Chapter 16
Viewers 4k

🪹Chapter 16




မနက်ခင်းတွင် ဖတ်စာအုပ်အသစ်များကိုပေးဝေပြီး ကျောင်းသားများက သန့်စင်ခန်းများကို သန့်ရှင်းရေးလုပ်ကြသည်။ ကျောင်းက တစ်ယောက်ကိုလွှတ်၍ စစ်ဆေးခိုင်းပြီးနောက် ကျောင်းသားများအားလုံးမှာ ကျောနောက်တွင်လွယ်အိတ်များလွယ်၍ ပြန်ကြတော့သည်။ ပိတ်ရက်အိမ်စာများကိုပြီးမလာသည့် ကျောင်းသားအချို့ကတော့ အိမ်သို့ပြန်၍မနက်ဖြန်အတန်းချိန်မတိုင်မီ အမီထပ်ရန် အပြောခံလိုက်ရ၏။ သို့မဟုတ်ပါက မိဘများကိုဆင့်ခေါ်လိမ့်မည်။ ဤသနားစရာကလေးများမှာ ပင်ပန်းနွမ်းနယ်စွာဖြင့် ကျောတွင်လွယ်အိတ်လွယ်၍ ပြန်သွားကြသည်။ သို့သော် သူတို့အနည်းငယ် ပျော်ရွှင်နေမိဆဲပင်။ 


အကြောင်းမှာ လင်းယွမ်က ဆရာချန်းနှင့်နှစ်ယောက်တည်းကျန်ခဲ့သောကြောင့်ဖြစ်သည်။ 


အဆင့်တစ်က တကယ်တမ်းတွင် အိမ်စာတစ်လုံးမှရေးမလာဘဲ သူတို့ထက်တောင် ဆိုးနေသေးသည်။ သေချာပေါက် ဆရာချန်း၏အပြစ်ပေးခြင်းခံရလိမ့်မည်။ 


သို့သော် တကယ့်လက်တွေ့က စိတ်ကူးများနှင့်ပြောင်းပြန်ဖြစ်နေနိုင်၏။


လင်းယွမ်က ချန်းမင်အနောက်မှသူ့အိမ်သို့လိုက်လာခဲ့သည်။ လမ်းတွင် ချန်းမင်က ပိတ်ရက်အိမ်စာအကြောင်းကို လုံးဝမပြောဘဲ တရုတ်နှစ်သစ်ကူး၏ စိတ်ဝင်စားစရာအကြောင်းများကိုသာပြော၍ ရယ်မောလာခဲ့သည်။ 


ချန်းမင်နှင့်ဝမ်မင်မင်တို့ ချင်းဟယ်မြို့သို့ရောက်နေသည်မှာ ငါးနှစ်ကျော်ပြီဖြစ်သည်။ ကျောင်းက အိမ်များကို နေရာချ‌ပေးစဥ်တွင် ကျောင်းအုပ်ကြီးက သူတို့အတွက်နေရာတစ်ခုရရန်တတ်နိုင်သမျှလုပ်ပေးခဲ့သည်။ အသစ်ဆောက်လုပ်ထားသည့် ဆရာများအတွက်အဆောက်အအုံမှာ ၁၀၀စတုရန်းမီတာရှိပြီး သူကိုယ်တိုင်အတွက် ၉၀လောက်ယူထားလေသည်။ ကျောင်းမှဆရာ၊ဆရာမများက အနည်းငယ်တိုင်တန်းပြောဆိုလာကြသည်။ ဆရာ၊ဆရာမများ၏ မိသားစုဝင်များကလည်း ကျောင်းအုပ်ကြီးအား တိုက်ရိုက်လာရောက်ပြောဆိုကြသည်။ သို့သော် ကျောင်းအုပ်ကြီးက ၎င်းမှာအထက်ကစီစဥ်ပေးခြင်းဖြစ်ကြောင်း ပြန်ပြောခဲ့သည်။ 


ကျောင်းအုပ်ကြီးက သေချာလေးအားထုတ်ထားသော်လည်း ချန်းမင်နှင့်သူ့ဇနီးတို့က လက်မခံခဲ့ချေ။ သူတို့နှစ်ယောက်က ‌သော့ရပြီးနောက်တွင် တစ်ရက်မှထိုနေရာတွင်မနေခဲ့ချေ။ ထိုအစား သူတို့က မိသားစုတစ်စုနေ၊ အခန်းသုံးခန်းနှင့် တစ်ထပ်အိမ်အသေးလေးတစ်လုံးကိုဝယ်လိုက်ပြီး ဥယျာဥ်၊ ရေကန်တို့ တည်ဆောက်ကာ ကန်ထဲတွင် ကြာပန်းအချို့ကိုလည်းစိုက်ပျိုးခဲ့သည်။ ထိုအချိန်က ကြာပန်းအကျန်များဖြစ်သော်လည်း နွေရာသီတွင်ပန်းပွင့်လာသည့်အခါ ကျော့ရှင်း၍လှပသည်။ ကန်ထဲတွင် ကူးခတ်နေသည့် ဂျပန်ငါးကြင်းများလည်းရှိ၏။ 


ခြံတစ်လျှောက်ပန်းခင်းများလည်း စိုက်ပျိုးထားပြီး ပန်းခင်းများတွင် နှင်းဆီပန်းများဖြင့်ပြည့်နေသည်။ ရာသီဥတုနွေးလာသည်နှင့် ထိုနှင်းဆီပန်များက အဖူးသစ်များစတင်ထွက်ပေါ်လာသည်။ ထိုပန်းများက တစ်လအတွင်းပွင့်ဖူးလာကာ မွှေးကြိုင်နေလိမ့်မည်။ 


“ဆရာချန်း...အိမ်ကအရမ်းလှတာပဲ” လင်းယွမ်စိတ်ရင်းမှန်ဖြင့်ချီးမွမ်းလိုက်သည်။ 


ယခင်ဘဝတွင် ဆရာချန်း၏အိမ်အား အကြိမ်ပေါင်းများစွာလည်ပတ်ခဲ့ဖူးသည်။ ထိုအချိန်တုန်းက သူက ကျောင်းထွက်ရန်အပြောခံထားရပြီးဖြစ်သည်။ ဆရာချန်းနှင့် ဆရာမဝမ်တို့က သူ့ကိုအိမ်သို့ခေါ်လာကာ စည်းရုံးရန်အကောင်းဆုံးကြိုးစားကြပြီး သူ့ကိုမွေးစားရန်ပင်ပြောလာကြသည်။ ဤသို့ဆိုလျှင် သူစာဆက်သင်နိုင်လိမ့်မည်။ 


သို့သော် သူငြင်းပယ်ခဲ့၏။ 


သူ့ကိုငြင်းပယ်ခဲ့စေသည်က ကြာပန်းများဖြင့်ပြည့်နေသည့်ရေကန်၊ နှင်းဆီပန်းများဖြင့်ပြည့်နေသည့်ဥယျာဥ်နှင့် ပွဲအလယ်သို့မတော်တဆရောက်လာသည့် သူဖုန်းစားတစ်ယောက်ကဲ့သို့ဖြစ်နေသည့် သူ၏စုတ်ပြဲနေသောအဝတ်အစားများကြောင့်ဖြစ်သည်။ ၎င်းက ကိုယ့်ကိုကိုယ်တန်ဖိုးထားခြင်းနည်းခြင်းကြောင့်သော်လည်းကောင်း၊ သိမ်ငယ်စိတ်ကြောင့်သော်လည်းကောင်း သူ့မှာရှက်ရွံ့ကာ နောက်ဆုံးတွင်ဂျူနီယာအထက်တန်းအောင်လက်မှတ်ကိုယူ၍ နှုတ်ပင်မဆက်ဘဲ ပြန်ထွက်လာခဲ့သည်။ 


နှစ်များကျော်လွန်သွားပြီး အရာဝတ္ထုများပြောင်းလဲသလို၊ လူများလည်းပြောင်းလဲကြသည်။ ပြန်ကြည့်လိုက်လျှင် ဤခြံသို့နောက်တစ်ကြိမ်ပြန်ရောက်လာသောအခါ သူသည် ယခင် အူကြောင်ကျား ကလေးလေးမဟုတ်တော့ချေ။ 


ချန်းမင်က ခြံတစ်လျှောက်ကိုမျက်လုံးထဲမှနက်ရှိုင်းသည့်အပြုံးတစ်ခုဖြင့်မျှော်ကြည့်ရင်းပြောလာသည်။ “လျှောက်ပတ်ကြည့်လို့ရတယ်...မင်းရဲ့ဆရာမဝမ်က ဒီပန်းတွေကိုကြိုက်တယ်လေ”


လင်းယွမ်က အားကျစွာဖြင့်ပြောလိုက်၏။ “ဆရာတို့နှစ်ယောက်မှာ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတာပဲ”


ချန်းမင်က အံ့ဩစွာဖြင့် ပြောလိုက်သည်။ “ဟုတ်တယ်...မင်းရဲ့ဆရာမဝမ်က စစ်ကျိုမြို့မှာ အလှဆုံးအလှလေးတစ်ယောက်လေ...အဲ့လိုအလှလေးကိုရဖို့ အခက်အခဲအမျိုးမျိုးကိုကျော်ဖြတ်ခဲ့ရတာ...Bမြို့က ယောက်ျားတွေက ဘယ်လိုလုပ်ငါ့ကိုမနာလိုမဖြစ်ဘဲနေနိုင်ကြမလဲကွာ...ဟားဟားဟား”


ဝမ်မင်မင်က နည်းနည်းလေးနောက်ကျပြီးမှရောက်လာသည်။ တံခါးမှဝင်လာသည့်အချိန်တွင် ချန်းမင်၏စကားများကိုကြားသောအခါ စိတ်ဆိုးမာန်ဆိုးဖြင့်ပြောလာ၏။ 


“ရှက်စရာပဲ...လင်းယွမ် ဆရာမနဲ့လိုက်ခဲ့...သူ့ကိုစကားပြောမနေနဲ့”


ဝမ်မင်မင်က အရပ်ရှည်ရှည်နှင့်သေးသွယ်ကာ အချိုးအစားကျသည့်ရုပ်သွင်ပြင်များရှိပြီး ဆွဲဆောင်မှုရှိသည့်အပြုံးလေးနှင့် နူးလည်းနူးညံ့သည်။ ချန်းမင်၏အသက်ဝိညာဥ်သုံးခုမှာ နှိုးဆွခံလိုက်ရလေသည်။ လင်းယွမ်ကြောင့်သာမဟုတ်ပါက သူအသွင်ပြောင်းပြီးခုန်အုပ်ပြီးနေပြီဖြစ်သည်။


‘စောစောသာသိရင် ရှောင်ထန်းယွမ်ကိုခေါ်မလာခဲ့ပါဘူး...’ ချန်းမင်မှာနှလုံးသားထဲတွင် အော်ဟစ်လိုက်၏။


ဒုတိယထပ်က အတော်လေးကျယ်ကာ ဧည့်ခန်းအားအရောင်နွေးများဖြင့်အလှဆင်ထားပြီး သက်တောင့်သက်သာရှိသည်။ 


“လင်းယွမ်...ဘာ‌သောက်ချင်လဲ” ဝမ်မင်မင်ကအပြုံးလေးနှင့်မေးလိုက်သည်။ 


လင်းယွမ်ကပြုံး၍ပြောလိုက်၏။ “ရေဆိုရပါပြီ”


“မင်းကတော့တကယ်ပဲ...ဆရာမအိမ်မှာရေပဲသောက်လို့ရမလား...ချန်းမင် လက်ဖက်ရည်သုံးခွက်လောက် လုပ်ပေးပါဦး...ရှောင်ထန်းယွမ် ဆရာမနားကိုလာခဲ့...ကိုယ့်ကိုကိုယ်ချုပ်တည်းမထားဘဲ ကိုယ့်အိမ်ကိုယ်ရာလို့ သဘောထားနော်” ဝမ်မင်မင်ရယ်လိုက်သည်။ 


လင်းယွမ်က ရှောင်ထန်းယွမ်ဆိုသည့်စကားလုံးကိုလျစ်လျူရှုထားပြီး အပြုံးလေးနှင့်ပြန်ဖြေလိုက်သည်။ “ချုပ်တည်းထားတာမဟုတ်ပါဘူး”


ချန်းမင်က ကော်ဖီတင်စားပွဲပေါ်သို့ လက်ဖက်ရည်ခွက်များတင်လိုက်ပြီး လင်းယွမ်အားအပြုံးလေးနှင့် ပြောလိုက်သည်။


 “နှစ်သစ်ကူးနေ့မှာဘယ်လိုနေလဲ...ဝမ်‌ရှောင်ထောင်းပို့လိုက်တဲ့ တိဘက်တန်မက်စတစ်ဖ်ခွေးလေးကို သဘောကျရဲ့လား”


လင်းယွမ်ကပြုံး၍ပြောလိုက်၏။ “သဘောကျပါတယ်..ဖောင်သွမ့်အာက တော်တော်လေးလိမ္မာတယ်”


ချန်းမင်ကသိချင်စိတ်များဖြင့်မေးလာသည်။ “တိဘက်တန်မက်စတစ်ဖ်ခွေးလေးကို နာမည်အသစ်ပေးခဲ့တာလား” 


လင်းယွမ်ပြောလိုက်သည်။ “ဟုတ်တယ်...သူကလုံးကစ်နေပြီးအစားလည်းကြီးလို့ ဖောင်သွမ့်အာလို့ပေးလိုက်တာ”


ချန်းမင်မှာပို၍အံ့အားသင့်သွားရသည်။ “အဲ့ခွေးက မင်းကိုမကိုက်ဘူးလား...တော်တော်လေးလည်း စားတယ်လား” 


လင်းယွမ်ကသူဘာကိုဆိုလိုမှန်းမသိသောကြောင့် ရိုးရိုးသားသားဖြင့်ပြန်ဖြေလိုက်သည်။


 “ဟုတ်...ဖောင်သွမ့်အာက ကျွန်တော့်ကိုလုံးဝမကိုက်ဘူး...ပြီးတော့နေ့တိုင်းလည်း အများကြီးစားတယ်...ခြင်္သေ့ပေါက်လေးလိုမျိုး လှည့်ပတ်နေတာလည်း ချစ်ဖို့ကောင်းတယ်”


ဝမ်မင်မင်ပြုံး၍ပြောလာသည်။ “ကြည့်ရတာဖောင်သွမ့်အာကမင်းနဲ့ ရေစက်ရှိတဲ့ပုံပဲ...Bမြို့မှာတုန်းက သူကဘာမှမစားမသောက်နဲ့၊ စသမျှလူတိုင်းကိုလည်းကိုက်ပြီး ဝမ်ရှောင်ထောင်းတောင် လက်ကိုအကိုက်ခံရတော့မလို့...ယောက်မလည်းလန့်သွားပြီး ဖောင်သွမ့်အာကိုမင်းဆီခေါ်သွားဖို့ ချန်းမင်ကိုအတင်းပြောတော့တာပဲ...အစက တရုတ်နှစ်သစ်ကူးအပြီး ဆရာမတို့အိမ်ပြန်လာမှတစ်ခါတည်းခေါ်လာခဲ့မလို့ပါ...ဒါပေမယ့် Bမြို့မှာ တိဘက်တန်မက်စတစ်ဖ်ခွေးလေးကမွေးဖို့မလွယ်တာကို သိခဲ့ရတော့ အရမ်းစိတ်ပူနေခဲ့တာ...ကြည့်ရတာတော့ ဆရာမအတွေးများနေခဲ့တာပဲ”


ချန်းမင်လည်း တအံ့တဩဖြင့်ပြောလာသည်။ “ခွေးလေးက မင်းကိုသခင်လို့မှတ်ထားတဲ့ပုံပဲ...မနက်ဖြန်ကျရင် သူ့ကိုငါလာကြည့်ဦးမယ်...ငါသူ့ကိုတကယ်သဘောကျတာကွာ...ဒီလိုပုံပန်းသွင်ပြင်မျိုးနဲ့ မက်စတစ်ဖ်ခွေးမျိုးကို ပထမဆုံးတွေ့ဖူးတာပဲ...” 


လင်းယွမ်ပြောလိုက်၏။ “ဟုတ်တယ်...ဖောင်သွမ့်အာက တကယ်ကိုလှတာ...ဒါပေမယ့် ဝမ်ကောဆီက လက်ဆောင်က ဈေးကြီးလွန်းတယ်”


ဝမ်မင်မင်က ပြုံး၍ပြောလာသည်။ “ဈေးမကြီးပါဘူး...အဲ့ဒါကဆရာမအဖေရဲ့ လက်အောက်ငယ်သားအဟောင်းဆီက လက်ဆောင်ရတာ...ဝမ်ရှောင်ထောင်းက ဒီအတိုင်းပြန်တောင်းပြီး မင်းကိုပေးလိုက်တာ...ပြောကာမှ သူမင်းကိုကျေးဇူးတင်ရဦးမှာ...မင်း သူ့ကိုပြန်ယူခိုင်းလိုက်တဲ့ ရာသီထွက်ဟင်းသီးဟင်းရွက်တွေက သူ့ကိုတော်တော်လေးရစေလိုက်တယ်....သူကနှစ်သစ်ကူးအတွင်းမှာ စာအိတ်နီတွေလည်း အများကြီးရလိုက်တယ်”


ဝမ်မင်မင်က ပိုက်ဆံအိတ်ကိုဖွင့်ကာ စာအိတ်နီအထူကြီးအားထုတ်၍ လင်းယွမ်၏လက်ထဲသို့ထည့်ပေးလိုက်သည်။ သူမကပြောလာ၏။ “ဝမ်ရှောင်ထောင်းက မင်းကိုပေးခိုင်းလိုက်လို့”


လင်းယွမ်က အစတွင်ဝမ်ထောင်းက သူ့အား နှစ်သစ်ကူးစာအိတ်နီ၏တစ်ဝက်ပေးမည်ဟုပြောသွားခြင်းအား စနောက်ခြင်းဟုသာထင်နေခဲ့သည်။ သို့သော် သူကတကယ်ပဲ ပိုက်ဆံယူလာပေးလိမ့်မည်ဟု ထင်မထားခဲ့ချေ။ သူက ခေါင်းသွင်သွင်ခါလိုက်သည်။ “ကျွန်တော်ဒါကို လက်မခံပါရစေနဲ့”


ဝမ်မင်မင်က ပြုံး၍ပြောလာသည်။ “အဲ့လိုမပြောနဲ့...ဆရာကမင်းကိုပေးဖို့တာဝန်ယူထားရတာ...မင်းယူတာ၊ မယူတာက မင်းနဲ့ဝမ်ရှောင်ထောင်းတို့ကြားကကိစ္စ...မယူချင်လို့ပေးမယ်ဆိုလည်း သူ့ကိုပဲပြန်ပေးလိုက်ပါ”


လင်းယွမ်က အကြိမ်ကြိမ်ငြင်းခဲ့သော်လည်း နောက်ဆုံးတွင် အောင့်အီး၍လက်ခံလိုက်ကာ နောက်တွင်ဝမ်ထောင်းအား တွေ့ရန်အခွင့်အရေးရပါက ကိုယ်တိုင်ပြန်ပေးလိုက်ရန်ဆုံးဖြတ်လိုက်သည်။ 


ထို့နောက်တွင် ဝမ်မင်မင်က ချန်းမင်အားလင်းယွမ်အတွက်ဝယ်လာသည့်လက်ဆောင်များကိုထုတ်ခိုင်းလိုက်သည်။ လက်ဆောင်များမှာ အဝတ်အစားများ၊ ဖိနပ်များ၊ အခြားသရေစာနှင့် ဒေသထွက်ပစ္စည်းများပါလေသည်။ သူတို့က အိတ်အများကြီးကို ထုတ်ပိုးပေးလိုက်ပြီး လင်းယွမ်အား မြို့ထဲရှိစားသောက်ဆိုင်သို့ ထမင်းကျွေးရန် ခေါ်သွားလိုက်သည်။ လင်းယွမ်က အိမ်သို့ပြန်၍ပိတ်ရက်အိမ်စာများလုပ်ရန်ရှိနေသေးသောကြောင့်သာ မဟုတ်ပါက ဝမ်မင်မင်မှာ သူ့အား သွားခွင့်ပေးလိမ့်မည်မဟုတ်ချေ။ 


လင်းယွမ်ပြန်သွားပြီးနောက် ချန်းမင်ကဝမ်မင်မင်ကိုပြောလိုက်သည်။ “ရှောင်ထန်းယွမ်ကို‌မွေးစားမယ့်အကြောင်း ကိုယ်တို့ပြောခဲ့ကြတယ်မလား...ဘာလို့အဲ့အကြောင်းကိုမပြောလိုက်တာလဲ”


ဝမ်မင်မင်က သက်ပြင်းချ၍ပြောလာသည်။ “ရှောင်ထန်းယွမ်က အရင်နဲ့မတူတော့ဘူးလို့ ကျွန်မတွေးမိတယ် အခုသူက အရမ်းအမှီအခိုကင်းပြီး ပြတ်လည်းပြတ်သားလာတယ်...မွေးစားဖို့ကို သူသဘောမတူမှာ ကျွန်မကြောက်မိတယ်...” 


ချန်းမင်ထိုအကြောင်းကိုတွေးလိုက်ပြီး တကယ်လည်းခက်ခဲကြောင်းခံစားလိုက်ရသည်။ ဝမ်မင်မင် မပျော်မရွှင်ဖြစ်နေသည်ကိုတွေ့‌သောအခါ နှစ်သိမ့်ပေးရန်ပြင်လိုက်သည်။


 “အရမ်းလည်းဝမ်းမနည်းပါနဲ့...မဖြစ်နိုင်ဘူးဆိုရင်တောင် ရှောင်ထန်းယွမ်ကို ငါတို့ရဲ့ခေါင်းကိုင်သားအဖြစ်သဘောထားပြီး သားတစ်ယောက်ရဖို့ ကိုယ်တို့ဆက်ကြိုးစားကြမယ်လေ” ပြောပြီးနောက် လက်တစ်စုံမှာ မရိုးမသားဖြင့်လှုပ်ရှားလာလေသည်။ 


ဝမ်မင်မင်မှာ ချန်းမင်၏လက်ဖြင့် ညင်သာစွာအညှစ်ခံလိုက်ရသော်လည်း သူ့ကိုမငြင်းလိုက်ချေ။ အမျိုးသမီးတစ်ယောက်အနေနှင့် ဆရာဝန်၏သုံးသပ်ခြင်းက မည်မျှရက်စက်နေပါစေ၊ နှလုံးသားထဲတွင်တော့ ကိုယ်ပိုင်ကလေးရဖို့ကို အမြဲတောင့်တနေပြီး ပြီးပြည့်စုံသည့်မိသားစုလေးတစ်ခုပိုင်ဆိုင်ချင်သည်။ 


အတန်းပြီးနောက် လင်းယွမ်လျင်မြန်စွာနှင့်နေသားကျသွားသည်။ သာမန်မြို့စွန်အလယ်တန်းကျောင်းလေးအဖြစ် ဆရာ၊ဆရာမများ၏ စည်းကမ်းများမှာ လျော့လျော့ပေါ့ပေါ့ဖြစ်ကာ မြို့မှကျောင်းများကဲ့သို့ ညနေပိုင်းကိုယ်ပိုင်စာကြည့်ချိန်များလည်းမရှိချေ။ နေ့တိုင်း ငါးနာရီဆိုလျှင် လင်းယွမ်မှာကျောင်းဆင်းပြီး အချိန်အများကြီးပိုနေသည်။ 


သူဘာလုပ်ရမည်ကိုတွေးနေမိသည်။ သူဒီအတိုင်းထိုင်၍ တစ်ချိန်လုံးယခုလိုစားသောက်မနေနိုင်ချေ။ သူ့တစ်ဘဝလုံးတွင် ပိုက်ဆံဖြုန်းစရာနေရာအများကြီးကျန်နေသေးသည်။ 


ထို့ကြောင့် ကျောင်းဆင်းပြီးလျှင် နေ့တိုင်းသူကမြို့သို့ပြေး၍ နေ့တိုင်းစုံစမ်းရာနောက်ဆုံး၌ အမှတ်(၁)အထက်တန်းကျောင်းကိုမျက်စိကျသွားသည်။ 


အမှတ်(၁) အထက်တန်းကျောင်းက ပြည်နယ်အဆင့်ကျောင်းဖြစ်ပြီး Qမြို့တွင်အကောင်းဆုံး‌ကျောင်းလည်းဖြစ်သည်။ ကျောင်းလျှောက်နှုန်းက မြို့နယ်ထဲရှိအခြားကျောင်းများလောက် မကောင်းသော်လည်း မြို့နယ်တစ်ဝိုက်ရှိ အခြားမြို့များနှင်တော့ ကောင်းကောင်းယှဥ်နိုင်သည်။ 


၎င်းက ကျောင်းသားများစွာရှိပြီး နေ့အတန်းရော၊ ဘော်ဒါဆောင်ပါရှိသည့်ကျောင်းဖြစ်ပြီး ဈေးဝယ်ထွက်ရလည်းလွယ်ကာ အပြင်တွင်လည်းစားသောက်၍ရသောကြောင့် လင်းယွမ် ထိုကျောင်းကို သဘောကျမိသည်။ မြို့မှမိနစ်နှစ်ဆယ်စက်ဘီးစီးလျှင် ရောက်ပြီဖြစ်သည်။ 


အမှတ်(၁) အထက်တန်းကျောင်းအနောက်တွင် လမ်းကြားလေးတစ်ခုရှိသည်။ ၎င်းက ပျက်စီးယိုယွင်းနေသောအိမ်များဖြင့် မှောင်မိုက်နေသော်လည်း ဤနေရာတွင်ပိုက်ဆံဖြုန်းနေကြသည့် ကျောင်းသားများစွာရှိသည်။ 


မာလာထန့်၊ တုတ်ထိုးနှင့် အခြားစားစရာမျိုးစုံရောင်းသည့် စားသောက်ဆိုင်များလည်းရှိ၏။ တစ်ချိန်တည်းမှာပင် ဤလမ်းကြားလေးအဆုံးတွင် ရင်ပြင်တစ်ခုရှိပြီး ထိုရင်ပြင်၌ ညဈေးဆိုင်များလာရောက်ရောင်းချကြသည်။ 


လင်းယွမ် အာလူးကြော်ရောင်းရန်ရည်ရွယ်ထားသည်။ ကုန်ကျစရိတ်လည်းသက်သာပြီး အမြတ်လည်းများကာ ကျောင်းသားများကြားတွင်နာမည်လည်းကြီးသည်။ အရေးအကြီးဆုံးက Qမြို့တွင် မည်သူမှအာလူးကြော်မရောင်းသည်ပင်။ လတ်လတ်ဆတ်ဆတ် စားကောင်းသောက်ဖွယ်များအတွက်တော့ ဈေးတစ်ခုရှိသည်။


သူကလမ်းကြားလေးတွင် ရက်အနည်းငယ်လောက်နေကာ နောက်ဆုံးတွင် အသက်၇၀လောက်ရှိသည့် တစ်ခုလပ်အဘွားအိုကြီးဆီမှ စတုရန်းမီတာနှစ်ဆယ်ကျယ်သော ဆိုင်ခန်းလေးတစ်ခုကိုငှားလိုက်သည်။ သူမက လမ်းကြားလေးတွင် ဘဝတစ်လျှောက်ဆုံး ခေါက်ဆွဲရောင်းလာပြီး နောက်ပိုင်းအချိန်များတွင် ခန္ဓာကိုယ်က အရင်လိုမကောင်းနိုင်တော့ဘဲ ဂျုံမနယ်နိုင်တော့ချေ။ အသည်းအသန်ဖြင့် သူမမှာပိုက်ဆံအတွက် ဆိုင်ကိုငှားထုတ်လိုက်ရသည်။ 


ဆိုင်တစ်ဆိုင်ငှားရမ်းချင်ကြသည့်သူ တော်တော်များများရှိ၏။ သူမ လင်းယွမ်ကိုရွေးချယ်လိုက်ရခြင်းမှာ လင်းယွမ်ကရိုးသားပြီးစိတ်ချရသည့်သူဖြစ်သည်ဟု ထင်သောကြောင့်ပင်။ သူမက ဘဝအနိမ့်အမြင့်များကို ကျော်ဖြတ်ခဲ့ပြီး လူအကဲခတ်ရာတွင်ကျွမ်းကျင်သည်ဟု သူမကိုယ်သူမ ယုံသည်။ လင်းယွမ်ကဲ့သို့ လူငယ်လေးအတွက် ဤအရွယ်တွင်စီးပွားရေးလုပ်ဖို့က မလွယ်ချေ။ တစ်ချိန်တည်းမှာပင် သူမ၏အသက်တိုခဲ့သည့်အမျိုးသား၏မျိုးရိုးနာမည်ကလည်း လင်းဖြစ်ကာ လင်းယွမ်နှင့်မသိသော်လည်း ရေစက်တစ်မျိုးဟု သူမခံစားမိသည်။ 


ဆိုင်ခန်းငှားခက တစ်နှစ်ကိုယွမ်၂၅၀၀ဖြစ်သည်။ သူမက လင်းယွမ်အားနှစ်ဝက်အတွက် ကြိုပေးရန်‌ပြောလာရာ လင်းယွမ်ကလည်း ငြင်းဆန်ခြင်းမရှိချေ။ 


ဆိုင်ကိုငှားလိုက်ပြီးနောက် လင်းယွမ်ကချက်ချင်းပစ္စည်းအမျိုးမျိုးကို စတင်ပြင်ဆင်တော့သည်။ 


အာလူးနှင့်အခြားဟင်းသီးဟင်းရွက်များကို တောင်ကြားထဲတွင် စိုက်ထားပြီး ကုန်ကျစရိတ်ကိုလျစ်လျူရှုထားနိုင်သည်။ ဟင်းသီးဟင်းရွက်ဆီများကို ဆီစက်ရုံမှယူ၏။ လင်းယွမ်က တစ်ခါဝယ်လျှင် ၂၀၀ကတ်တီဝယ်ပြီး တစ်ဖက်လူထံမှဈေးက ဈေးကွက်ဈေးထပ် နည်းသည်။ ထို့အပြင် စည်ပိုင်းပုံစံဖြင့်လာသောကြောင့် အနည်းငယ်ကိုဆိုင်သို့ဆွဲထားလိုက်သည်။ 


ငရုတ်သီးမှုန့်များက တောင်ကြားထဲမှငရုတ်သီးများကိုအခြောက်ခံ၍ရပြီး အခြားဟင်းခတ်အမှုန့်များက ဈေးဆိုင်တွင် ဝယ်၍ရသည်။ လင်းယွမ်က တောင်ကြားထဲတွင် ငရုတ်ကောင်းပင်နှင့်ဇီရာပင်များစိုက်ရန် တွေးလိုက်သည်။ ဤသို့ဖြင့် သူအကုန်အကျပို၍သက်သာလိမ့်မည်။


အရာအားလုံးအဆင်သင့်ဖြစ်သောအခါ လင်းယွမ်က ကြုံရာကျပန်းရက်တစ်ရက်ကိုရွေး၍ ဆိုင်ဖွင့်လိုက်တော့သည်။




🪹🪹