🪹Chapter 12
မြို့ထဲတွင် ဖွင့်နေဆဲဖြစ်သော ဆိုင်အနည်းငယ်သာရှိသည်။ လင်းယွမ် အကြာကြီးဈေးဝယ်ထွက်လိုက်ပြီး ပန်းကန်လုံးများနှင့် နေ့စဥ်သုံးရန်လိုအပ်သည့်ပစ္စည်းများကိုဝယ်ကာ စားပွဲခုံနှင့်ထိုင်ခုံများဝယ်ရန် လိုအပ်လားသိချင်သောကြောင့် ပြန်လာလိုက်သည်။ ထိုအချိန်တွင် ရဲကားများစွာက သူ့အရှေ့တွင် ရပ်လာကြသည်။
ရဲကားထဲမှတစ်စီး၏တံခါးပွင့်လာကာ ရဲတစ်ယောက်ထွက်လာပြီး သူ့ကိုပြောလာသည်။
“မင်္ဂလာပါ...လင်းအိမ်ကအိမ်သားတစ်ယောက်ဖြစ်တဲ့ လင်းကျန့်က ရိုက်နှက်မှုနဲ့ အိမ်ဖောက်ထွင်းမှုတို့မှာ သံသယရှိသူအဖြစ်အဖမ်းခံထားရတယ်...ပါဝင်ပတ်သက်နေသူတစ်ဦးဖြစ်တဲ့ မင်းလည်း ငါတို့ရဲ့ စုံစမ်းစစ်ဆေးရေးနဲ့သက်သေစုဆောင်းရေးမှာ ပူးပေါင်းပါဝင်ပေးဖို့ မျှော်လင့်ပါတယ်”
လင်းကျန့်ကလင်းမာကျစ်၏အမည်မှန်းလင်းယွမ်သိသော်လည်း ရဲဆီမှကြားလိုက်ရသောအခါ ထူးဆန်းသလို ခံစားလိုက်ရသည်။ ဝမ်ထောင်းက အေးအေးဆေးဆေးနှင့်ပြီးလိမ့်မည်မဟုတ်ဟု သူခန့်မှန်းထားသည့်တိုင် လင်းမာကျစ်အားရဲလက်သို့ တိုက်ရိုက်အပ်လိုက်မည်လို့တော့ထင်မထားခဲ့ချေ။
အိမ်ရာဖောက်ထွင်းဝင်ရောက်သည့်ပြစ်မှုက ကြီးကြီးသေးသေးဖြစ်နိုင်သည်။ ပြစ်ဒဏ်အချခံရနိုင်သည့်အထိ ကြီးနိုင်ပြီး.. ဖောက်ထွင်းမှုဟုမမည်သည့်အထိလည်း သေးနိုင်သည်။ တရုတ်နှစ်သစ်ကူးအချိန်ဖြစ်နေသည့်တိုင် ရဲများက ထိုကဲ့သို့အမှုကို ဖြေရှင်းရန်ကြိုးစားလုပ်ကိုင်နေကြရ၏။ ဖြစ်နိုင်ချေမှာတစ်ခုတည်းသာရှိသည်။
လင်းမာကျစ်က ရဲဌာနကတောင်မျက်နှာသာပေးရသည့်တစ်ယောက်ယောက်ကို ထိပါးခဲ့ခြင်းဖြစ်သည်။ ထိုလူက ဝမ်ထောင်း၊ သို့မဟုတ် ချန်းမင်ဖြစ်နိုင်၏။ ပထမဆုံးအကြိမ်အဖြစ် လင်းယွမ်သည် ချန်းမင်နှင့်ဝမ်မင်မင်တို့၏အကြောင်းကို ပိုသိချင်လာမိသည်။ သူ၏ယခင်ဘဝတွင် ထိုဆရာ၊ ဆရာမနှစ်ယောက်က မြောက်ပိုင်း၌ နက်ရှိုင်းသည့်နောက်ခံတစ်ခုရှိကြောင်း သူကြားဖူးခဲ့သည်။
ယခုတွင် ထိုအကြောင်းကိုတွေးရင်း လင်းယွမ်မှာရုတ်တရက် အတိုင်းအတာတစ်ခုအထိ သဘောပေါက်သွားတော့သည်။ သူ့ပတ်ဝန်းကျင်တွင် ဖြစ်ပျက်ခဲ့သည့်အရာအားလုံးက ယခင်ဘဝမှလမ်းကြောင်းနှင့် တစ်ခုပြီးတစ်ခုသွေဖည်လာနေ၏။
ယခင်ဘဝတွင် သူ့အမေကွယ်လွန်သွားခဲ့ပြီး သူအကြာကြီးဖျားနာခဲ့သည်။ လင်းမာကျစ်မိသားစုက သူ့ကိုပို၍ အနိုင်ကျင့်ပြီး နေ့တိုင်းအမျိုးမျိုးခိုင်းစေကာ တစ်ခါတစ်ရံတွင်သူ့အားအစားအသောက်ပင် မပေးခဲ့ကြချေ။ ထိုအချိန်တွင် ဆာလောင်မွတ်သိပ်ခြင်းမှ အစာအိမ်ပြဿနာများဖြစ်လာခဲ့သည်။ ယခင်ဘဝက ယခုလိုအချိန်တွင် ဆရာချန်းနှင့်ဆရာမဝမ်တို့က ဝမ်ထောင်းကိုခေါ်လာဖို့မဆိုထားနှင့်၊ သူ့အိမ်သို့ပင်လာမလည်ခဲ့ကြချေ။ ယခင်ဘဝ၌ သူကဝမ်ထောင်းနှင့်လုံးဝမသိခဲ့ကြချေ။
ခဏလောက်လင်းယွမ်ပြောစရာစကားမဲ့သွားပြီး ဤသည်ကသူ၏ဘဝဟုတ်၊ မဟုတ်မသိတော့ချေ။
‘ဒီကလေး ကြောက်နေတာလား၊ တုံးပဲတုံးတာလား’
လင်းယွမ်ကအချိန်အတော်ကြာအောင် စကားမပြောသည်ကို တွေ့သောအခါ ရဲမှာပဟေဠိဖြစ်သွားသည်။ သူ၏ရဲဝတ်စုံတွင် သူကအတော်လေးဖြောင့်မတ်တည်ကြည်ပုံပေါ်ပြီး ဒီနေ့၏တာဝန်က ခေါင်းဆောင်ကိုယ်တိုင် တာဝန်ပေးလိုက်ခြင်းဖြစ်သည်။ သူ့ကိုယ်သူပင် ဒီနေ့အတော်လေးကြည့်ကောင်းနေသည်ဟု ထင်မိသည်။ ဒီကလေးကတော့ သူ့ကိုကြောက်ရွံ့နေသလိုပင်။
သူသည် နှစ်ရှည်ကြာစွာ မှုခင်းရဲအဖြစ်ရှိနေခဲ့ပြီး လူကဲခတ်သည့်စွမ်းရည်များကလည်း ထိုရာဇဝတ်သားများကြောင့် ပြီးပြည့်စုံနေခဲ့ပြီဖြစ်သည်။ သူ့အရှေ့ရှိကလေးက ပိန်ပါးသည့်တိုင် သူ၏မျက်လုံးနက်များတွင်ဖြတ်ပြေးသွားသည့် ပြတ်သားမှုများကိုတော့ အရူးလုပ်၍မရချေ။ ဒီကလေးက သာမန်မဟုတ်ချေ။ ထို့အပြင် သူ့အရှေ့တွင်ရပ်နေသည့်သူက လက်လှမ်းမမှီနိုင်သည့်ချန်းမိသားစု၏သခင်လေးချန်းကဲ့သို့ အနာဂတ်ကအကန့်အသတ်မရှိဖြစ်သည်။ ရုတ်တရက် သူ ရဲကားထဲတွင်အဖမ်းခံလာရသည့်လင်းမာကျစ်အတွက် ကရုဏာသက်သွားမိ၏။ ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုးကို သွားထိပါးခဲ့ပြီး ဒီဘဝတွင် ဘယ်တော့မှ အသေကောင်းနှင့်သေရတော့မည်မဟုတ်ချေ။
သူကလင်းယွမ်၏ပခုံးကိုပုတ်လိုက်ရာ လင်းယွမ်မှာ သတိပြန်လည်လာပြီး ပြုံး၍ပြောလိုက်သည်။ “ကောင်းပါပြီ...ကျွန်တော်သေချာပေါက် ပူးပေါင်းပေးပါ့မယ်”
ရဲက လင်းယွမ်၏စက်ဘီးနှင့်သူဝယ်လာသည့်ပစ္စည်းများအားလုံးကို ရဲကားထဲသို့ထည့်ကာ သူ့အားထိုနေရာမှ မောင်းခေါ်သွားတော့သည်။ ရဲစခန်းတွင် ဖြောင့်ချက်ယူပြီးနောက် သူ့အားညစာကျွေးကာနောက်ဆုံးတွင် ရဲကားဖြင့် အိမ်သို့ပြန်ခေါ်သွားပေးလိုက်သည်။
လင်းယွမ်က သူ့နှစ်ဘဝပေါင်းတွင် ဤကဲ့သို့ဆက်ဆံပုံမျိုးကို မခံစားဖူးသောကြောင့် အလွန်စိတ်လှုပ်ရှားသွားပြီး ရဲသားများကို ယဥ်ကျေးစွာဖြင့် လက်ပြနှုတ်ဆက်လိုက်၏။
“ဒီကလေးများ ဘယ်လောက်တောင်လိမ္မာပြီးသိတတ်လိုက်လဲကြည့်စမ်းပါဦး”
ကားထဲတွင်ထိုင်ရင်း ရဲသားမှာ ခံစားချက်များဖြင့်ပြောလိုက်၏။ သူ့နှလုံးသားထဲတွင် လင်းယွမ်အား ပို၍ချစ်စရာကောင်းသည်ဟု ခံစားလိုက်ရပြီး လင်းမာကျစ်ကိုတော့ ပို၍မုန်းလာမိသည်။ ထို့ကြောင့် သူကပြန်ရောက်လျှင် အဖွဲ့ထဲရှိ ညီအစ်ကိုများအား ထိုလင်းမာကျစ်ကိုကောင်းကောင်းဆက်ဆံခိုင်းရန် ချက်ချင်းဆုံးဖြတ်ချလိုက်သည်။
ဒါရိုက်တာရွှီ၏နှင့် မှုခင်းရဲဌာနခေါင်းဆောင်တို့၏ အထူးဧည့်ဝတ်ကျေမှုဖြင့် ထိန်းသိမ်းရေးစခန်းမှလင်းမာကျစ်၏ ဘဝမှာလုံးဝမှောင်မိုက်နေတော့သည်။ သူရဲဘောကြောင်သည့်သူမှာ မြေအောက်ကမ္ဘာဂိုဏ်းခေါင်းဆောင်နှင့် အတူအကျဥ်းကျလေသည်။ လင်းမာကျစ် ခန္ဓာကိုယ်မှအသားများ ဖြတ်ထုတ်ခံရမလိုခံစားလာရသည်။
ပိုင်နက်ကျူးကျော်ခြင်းက ပြစ်မှုတစ်ခုအဖြစ်ဆိုမရသောကြောင့် လင်းမာကျစ်က ဆယ့်ငါးရက်ကြာထိန်းသိမ်းခံလိုက်ရပြီး ယွမ်နှစ်ရာသာဒဏ်ခတ်ခံလိုက်ရသည်။ ဒဏ်ကြေးက မပြင်းသော်လည်း လဝက်ကြာပြီးနောက် ထိန်းသိမ်းရေးစခန်းမှထွက်လာသောအခါ သူ၏ဘယ်ဘက်ခြေထောက်မှာ ထော့နဲ့နဲ့ဖြစ်နေဆဲဖြစ်ပြီး ညာဘက်လက်မှာအရွတ်နှင့်တစ်ရှူးများပျက်စီးသွားခြင်းကြောင့် လေးလံသည့်အရာများကို မ မနိုင်တော့ချေ။ ထို့အပြင်အလွန်ပိန်ပါးနေကာ ပုံပျက်ပန်းပျက်လည်းဖြစ်နေသည်။ အိမ်သို့ပြန်ရောက်သောအခါ အပြင်းဖျားတော့လေသည်။ ပြန်လည်မသက်သာခင် နှစ်ဝက်လောက်အိပ်ယာထဲတွင် လဲနေလိုက်ရသည်။
လပြက္ခဒိန်ပထမဆုံးလ၏ပထမဆုံးနေ့၊ နေ့လည်ခင်းတွင် ဝမ်ထောင်းနှင့်သူအဖွဲ့တို့ လေယာဥ်ပေါ်မှ ဆင်းလာချိန်တွင် မိန်းမလှလေးတစ်ယောက်ကအပြေးလေးရောက်လာသည်။
“ထောင်းထောင်းလေး...ငါ့ကလေးလေးဘာလို့ ဒီလောက်တောင်ကိုယ်အလေးချိန်တွေလျော့သွားရတာလဲ...ခေါင်းကရောဘာဖြစ်တာလဲ...ဘယ်သူရိုက်လိုက်တာလဲ” အမျိုးသမီးက ဝမ်ထောင်း၏ခေါင်းပေါ်မှ ပတ်တီးကိုမြင်သောအခါ ချက်ချင်းစုန်းမအိုကြီးပုံစံပြောင်းသွားပြီး သူမ၏မျက်လုံးများက ချန်းမင်နှင့်သူ့ဇနီးကိုကြည့်နေတော့သည်။
“အမေ...အဆင်ပြေပါတယ်...ကျွန်တော်လှေကားပေါ်တက်နေရင်း မတော်တဆပြုတ်ကျတာပါ...တော်တော်လေးလည်း သက်သာနေပါပြီ” ဝမ်ထောင်းကအပြုံးလေးနှင့်ပြောလိုက်ပြီး အရိုက်ခံရသည့်အကြောင်းကိုတော့မပြောလိုက်ချေ။ မဟုတ်လျှင် သူ့အမေဘာဖြစ်သွားမလဲ သူမသိချေ။
အမျိုးသမီးက ဒေါသတကြီးဖြင့်ပြောလာ၏။ “ဒီကလေးနှယ် လူတွေကိုဘယ်တော့မှစိတ်အေးအေးမနေစေဘူး...ကြည့်စမ်း...ဒီအမေဆီက ရက်နည်းနည်းလေးထွက်သွားတာ ခေါင်းမှာဒဏ်ရာရနေပြီ...နောက်ကျ Qမြို့ကိုတစ်ယောက်တည်း သွားခွင့်မပြုဖို့ မင်းအဖေကိုပြောရမယ်”
ဝမ်ထောင်းစိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်၏။ “အမေ...အမေကအရမ်းကြင်နာတာပဲ...ဒါမှကျွန်တော့်အမေ”
အမျိုးသမီးကပြုံး၍ပြောလာသည်။ “ဒါပဲလေ”
ဝမ်မင်မင်မှာ သားကိုအချစ်ဆုံးဖြစ်သည့်သူမ၏ယောင်းမကို သည်းမခံနိုင်တော့ဘဲ မပျော်မရွှင်နှင့်ပြောလာသည်။
“ယောက်မ...ဒီလိုလုပ်နေလို့မဖြစ်တော့ဘူးလေ...ဝမ်ရှောင်ထောင်းက အသက်ဘယ်လောက်ဖြစ်နေပြီလဲ...အခုထိ ကလေးလိုဖြစ်နေတုန်း”
“ဘာဖြစ်တုန်း...ငါတို့ထောင်းထောင်းကကလေးပဲရှိသေးတာ” နောက်ထပ်အမျိုးသမီးအသံထွက်ပေါ်လာသည်။
“အိုး...ငါ့ရဲ့အဖိုးတန်မြေးလေး...ဘွားဘွားကိုလွမ်းနေရဲ့လား”
ဝမ်ထောင်းက အမျိုးသမီးကြီး၏လက်ကိုယူ၍ ချစ်မြတ်နိုးစွာဖြင့်ဆိုလိုက်သည်။ “အဘွား...လွမ်းတာပေါ့ဗျာ...အန်တီလေးရဲ့ ဟင်းချက်လက်ရာတွေကဆိုးလွန်းတယ်...အဘွားရဲ့ဟင်းတွေက အကောင်းဆုံးပဲ”
ဝမ်မင်မင်မှာ ဒေါသထွက်သွားလေသည်။ ‘ဒီကလေးစုတ်က အဘွားအရှေ့မှာ ငါ့ကိုပြက်ရယ်ပြုရဲတယ်ပေါ့...အနာဂတ်မှာ ငါမင်းကိုဘယ်လိုကိုင်တွယ်ပြမလဲကြည့်ကြတာပေါ့’
အမျိုးသမီးကြီးမှာချက်ချင်း မပျော်မရွှင်ဖြစ်၍ပြောလာသည်။ “မင်မင်...မင်းကိုလည်းကြည့်ပါဦး...မင်းက ငါ့မြေးလေးကို ပိန်သွားအောင်အစာငတ်ခံထားတာပဲ...မင်းကိုအရင်က ဟင်းချက်လေ့လာဖို့ပြောခဲ့ပေမယ့် မင်းကငြင်းခဲ့တယ်လေ...အသက်ပဲသုံးဆယ်ကျော်နေပြီ...အရသာရှိတဲ့ဟင်းတစ်ခွက်ကို မချက်နိုင်သေးဘူး...ရှက်ဖို့ကောင်းလိုက်တာ”
ဝမ်မင်မင်လည်း အလွန်ဒေါသထွက်သွားကာပြောလာသည်။ “အမေ...ဘက်မလိုက်ပါနဲ့...ဝမ်ရှောင်ထောင်းက အမေနဲ့ယောက်မတို့ အရမ်းအလိုလိုက်တာခံထားရတာ”
အမျိုးသမီးကြီးမှာ ပို၍အရုပ်ဆိုးလာတော့သည်။ “ငါ့မြေးကဘာဖြစ်နေလို့လဲ...ထောင်းထောင်းက အရမ်းလိမ္မာတာ ငါကဘာလို့အလိုမလိုက်ရမှာလဲ...မင်းတတ်နိုင်ရင် မင်းလည်းငါ့ကိုမြေးတစ်ယောက်မွေးပေးလေ...အဲ့ကျ ငါသူ့ကိုကောင်းကင်ထိရောက်အောင် အလိုလိုက်ပေးဦးမှာ”
ဝမ်မင်မင်ပေါက်ကွဲတော့မည်ကိုတွေ့သောအခါ ချန်းမင်က သူမ၏အင်္ကျီလက်ကိုဆွဲ၍ အပြုံးလေးနှင့်ပြောလိုက်သည်။ “ကျွန်တော်တို့လည်း နောက်ကျရင် ဝမ်ရှောင်ထောင်းကိုယှဥ်နိုင်မယ့် သားတစ်ယောက်ရလာမှာပါ”
ဝမ်မင်မင်၏နာကျင်နေသည့်မျက်လုံးများကိုတွေ့သောအခါ အမျိုးသမီးကြီးမသက်မသာခံစားလိုက်ရပြီး ပြောလာသည်။
“ကောင်းပြီ...အရင်ဆုံးသွားပြီးစားကြရအောင်...နောက်ကျရင် အစားအသောက်တွေ အေးကုန်လိမ့်မယ်”
ခဏတာတိတ်ဆိတ်သွားပြီးနောက် ဝမ်ထောင်းက သက်တော်စောင့်များကို လေယာဥ်၏ကုန်တင်ဌာနသို့သွား၍ သူ့လက်ဆောင်ကိုထုတ်ခိုင်းလိုက်သည်။ ထို့နောက် အရှက်မဲ့စွာဖြင့် ကြွားဝါရင်း သူ့ကိုယ်သူမျက်နှာရအောင်လုပ်ကာ အဘွား၏အိမ်သို့ပျော်ပျော်ရွှင်ရွှင်နှင့်ထွက်သွားလေသည်။
အဘွား၏အိမ်သို့ရောက်သည်နှင့် ဝမ်ထောင်းချက်ချင်း ငြိမ်ကုတ်သွားလေသည်။ အထူးသဖြင့် သူ့အဖေနှင့်အဘိုးတို့ကိုတွေ့သောအခါ လုံးဝအမြီးကုတ်နေပြီး သူ၏အပြစ်ဒဏ်ကိုလျော့အောင် အကောင်းဆုံးကြိုးစား၍နေနေ၏။
ဝမ်လွဲ့အားတိတ်တဆိတ် မျက်နှာပြောင်နေသည်ကိုမတွေ့မိပါက ဝမ်ကျန့်ကော်သည် ဤသားမှာစိတ်ပြောင်းသွားပြီဟု ထင်မိမှာပင်။ ယခုတော့ သူ၏သဘောသဘာဝကို ပြောင်းလဲရန် ခက်ခဲနေပြီး သူ့အရည်အချင်းများကို ဆက်လက်သွေးပေးရန်လိုအပ်နေသေး၏။ ပြောကာမှ ဤကလေးကပုံမှန်ဆိုလျှင် နှလုံးသားမဲ့နေပြီး ဒီတစ်ခေါက်တော့ လက်ဆောင်ယူလာရမည်ကိုသိလာလေသည်။ မင်မင်၏အိမ်တွင် သူ့ဇနီး၏အနှောင့်အယှက်မရှိဘဲ သေချာကြီးပြင်းလာသည့်ပုံပင်။ ကလေးအား မင်မင်၏ကျောင်းသို့ပါ ပြောင်းပေးသင့်လား သူတွေးမိသည်။ နှစ်အနည်းငယ်လောက် လေ့ကျင့်ပြီးသွားလျှင် သူဝမ်လွဲ့ကိုအမှီလိုက်လာနိုင်လိမ့်မည်။
ဝမ်ကျန့်ကော်အဖြေရှာမရဖြစ်နေသည်။ ဝမ်ထောင်းနှင့်ဝမ်လွဲ့တို့က အမြွှာများဖြစ်ကြ၏။ သို့တိုင် သူတို့က မတူကြပေ။ ဝမ်ထောင်းက ဝမ်လွဲ့ထက်မိနစ်အနည်းငယ်စော၍ ဗိုက်ထဲမှထွက်လာခဲ့သည်။ ဝမ်လွဲ့က ကလေးအရွယ်မှသည် တည်ငြိမ်ပြီးလေးနက်၏။ လူအိုကြီးပင်ချီးမကျူးဘဲမနေနိုင်အောင်ဖြစ်ရသည်။ သို့သော် ဝမ်ထောင်းကတော့ ဆန့်ကျင်ဘက်ပင်။ သူက ကလေးအရွယ်တည်းက အိမ်၏အရှင်သခင်ဖြစ်ခဲ့ပြီး လူအိုကြီးနှင့်လည်း ကလေးဘဝမှအရွယ်ရောက်သည်အထိ တကျက်ကျက်ရန်ဖြစ်ခဲ့သည်။ သို့တိုင် အိမ်မှ အမျိုးသမီးကြီးနှင့် သူ၏ချွေးမတို့က သူတို့၏သွေးသားကိုသည်းသည်းလှုပ်စောင့်ရှောက်ကြသည်။ အခြားမိသားစုများက သားငယ်ကိုပိုချစ်ကြသော်လည်း သူတို့မိသားစုကတော့ သားအကြီးကိုပိုချစ်ကြပြီး နှလုံးသားများက ဘက်လိုက်လွန်းအားကြီးနေသည်ပင်။
ကံကောင်းစွာနှင့် ဝမ်လွဲ့ကထိုအရာများကို ဂရုမစိုက်ခဲ့ချေ။ သို့မဟုတ်ပါက ညီအစ်ကိုများ တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ကြနေကြပေလိမ့်မည်။
ဝမ်ကျန့်ကော်က သူ့သားအကြီးအား စိုးရိမ်နေချိန်တွင် နောက်ဆုံးဧည့်သည်ရောက်လာပြီး နောက်မှ အခြားစစ်သားများက လှောင်အိမ်ကြီးကိုမ၍လိုက်လာကြသည်။
“ကျန့်ကော်...တောင်းပန်တယ်ကွာ...နောက်ကျသွားတယ်”
“ဦးလေးကျောက်...ဘာတွေယူလာတာလဲ” ဝမ်ကျန့်ကော်မေးလိုက်သည်။
ကျောက်ကျုံးက ရှောင်ပင်းအားလှောင်အိမ်ကြီးကိုချရန် အချက်ပြပြီး အပြုံးလေးနှင့်ပြောလာသည်။
“ဒါလေးကြောင့်နောက်ကျနေတာကွာ” ပြောပြီးနောက် သူကလှောင်အိမ်အပေါ်မှ ပိတ်စကိုဖယ်လိုက်ရာ အထဲတွင် မီးတောက်ကဲ့သို့ရဲရဲနီနေသော တိဘက်တန်မက်စတစ်ဖ်ခွေးလေးက အနည်းငယ်မကျေမချမ်းဖြင့် လှောင်အိမ်အလယ်တွင် လှဲနေသည်ကိုမြင်လိုက်ရသည်။ သူကမျက်လုံးကိုဖွင့်၍ အားလုံးကိုကြည့်လာပြီးနောက် မျက်လုံးပြန်ပိတ်ကာအိပ်သွားလေသည်။
(**ggခေါက်ကြည့်တာတော့တိဘက်တန် မက်စတစ်ဖ်က ခြင်္သေ့နဲ့ဆင်တယ် ခြင်္သေ့နဲ့ခွေးမျိုးစပ်ထားတာလို့အဆိုရှိတယ်တဲ့**)
ဝမ်ကျန့်ကော်က တအံ့တဩဖြင့်ပြောလိုက်သည်။ “ဒီခွေးကလှလိုက်တာ...ဦးလေးကျောက် ဘယ်လိုရလာတာလဲ” ဧည့်ခန်းထဲမှအခြားသူများကလည်း လှုပ်ရှားမှုများကိုကြားသောအခါ လာရောက်ကြည့်ကြသည်။ တိဘက်တန်မက်စတစ်ဖ်ခွေးလေးကိုတွေ့သောအခါ အားလုံးအံ့ဩသွားကြ၏။
ကျောက်ကျုံးကပြုံးနေလျက်ပြောလာ၏။ “ဒါလေးနဲ့က တကယ်ကိုရေစက်ရှိတာ...တော်တော်ကြာကြာလေးတုန်းက လေ့ကျင့်ရေးအတွက် ငါတပ်ဖွဲ့ကိုဦးဆောင်ပြီး နာ့ချွိကိုသွားတော့ တပ်စုခေါင်းဆောင်က သူ့ကိုရှာတွေ့ခဲ့တာပဲ...အဲ့အချိန်တုန်းက ဒါလေးကနို့ဖြတ်ရတဲ့အရွယ်လေးတောင် မဟုတ်သေးဘူး...သူ့အမေက ဝံပုလွေသုံးကောင်ဝိုင်းအကိုက်ခံရပြီး သေသွားခဲ့တာ...အဲ့ဒါနဲ့ ငါတို့လည်းသူ့ကိုအနီးနားကရွာဆီခေါ်သွားပြီး နို့တိုက်ဖို့ ခွေးအမကိုရှာရတယ်...ဒါပေမယ့် တခြားခွေးတွေက သူ့ကိုမြင်တော့ ဟောင်ကြအူကြပြီး အနားမကပ်ရဲကြဘူး...နောက်တော့ ဘုန်းတော်ကြီးတစ်ပါးက သူ့ကိုဘုရားကျောင်းထဲခေါ်သွားပြီး မွေးခဲ့တာပဲ...ငါသူ့ကို ချီကူးလို့နာမည်ပေးခဲ့တယ်...အဲ့ဒါက တိဘက်ဘာသာစကားအရဆို ဘုရင်လို့အဓိပ္ပာယ်ရတယ်လေ...သူ့ရဲ့အနီရောင်အမွှေးက အရမ်းပေါ်လွင်တာနဲ့ နှစ်သစ်ကူးလက်ဆောင်အဖြစ် လူအိုကြီးကိုပေးဖို့ ကွက်တိဖြစ်နေတာကွ...အဲ့ဒါနဲ့ယူလာလိုက်တာ”
၎င်းကတကယ်ကိုဈေးကြီးလွန်းသည်။ ကျောက်ကျုံးပေးမပစ်ရဲချေ။ သူပေးလိုက်လျှင်တောင် လူကြီးမင်းဝမ်က လက်ခံလိမ့်မည်မဟုတ်ချေ။ သူ၊ ကျောက်ကျုံးက ယခင်ကစစ်သားကြီးတစ်ယောက်ဖြစ်ခဲ့ပြီး ဤနေရာသို့ရောက်အောင်တက်နိုင်ခဲ့သည်မှာ လူကြီးမင်းဝမ်၏ကျေးဇူးများအများကြီးပါသည်။ လူကြီးမင်းက ယခုတွင် အနားယူသွားပြီဖြစ်သော်လည်း သူ့ကိုနည်းနည်းလေးမှ လျစ်လျူမရှုရဲချေ။ လက်ဆောင်တစ်ခုနှင့် လူကြီးမင်းဝမ်အား စိတ်ကျေနပ်စေရန် မျှော်လင့်မိသည်။
“ဒီ တိဘက်တန်မက်စတစ်ဖ်ခွေးလေးက တကယ်လှတယ်...ငါလက်ခံလိုက်မယ်”
လူကြီးမင်းဝမ်က ထိုသို့ပြောလာသည်နှင့် ကျောက်ကျုံးချက်ချင်းပျော်သွားလေသည်။
နေ့လည်ခင်း၊ ခမ်းနားသည့်နေ့လည်စာစားပွဲတွင် အိမ်ရှင်နှင့်ဧည့်သည်များက စားသောက်ကြရင်း ပျော်ပါးနေကြသည်။ စားသောက်နေပြီးနောက် အားလုံးကရယ်ရယ်မောမောနှင့်စကားပြောကြ၏။ အစတွင် လာကြသည့်သူများအားလုံးက လူကြီးမင်းဝမ်နှင့်သူ့မိသားစု၏ လက်အောက်ငယ်သားများဖြစ်ပြီး စိတ်ဝင်စားစရာမရှိချေ။ ညစာစားပြီးနောက် အားလုံးကတစ်ယောက်ပြီးတစ်ယောက် ပြန်သွားကြပြီး မိသားစုပွဲမှာ အဆုံးသတ်သွားလေသည်။
သူ့မိသားစုသာကျန်တော့သည့်အချိန်တွင် ဝမ်ထောင်းကချက်ချင်း လူကြီးမင်းဝမ်အား အရှက်မဲ့စွာဖြင့် လက်ဆောင်တောင်းလိုက်သည်။
“အဘိုး...ကျွန်တော့်ကို အဲ့ဒီမက်စတစ်ဖ်ခွေးလေးပေးပါလား” လူကြီးမင်းဝမ်က ပြုံး၍ပြောလာသည်။ “မင်းကိုပေးရမယ်တဲ့လား...မွေးရင်းသုံးရက်အတွင်းလုံးပါးပါးသွားလိမ့်မယ်”
ဝမ်ထောင်းပြောလိုက်၏။ “ကျွန်တော်မွေးမယ်လို့ဘယ်သူပြောလဲ...ကျွန်တော်က ရှောင်ထန်းယွမ်ကို ပေးမလို့...ဒီလိုခွေးမျိုးကကြီးလာရင် အရမ်းကြောက်ဖို့ကောင်းတာ...သူ့ကိုတံခါးအပြင်ဘက်မှာစောင့်ခိုင်းထားဖို့ သင့်တော်တယ်”
ဝမ်မင်မင်လည်းဝင်ပြောလာသည်။ “သူ့မှာဒီလိုနှလုံးသားရှိတာ ရှားရှားပါးပါးပဲ...အဖေ သူ့ကိုပေးလိုက်ချည်” သူ၏အဖိုးတန်သမီးလေးက ဝင်ပြောလာသည်ကိုတွေ့သောအခါ လူကြီးမင်းဝမ်က လက်ခါ၍ တိဘက်တန်မက်စတစ်ဖ်ခွေးလေး၏ပိုင်ဆိုင်မှုကို ပြောင်းလဲပေးလိုက်သည်။
နှစ်ရက်ကြာပြီးနောက် ရွှီကျင်းချန်သည် ချန်းမင်ထံမှဖုန်းလက်ခံရလိုက်သည်။ ဒါရိုက်တာရွှီမှာ Qမြို့ရှိ လေဆိပ်သို့သွား၍ တိဘက်တန်မက်စတစ်ဖ်ခွေးလေးကိုသွားခေါ်ကာ လင်းယွမ်အိမ်သို့လိုက်ပို့ပေးရလေသည်။
🪹🪹