အခန်း (၃)
နံနက်ခင်းတွင် ရေချိုးသန့်စင်ပြီးနောက်
နေရာလွတ်ထဲမှ စမ်းရေတစ်ခွက်
သောက်ကာ ယမန်နေ့က ခေါက်ဆွဲ
ပန်းကန်အားထုတ် စားလိုက်သည်။
ယနေ့က ကျောင်းဖွင့်ရက်ဖြစ်သောကြောင့် ဖုန်းစစ်ကြည့်လိုက်ရာ ယခင်ပြိုင်ပွဲမှ
ရထားသော ဆုငွေအား ကျောင်းမှ
လွှဲထားသည်ကိုတွေ့လိုက်ရသည်။
ယွမ်၁သောင်း ဖြစ်ရာ ဆုကြေးငွေမှာ
များသည်ဟု ဆို၍ရသည်။
ယခုအချိန်အနည်းငယ် စောနေသေး၍
ကျောင်းမသွားမှီ တစ်ပတ်ရစ်စျေးသို့
အရင်ဦးစွာသွားလိုက်သည်။
တစ်ပတ်ရစ်စျေးတွင် နေရောင်ခြည်နှင့်
အားသွင်းရသော ဓါတ်မီးအချို့၊ ဆိုလာပြားများ၊ နေရောင်ခြည်စွမ်းအင်သုံး မီးစက်အချို့ကို စျေးသက်သာစွာ ဝယ်ယူခဲ့သည်။
နေ့စဥ်ချက်ပြုတ်စားနိုင်ရန်မှာ
မသေချာသောကြောင့် အလွယ်စားနိုင်သည့် ချက်ပြုတ်ပြီးသား မုန့်အချို့လည်း
ဝယ်ထားသင့်ကြောင်း သူတွေးမိသွားသည်။ ကြက်သားပေါက်စီ အလုံး၅၀၊ ဝက်သား ပေါက်စီ အလုံး ၁၀၀၊ဘမ်းမုန့် အခု၅၀၊ ချိုချဥ်အထုပ်အချို့နှင့် အခြားအသင့် စားသုံးနိုင်သည့် အစာပြေမုန့်များ ဝယ်ယူလိုက်သည်။ လမ်းတွင် နွားနို့ဆိုင်အား တွေ့သောအခါ နွားနို့အချို့ကိုလည်း ဝယ်ယူစုဆောင်းလိုက်သေးသည်။
ရှောင်ယွမ်၏ လက်ထဲတွင် ယွမ်၂၀၀၀ခန့်သာ ကျန်တော့သည်။ အကယ်၍များ
သူထင်ထားသကဲ့သို့ ကမ္ဘာပျက်ကပ်မှာ
တစ်ပတ်အတွင်းမလာခဲ့လျှင် နေ့ရက်များအား နွားနို့နှင့်ပေါက်စီစားပြီးသာ ဖြတ်သန်းရပေတော့မည်။
"အင်း... ကမ္ဘာပျက်ကပ်တကယ်ဖြစ်
မလာရင်လည်းကောင်းပါတယ်လေ...
ဒီတိုင်းဆိုရင် စမ်းရေကနေ ဆေးဖော်ပြီး
ဆေးဆရာကြီး ရှောင်ယွမ်
လုပ်စားရတော့မှာပေါ့..."
စမ်းရေ၏အကျိုးသက်ရောက်မှာမှာ
အလွန်သိသာသည်။ ပင်ပန်းနွမ်းနွယ်မှုများ သိသိသာသာပျောက်ဆုံးစေပြီး
နေလောင်ထားသော သူ၏အသားအရည်များမှာ လျင်မြန်စွာ သက်သာကြောင်း သတိထားမိသည်။
"ဆေးဆရာ ဒါမှမဟုတ်
အလှပရေးရာဆရာအဖြစ် skincareတွေ ထုတ်ရောင်းရရင်လည်း မဆိုးဘူးဘဲဟ...
အင်း...ဒီလောင်ဇီတော့ ချမ်းသာတော့မယ်..."
ရှောင်ယွီသည် စက်ဘီးစီးရင်း သီချင်း
တအေးအေးနှင့် ကျောင်းသို့သွားသည်။
ညနေအဆောင်သို့ အပြန်လမ်းတွင်
သကြားရုပ်လုပ်သည့် အဘိုးကြီးနှင့်
ထပ်မံတွေ့ဆုံပြန်သည်။
...တိုက်ဆိုင်လိုက်တာ ပေကျင်းမြို့
အကျယ်ကြီးကို အဘိုးနဲ့၂ခါတောင်တွေ့တယ်
ဆိုတော့ ဒါကံကြမ္မာပဲ
အဘိုးအိုကို ကျန်တဲ့ပိုက်ဆံလေးလှူပြီး
ကမ္ဘာပျက်ကပ်အကြောင်း သတိပေးဦးမှပါလေ
ငါ့ကို ရူးနေတယ်လို့များ ထင်မလားမသိဘူး...
"အဘိုး ထပ်တွေ့ပြန်ပြီ...
သကြားရုပ်တွေရော မတွေ့ပါ့လား
အကုန်ရောင်းထွက်သွားပြီးလားဗျ.."
အဘိုးအိုမှာ မည်သည့်စကားမှမဆိုဘဲ
ပြုံး၍သာ ခေါင်းငြိမ့်ပြသည်။
"အဘိုး ကျွန်တော် သတိပေးချင်တာလေး
ရှိတယ်ဗျ... ကျွန်တော့်ကိုလည်း
သူငယ်ချင်းတစ်ယောက်ကပြောတာ...
ကမ္ဘာပျက်ကပ်လာနိုင်တယ်တဲ့...
ကမ္ဘာပျက်ကပ်ကိုသိလား အဘိုး
ဇွန်ဘီတွေနဲ့လေ..အာ..
လူတွေက လူတွေကိုလိုက်ကိုက်ကြာတာ
အဘိုးရာ..လိုက်ကိုက်တဲ့လူတွေက ဇွန်ဘီပေါ့...
အဲဒါမျိုး ဖြစ်နိုင်တယ်တဲ့...
အဲဒီအချိန်ကျရင် စားဖို့သောက်ဖို့
ခက်ခဲသွားနိုင်တယ်...ဒါကြောင့်
အဘိုး အခုကတည်းက ဝယ်စုထားနော်...
ဒီမှာဗျ ယွမ်၂၀၀၀ ကျွန်တော်ကံစမ်းမဲပေါက်တာ
အဘိုးယူရမယ်နော်...
ပိုပြီးကံကောင်းချင်ရင် ကံစမ်းမဲပေါက်တာနဲ့
လှူရတယ်လို့ ကြားဖူးတယ် အဘိုးရဲ့...
အဘိုး ဒီယွမ်၂၀၀၀ယူပြီး အိမ်မှာ
အစားအစာတချို့ စုထားရမယ်နော်..."
ရှောင်ယွီက အဘိုးအိုလက်ထဲသို့
ယွမ်၂ထောင်ထည့်ပြီး စက်ဘီးပေါ်
အမြန်တက်ကာ နင်းသွားသည်။
"အဘိုး အိမ်အပြန်ဂရုစိုက်ပါ
ကျွန်တော်ပြောတဲ့အတိုင်း ဝယ်သိမ်းထားနော်
သွားပြီဗျ..."
အဆောင်သို့ပြန်ရောက်သောအခါ
ညစာကို ခေါက်ဆွဲသာစားလိုက်သည်။
ယခုလက်ထဲတွင် ပိုက်ဆံမရှိတော့သဖြင့်
မနက်ဖြန်၌ အချိန်ပိုင်းအလုပ်အသစ်
ထပ်မံရှာရပေဦးမည်။ ကမ္ဘာပျက်ကပ်မှာ ရုတ်တရက်ရောက်လာနိုင်၍ ဘေး ပတ်ဝန်းကျင်အားလည်း သတိထားရသေးသည်။
"ဟင်း...
လူသားအားလုံးကိုကယ်တင်ချင်ပါတယ်လေ..."
ည၁၀နာရီထိုးတွင် ရှောင်ယွီ အိပ်ယာဝင်သည်။ အတွေးများနှင့်အတူ မျက်လုံးမှိတ်ကျသွားသည်။
ထို့နောက်...
ရှောင်ယွမ် ပြန်၍ နိုးလာသောအခါ
သူ၏ပထမဆုံးမြင်ကွင်းမှာ အပေါက်များနှင့် အမိုးဖြစ်သည်။ သူ ထိတ်လန့်သွားသော်လည်း အားတင်းပြီး ဘေးသို့လှည့်ကြည့်လိုက်ရာရေအိုးတစ်လုံး၊ ယိုင်နဲ့နဲ့စားပွဲခုံတစ်ခု၊ အဝတ်ဘီဒိုဟု ထင်ရသော ဘီဒိုအဟောင်းတစ်လုံးအားတွေ့လိုက်ရသည်။ သူ၏လည်ချောင်းမှာ အလွန်ခြောက်ကပ်နေပြီ ခေါင်းမှာလည်း ချာချာလည်နေသည်။
ငါ...ဘယ်ရောက်နေတာလဲ...
ညက အဆောင်ကကုတင်ပေါ်မှာ အိပ်တာပါ...
ဘယ်လိုဖြစ်ပြီး အိမ်အစုတ်လေးကို
ရောက်နေရတာလဲ...
ဘယ်သူမှလည်း မတွေ့ဘူး ရေဆာလိုက်တာ...
ရှောင်ယွမ် အတွေးပေါင်းစုံနှင့် အားတင်းကာ ထသော်လည်း မထနိုင်ချေ။ သူ၏ခန္ဓာကိုယ်က အလွန်တရာ အားနည်းလွန်းနေ၏။ အိမ်ပိုင်ရှင် ရောက်လာမည့် အချိန်ကိုသာ စောင့်ရတော့မည့် ပုံပင်။
ဟင်း...စမ်းရေသောက်ထားတာပဲမလား...
ဘာလို့ ဒီလောက် အားနည်းနေရတာလဲ...
ထမင်း ၇ရက် မစားထားရတဲ့အတိုင်းပဲ...