🪹Chapter 17
ဆိုင်ဖွင့်သည့်ပထမဆုံးနေ့တွင် ဟင်းသီးဟင်းရွက်များရောင်းခဲ့သည့် လင်းယွမ်၏ခရီးဆောင်စပီကာလေးမှာ “အာလူးကြော်၊ အာလူးကြော်၊ ဖွင့်ပွဲလျှော့ဈေး၊ ဈေးတစ်ဝက်တည်းနော်...အခွင့်အရေးကိုမလွတ်ပါစေနဲ့” ဟု ထပ်ခါတလဲလဲအော်ရင်း သူ့တာဝန်ကို အပြည့်အဝ ယူထားရလေသည်။
ကျောင်းသားများမှာ စမ်း၍စားကြည့်ကြပြီး ထင်မှတ်မထားဘဲအလွန်အရသာရှိနေကြောင်း သိလိုက်ရသည်။ ဆိုင်လေးထဲတွင် စားပွဲဝိုင်းငယ်ငါးဝိုင်းသာရှိကာ အားလုံး၌လူပြည့်နေ၏။ နောက်ကျမှလာသည့် ကျောင်းသားများကတော့ ပလတ်စတစ်အိတ်ဖြင့် ထုပ်သွား၍စာကြည့်ခန်းထဲ၌သာ စားနိုင်လေသည်။
လင်းယွမ်လုပ်ထားသည့် အာလူးကြော်များက ကောင်းစွာဟင်းခတ်ထားပြီး အရသာပြင်းသည်။ ထိုကျောင်းသားများက စာသင်ခန်းသို့ပြန်ယူသွားကြသောအခါ အခန်းထဲရှိအခြားကျောင်းသားများလည်း အနံ့ရသွားကြသည်။ သူတို့အချင်းချင်း သင့်မြတ်သည့်ဆက်ဆံရေးရှိပါက သေချာပေါက်လာရောက်မြည်းစမ်းကြလိမ့်မည်။ သွားကြလာကြရင်းဖြင့် လူတော်တော်များများမှာ အာလူးကြော်ရောင်းသည့် ဆိုင်တစ်ဆိုင်အသစ်ဖွင့်နေကြောင်း သိလာကြ၏။
ခုနစ်နာရီမတိုင်ခင်အထိအလုပ်များရင်း ကျောင်းမှာညနေပိုင်းကိုယ်ပိုင်စာကြည့်ချိန်စတင်သောအခါ ဆိုင်ငယ်လေးတွင် ရုတ်တရက်လူကျဲသွားလေသည်။ လင်းယွမ်က လျင်လျင်မြန်မြန်ဖြင့် ပန်းကန်များကိုဆေးပြီး အာလူးများကိုအခွံခွာကာ ပန်းပဲသမားတစ်ယောက်ထံမှ အထူးရှာတွေ့ထားသည့် လှိုင်းတွန့်ဓားသွားရှိသော ဓားဖြင့်လှလှပပလေးလှီးလိုက်သည်။ ပြင်ဆင်နေရင်းရှစ်နာရီထိုးသွားပြီး ညဈေးကိုလာရောက်လည်ပတ်ကြသည့် လူများက လမ်းကြားလေးထဲသို့လာကာ တစ်ယောက်ပြီးတစ်ယောက် မုန့်များလာဝယ်လာကြသည်။
လင်းယွမ်၏ဆိုင်မှ ကြော်ငြာသံကိုကြားပြီးနောက် လူတိုင်းစိတ်ဝင်စားသွားကြသည်။ မြည်းစမ်းကြည့်ပြီးနောက် တကယ်ကောင်းမှန်းသိသွားကြ၏။ ခဏကြာပြီးနောက် ဆိုင်တွင်လူများပြည့်လာတော့သည်။
ညကိုးနာရီတွင် အမှတ်(၁)အထက်တန်းကျောင်း၏ကိုယ်ပိုင်စာကြည့်ချိန်ပြီးဆုံးကာ ကျောင်းသားများစွာက သူငယ်ချင်းများကိုခေါ်၍ လမ်းကြားလေးထဲတွင် အားအင်ပြန်လာဖြည့်ကြသည်။ အားလုံး၏ပန်းတိုင်မှာ လင်းယွမ်၏ဆိုင်သို့သွားရန်ဖြစ်ပြီး သိပ်မကြာခင်မှာပင် လင်းယွမ်၏ဆိုင်အရှေ့၌ လူများဖြင့်ပြည့်နေတော့သည်။
ဆိုင်ပိုင်ရှင်အဘွားကျူက လင်းယွမ်အလုပ်အရမ်းများနေသည်ကိုတွေ့သောကြောင့် ဝင်ကူလိုက်ပြီး ညဆယ်နာရီခွဲတွင် နောက်ဆုံးဧည့်သည်ပြန်ပြီးနောက် လင်းယွမ်မှာ လက်မြှောက်ရုံလေးမြှောက်နိုင်တော့သည်။
“အာလူးကြော်ရောင်းတာက စီးပွားဖြစ်လိမ့်မယ်မှန်းထင်မထားခဲ့ဘူး” အဘွားကျူက လင်းယွမ်ကိုကူ၍ ပန်းကန်းများဆေးပေးရင်းပြောလာသည်။ “မင်းက တော်တဲ့ကလေးပဲ...ဒီအဘွားကြီး တကယ်လူကဲခတ် မမှားခဲ့ဘူး”
လင်းယွမ် ကျေးဇူးတင်လိုက်သည်။ “ဒီနေ့အဘွားကျူကိုကျေးဇူးတင်ပါတယ်...အဘွားသာမကူရင် ကျွန်တော်ဘယ်လောက်တောင်အလုပ်များနေလိုက်မလဲ မသိဘူး”
အဘွားကျူကပြုံး၍ပြောလာသည်။ “ရှောင်လင်း မင်းကကြင်နာလွန်းတယ်...မင်းကဒီအဘွားကြီးရဲ့ အိမ်ကိုငှားထားတာလေ...အဲ့အချက်နဲ့တင် မင်းကိုကူဖို့လုံလောက်ပါတယ်...အနာဂတ်မှာ မင်းအရမ်းအလုပ်ရှုပ်နေရင် ဒီအဘွားကြီးကိုသာပြောလိုက်...ဟုတ်ပြီလား....အဲ့ဒါမှလည်း ငါအားမနေမှာ”
လင်းယွမ်အကြံတစ်ခုရသွားသည်။ “အဘွားကျူ...ကျွန်တော်အဘွားနဲ့ တစ်ခုဆွေးနွေးလို့အဆင်ပြေမလား”
အဘွားကျူကပြောလာသည်။ “မင်းပြောစရာရှိရင် တန်းသာပြောလိုက်ပါ...ငါလုပ်ပေးနိုင်သရွေ့ အကုန်လုပ်ပေးမယ်”
လင်းယွမ်က ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။ “အဘွားလည်း ဒီဆိုင်လေးရဲ့စီးပွားရေးကောင်းတယ်ဆိုတာ ဒီနေ့တွေ့လိုက်တာပဲ...ကျွန်တော်က ကျောင်းတက်နေရတုန်းရှိသေးတာ...တစ်ယောက်တည်းဆိုအရမ်းအလုပ်များလိမ့်မယ်...အဲ့ဒါကြောင့် အဘွားကိုကူညီစေချင်တာပါ...ကျွန်တော်တခြားမလိုပါဘူး...ဒီအတိုင်းအာလူးတွေကိုအခွံခွာပေးပြီး အချပ်လိုက်ကလေးတွေလှီးပေးရုံပဲ...ကျွန်တော် တစ်လကိုယွမ်၂၀၀ပေးမယ်လေ...နောက်ပိုင်း စီးပွားရေးကိုကောင်းလာတဲ့အချိန်ကျရင် ပိုက်ဆံပိုပေးပါ့မယ်...အဆင်ပြေရဲ့လား”
အဘွားကျူက၎င်းကိုကြားသောအခါ ပျော်ရွှင်သွားပြီးချက်ချင်းတုံ့ပြန်လာသည်။ “ပြေတယ်...ပြေတယ်...မင်းကရိုးသားလိုက်တာ”
ဤအလုပ်မှာ အဘွားအို၏စိတ်ထဲတွင်နေရာယူသွားသည်။ သူမကပင်ပန်းသည့်အလုပ်များကိုမလုပ်နိုင်တော့သော်လည်း ထိုင်၍ဟင်းသီးဟင်းရွက်များကို လှီးဖြတ်နိုင်သေးသည်။ သူမကအမြဲတမ်းငြိမ်ငြိမ်မနေတတ်သည့်သူမျိုးဖြစ်ခဲ့သည်။ ထို့အပြင် ဆိုင်ကိုရောင်းရန်လည်း တွန့်ဆုတ်နေခဲ့သေးသည်။
ယခုတွင်လင်းယွမ်ကသူမအား တစ်လလျှင်ယွမ်၂၀၀ပေးမည်ဆိုသောအခါ တစ်နှစ်ဆိုလျှင် ယွမ်၂၄၀၀၊ ၎င်းအပြင်ဆိုင်ခန်းငှားခ ယွမ်၂၅၀၀နှင့်ဆို စုစုပေါင်းယွမ်၅၀၀၀နီးပါးရပြီး အပြင်တွင်ထွက်အလုပ်လုပ်သည့် လုပ်အားခနီးပါးရှိသည်။
ဤကမ္ဘာကြီးထဲတွင် ဒီထက်ကောင်းသည့်အရာမရှိတော့ချေ။ အဘွားကျူမှာ ပို၍စိတ်သက်သာလာပြီး လင်းယွမ်အားဆိုင်ခန်းငှားလိုက်ခြင်းမှာ ကောင်းမွန်သည့်ဆုံးဖြတ်ချက်ဖြစ်ကြောင်း ခံစားလိုက်ရသည်။
ဆိုင်ထဲတွင်ပစ္စည်းများသိမ်းဆည်းပြီး လင်းယွမ်အိမ်သို့ပြန်ရောက်သောအခါ ဆယ့်တစ်နာရီခွဲပင်ရှိနေပြီဖြစ်သည်။ ဘိုးဘေးအိမ်ထဲတွင် မီးမရှိသောကြောင့် မှောင်မည်းနေပြီး သူ့လက်များကိုပင် ပြန်မမြင်ရချေ။ သူကအခန်းထဲသို့ စမ်းတဝါးဝါးဖြင့်ဝင်သွားပြီး လွယ်အိတ်ကို ကုတင်ပေါ်သို့တင်ကာ တောင်ကြားထဲသို့ဝင်လာလိုက်သည်။
တောင်ကြားထဲတွင် ကြယ်၊နေ၊နှင့်လတို့မရှိပေ။ ထို့အပြင် မိုး၊နှင်းနှင့်တိမ်များလည်းမရှိဘဲ နေ့ညမရှိ၊ အပူအအေးမရှိကာ ဘယ်အချိန်ဝင်ဝင် အပြောကျယ်သည့်အဖြူရောင်ကြီးသာရှိသည်။
“ဝုတ်....ဝုတ်....ဝုတ်” ဖောင်သွမ့်အာက လင်းယွမ်ကိုမြင်သောအခါ ချက်ချင်းပြေးလာသည်။ သို့သော် သူ့သခင်လက်ထဲ၌ လက်ဗလာဖြစ်နေသည်ကိုတွေ့ပြီးနောက် စိတ်ပျက်သွားလေသည်။ သခင်မှာ သူ့ကိုတဖြည်းဖြည်းနှင့် ချစ်ခြင်းနှစ်သက်ခြင်းများလျော့နည်းလာသည့်ပုံပင်။ သူ့အား အစားအသောက်များကို အချိန်မှန်မှန်မပေးတော့ချေ။
ဖောင်သွမ့်အာက မြေကြီးပေါ်တွင် လူးလှိမ့်နေပြီး ပြားချပ်နေသောဗိုက်လေးကိုဖော်ပြလာကာ သူ့သခင်အား စွပ်စွဲနေသည့်မျက်လုံးများဖြင့်ကြည့်လာသည်။ ‘ကြည့်...ကြည့်....ဗိုက်ဆာလွန်းလို့ပိန်ကပ်နေပြီ’
လင်းယွမ်မှာရုတ်တရက်အပြစ်ရှိသလိုခံစားလိုက်ရပြီး ဖောင်သွမ့်အာလေးကိုချီ၍ ခေါင်းလုံးလုံးလေးကိုထိကာ ပြောလိုက်သည်။ “ဖောင်သွမ့်အာလေး...ငါအခုရက်ပိုင်းအလုပ်များနေလိမ့်မယ်...ဗိုက်ဆာရင် ကိုယ့်ဘာသာ ကြက်တစ်ကောင်ဖမ်းပြီးစားထားနှင့်နော်”
ဖောင်သွမ့်အာမပျော်တော့ချေ။ သူနှစ်ကြိမ်လောက်ညည်းတွားလာသည်။ လင်းယွမ်မွေးထားသည့်ခွေးမှန်းသိသာလှသည်။ သူကအသားစိမ်းများစားရခြင်းကို မကြိုက်ချေ။ သူက သူ့သခင်ကို “အသားစိမ်းတွေကမကောင်းဘူး” ဟုပြောနေသည့်အကြည့်များဖြင့် သနားကမားဖြင့်ကြည့်လာသည်။
‘တခြားသူတွေရဲ့ တိဘက်တန်မက်စတစ်ဖ်ခွေးတွေကရော ဒီလိုဉာဏ်ကောင်းကြတာပဲလား’
လင်းယွမ်မှာ သူ၏ဖောင်သွမ့်အာက ဉာဏ်ကြီးရှင်ဖြစ်လာတော့မလို ခံစားနေရသည်။ စကားမပြောနိုင်သည်မှလွဲ၍ အရာအားလုံးတော်ကာ အိုင်ကျူကလည်း လေးနှစ်၊ငါးနှစ်အရွယ်ကလေးများထက် ပိုမြင့်သည်။ သူပြောသမျှကိုလည်းနားလည်နေသည့်ပုံပင်။
ဖောင်သွမ့်အာ၏ဝမ်းနည်းနေသောမျက်လုံးများကိုမြင်သောအခါ လင်းယွမ်နှလုံးသားနာကျင်သွားရသည်။ သူက အိမ်မွေးတိရစ္ဆာန်မွေးထားတာမဟုတ်ဘဲ သားတစ်ယောက်မွေးထားသလိုခံစားရသည်။ အဖေလင်းမှာ ရွေးချယ်စရာမရှိဘဲ သူ့ကိုနှစ်သိမ့်ရတော့၏။ “နှစ်ရက်နေလို့ ပိတ်ရက်ကျအလုပ်မများတော့ဘူး...အဲ့အခါကျ တောင်ကြားထဲကို ကြက်သားအိုးကြီးတစ်အိုးချက်ပြီး ပို့ပေးမယ်...ဟုတ်ပြီလား”
တောင်ကြားက အပူချိန်တစ်သတ်မှတ်တည်းဖြင့် အစားအစာများသိမ်းဆည်းသည့် ရေခဲသေတ္တာထက်ပိုကောင်းကာ ချက်ပြုတ်ပြီးသားအစားအစာများမှာ ဆယ်ရက်၊ သို့မဟုတ် လဝက်ကြာသည့်တိုင်မပုပ်မသိုးဘဲရှိနေနိုင်သည်။ တောင်ကြားထဲတွင်ရှိနေသရွေ့ လတ်လတ်ဆတ်ဆတ်ရှိနေမှာပင်။
ဖောင်သွမ့်အာမှာ နောက်ဆုံးတွင်ကျေနပ်စွာဖြင့် ခေါင်းလုံးလုံးလေးကို လင်းယွမ်၏ပါးပြင်နှင့်ပွတ်ကာ ရင်ခွင်ထဲမှခုန်ထွက်သွားပြီး တောင်ကြားတစ်လျှောက် ကြက်များကိုလိုက်ဖမ်းနေလေသည်။
တောင်ကြားထဲမှကြက်များက လင်းယွမ် ရွာနှင့်ဈေးထဲမှဝယ်ယူလာခဲ့ခြင်းဖြစ်သည်။ အစတွင် ကြက်အကောင်၃၀နှင့် ကြက်ပေါက်အကောင်၄၀တို့ ဝယ်ခဲ့သည်။ သူတို့ကိုဝယ်လာကတည်းက တစ်လနီးပါးရှိပြီဖြစ်ပြီး ကြက်မများမှာ ကြီးထွားလာပြီဖြစ်သည်။ ကြက်ပေါက်လေးများလည်း အကောင်ကြီးကာ တစ်ပေါင်သာသာလောက် အလေးချိန်ရှိလာသည်။ လင်းယွမ်က တောင်ကြားအစွန်းတွင် အိုင်လေးတစ်ခုတူးလိုက်ကာ ဈေးထဲမှအထူဆုံးပလတ်စတစ်စဝယ်လာပြီး အပေါ်ကဖုံး၍ အထဲသို့ရေထည့်ကာ ကြက်များအတွက်သောက်ရေအဖြစ်အသုံးပြုလိုက်သည်။ ထို့နောက် ထိုနေရာတစ်ဝိုက်တွင် ဂျုံစေ့များကျဲထားလိုက်သည်။
ဒီအချိန်အထိကုန်ဆုံးလာပြီးနောက် လင်းယွမ်က တောင်ကြားထဲမှဥပဒေသများနှင့် ရင်းနှီးလုနီးပါးဖြစ်လာပြီဖြစ်သည်။ တောင်ကြားထဲမှအပင်များမှာ အလွန်အမင်းကြီးထွားမြန်သည်။ ဒီနေရာတွင်တစ်ရက်စိုက်လိုက်သည့်အပင်များက အပြင်ဘက်တွင် နှစ်ဝက်မှတစ်နှစ်လောက်စိုက်ထားသည်နှင့် ညီမျှသည်။ သို့သော် ထူးခြားသည့်အခြေအနေများရှိနေ၏။ လွန်ခဲ့သည့်ရက်အနည်းငယ်ကဝယ်ခဲ့သည့် ရွှေနန်းမူပင်များကတော့ ကြီးထွားနှုန်းအလွန်အမင်းနှေးကာ ရက်အများကြီးကြာပြီးနောက် လက်ကောက်ဝတ်လုံးပတ်မှ ခြေကျင်းဝတ်လုံးပတ်သာကြီးထွားသေးသည်။ အကြမ်းဖျင်းပြောရမည်ဆိုလျှင် ပိုမိုတန်ဖိုးရှိပြီး စိုက်ပျိုးရန်ခက်ခဲလေ၊ ကြီးထွားနှုန်းနှေးလေဖြစ်သည်။
တောင်ကြားထဲတွင်မွေးထားသည့်တိရစ္ဆာန်များလည်း ထိုဥပဒေသအတိုင်းဖြစ်သည့်ပုံပင်။ အခြားမက်စတစ်ဖ်ခွေးများနှင့်ယှဥ်ကြည့်လျှင် ဖောင်သွမ့်အာ၏ကြီးထွားနှုန်းမှာအတူတူနီးပါးပင်ဖြစ်သည်။ ကြက်များ၏ ကြီးထွားနှုန်းကတော့ အပြင်ဘက်မှကြက်များထက်အများကြီးပိုမြန်သည်။ ခြုံငုံပြီးပြောရလျှင် တိရစ္ဆာန်များ၏ကြီးထွားနှုန်းက အပင်များထက်ပိုနှေးသည်။
သို့သော် ဤကဲ့သို့မှော်တောင်ကြားအတွက် လင်းယွမ်စိတ်မကျေနပ်ဘဲမနေနိုင်ချေ။ သူစိတ်ပူသည့်တစ်ခုတည်းသောအရာက တောင်ကြားထဲမှမြူများက ထူသထက်ထူလာခြင်းဖြစ်သည်။ ထိုမြူများက တိတ်တဆိတ်နှင့်ပျောက်ကွယ်သွားတတ်သော်လည်း ယခုတွင် ရေကန်အလယ်တွင်စုနေသည်။ ထို့အပြင်ပိုပို၍စုစည်းလာရာ ကောင်းသည့်အရာလား၊ ဆိုးသည့်အရာလားသူမသိတော့ချေ။
မေ့ထားလိုက်ရအောင်...အများကြီးတွေးနေလို့လည်းအသုံးမဝင်ဘူး...ဒီနေ့ဘယ်လောက်ရောင်းရလဲဆိုတာ တွေးတာမှ ပိုလက်တွေ့ကျသေးတယ်...
လင်းယွမ်က သစ်သားအိမ်ထဲသို့ဝင်လိုက်ပြီး အိတ်ထဲမှပိုက်ဆံအားလုံးကိုထုတ်လိုက်ရာ စားပွဲတစ်ခုလုံးပြည့်နှက်သွားသည်။ အချိန်အတော်ကြာအောင်ရေတွက်၍ အထဲမှရင်းနှီးငွေကိုနှုတ်ပြီးနောက် စုစုပေါင်း ၁၂၃ယွမ်ကျန်သည်။
ယခင်ကဟင်းသီးဟင်းရွက်ရောင်းခြင်းနှင့်ယှဥ်လျှင် ဒီပိုက်ဆံကနည်းပြီး ခက်ခက်ခဲခဲလည်းလုပ်ရသည်။ အားသာချက်တစ်ခုတည်းက ဟင်းသီးဟင်းရွက်ရောင်းခြင်းထက် ဘေးကင်းခြင်းပင်။
လင်းယွမ်သက်ပြင်းချလိုက်သည်။ အလျင်လိုခြင်းက ပို၍ခရီးမရောက်ဖြစ်စေသည်။ ထိုင်၍စားသောက်နေခြင်းထက်တော့ ယခုလိုလုပ်ကိုင်နေခြင်းကကောင်းသေး၏။
နောက်တစ်နေ့တွင် ဆိုင်ခန်းငယ်၏စီးပွားရေးမှာ ပို၍ကောင်းမွန်လာသည်။ အဘွားကျူ၏အကူအညီနှင့်တောင် လင်းယွမ်မှာ ပင်ပန်းနေပြီဖြစ်သည်။ ဆိုင်ပိတ်ချိန်တွင် သူ့လက်များမှာတုန်ယင်နေပြီး မျက်နှာမှာဖြူဖျော့နေသည်။
နောက်ဆုံးတော့လည်း ငါကအလုပ်ကြမ်းကြမ်းတွေလုပ်ဖို့ ငယ်နေသေးတာပဲ....
အဘွားကျူက၎င်းကိုမြင်ပြီး စိတ်မကောင်းသောကြောင့် အကြံပေးလာသည်။ “ရှောင်လင်း တခြားတစ်ယောက် ထပ်ငှားရင်ရော”
လင်းယွမ်က ပင်ပန်းနွမ်းနယ်စွာဖြင့် ပြောလာသည်။ “ကျွန်တော်လည်းအဲ့လိုတွေးမိတယ်...အဘွားကျူ သင့်တော်တဲ့သူများရှိလား”
အဘွားကျူကအပြုံးလေးနှင့်ပြောလာသည်။ “ငါအရင်ခေါက်ဆွဲရောင်းတုန်းက အချိန်ပိုင်းအလုပ်လုပ်ဖို့ လူငယ်လေးတစ်ယောက်ငှားခဲ့ဖူးတယ်...သူက အမှတ်(၁)အထက်တန်းကျောင်းကပဲ...မနက်၊ နေ့လည်ခင်းနဲ့ ညတိုင်း အချိန်မီရောက်လာပြီး ပန်းကန်တွေကူဆေးပေးတယ်...သူကအရမ်းလည်း သွက်သွက်လက်လက်ရှိတယ်...ငါသူ့ကိုတစ်လယွမ်၁၀၀ပေးပြီး တစ်နေ့ကိုသုံးနပ်ကျွေးခဲ့တယ်...အရင်တစ်ခေါက် ငါလဲသွားတုန်းက သူပဲငါ့ကိုဆေးရုံကိုလိုက်ပို့ပေးခဲ့လို့သာပေါ့...မဟုတ်ရင် အဘွားကြီးအသက်ရှင်နေတော့မှာတောင် မဟုတ်ဘူး”
ဤလူငယ်လေးကိုယုံကြည်နိုင်ကြောင်း လင်းယွမ်လည်းခံစားလိုက်ရပြီး ပြောလာသည်။ “အဘွားပြောတာကို နားထောင်ကြည့်ရင် ဒီလူကတကယ်ကိုတော်ရမယ်...သူနဲ့အဆက်အသွယ်ရှိသေးလား”
အဘွားကျူက ပြုံး၍ပြောလာသည်။ “ရှိတယ်...သူဘယ်အတန်းမှာလဲငါသိတယ်...မနက်ဖြန်မနက်ကျရင် သူ့ဆီသွားပေးမယ်လေ...ဒါပေမယ့် သူ့ကိုဘယ်လိုပြောပေးရမလဲ”
လင်းယွမ်ကခဏလောက်တွေးလိုက်ပြီး ပြောလာသည်။ “သူ့ကိုဒီလိုပြောလိုက်ပါ...အလုပ်ချိန်က နေ့လည် ၅း၄၀ ကနေ ၆း၅၀အထိနဲ့ ည ၉း၀၀ ကနေ ၁၀း၃၀အထိရှိမယ်...စနေနေ့နဲ့ပိတ်ရက်တွေမှာ နေ့လည်ပိုင်း၊ညပိုင်းနှစ်ချိန်စီရှိပြီး ဆိုင်မှာစားခွင့်အပြင် ပထမတုံးတစ်လကို ယွမ်၁၀၀ပေးမယ်...နောက် အာလူးဘယ်လိုကြော်ရမလဲသင်ပြီးတဲ့နောက်မှာ ယွမ်၁၅၀ပေးမယ်...နောက်ပိုင်းကတော့ အလုပ်အခြေအနေပေါ်မှာမူတည်တယ်...သူ့အတန်းချိန်မပျက်အောင်တော့ ကျွန်တော်ကြိုးစားပေးထားတယ်...အဆင်ပြေတယ်လို့ထင်လား”
အချိန်ပြည့်လုပ်နိုင်သည့်တစ်ယောက်ယောက်ကိုငှားချင်သော်လည်း ကုန်ကျစရိတ်အလွန်များလိမ့်မည်။ အာလူးကြော်များက စက်မှုဆိုင်ရာများမပါဘဲလုပ်ရသည့်မုန့်ဖြစ်ပြီး ကုန်ကျစရိတ်နည်းက အမြတ်များသည်။
အဘွားကျူချီးကျူးလိုက်သည်။ “ဒီလိုအသက်ငယ်ငယ်နဲ့ သေချာတွေးတတ်တာ အံ့ဩစရာပဲ...မင်းမှာ သေချာပေါက် ကောင်းမွန်တဲ့အနာဂတ်ရှိလာလိမ့်မယ်...သေချာပေါက်ဖြစ်လာလိမ့်မယ်...ငါမနက်ဖြန်မနက်စောစောကျ ရှောင်ကျန်းကိုသွားပြောလိုက်မယ်”
နောက်တစ်နေ့တွင် အဘွားကျူက ရှောင်ကျန်းဖြစ်သည့်ကျန်းယွဲ့ရှင်းကိုပြောလိုက်သောအခါ သူကတုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူလိုက်သည်။
သူကနေရာတိုင်းတွင် အချိန်ပိုင်းအလုပ်ရှာနေသော်လည်း အထက်တန်းကျောင်းသားတစ်ယောက်သာ ဖြစ်နေသေးသည်။ သူဘာပြောပြောမည်သူကမှ အတည်မယူကြချေ။ သူ၏ယခင်အလုပ်ရှင်က သူ့အားဤကဲ့သို့ ကောင်းမွန်သည့်အလုပ်အား မိတ်ဆက်ပေးလာလိမ့်မည်ဟုထင်မထားခဲံပေ။ သူအဘွားကျူအား မည်သို့ ကျေးဇူးဆပ်ရမှန်းပင်မသိတော့ချေ။
သူကချက်ချင်းဆိုသလို အတန်းပိုင်းဆရာအားသွားပြောလိုက်သည်။ အတန်းပိုင်ဆရာကမကန့်ကွက်သည့်တိုင် ပိုက်ဆံရှာခြင်းကအရေးပါသော်လည်း စာလေ့လာရေးကိုမပျက်ကွက်စေရန်ပြောလိုက်သည်။ အကယ်၍ သူ၏ပညာရေးလုပ်ဆောင်မှုများ ကျဆင်းသွားပါက ကျောင်းမှသူ့အားထိုကဲ့သို့အခွင့်အရေးမျိုး ပေးတော့မည်မဟုတ်ချေ။ ကျန်းယွဲ့ရှင်းမှာ ချက်ချင်းတုံ့ပြန်လိုက်သည်။
ကျန်းယွဲ့ရှင်း၏အဆင့်များမှာကောင်းပြီး အမြဲတမ်းထိပ်တန်းဆယ်ယောက်ထဲတွင်ရှိသည်။ သို့သော် သူ၏မိသားစုအခြေအနေက အတော်လေးဆင်းရဲ၏။ အစတွင် အမှတ်(၂)ကျောင်းက သူ၏ကျောင်းလခနှင့်စရိတ်များအားလုံးကို လျှော့ပေါ့ပေးရန် ကတိပေးထားသောကြောင့် ထိုကျောင်းကိုသွားချင်ခဲ့သော်လည်း သူ့အဘိုးက သဘောမတူဘဲ အမှတ်(၁)ကျောင်းကိုသာသွားရန် ခေါင်းမာနေခဲ့သည်။ အမှတ်(၁)ကျောင်းမှ ဆရာများက သူ၏မိသားစုအခြေအနေကိုသိပြီးနောက် ကျောင်းလခနှင့်စရိတ်များလျှော့ပေါ့မပေးနိုင်သော်လည်း ကျောင်းအပြင်ဘက်တွင်ပညာရေးကိုမထိခိုက်စေဘဲ အချန်ပိုင်းအလုပ်များလုပ်ခွင့်ပေးခဲ့သည်။
နေ့လည်ခင်းအတန်းပြီးနောက် ကျန်းယွဲ့ရှင်းက အဘွားကျူ၏ဆိုင်ခန်းငယ်လေးသို့ လာလိုက်သည်။ ရောက်လာပြီး ဒယ်အိုးအရှေ့တွင်အလုပ်များနေသည့်လင်းယွမ်ကိုတွေ့လိုက်ရသောအခါ ကြောင်အမ်းသွားသည်။ ‘ဒီကလေးက သူ့သူဌေးများလား’
“ရှောင်ကျန်း ရောက်လာပြီလား...လာလာ...မိတ်ဆက်ပေးမယ်...သူကငါပြောပြထားတဲ့ရှောင်လင်းပဲ” အဘွားကျူက အပြုံးလေးနှင့်မိတ်ဆက်ပေးလိုက်သည်။
လင်းယွမ်ကထိုလူကိုကြည့်လိုက်သောအခါ ရင်းနှီးသလိုခံစားရသော်လည်း ဘယ်မှာမြင်ဖူးမှန်း မမှတ်မိဖြစ်နေသည်။
ကျန်းယွဲ့ရှင်းကတော့မှင်သက်နေဆဲဖြစ်ပြီး ကြောင်အမ်းအမ်းဖြင့်ပြောလာသည်။ “မင်္ဂလာပါ သူဌေးရှောင်လင်း...ကျွန်တော့်နာမည်ကျန်းယွဲ့ရှင်းပါ”
ကျန်းယွဲ့ရှင်း....ကျန်းယွဲ့ရှင်း....သူ..သူ...သူက အဲ့ဒီကျန်းယွဲ့ရှင်းတော့မဟုတ်ပါဘူးနော်....
🪹🪹