ထဲတွင်
ဇွန်ဘီများအား ဝယ်ယူလာသော ဓါးမကြီးဖြင့် လိုက်ခုတ်နေခဲ့သည်။