Chapter 11
Viewers 4k

🪹Chapter 11



လင်းမာကျစ်က ယိုင်နဲ့နဲ့ဖြင့် လင်းကျားရွာ၏ဘိုးဘေးအိမ်သို့ဝင်နိုင်ရန် အတော်လေးကြိုးစားလိုက်ရသည်။ လမ်းတစ်လျှောက်တွင် သူကမိတ်ဆွေတော်တော်များများနှင့်တွေ့ခဲ့သည်။ ထိုလူများက သူ့အား လက်ညှိုးထိုး၍ လှောင်ပြောင်ရယ်မောကြမည်ကို တွေးမိသောအခါ လင်းမာကျစ်ဒေါသထွက်လာတော့သည်။


 ချင်းဟယ်မြို့တွင် သူကပထမဆုံးယွမ်တစ်သောင်းအိမ်ပိုင်ထားသည့်သူဖြစ်ကြောင်း ဤဆယ်မိုင်ကိုးရွာမှသူများက မသိကြဘဲ မျက်နှာသာမပေးဘဲ နေရဲကြသနည်း။ ဒီနေ့ကဲ့သို့ ခေါင်းနှင့်မျက်နှာကိုအရိုက်ခံခဲ့ရသည်က သူ့ဘဝတွင် ပထမဆုံးဖြစ်သည်။ ဒီနေ့ ထိုမျက်လုံးဖြူဝံပုလွေလေးသာ သူ့ကိုဘာကြောင့်မှန်းမပြောနိုင်ပါက သူ့အား လင်းကျားရွာတွင်ဆက်မနေနိုင်အောင် သူလုပ်ပစ်မည်။ 


လင်းမာကျစ်က ဘိုး‌ဘေးအိမ်အပြင်ဘက်တွင် အချိန်အတော်ကြာအောင်အော်ဟစ်လိုက်သည်။ သူ့အတွက် မည်သူမှ တံခါးဖွင့်ပေးမလာသည်ကိုတွေ့သောအခါ သူကတံခါးကိုအကြိမ်အနည်းငယ်ကန်၍ သစ်သားတုတ်ထူထူကိုကောက်ပြီး ထော့နဲ့ထော့နဲ့ဖြင့် အိမ်တစ်ဝိုက်အားဒေါသတကြီးရှာဖွေသော်လည်း လင်းယွမ်ကိုရှာမတွေ့ချေ။ ဒေါသပို၍ပြင်းထန်လာသောကြောင့် သူကထိုဒေါသများကိုပုံချရန် လင်းယွမ်၏အိမ်မှ ပစ္စည်းများကို ရိုက်ခွဲလေတော့သည်။ 


သနားစရာလင်းယွမ်၏အိမ်တွင် ပရိဘောဂအများကြီးမရှိဘဲ တန်ဖိုးရှိသည့်အရာများအားလုံးကို တောင်ကြားထဲတွင် ထည့်ထားခဲ့သည်။ သူကလင်းယွမ်၏အိုးကိုခွဲပစ်တော့မည့်အချိန်တွင် ဝမ်ထောင်းရောက်လာလေသည်။ လင်းမာကျစ်ကလက်ထဲတွင် လက်ထဲတွင်အုတ်ခဲကိုကိုင်ထားပြီး လင်းယွမ်၏အိုးထား ရိုက်ခွဲရန်ပြင်နေကာ ခြေထောက်နားတွင် ကွဲနေပြီးသားပန်းကန်းတစ်ချပ်ရှိနေသည်ကိုတွေ့လိုက်ရသည်။ 


“ခင်ဗျား ဘာသောက်လုပ်တွေလုပ်နေတာလဲ...” ဝမ်ထောင်းက ဒေါသတကြီးဖြင့်ဟိန်းဟောက်လိုက်၏။ 


လင်းမာကျစ်၏လက်ရပ်သွားပြီး ဝမ်ထောင်းက တစ်ယောက်တည်းမှန်းတွေ့လိုက်သောအခါ သူကလက်ထဲမှအုတ်ခဲကို ဝှေ့ယမ်း၍ ပြုံးရင်းခြိမ်းခြောက်လာသည်။ “ကိုယ့်ကိစ္စကိုယ်အာရုံစိုက်ဖို့ အကြံပေးချင်တယ်...မဟုတ်ရင် မင်းကိုပါရိုက်ပစ်မယ်...”


ဝမ်ထောင်းကဒေါသတကြီးဖြင့်ပြုံးလိုက်ပြီးအရှေ့သို့တိုးလာကာ လင်းမာကျစ်၏ကော်လံကိုဆွဲ၍ ပြောလိုက်သည်။ “ကျုပ်ကိုရိုက်မယ်တဲ့လား...ခင်ဗျားပဲကျုပ်ကိုရိုက်နိုင်မလား ကျုပ်ကပဲခင်ဗျားကိုရိုက်မလားကြည့်ကြတာပေါ့”


ဝမ်ထောင်းက စစ်တပ်ထဲသို့သူ့အဖေ၏ထည့်ခြင်းကိုခံခဲ့ရပြီး ဆိုးဝါးသည့်လေ့ကျင့်ရေးများကို လုပ်ခဲ့ရသည်။ လင်းမာကျစ်တစ်ယောက်တည်းကိုမပြောနှင့်၊ လင်းမာကျစ်ဆယ်ယောက်ဆိုလျှင်တောင် တစ်ယောက်ချင်း အမှောက်သိပ်ခံရလိမ့်မည်ပင်။ အကွက်အနည်းငယ်ကို သေသေသပ်သပ်နှင့် ကစားပြပြီးနောက် လင်းမာကျစ်မှာ အရိုက်ခံရ၍မြေပေါ်တွင်လဲနေပြီး ငိုယိုတောင်းပန်နေတော့သည်။ 


ယခုတွင် ဝမ်ထောင်းအရွယ်ရောက်လာပြီဖြစ်ပြီး မတွေ့ဖူးသည့်သူမရှိသလောက်ပင်။ လင်းမာကျစ်ကဲ့သို့ ပျော့ညံ့သူများကိုအနိုင်ကျင့်ကာ ခွန်အားကြီးသူများကိုကြောက်တတ်သည့်သူမျိုးများကိုတော့ သူအများကြီးမြင်ဖူးသည်။ လင်းမာကျစ်အညံ့ခံနေသည်ကိုတွေ့သောအခါ သူနှင့်ဆက်အငြင်းပွားမနေတော့ချေ။ သူ့အားနာနာခံခံနှင့် ခဏစောင့်နေခိုင်းလိုက်၏။ 


လင်းယွမ်ပြန်လာမှစကားပြောမည်ဟုဆိုကာ အရင်ဆုံး သူ၏ဂိမ်းစက်ကိုရှာရန်ထွက်သွားလိုက်လေသည်။ 


ထင်မှတ်မထားစွာဖြင့် သူတစ်ဖက်သို့လှည့်သွားသည်နှင့် လင်းမာကျစ်က တိတ်တဆိတ်ထလာပြီး အနီးရှိအုတ်ခဲကိုကောက်၍ ခေါင်းကိုရိုက်ရန်ပြင်လေသည်။ ဝမ်ထောင်းကအနောက်ဘက်မှ လှုပ်ရှားမှုကိုခံစားမိ၍ အလိုအလျောက်လှည့်ကြည့်လိုက်ရာ ခေါင်းကိုအရိုက်ခံလိုက်ရ၏။ မတ်မတ်ရပ်ရန်ကြိုးစားနေရင်း စူးရှသည့်နာကျင်မှုကိုခံစားလိုက်ရပြီး မြင်ကွင်းများမည်းမှောင်သွားလေသည်။ ထို့နောက် လင်းမာကျစ်၏ခြေထောက်ဆီသို့လဲကျသွားပြီး မျက်နှာတစ်ခုလုံးတွင် အနီရဲရဲသွေးများပေကျံသွား၏။ 


‘ဒါ လူသတ်လိုက်တာမဟုတ်ဘူးလား’ လင်းမာကျစ် နှစ်မိနစ်လောက်ကြောင်အမ်းနေပြီးနောက် ကြောက်အားလန့်အားဖြင့် လက်ထဲမှသွေးစွန်းသော အုတ်ခဲကိုကြည့်၍ သရဲကိုမြင်လိုက်ရသည့်အလား လွှင့်ပစ်လိုက်သည်။ ထို့နောက် ဝမ်ထောင်း၏မျက်နှာပေါ်မှ သွေးများကိုကြည့်ရင်း ကြောက်ရွံ့စွာဖြင့် လင်းမိသားစုဘိုးဘေးအိမ်မှ အလျင်အမြန်ပြေးထွက်သွားတော့သည်။


တံခါးမှထွက်လိုက်သည်နှင့် လင်းယွမ်ပြန်လာသည်ကို သူတွေ့လိုက်ရပြီး ကြောက်ရွံ့ခြင်းများဖြင့်မျက်နှာမှာ ဖြူစုတ်သွားပြီး ခေါင်းကိုငုံ့ထား၍ ပြေးထွက်သွားလေသည်။ ပြေးသွားသည့်နှုန်းမှာ အလွန်မြန်လွန်းသောကြောင့် ခွေးများပင်လိုက်မမီနိုင်ချေ။ 


လင်းယွမ်က တစ်ခုခုမှားနေသည်ကိုချက်ချင်းခံစားလိုက်ရသောကြောင့် သူ့အနောက်သို့လိုက်မသွားဘဲ အိမ်သို့အမြန်ပြန်၍ကြည့်လိုက်သည်။ သေချာသည်ကတော့ အိမ်တွင်ရှိနေသည့်ပစ္စည်းအားလုံးမှာ ရိုက်ခွဲခံထားပြီး ဝမ်ထောင်းထားခဲ့သည့် ဂိမ်းစက်ကလေးကိုပင် ချန်မထားခဲ့ချေ။ သို့သော် ၎င်းက သာမန်ပျက်စီးရုံလေးသာဆိုလျှင် လင်းမာကျစ်၏အမူအရာက ဘာကြောင့်နတ်ဆိုးကိုတွေ့လိုက်ရသကဲ့သို့ ဖြစ်နေရသနည်း။


လင်းယွမ်ချက်ချင်းတစ်ခန်းဆီလိုက်စစ်ဆေးလိုက်ပြီး နောက်ဆုံးမီးဖိုခန်းတံခါးကိုတွန်းဖွင့်လိုက်ချိန်တွင် လိပ်ပြာလွင့်သွားမလိုပင်ဖြစ်သွားရသည်။ ဝမ်ထောင်းက မီးဖိုခန်းအလယ်တွင် လဲနေပြီး မျက်နှာနှင့်ကြမ်းပြင်တွင် သွေးများဖြင့်ပေကျံနေကာ လူသတ်မှုဖြစ်ပွားထားသကဲ့သို့ဖြစ်နေသည်။ 


သူက တုန်ယင်စွာဖြင့် လက်အား ဝမ်ထောင်း၏နှာခေါင်းအောက်ကိုထား၍ စမ်းသပ်လိုက်သည်။ ကံကောင်းစွာဖြင့် သူအသက်ရှင်နေသေးသည်။ စိတ်နည်းနည်းအေးသွားပြီးနောက် သေချာကြည့်လိုက်ရာ ဝမ်ထောင်း၏နဖူးတွင် လက်တစ်ချောင်းစာလောက်ပွင့်နေပြီး သွေးများထွက်လာနေသည်ကို တွေ့လိုက်ရသည်။ ထိုကဲ့သို့ ဒဏ်ရာအကြီးစားမှသွေးများတောက်လျှောက်ထွက်နေပါက သေသွားပေလိမ့်မည်။


လင်းယွမ်ကအလျင်အမြန်ဖြင့် အိမ်မှဂွမ်းနှင့်ပတ်တီးများကိုရှာလိုက်ပြီး တောင်ကြားထဲမှရေသန့်တစ်ဇလုံသွားခပ်ကာ ဝမ်ထောင်း၏ဒဏ်ရာများကို ဂရုတစိုက်ဖြင့် သန့်ရှင်းပေးလိုက်သည်။ အံ့ဩစရာကောင်းသည်က ရေနှင့်‌ဆေးကြောပေးပြီးနောက် သူ့ဒဏ်ရာမှာ သွေးထွက်ရပ်သွားလေသည်။ ထို့နောက်ဖြေးညင်းစွာဖြင့် စတင်ကုစားလာပြီး အသက်ရှူခြင်းလည်း ဖြည်းဖြည်းချင်းတည်ငြိမ်လာသည်။ ထိုအခါမှသာ လင်းယွမ်စိတ်အေးရသည်။ သူကသဘက်အသန့်တစ်ထည်ယူ၍ ဝမ်ထောင်း၏မျက်နှာပေါ်မှ သွေးများကိုသုတ်ပေးပြီးနောက် ဒဏ်ရာကိုဆေးထည့်၍ ခေါင်းကို ပတ်တီးပတ်ပေးကာ ခေါင်းဘေးတွင်ဖဲပြားလေးစည်းပေးလိုက်ရာ ဝမ်‌ထောင်း၏ချောမောသည့်မျက်နှာနှင့်ရယ်ချင်စရာကောင်းအောင်လိုက်ဖက်ညီနေသည်။ 


သို့သော် ယခုအချိန်တွင် လင်းယွမ်မပျော်နေပေ။ ဒီနေ့၏အဖြစ်အပျက်များကို ပြန်စဥ်းစားရင်း ကြောက်ရွံ့သွားရသည်။ သူသာ နာရီဝက်၊ မိနစ်လေးဆယ်လောက် နောက်ကျသွားပါက ဝမ်ထောင်း၏အသက်ဆုံးရှုံးသွားနိုင်သည်။ ထိုသို့ဆိုလျှင် ဆရာမဝမ်နှင့် ဆရာချန်းတို့ကို မည်သို့ရှင်းပြရမည်နည်း...။ 


လင်းမာကျစ်...ကျုပ်ကိုဘယ်အထိတွန်းပို့ချင်နေတာလဲ...။


ဝမ်ထောင်းနိုးလာသောအခါ လင်းယွမ်၏အကြည့်များနှင့်ဆုံသွားရပြီး သူ့မျက်လုံးထဲမှနက်ရှိုင်းသည့်အမုန်းတရာများက သူ့ကိုထိတ်လန့်သွားစေသည်။ ဝမ်ထောင်းမှာ ထိုအမုန်းတရာများကို မျက်စိတစ်မှိတ်လေးအတွင်း ဖုံးကွယ်နိုင်ဖို့မပြောနှင့်၊ သူ့တွင် ထိုကဲ့သို့ နက်ရှိုင်းသည့်အမုန်းတရားများရှိနေလိမ့်မည်ကိုပင် မသိခဲ့ချေ။ 


အခြားလူသာဆိုပါက ထိုလူမှာကြောက်ဖို့ကောင်းသည်ကို သူခံစားမိမှာပင်။ သို့သော် သူ့အရှေ့မှလူက ဆွေမျိုးများ၏ ဝိုင်းအနိုင်ကျင့်ခံနေရသော အကူအညီမဲ့၊ မိဘမဲ့ဖြစ်နေသောလင်းယွမ်ဖြစ်နေဖြစ်နေသည်။ ‘သူမမုန်းသင့်ဘူးလား’


မုန်းသင့်သည်။ သို့သော် ယခုတွင် သူထိုသို့မလုပ်နိုင်သေးသောကြောင့် ဒဏ်ရာကိုဖုံးကွယ်၍သာနေရမည်။ ရုတ်တရက် ဝမ်ထောင်းမှာနှလုံးသားထဲတွင် စိတ်သောကရောက်လာရသည်။ 


“ဝမ်ကော...အဆင်ပြေရဲ့လား” လင်းယွမ် စိုးရိမ်တကြီးဖြင့်မေးလိုက်သည်။ ‘ဘာလို့ဒီကလေးရဲ့ မျက်လုံးတွေက နိုးလာပြီးတဲ့နောက်မှာ ဘာလို့ထူးဆန်းနေတာပါလိမ့်...လင်းမာကျစ်တစ်ခုခုလုပ်ခဲ့လို့လား’


ဝမ်ထောင်းက ငူငူငိုင်ငိုင်နှင့်ကြည့်နေကာ အသံကအက်ရှနေသည်။ “ထန်းယွမ်လေး...ဘာတွေပြောနေတာလဲ...ငါဘာလို့ ဘာမှမကြားရတာလဲ”


သွားပြီ...ဒါအကြားအာရုံချို့ယွင်းသွားတာမဟုတ်ဘူးလား...


“ကျွန်တော့်ကိုခဏစောင့်နေ”

 

လင်းယွမ်က ထိုစကားကိုပြောပြီးနောက် အလျင်အမြန်ပြေးထွက်သွားတော့သည်။ ပြန်ရောက်လာသောအခါ သူ့လက်ထဲတွင် စပီကာတစ်လုံးရှိနေ၏။ ၎င်းက လွန်ခဲ့သည့်ရက်အနည်းငယ်တွင် ရောင်းခဲ့သည့်အလုံးဖြစ်သည်။ ကံကောင်းစွာနှင့် ၎င်းကတောင်ကြားထဲရှိနေခဲ့သောကြောင့် ပျက်စီးမှုများတွင် ပါမသွားခဲ့ချေ။ 


လင်းယွမ်က အသံကိုအဆုံးထိတင်၍ ဝမ်ထောင်း၏နားနားသို့ကပ်၍ ထားထားရန်ပြင်လာလေသည်။ ၎င်းကိုမြင်သောအခါ ဝမ်ထောင်းမှာကြမ်းပြင်ပေါ်မှထ၍ ပြောလာသည်။


 “မလုပ်နဲ့...မလုပ်နဲ့....ငါ့နားတွေကန်းသွားလိမ့်မယ်”


လင်းယွမ်က ခဏလောက်ရပ်သွားကာ ချက်ချင်းနားလည်သွားပြီး ဆဲရေးလာသည်။ 


“သေမလို့စနေတာလား” 


ဝမ်ထောင်းက လင်းယွမ်ထိုမျှလောက်ဒေါသထွက်သွားလိမ့်မည်ဟု ထင်မထားသောကြောင့် အပြုံးလေးနှင့် လျင်မြန်စွာတောင်းပန်လိုက်သည်။ “စိတ်မဆိုးပါနဲ့...စိတ်မဆိုးပါနဲ့...တမင်လုပ်တာမဟုတ်ပါဘူး...” သို့သော် ၎င်းက ပျော်ဖို့တော့ကောင်းသည်။ တကယ်တမ်းတွင် သူလင်းယွမ်ကိုစနေတာဖြစ်၏။ စိတ်ဆိုးနေသည့် လင်းယွမ်က အရမ်းအရမ်း......လိမ့်မည်ဟုသူထင်မထားခဲ့ချေ။ 


ဝမ်ထောင်းအကြာကြီးတွေးပြီးနောက် နောက်ဆုံးတွင် စကားလုံးတစ်လုံးကိုတွေးလိုက်သည်။ ‘ထူးဆန်းတယ်’


ပုံမှန်ဆိုလျှင် သူ၏ဖြူပြီးနူးညံ့သည့်အသားအရေတွင် ဒေါသကြောင့်ပန်းရောင်လေးသမ်းနေသည်။ မျက်လုံးကြီးတစ်စုံကလည်း စူးစိုက်ကြည့်နေပြီး အနက်ရောင်မျက်ဆံများက ဒေါသမီးများတောက်နေကာ သူ့ကိုယ်အား အပေါက်နှစ်ပေါက်ဖြစ်သွားတော့မလိုပင်။ ‘ကြည့်ပါဦး...ဘယ်လောက်တောင် စိတ်ဆိုးနေလိုက်လဲ’


ထိုအမူအရာက အဘွား၏ရှုအာနှင့်တူပြီး အသားနှင့်မျှား၍ မပေးဘဲနေလိုက်လျှင်ဖြစ်လာသည့် အမူအရာနှင့် တစ်ပုံစံတည်းပင်။ မည်မျှရယ်ဖို့ကောင်းလဲတော့ ပြောစရာမလိုချေ။ 


ကံကောင်းစွာနှင့် လင်းယွမ်ကသူတွေးနေသည်ကိုမသိပေ။ သို့မဟုတ်ပါက သူကဝမ်ထောင်းအား လွယ်လွယ်နှင့် ခွင့်လွှတ်ပေးလိမ့်မည်မဟုတ်ဘဲ တောင်ကြားမှရေကိုလည်းတိုက်လိမ့်မည်မဟုတ်ချေ။


 ဤရေမှာတကယ်ကိုအံ့ဩဖွယ်ကောင်းလှသည်။ ဝမ်ထောင်းက ပြင်းပြင်းထန်ထန်ဒဏ်ရာရနေပြီး သွေးအများကြီးဆုံးရှုံးထားသည့်တိုင် ထိုရေကိုသောက်လိုက်ပြီးနောက် ချက်ချင်းသက်သာလာခဲ့သည်။ ဒဏ်ရာများကိုပင် မတွေ့ရတော့ချေ။ 


သူအဆင်ပြေသော်လည်း ဂိမ်းစက်ကတော့ လုံးဝပျက်သွားပြီး မျက်နှာပြင်မှထုချေထံထားရသည်။ ခလုတ်နှစ်ခုလည်း ပျောက်နေပြီး ပြင်ချင်သည့်တိုင်ပြင်မရတော့သည့်အခြေအနေဖြစ်၏။ 


သူ၏စိတ်သောကရောက်နေသော အသွင်အပြင်ကိုကြည့်၍ လင်းယွမ်ကပြောလာသည်။ “ကျွန်တော်တစ်ခု ပြန်ဝယ်ပေးမယ်ဆိုရင်ရော....” 


ဝမ်ထောင်းက ဂိမ်းစက်ကိုလွှင့်ပစ်လိုက်ပြီး အမှုမထားသကဲ့သို့ပြောလာသည်။


 “ဂိမ်းစက်လေးပျက်သွားတာပါကွာ...ငါ့အိမ်မှာအများကြီးရှိတယ်...”


 သို့သော် ဤတစ်ခုက သူ့ဘဝတွင် ပထမဆုံးအကြိမ်ကျောင်းတွင်ပထမနေရာရသည့်အတွက် သူ့အဖေကဆုအဖြစ်ဝယ်ပေးထားခြင်းဖြစ်သည်။ ဝမ်လွဲ့က သူ့အားစာမေးပွဲတွင် ပထမနေရာရတိုင်းဝယ်မပေးခဲ့လျှင်တောင် ၎င်းကအမှတ်တရဖြစ်စေသည့် ဆုတစ်ခုတော့ဖြစ်၏။ ၎င်းကဝမ်လွဲ့ကိုတိုက်ခိုက်ရန် အကောင်းဆုံးလက်နက်ဟု ဆိုနိုင်သည်။ 


ဤဂိမ်းစက်ကိုရပြီးကတည်းက သူ့အဆင့်များတော်တော်လေးကျသွားသည့်အကြောင်းကိုတော့ သူလုံးဝမဟခဲ့ချေ။ ‘သူ့အဖေက ဝမ်လွဲ့အတွက်ဝယ်ပေးရဲသေးလား’ 


ဤဂိမ်းစက်က ဝမ်ထောင်းအတွက် ထူးခြားသည့်အဓိပ္ပာယ်တစ်ခုခုရှိလိမ့်မည်ဟု လင်းယွမ်ပင်ကိုအသိစိတ်ထဲတွင် ခံစားလိုက်ရသည်။ သို့မဟုတ်ပါက သူက၎င်းကိုစွဲစွဲလမ်းလမ်းဖြစ်နေလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် သူ့မှာပို၍အပြစ်ရှိသလိုခံစားရပြီး ပြောလိုက်သည်။ 


“တောင်းပန်ပါတယ်”


ဝမ်ထောင်းပြောလာသည်။ “မင်းဖျက်ဆီးလိုက်တာတာမှမဟုတ်ဘဲ ဘာတွေတောင်းပန်နေတာလဲ” ဂိမ်းစက်ကိုရိုက်ချိုးသွားသူ၏မျက်နှာကို တွေးလိုက်သောအခါ သူ့မျက်နှာကရုတ်တရက်ပျက်သွားပြီး ပြောလာသည်။ “လင်းမာကျစ်ကဘာကောင်လဲ...မင်းကိုဒီလိုအနိုင်ကျင့်ရဲတာ...ဒီလူကိုလွှတ်ထားလို့ မရဘူးလေ”


လင်းယွမ်အေးစက်စွာဖြင့် ပြောလိုက်သည်။ “သူကတကယ်ကိုဘာမှမဟုတ်ဘူး...ကျွန်တော့်အပေါ် အကြွေးတင်နေရုံပါ...နည်းနည်းချင်းစီတောင်းလိုက်မယ်”


ဆည်းဆာချိန်၏နောက်ဆုံးနေရောင်လေးက သူ့မျက်နှာအပေါ်ကိုကျနေပြီး ပေါ်လိုက်ပျောက်လိုက်နှင့် နောက်ဆုံးတွင် သူ့မျက်လုံးအောက်၌တံလျှပ်အဖြစ်ပြောင်းလဲသွားလေသည်။ 


ညနေခင်းတွင် လင်းယွမ်ကစက်ဘီးဖြင့် ဝမ်ထောင်းအား မြို့ထဲသို့ပြန်ခေါ်သွားချင်သော်လည်း ဝမ်ထောင်းက အနောက်ဖက်ဘက်ခုံတွင်ထိုင်ရန်ငြင်းလေသည်။ ထို့ကြောင့်လင်းယွမ်မှာ အလျှော့ပေးလိုက်ရပြီး စက်ဘီးအနောက်မှ ထိုင်လိုက်လိုက်ရသည်။ ဝမ်ထောင်းက လေချွန်ရင်း သူ၏စက်ဘီးစီးအရည်အချင်းများကို ပြသနေ၏။ ဤစက်ဘီးက သူ့အားမော်တော်ဆိုင်ကယ်စီးနေသလို ခံစားရစေသည်။ လင်းယွမ်မှာကြောက်လွန်းသောကြောင့် နောက်ခုံကိုလက်နှစ်ဖက်လုံးဖြင်းကိုင်၍ ဆရာချန်း၏ အိမ်သို့မရောက်မချင်း အဆောင့်ခံ၍ပါလာရသည်။ သူ့တင်ပါးမှာ ပွင့်ဖတ်လေးခုသဖွယ်ဖြာထွက်တော့မည်ကို ခံစားရင်း ဝမ်ထောင်း၏အနောက်သို့၊ အထူးသဖြင့် စက်ဘီးအနောက်တွင် ဘယ်တော့မှလိုက်မစီးတော့ရန် ကျိန်ဆိုလိုက်သည်။ 


ဝမ်ထောင်းက လင်းယွမ်အား အပေါ်ထပ်သို့တက်၍ ထိုင်နေရန်ပြော၏။ လင်းယွမ်က မြို့ထဲသို့သွား၍ တစ်ခုခုသွားဝယ်ချင်ကြောင်း ပြောလိုက်သည်။ သို့မဟုတ်ပါက ပထမလအတွင်းမည်သည့်ဈေးဆိုင်မှ ဖွင့်တော့မည်မဟုတ်ချေ။ ဝမ်ထောင်း သူ့ကိုဆွဲမထားနိုင်တော့သောကြောင့် အပေါ်ထပ်သို့မတက်ခင် လင်းယွမ်ထွက်သွားသည်ကို ကြည့်နေလိုက်ရသည်။ 


သူအိမ်ထဲသို့ဝင်လိုက်သည်နှင့် ချန်းမင်က ဝမ်ထောင်း၏ခေါင်းပေါ်မှပတ်တီးကိုမြင်လိုက်ပြီး မေးလာသည်။ “ဘာဖြစ်လာတာလဲ”


ဝမ်ထောင်းက ဆိုဖာပေါ်သို့ပစ်ထိုင်လိုက်ရင်းပြောလိုက်သည်။ “ပြောမနေပါနဲ့တော့...လင်းမာကျစ်ဆိုတဲ့ ခွေးမသားရိုက်တာခံလိုက်ရတာ” ထို့နောက် သူကကိစ္စအားလုံးကို ချန်းမင်အားထပ်ရှင်းပြလိုက်သည်။ 


ကြားပြီးနောက် ချန်းမင်၏မျက်နှာမှာချက်ချင်းမည်းမှောင်သွားပြီး အိမ်ဖုန်းမှရင်းနှီးနေသည့်နံပါတ်ကိုခေါ်လိုက်သည်။ သိပ်မကြာခင်တွင် ဖုန်းတစ်ဖက်မှ နားဝင်ချိုသည့်အသံလေးထွက်ပေါ်လာသည်။


“ဆရာချန်း...ကျွန်တော်အခုပဲနှစ်သစ်ကူးဆုတောင်းပေး‌တော့မလို့....”


“ရတယ်...ဒါရိုက်တာရွှီ...ကျုပ်ကိုဒီနှစ်ပေးဖို့မလိုဘူး...ဒီနေ့ကျုပ်တူလေးအရိုက်ခံလိုက်ရပြီး ကျုပ်တပည့်ရဲ့ အိမ်လည်းဝင်ဖျက်ဆီးခံလိုက်ရတယ်...ဒီတော့ ကျုပ်မှာအခုနှစ်သစ်ကူးကိုဆင်နွှဲချင်နေတဲ့စိတ်ရှိနေဦးမယ်လို့ ထင်လား” 


“ဘယ်လိုမျက်ကန်းမျိုးပါလိမ့်...ဆရာချန်းကို ပြဿနာရှာရဲတဲ့သူက ကျွန်‌တော် ရွှီကျင်းချန်းကိုပြဿနာရှာလိုက်တာနဲ့အတူတူပါပဲ...ဆရာချန်း အမိန့်သာပေးလိုက်ပါ...ကျွန်တော်မလုပ်ရဲတာမရှိပါဘူး..ဒီQမြို့မှာ ကျွန်‌တော်၊ လောင်ရွှီမရှင်းနိုင်တဲ့သူ မရှိပါဘူး” 


“လင်းမာကျစ်...လင်းမိသားစု၊ ချင်းဟယ်မြို့က...သူ့ကိုနည်းနည်းပညာပေးပြီး ကျုပ်တပည့်လင်းယွမ်ကို နောက်တစ်ခါ လာထိပါးရဲမယ်ဆိုရင် အခုလိုရိုးရိုးရှင်းရှင်းပြီးသွားလိမ့်မယ်လို့မထင်နဲ့လို့ ပြောခဲ့လိုက်” 


“ကောင်းပါပြီ...ကောင်းပါပြီ....ကျွန်တော်သူ့ကိုသေချာပေါက် ပြောလိုက်ပါ့မယ်...ပြောလိုက်ပါ့မယ်”


“ကောင်းပြီ...ဒါပဲ...ကျုပ်မနက်ဖြန်ကျရင် Bမြို့ကိုပြန်မယ်...နှစ်သစ်ကူးဆုတောင်းဖို့မလိုဘူး...ကျုပ်ကိုအဲ့ဒါသာလုပ်ပေးရင်ရပြီ”


“ဟုတ်ကဲ့ပါ....ဟုတ်ကဲ့ပါ...သေချာလုပ်ပေးပါ့မယ်” ရွှီကျင်းချန်က ဖုန်းတစ်ဖက်မှ တတီတီမြည်နေသည့်အသံကို နားထောင်နေပြီးမှ ဖြည်းဖြည်းချင်းဖုန်းချလိုက်သည်။ 


“ဒါရိုက်တာ...ဒီလူကဘယ်သူများလဲ...မြို့နယ်ပြည်သူ့လုံခြုံရေးဌာနက ဒီလောက်တောင်မတတ်နိုင်တော့ဘူးလား” သူနှင့်မျက်နှာချင်းဆိုင်တွင်ထိုင်နေသည့် ရဲကသိချင်စိတ်များဖြင့်မေးလာသည်။


“ဘယ်သူလဲတဲ့လား...မြို့နယ်ပြည်သူ့လုံခြုံရေးဌာနက ဆရာချန်းအရှေ့မှာ ဘာမှမဟုတ်တော့ဘူးကွ...Bမြို့က ချန်းမိသားစု...သူ့အဘိုးက ဗဟိုအစိုးရမှာ စစ်ပြန်ရာထူးရှိတယ်...သူ့အဖေနဲ့အမေက ကုမ္ပဏီတစ်ခုကိုတည်‌ထောင်ထားကြတာ...ပိုင်ဆိုင်မှုငွေက သန်းတစ်ရာကျော်တယ်လို့ကြားတယ်...ပိုက်ဆံတွေက များလွန်းလို့ ဘယ်နေရာမှာသုံးရမှန်းတောင်မသိဘူး...သူ့ သူ့ဇနီးကိုခေါ်လာပြီး ဆရာလုပ်ဖို့ ငါတို့Bမြို့ကိုလာခဲ့တာ...ဒီသူဌေးကြီးက သူ့အမေဘာတွေးနေလဲမသိဘူး...လင်းမာကျစ်ဆိုတဲ့လူကလည်း ဒီလိုလူမျိုးကိုမှသွားရန်စရဲတယ်...အတော်သတ္တိကောင်းတာပဲ...မင်းရဲ့ညီအစ်ကိုတွေကို သူ့ကိုကောင်းကောင်းဆက်ဆံဖို့ပြောလိုက်” ရွှီကျင်းချန်ရယ်လိုက်သည်။ သူက ဆရာချန်းဆိုသည့်သစ်ပင်ကြီးကို ကုတ်တွယ်တက်ရန် အခွင့်အရေးမရမည်ကိုစိုးနေခဲ့ချိန် ဒီအခွင့်အရေးက ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သည်။ 


“ဟုတ်ကဲ့....သေချာလုပ်လိုက်ပါ့မယ်”


ခဏကြာပြီးနောက် ရဲကားခုနစ်စီး၊ ရှစ်စီးလောက်က လျင်လျင်မြန်မြန်ထွက်သွားကြပြီး ကျယ်လောင်သည့် ဥဩဆွဲသံက နှစ်သစ်ကူးအကြို၏ဆိတ်ငြိမ်‌‌အေးချမ်းနေခြင်းများကို ထိုးဖောက်သွား၏။


“ဘာလုပ်တာလဲ...ဘာလုပ်မလို့လဲ...ကျုပ်လူမသတ်ခဲ့ဘူး...လူမသတ်ခဲ့ဘူး...ကျုပ်ကိုမဖမ်းနဲ့...မဖမ်းပါနဲ့...” 


လင်းမာကျစ်က အလွန်ကြောက်လန့်နေသောကြောင့် အသည်းနှင့်သည်းခြေအိတ်များ တစ်စစီပေါက်ထွက်သွားတော့မလိုပင်။ အဖမ်းလိုက်ခံရစဥ်တွင် ဝမ်ထောင်း၏သွေးအိုင်ထဲတွင် လဲနေသည့်မြင်ကွင်းကိုပြန်မြင်ယောင်ကာ ကြောက်လန့်တကြားဖြင့် လွတ်မြောက်ရန်ကြိုးစားလေသည်။ သို့သော် သူ့ကိုဖမ်းသည့်သူများက လက်ရွေးစင်မှုခင်းရဲတပ်ဖွဲ့မှဖြစ်သည်။ လက်ထိပ်ခတ်လိုက်ပြီးနောက် သန်သန်မာမာနှင့်ရဲနှစ်ယောက်က သူ့အားရဲကားထဲသို့ဆွဲခေါ်သွားတော့သည်။ 


ကျိဖန်းက ကားတံခါးကိုကိုင်၍ အချိန်အတော်ကြာ‌အောင်ငိုလေ၏။ နောက်ဆုံးတွင် ရဲကားက ‌မောင်းထွက်သွားရာ သူမနှင့်လင်းကျင်းပေါင်တို့မှာ မြေပြင်တွင်ထိုင်၍ ကျယ်လောင်စွာငိုနေကြတော့သည်။




🪹🪹