Chapter 14
Viewers 4k

🪹Chapter (14)




“လူငယ်လေး...ငါ့မှာ သစ်တော်သီးပင်ပျိုနှစ်ပင်ရှိတယ်...ဘယ်လိုလဲ” အဘိုးအိုက ခေါင်းကိုင်းရင်း ကလေး၏လက်ကောက်ဝတ်လောက်ရှိသော ပင်ပျိုနှစ်ပင်ကိုကိုင်၍ စိတ်အားထက်သန်စွာဖြင့် မေးလာ၏။


လင်းယွမ်က စက်ဘီးကိုရပ်လိုက်ကာ သူ့ဆိုင်သို့လျှောက်သွားရင်း ပင်ပျိုကိုယူကြည့်၍ မေးလိုက်သည်။ “ဘယ်လိုသစ်တော်သီးပင်ပျိုများလဲ” အဘိုးအိုက အနည်းငယ်ရှက်ရွံ့စွာဖြင့် ဆိုလာသည်။


 “တောင်ပေါ်က အပင်ရိုင်းမျိုးပဲ...အမျိုးအစားတော့မရှိပေမယ့် အရသာကတော့ ကောင်းလိမ့်မယ်လို့ ငါအာမခံတယ်” အဘိုးအိုကပြောပြီးနောက် လင်းယွမ်အား စိုးရိမ်တကြီးဖြင့် ကြည့်လာသည်။ 


အဘိုးအိုက အရောင်ပြယ်နေပြီဖြစ်သော အပြာရောင်ဂျက်ကတ်ကိုဝတ်ထားပြီး စစ်တပ်ဝတ်အစိမ်းရောင် ဖိနပ်မှာ ရွှံ့များဖြင့် ပေကျံနေသည်။ သူ၏ဝါနုနုရောင်မျက်နှာပါးပါးတွင် အရေးအကြောင်းများပြည့်နေပြီး မျက်လုံးများတွင် စိုးရိမ်ခြင်း၊မျှော်လင့်ခြင်းများနှင့်ပြည့်နေသည်။ တကယ်တမ်းတွင် လင်းယွမ်က ဤသစ်တော်ပင်ပျိုရိုင်းနှစ်ပင်အား စိတ်မဝင်စားချေ။ အဘိုးအိုတစ်ယောက်အတွက် ဤအသက်အရွယ်တွင် ဆိုင်တစ်ဆိုင်ထောင်ထားခြင်းက မလွယ်ကူကြောင်းခံစားမိသောကြောင့်သာ သူမေးလိုက်သည်။ “ဒီသစ်တော်ပင်ပျိုရိုင်းနှစ်ပင်ကို ဘယ်လိုရောင်းပါလဲ...” 


“တစ်ဆယ်....မဟုတ်ဘူး ရှစ်ယွမ်ဆိုလုံလောက်တယ်”


လင်းယွမ်ပြောလိုက်၏။ “ဆယ်ယွမ်ပေါ့....အဘိုး ဒါတွေက မြေစိမ်းမြက်တွေလား” 


အဘိုးအိုက အပြုံးလေးနှင့်ပြောလိုက်သည်။ “ဟုတ်တယ်...ဒါတွေအားလုံးက မြေစိမ်းမြက်တွေ...ငါ့မြေး မနေ့က တောင်ပေါ်ကိုသွားတော့ တွေ့ခဲ့တာ...ဒီကလေးကကံကောင်းတယ်...သူကကျောင်းလခပေးဖို့နောက်ကျနေတာ...ဒါပေမယ့် မနေ့က အပင်ခုတ်ဖို့သွားရင်းနဲ့ မြေစိမ်းမြက်တွေတွေ့လိမ့်မယ်လို့ ဘယ်သူကထားထင်မိမှာလဲ...ဒီနေ့တော့ ဈေးကောင်းကောင်းနဲ့ရောင်းနိုင်မယ်လို့တွေးပြီး သူ့ကို ပိုက်ဆံနည်းနည်းပေးလိုက်တယ်...ကျောင်းစရိတ်ပေါ့” 


လင်းယွမ်က ပြုံး၍ပြောလိုက်သည်။ “ဒီမြေစိမ်းမြက်တွေကို ဘယ်လိုရောင်းလဲ” 


အဘိုးအိုကပြန်ဖြေသည်။ “အပင်ပေါက်တစ်ပင်ကို ငါးယွမ်”


ဤအချိန်တွင် မြေစိမ်းမြက်အား ဈေးအမြင့်ကြီးနှင့်မရောင်းသေးချေ။ အဖူးများပင်မထွက်သေးသည့် မြေစိမ်းမြက်တစ်ပင်ကို ငါးယွမ်ကျသည်။ နောင်တွင်အပင်ပေါက်တစ်ပင်ကို ဈေးနည်းတော့မည်မဟုတ်ချေ။ 


လင်းယွမ်ပြောလိုက်သည်။ “ကောင်းပါပြီ...အဘိုး စုစုပေါင်းအပင်ပေါက်ဘယ်နှပင်ရှိလဲတွက်လိုက်ပါ...ကျွန်တော်အားလုံးလိုချင်တယ်” လင်းယွမ်၏တွက်ချက်မှုက တကယ်ကိုကောင်းသည်။ လက်ရှိမြေစိမ်းမြက်များမှာ အလွန်ဈေးချိုပြီး ဤအဘိုးအို၏ဆိုင်မှ မြေစိမ်းမြက်များအားလုံးက အပင်တစ်ရာကျော်ကျော်သာရှိသည်။ သူလောဘမကြီးချေ။ အပင်တစ်ကောင်းတစ်ပင်စိုက်ချင်၍သာဖြစ်သည်။ သူသာအပင်ကောင်းတစ်ပင် စိုက်နိုင်ပါက ပိုက်ဆံရနိုင်လိမ့်မည်။ ကံမကောင်း၍ အပင်ကောင်းတစ်ပင်မရသည့်တိုင် တစ်ပင်ကိုငါးယွမ်ကတော့ အနာဂတ်တွင်ရောင်းလျှင် ဤမြေစိမ်းမြက်များမှာ သေချာပေါက်ရောင်းထွက်လိမ့်မည်။ အခြားသူများက မြေစိမ်းမြက်မှာ စိုက်ပျိုးရခက်ခဲကြောင်း စိုးရိမ်ကြသော်လည်း လင်းယွမ်ကတော့ လက်ထဲတွင် တောင်ကြားတစ်ခုလုံးရှိနေရာ စိုးရိမ်မနေချေ။ 


အဘိုးအိုမှာ ပျော်ရွှင်စွာဖြင့် မြေစိမ်းမြက်များကို ရေတွက်ရင်း ပြောလာသည်။ “လူငယ်လေး အပင်ပေါက်တစ်ရာနဲ့ သစ်တော်ပင်ပျို နှစ်ပင်ဆိုတော့ စုစုပေါင်း ယွမ်၄၅၀ကျတယ်... ဒီအမြစ်တွေက သိပ်တော့မကောင်းဘူး...ဝယ်သွားပြီးမှ စိုက်လို့မလွယ်မှာ စိုးရိမ်မိတယ်...” 


လင်းယွမ်ပြုံး၍ ပြောလိုက်သည်။ “အဘိုး...ကျေးဇူးတင်ပါတယ်”


အဘိုးအိုကလည်း ပြုံး၍ပြန်ပြောလာသည်။ “ငါ့ကိုဘာလို့ကျေးဇူးနေတာလဲ...ဒီမြေစိမ်းမြက်တွေကို မင်းမဝယ်ဘူးဆိုရင် ငါ့မြေးလေးရဲ့ ကျူရှင်စရိတ်တွေကို ဘယ်မှာရှာရမှန်းမသိဖြစ်နေမှာ...”


လင်းယွမ်ပြောလိုက်သည်။ “အဘိုးမြေးမှာ မိဘတွေမရှိကြတော့ဘူးလား” အဘိုးအတွက်က ဤအသက်အရွယ်တွင် နားနားနေနေနေသင့်တာဖြစ်သည်။ 


အဘိုးအိုက ခါးသက်စွာပြုံးလာသည်။ “ဒီအဘိုးကြီးက ဘဝဆိုးပါတယ်...သက်လတ်ပိုင်းမှာ ဇနီးကိုဆုံးရှုံးလိုက်ရပြီး အသက်ကြီးတော့ သားနဲ့ချွေးမကိုပါဆုံးရှုံးလိုက်ရတယ်...မြေးတစ်ယောက်နဲ့ကျန်ခဲ့ပြီး ငါမှသူ့ကိုမစောင့်ရှောက်ရင် ဘယ်သူကစောင့်ရှောက်ပေးမလဲ...မြေးလေးက အဆင့်ကောင်းတယ်...ကျောင်းကလည်း မြို့ထဲကအထက်တန်းကျောင်းဆိုတော့ ပိုက်ဆံတွေအရမ်းသုံးရတယ်...မလွယ်ဘူး...”


လင်းယွမ်က အဘိုးအို၏ ဝမ်းနည်းဖွယ်အကြောင်းအရာကိုထိုးဆွလိုက်ရန် မရည်ရွယ်ခဲ့သောကြောင့် လျင်မြန်စွာတောင်းပန်လိုက်သည်။


 “အဘိုး...ကျွန်တော်တောင်းပန်ပါတယ်...ကျွန်တော် မရည်ရွယ်ပါဘူး...” 


အဘိုးအိုကလက်ခါပြ၍ အဆင်ပြေကြောင်းဖော်ပြပြီး ပြောလာသည်။ “ရပါတယ်...ငါ နှစ်အများကြီး ရှင်သန်ခဲ့ပြီးပြီ...ပြီးတော့ အခုငါ့မြေးလေး ကောလိပ်တက်ပြီး ‌ရှေ့ဆက်လျှောက်ဖို့မျှော်လင့်တယ်” 


လင်းယွမ်က အဘိုးအို၏ရိုးရှင်းလှပသည့်ဆန္ဒလေးကြောင့် နက်ရှိုင်းစွာခံစားလိုက်ရပြီး မေးလိုက်သည်။ “အဘိုး...တောင်ပေါ်မှာ မြေစိမ်းမြက်တွေရှာနိုင်သေးလား” 


အဘိုးအိုကပြောလာသည်။ “မြေစိမ်းမြက်တွေကနူးညံ့တယ်...တောင်ပေါ်မှာရှိတယ်ဆိုပေမယ့် ဒီလောက်နှစ်တွေအကြာကြီးမှာ ငါပထမဆုံးမြင်ဖူးတာပဲ”


လင်းယွမ်ကပြုံး၍ပြောလိုက်သည်။ “တောင်ပေါ်မှာရှိနေသရွေ့ အဲ့မြက်ခင်းစိမ်းတွေကိုရှာပြီး ပန်းဈေးကို လဝက်တစ်ခါပို့ပေးပါ...ကျွန်တော်လိုသလောက်ဝယ်မယ်...ဈေးကတော့ ဒီလိုလုပ်ပါ...ဈေးကွက်ဈေးကငါးယွမ်ထက် နည်းမယ်ဆိုရင် ကျွန်တော်ငါးယွမ်ပေးမယ်...တကယ်လို့ ဈေးကွက်ထဲမှာ ဈေးက ငါးယွမ်ထက်များမယ်ဆို ဈေးကွက်ထဲကဈေးအတိုင်းတွက်ပေးမယ်...ဘယ်လိုလဲ” 


အဘိုးအိုမှာ လက်ကိုအကြိမ်ကြိမ်ခါ၍ ပြောလာသည်။ “ကလေးတစ်ယောက်က ဒါကိုဘယ်လိုလုပ်လုပ်နိုင်မှာလဲ...မင်းအရှုံးများမှာပေါ့...အဲ့အပြင် ဒီမြေစိမ်းမြက်တွေက စားလို့မရဘူး...တစ်ပင်နှစ်ပင်လောက်စိုက်ပြီး အနံ့အဆင်ပြေလားအရင်ကြည့်သင့်တာလေ...ဘာလို့ ဒီလောက်အများကြီးစိုက်မှာလဲ...ပြီးတော့ ဒီမြေစိမ်းမြက်တွေက ဧပြီလပြီးရင် စိုက်လို့ရတော့မှာမဟုတ်ဘူး...”


လင်းယွမ်ကပြုံး၍ပြောလိုက်သည်။ “အဘိုး...အသက်ကြီးလာတဲ့အခါ စိတ်နှလုံးအေးအောင်နေရတယ်...ကျွန်တော် ဒီမြေစိမ်းမြက်တွေကိုစိုက်ရတာ ကိုယ်ပိုင်အကြောင်းပြချက်ရှိပါတယ်...အဆင်ပြေမှာပါ” 


အဘိုးအိုက မျက်မှောင်ကြုတ်၍ပြောလာသည်။ “ဒီလိုဆိုမှတော့လည်း...” 


လင်းယွမ်ကပြုံး၍ အိတ်ထဲမှ ယွမ်၈၀၀ကိုယူ၍ အဘိုးအိုကိုပေးလိုက်သည်။ “အဘိုး...ဒါက ယွမ်၈၀၀ပါ...ယွမ် ၄၅၀က ဒီတစ်ကြိမ်ဝယ်တဲ့ သစ်တော်ပင်ပျိုနှစ်ပင်နဲ့ မြေစိမ်းမြက်တွေအတွက်...ကျန်တဲ့ ယွမ်၃၅၀က အပိုယူထားလိုက်ပါ...လဝက်ကြာလို့ တနင်္ဂနွေနေ့ကျရင် ကျွန်တော့်ဆီကို မြေစိမ်းမြက်တွေယူလာခဲ့ပေးပါ...အဲ့အချိန်ကျရင် ပိုတဲ့လိုတဲ့ငွေအကုန်ရှင်းပေးပါ့မယ်” 


အဘိုးအိုက တုန်တုန်ယင်ယင်ဖြင့် ပိုက်ဆံကိုယူလိုက်၍ ပြောလာသည်။ “လူငယ်လေး...ဒါလက်မခံနိုင်စရာပဲ...မင်းပြောတဲ့အတိုင်း ငါမြေစိမ်းမြက်တွေကို ပို့ပေးမယ်...ဒါပေမယ့် ပိုက်ဆံအပိုတော့ မယူပါရစေနဲ့”


လင်းယွမ်ပြောလိုက်သည်။ “ကျွန်တော့်ရဲ့မျိုးရိုးနာမည်က လင်းပါ...နာမည်က လင်းယွမ်...ရှောင်လင်းလို့ ခေါ်နိုင်ပါတယ်...အဘိုးက ပိုက်ဆံကိုလက်ခံလိုက်ပါ...နောက်တစ်ကြိမ်ပိုက်ဆံရှင်းတဲ့အချိန်ကျ ကျေသွားမှာပဲလေ...ဟုတ်တယ်မလား”


အဘိုးအိုက စနောက်လိုက်သည်။ “‌‌ရှောင်လင်း...ဒီအဘိုးကြီးက ပိုက်ဆံယူပြီးထွက်ပြေးသွားမှာ မကြောက်ဘူးလား”


လင်းယွမ်ကရယ်၍ပြောလိုက်သည်။ “အဘိုးကိုမြင်လိုက်တာနဲ့ ရိုးသားတဲ့လူမှန်းသိပါတယ်...ကျွန်တော့်ရဲ့ အမြင်ကို ကျွန်တော်ယုံတယ်...” 


အဘိုးအိုကရယ်၍ပြောလာသည်။ “ဒီလိုဆိုမှတော့ ရှောင်လင်းအတွက် လောင်ကျန်းက မြေစိမ်းမြက်တွေ တူးပေးပါ့မယ်” 


လင်းယွမ်က ဦးလေးကျန်းနှင့်စကားအနည်းငယ်ပြောပြီးနောက် စက်ဘီးစီး၍ မြေစိမ်းမြက်အိတ်အပြည့်ဖြင့် ထွက်လာခဲ့သည်။ သူကမြို့တစ်လျှောက် လျှောက်ပတ်ကာ မည်သူမှမရှိသည့်နေရာတွင် စက်ဘီးကိုထုတ်လိုက်ပြီး အပင်ပျိုများကိုထည့်လိုက်သည်။ ထို့နောက် လမ်းမပေါ်တွင်စက်ဘီးကိုရပ်လိုက်ပြီး မြို့၏အကြီးဆုံးစက်ဘီးဆိုင်ထဲသို့ဝင်သွားလိုက်သည်။ 


ရှောင်ယွင်ရှူးအား စက်ဘီးဝယ်ပေးမည်ဟု ကတိပေးထားသည်ကို သူမမေ့ချေ။ 


အမျိုးစုံအောင်ရွေးချယ်ပြီးနောက် နောက်ဆုံးတွင် ဖီးနစ်၏နောက်ဆုံးပေါ်မော်ဒယ်အား ရွေးချယ်လိုက်သည်။ ၎င်းက မိန်းကလေးများစီးရန်အလွန်သင့်တော်သည်။ စုစုပေါင်းယွမ်၅၀၀နီးပါးကျသင့်သွား၏။ ရှောင်ယွင်ရှူး၏ ပျော်ရွှင်နေမည့်မျက်နှာကိုတွေးရင်း လင်းယွမ်မှာတန်သည်ဟုတွေးလိုက်ပြီးနောက် လမ်းတစ်လျှောက်ပြန်မောင်းလာလိုက်သည်။ ထို့နောက် ဦးလေးဝေ့၏အိမ်ကိုပို့လိုက်သည်။ 


ရှောင်ယွင်ရှူးမှာ စက်ဘီးအသစ်ရလိုက်သောကြောင့် ဝမ်းမြောက်ဝမ်းသာဖြင့် စက်ဘီးကိုတွန်းကာ ခြံထဲတွင်စီးတတ်အောင် သင်‌တော့သည်။ သူမ၏အဖွားနှင့်သူမ၏အော်သံများက ခြံထဲမှ တစ်ချက်တစ်ချက် ထွက်လာနေသည်။ 


ဦးလေးဝေ့က ထိုကဲ့သို့ဈေးကြီးသည့်အရာကို လက်မခံနိုင်ဟုခံစားမိသောကြောင့် လင်းယွမ်အား မည်မျှကျကြောင်းမေးကာ ပြန်ပေးချင်မိသည်။ 


လင်းယွမ်က မလိုချင်သောကြောင့် ဦးလေးဝေ့အား အာရုံမထားရန်ပြောကာ လေအလျင်ဖြင့် ပြန်ပြေးသွားလိုက်သည်။ ဦးလေးဝေ့မှာ ရွေးချယ်စရာမရှိဘဲ လင်းယွမ်၏အလိုလိုက်ဂရုစိုက်မှုများကို စိတ်ထဲတွင် တိတ်တဆိတ်မှတ်ထားလိုက်သည်။ 


အိမ်သို့ပြန်ရောက်သောအခါ လင်းယွမ်က တောင်ကြားထဲသို့သွား၍ ဖောင်သွမ့်အာအား ကြက်ဖကြီးတစ်ကောင်ကိုဖမ်းခိုင်းလိုက်သည်။ ထို့နောက် မီးဖိုတွင်ချက်လိုက်ပြီး မြေစိမ်းမြက်နှင့် သစ်တော်ပင်ပျိုများကို တောင်စောင်းတွင်စိုက်လိုက်သည်။ ထိုတာဝန်များပြီးနောက် ကြက်သားစွပ်ပြုတ်လည်း ကျက်သွားပြီဖြစ်သည်။ လူတစ်ယောက်နှင့်ခွေးတစ်ကောင်တို့မှာ စိတ်ကျေနပ်စွာဖြင့် စား‌သောက်ကြပြီး ညဘက်တွင် ဗိုက်ပြည့်လျက်အိပ်ရာပေါ်၌ အနေအထားအတူတူဖြင့် အိပ်လိုက်ကြသည်။ 


အစတွင်လင်းယွမ်က သစ်တော်ပင်နှစ်ပင်ကို အာရုံသိပ်မစိုက်သော်လည်း တောင်ကြားထဲတွင် သူတို့ကိုစိုက်ရန် သုံးရက်လောက်အချိန်ယူလိုက်ရပြီး လေးရက်အတွင်းတွင် သစ်တော်သီးများမှာ ရွှေရောင်ပင်သမ်းနေပြီဖြစ်သည်။ လင်းယွမ်မှာလျင်မြန်စွာဖြင့် သစ်ပင်ပေါ်သို့တက်၍ အနည်းငယ်ကိုခူးလိုက်သည်။ 


ဤသစ်တော်သီးရိုင်းများမှာ အရွယ်အစားသေးပြီး တစ်လုံးကို နှစ်အောင်စ၊ သုံးအောင်စလောက်သာရှိသည်။ လင်းယွမ်က တစ်လုံးကိုစားကြည့်ရာ ချိုမြိန်ပြီးအရည်ရွှမ်း၊ ကြွပ်ဆတ်ပြီး အရည်အသွေးမြင့် ဆစ်ဒနီသစ်တော်သီးများထက်ပင် ပို၍အရသာရှိသေးသည်။


လင်းယွမ်က ဦးလေးကျန်းအား နောက်တစ်ကြိမ်မြေစိမ်းမြက်များယူလာလျှင် သစ်တော်ပင်ပျိုများလည်း ယူလာဖို့ပြောရန်တွေးထားလိုက်သည်။ 


မျက်စိတစ်မှိတ်လေးအတွင်းမှာပင် အပင်ပေါက်ရောင်းသည့်နေ့သို့‌ရောက်လာခဲ့သည်။ လင်းယွမ်က စောစောထကာ အိပ်ရာပေါ်တွင်အိပ်ပျော်နေသည့် ဖောင်သွမ့်အာကို တောင်ကြားထဲသို့ထည့်၍ စက်ဘီးစီး၍ ပန်းနှင့်ငှက်ဈေးသို့သွားလိုက်သည်။ 


ဒီနေ့၏ပန်းနှင့်ငှက်ဈေးမှာ အလွန်အမင်းလူများနေပြီး အာရုဏ်မတက်ခင်မှာပင် လူများ၊ အပင်ပျိုများနှင့် ပြည့်နေသည်။ ထို့ကြောင့် လင်းယွမ်က စက်ဘီး‌‌ပေါ်မှဆင်း၍ လမ်းလျှောက်ကာကြည့်ရသည်။ 


ရောင်းချနေသည့်အပင်ပျိုများအများကြီးရှိပြီး ၎င်းတို့အထဲတွင် ပန်းသီး၊ သစ်တော်သီးနှင့် မက်မွန်သီးတို့က နာမည်အကြီးဆုံးဖြစ်သည်။ လွန်ခဲ့သည့်နှစ်များတွင် အားလုံး၏နေထိုင်မှုအဆင့်အတန်းများမှာ တစ်နေ့တစ်နေ့တိုးတက်လာခဲ့ပြီး ခြံထဲတွင် သစ်သီးပင်များစိုက်ခြင်းကို လူတိုင်းနှစ်သက်လာကြသည်။ အရိပ်ရပြီး ဗိုက်လည်းဝစေကာ လူကြီးလူငယ်မရွေးကြိုက်ကြ၏။ အချို့လူအနည်းငယ်ဆိုလျှင် သစ်သီးပင်များစိုက်ရန် တောတောင်များကိုပါ ကန်ထရိုက်ဆွဲကြသေးသည်။ သူတို့က ဒီနေ့ဈေးတွင် ဝယ်ယူခြင်းများအားလုံး၏ ဇာတ်လိုက်များဖြစ်ကြသည်။ 


လင်းယွမ်သည် အရင်ရသူစားကြေးဆိုသည့်သူများနှင့်ပတ်သက်၍ အကောင်းမြင်စိတ်ရှိသော်လည်း ထိုသို့လုပ်ရန် မရည်ရွယ်ထားချေ။ အကြောင်းမှာ ဒီနှစ်ဧပြီလတွင် Qမြို့တစ်မြို့လုံး၌ ဗဟိုအစည်းအဝေးကျင်းပကာ မြို့စွန်စီးပွားရေးအားတိုးတက်စေပြီး ယခင်ကစီးပွားရေးကိုပြောင်းလဲပစ်လိမ့်မည်။ မြို့ခံအခြေအနေအများအရ မြို့စွန်စီးပွားရေးအရင်းအမြစ်များကို သိသိသာသာပွားများစေပြီး တိုင်းတာမှုများကိုလည်း Qမြို့၏ ကျက်တီးမြေများအပေါ်လုပ်ဆောင်ကာ သစ်သီးဥယျာဥ်ခြံများပြုလုပ်လာမည်ကို သူသိနေသောကြောင့်ဖြစ်သည်။ 


ထိုအချိန်တွင် Qမြို့အစိုးရက မဖွံ့ဖြိုးသေးသေည့်တောတောင်များအား လယ်သမားများထံ ဈေးနည်းနည်းဖြင့် စာချုပ်ချုပ်ကာ အလကားနီးပါးရှိသည့် အရည်အသွေးမြင့်သစ်သီးပင်ပေါက်များပေးလိမ့်မည်။ ထို့ကြောင့် လင်းယွမ်အလျင်လိုမနေချေ။ သူကဒီနေ့တွင် သစ်သီးပင်ပေါက်များဝယ်ကာ တောင်ကြားထဲတွင် စိုက်ချင်ခြင်းဖြစ်သည်။ ဗိုက်လည်းဝချင်သောကြောင့် လမ်းတစ်လျှောက်လျှောက်ကာ ဈေးထဲတွင် သစ်သီးပင်ငယ်များကို ငါးမျိုးဝယ်လိုက်သည်။ 


“ကြည့်ကြပါဦး...အားလုံးပဲ....ကျုပ်မှာ ရွှေရောင်နန်းမူအပင်ပေါက်ရှိတယ်...တစ်ပင်ကိုယွမ်၅၀၀နော်...တစ်ပင်ကိုမှ ယွမ်၅၀၀...နောက်ဆုံးကျန်တဲ့ဆယ်ပင်ကို ဈေးလျှော့ပြီးရောင်းနေတာနော်”


လင်းယွမ်မှာ ချက်ချင်းဆွဲဆောင်ခံလိုက်ရသည်။ Qမြို့က နိုင်ငံထဲတွင် ‌ရွှေနန်းမူထုတ်လုပ်သည့် အကြီးဆုံးဒေသဖြစ်သည်။ မင်နှင့်ချင်မင်းဆက်များတွင် ရွှေပိုးနန်းမူတို့မှာ မျိုးပြုန်းခါနီးဖြစ်ခဲ့သော်လည်း Qမြို့က ထုတ်လုပ်ရာနေရာဖြစ်ပြီး ရှာကြည့်ချင်သည့်စိတ်သာရှိပါက တစ်ပင်၊နှစ်ပင်လောက်ကတော့ သေချာပေါက် ရှာတွေ့နိုင်သည်။ သို့သော် ရွှေနန်းမူအား နိုင်ငံ၏ပထမတန်းစားအကာကွယ်ခံသစ်ပင်မျိုးစိတ်များအဖြစ် သတ်မှတ်ခံရပြီး နှစ်နှစ်၊ သုံးနှစ်အကြာတွင် တန်ဖိုးက သိသိသာသာထိုးတက်သွားခဲ့သည်။ အကောင်းဆုံးရွှေနန်းမူများကို မည်မျှရောင်းသလဲသိကြပါသလား...။ ပြောရမည်ဆိုလျှင် ‌ဈေးကနေ့တိုင်းတက်နေခြင်းဖြစ်သည်။ ဤသို့ဖြင့် တစ်နိုင်ငံလုံးတွင်လည်း သစ်ပင်အနည်းငယ်သာကျန်‌တော့ရာ ၎င်းကတန်ဖိုးမဖြတ်နိုင်ဖြစ်လာသည်။ တောတောင်ထိန်းသိမ်းရေးကလည်း ထိုသစ်ပင်များအား တစ်နေ့ကိုအကြိမ်ခုနစ်ဆယ်၊ ရှစ်ဆယ်လောက်စောင့်ကြည့်နေကာ အပင်လာခိုးသည့်သူများကို ထောင်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ထည့်ပစ်လေသည်။ ဤသို့ဖြင့် လူအများကြီးမှာ အနားမကပ်ရဲဖြစ်ကြရသည်။ 


Qမြို့၏နေထိုင်သူများအတွက်၊ အထူးသဖြင့် သစ်ပင်များအကြောင်းအနည်းငယ်သိသည့်သူများအတွက် သူတို့က ရွှေနန်းမူဆိုသည့်အမည်ကို အတိုင်းအတာတစ်ခုအထိသာကြားဖူးကြသည်။ သူတို့က အော်ရောင်းနေသည့်အသံကိုကြားသောအခါ ချက်ချင်းစုပြုံသွားကာ အလျင်အမြန်ဆွေးနွေးကြသော်လည်း မည်သူမှမဝယ်ကြပေ။ 


ဤလူ၏ ဈေးမှာမြင့်လွန်းပြီး သူကတစ်ခါတည်းဆယ်ပင်ရောင်းနေတာဖြစ်သည်။ အားလုံးက ရွှေနန်းမူဆိုသည့် နာမည်ကိုကြားဖူးကြသော်လည်း မြင်ဖူးသည့်သူကတော့ တစ်ယောက်စ၊ နှစ်ယောက်စသာရှိသည်။ 


လင်းယွမ်က လူကြားထဲသို့ဝင်တိုး၍ ကြည့်လိုက်ရာ အပင်ပေါက်က အစစ်မှန်းသိလိုက်ရသည်။ ထိုအပင်ပေါက်များအပေါ်တွင် မြူခိုးလေးများဖျော့ဖျော့လေးရစ်သိုင်းနေပြီး တောင်ကြားထဲမှ မြူခိုးများနှင့် ထပ်တူညီနေလေ၏။


“ခင်ဗျားရဲ့သစ်ပင်တွေအကုန်လိုချင်တယ်” လင်းယွမ်က အပင်ပေါက်များရောင်းနေသည့် သက်လတ်ပိုင်းလူကြီးကိုပြောလိုက်သည်။ 


သက်လတ်ပိုင်းလူကြီးက ခဏလောက်မှင်သက်သွားပြီးနောက် ပြုံး၍ပြောလာသည်။


 “သူငယ်ချင်းလေး ပျော်ချင်ရင် သွားကစားနေနော်...ဒီဦးလေးရဲ့ စီးပွားရေးကိုတော့ လာမဖျက်ဆီးပါနဲ့” လူအုပ်ကြီးမှာ ချက်ချင်းရယ်မောလာကြပြီးနောက် ရုတ်ခြည်းရပ်သွားကြသည်။


လင်းယွမ်က သက်လတ်ပိုင်းလူကြီးထံ ယွမ်ရာတန်များအထပ်လိုက်ပေး၍အပြုံးလေးနှင့်ပြောလိုက်သည်။ “ဦးလေး...ဒီမှာ ယွမ်၅၀၀၀ပါ...ရေကြည့်ပါဦး”




🪹🪹

ရွှေနန်းမူ ဆိုတာက( jinsinan) အဖိုးတန်သစ်မာမျိုးပါတဲ့ ... ကျွန်းသစ်လိုမျိုး ကန့်သတ်တားမြစ်ထားတဲ့ သစ်ပင်ပါ ..ရွှေရောင်အကြောလေးတွေပါတယ်လို့ တွေ့ပေမဲ့ သစ်ပင်ပုံအပြည့်ကို မတွေ့ဘူး