🪹Chapter 18
လင်းယွမ်မျက်လုံးများပြူးကျယ်သွားပြီး ကျန်းယွဲ့ရှင်းအား အကြိမ်ပေါင်းမရေမတွက်နိုင်အောင် အပေါ်အောက်ကြည့်၍ နောက်ဆုံး၌သူ့အရှေ့ရှိလူမှာ ၂၀၀၅ခုနှစ်တွင် ဟူရွင့်သတင်းစာတိုက်သို့ တစ်နှစ်လျှင်အမြတ်ငွေ နှစ်ဘီလီယံနှင့်ဝင်ပြီး ရုတ်တရက်ထင်ပေါ်ကျော်ကြားမည့်သူဖြစ်သည်။ ထိုအချိန်တွင် XXနေ့စဥ်သတင်းစာတိုက်က သူ၏မိတ်ဆက်အား စာတစ်မျက်နှာအပြည့်ဖော်ပြခဲ့သည်။ လင်းယွမ် သူ့ကိုရှင်းရှင်းလင်းလင်းမှတ်မိနေ၏။ အကြောင်းမှာ ဤလူ၏အတွေ့အကြုံများက အလွန်လက်ရာမြောက်သောကြောင့်ပင် မဟုတ်ဘဲ Qမြို့မှလူဖြစ်ကာ ၁၉၈၀ဖွားလည်းဖြစ်ပြီး ကိုယ်တိုင်ချမ်းသာအောင်လုပ်ဆောင်ခဲ့ခြင်းကြောင့်လည်းဖြစ်သည်။ ဤလူက ဘီလီယံနာသူဌေးဖြစ်ခဲ့ကာ စားသောက်ဆိုင်ငယ်ကိုသာဖွင့်ခဲ့သည်။
သူ့ယခင်ဘဝတွင် သူဘယ်လောက်ပဲ မနာလိုအားကျခံခဲ့ရပါစေ၊ ယခုတွင်တော့ သူကသာမန်သာဖြစ်နေသေးသည်။
အနာဂတ်ရဲ့ ဘီလီယံနာက သူ့လက်အောက်မှာ ညီငယ်လေးအနေနဲ့အလုပ်လုပ်မယ်တဲ့....ဒီကမ္ဘာကြီးထဲမှာ ဒီထက်ပိုအံ့ဩဖို့ကောင်းတာရှိသေးရဲ့လား....။
လင်းယွမ်က သူ၏ခန္ဓာကိုယ်သေးသေးလေးကို မတ်မတ်ထားရန်အကောင်းဆုံးကြိုးစားကာ သူဌေးတစ်ယောက်၏ပုံပေါက်အောင်နေ၍ တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။ “ကောင်းပြီ...မင်္ဂလာပါ...သူဌေးရှောင်လင်းလို့ခေါ်ဖို့မလိုပါဘူး...ရှောင်လင်းလို့သာခေါ်ပါ”
၎င်းကသိမ်သိမ်မွေ့မွေ့နှင့်ပြောလိုက်ခြင်းမဟုတ်သော်လည်း ကျန်းယွဲ့ရှင်းမှာ သူဌေးရှောင်လင်း၏တည်ကြည်နေသည့်မျက်နှာထားနှင့် ကလေးဆန်ဆန်မျက်နှာအစိတ်အပိုင်းများက ချစ်ဖို့ကောင်းသည်ဟု ထင်မိသည်။
‘ဟေး....မင်းရဲ့မျက်နှာကပြုံးစိစိနဲ့ဘာဖြစ်နေတာလဲ...အနာဂတ်မှာသူဌေးဖြစ်လာမို့ မင်းကိုမခိုင်းစားရဲဘူးလို့ မထင်နဲ့ကွ...’ လင်းယွမ်က ကြိုးစား၍မျက်နှာထားတည်တည်ထားကာပြောလိုက်သည်။ “ရှောင်ကျန်း...မင်းအဘွားကျူကိုကူခဲ့တဲ့အတိုင်းဆက်လုပ်ပေးရမယ်...ပြီးတော့ အားတဲ့အချိန်ကျရင် ငါအာလူးဘယ်လိုကြော်တယ်ဆိုတာကြည့်....လွယ်လွယ်လေးရယ်...သင်လို့တတ်သွားရင် လစာတိုးပေးမယ်”
ဘာလို့သူဌေးရှောင်လင်းက အမြီးကိုတက်နင်းခံထားရတဲ့ကြောင်လေးနဲ့တူနေတာပါလိမ့်...သူဌေးရှောင်လင်က သူတွေးနေတာကို မြင်နေရတာများလား...မဖြစ်နိုင်တာ...ဘယ်လောက်ပဲတော်ပါစေဦး....သူကကလေးပဲရှိသေးတာကို’
ကျန်းယွဲ့ရှင်းက အပြစ်ရှိစိတ်ဖြင့်ပြောလာ၏။ “ကောင်းပါပြီ...ကြိုးစားပါ့မယ်...ကျေးဇူးတင်ပါတယ် သူဌေးရှောင်လင်း”
လင်းယွမ်က သူ၏နှုတ်ခမ်းထောင့်နှင့်မျက်လုံးထောင့်များကို ခက်ခက်ခဲခဲထိန်းထားပြီးပြောလိုက်သည်။ “ဟုတ်ပြီ...အလုပ်ကြိုးစားလုပ်...ရှောင်ကျန်း မင်းမှာတောက်ပနေတဲ့အနာဂတ်ရှိတယ်” လင်းယွမ်၏နှလုံးသားထဲမှ ဗီလိန်မှာပျော်လွန်း၍ မြေကြီးပေါ်တွင် လူးလှိမ့်နေပြီဖြစ်သည်။
သူဌေးရှောင်လင်း၏မျက်နှာမှာ ဇွန်လတွင်ထျန်းဟွား၏မျက်နှာပြောင်းခြင်းထက်ပိုမြန်ကြောင်း အခြားသူများပြောသည်မှာ အံ့ဩစရာမရှိချေ။ သူကကလေးတစ်ယောက်သာရှိသေးသည်။ ကျန်းယွဲ့ရှင်းစိတ်ထဲတွင် ကောက်ချက်ချလိုက်၏။
ကျန်းယွဲ့ရှင်းကအလုပ်လုပ်ရာတွင် အတော်လေးလျင်မြန်ကာ သူ၏ပါဝင်အားဖြည့်လာခြင်းနှင့်အတူ လင်းယွမ်၏အလုပ်များမှာ ချက်ချင်းအများကြီးလွယ်ကူသွားတော့သည်။
နေ့လည်ခင်းများတွင် အချိန်ကြပ်ပြီး လင်းယွမ်မှာသူ့အတွက်နေ့လည်စာအား အာလူးကြော်ပဲပေးနိုင်သည်။ သူကလည်းမငြင်းချေ။ အတန်းပြန်စတော့မည့်အချိန်တွင် သူကအာလူးကြော်များကိုယူ၍ ကျောင်းသို့ပြန်သွားသော်လည်း လင်းယွမ်အနည်းငယ်အားနာမိသည်။
သူကလင်းယွမ်၏ဆိုင်တွင် သုံးရက်ဆက်တိုက်အလုပ်လုပ်ခဲ့၏။ လင်းယွမ်က သူဌေးပေါက်စလေးဖြစ်သည့်တိုင် ကျန်းယွဲ့ရှင်းက သူ့ကိုအမှန်တကယ်လေးစားလေသည်။ သူ့အတွေးထဲတွင် လင်းယွမ်ကသဘောကြီးပြီး ထက်မြက်ကာ နူးနူးညံ့ညံ့ဖြင့် လျင်လျင်မြန်မြန်တွေးတောတတ်သူဖြစ်သည်။ ဂျူနီယာအထက်တန်းကျောင်း၏ တတိယနှစ်ကျောင်းသားအရွယ်ဖြင့် ဤသို့လုပ်နိုင်သည်က လွယ်တော့မလွယ်ချေ။
လင်းယွမ်က ခန္ဓာကိုယ်တစ်ခုလုံးတွင် အားအင်များရှိသည်ဟု သူခံစားမိသည်။ တစ်ခုတည်းသောအပြစ်အနာဆာလေးတစ်ခုက ပိုက်ဆံကိုအရမ်းချစ်ခြင်းပင်။ သူ့ကိုယ်သူ ပိုက်ဆံအရမ်းချစ်သည့်သူဟု တွေးထားသော်လည်း ပိုက်ဆံမြင်တိုင်းတောက်ပနေတတ်သည့်လင်းယွမ်၏မျက်လုံးများနှင့် ယှဥ်လျှင်တော့ သူကဘာမှမဟုတ်သေးချေ။
တကယ်တမ်းတော့ ငါက သူဌေးရှောင်လင်းအတွက်အသင့်တော်ဆုံးပဲ...
အဆောင်၏အိပ်ရာထဲတွင်လှဲနေရင်း ကျန်းယွဲ့ရှင်းမှာ တိတ်ဆိတ်စွာဖြင့်အိပ်မောကျသွားကာ ထူးဆန်းသည့်အိပ်မက်မက်လေသည်။ အိပ်မက်ထဲတွင် လင်းယွမ်ကအလွန်ဝမ်းနည်းနေလျက် ပြောလာ၏။
“ငါတို့နာမည်လဲရအောင်”
သူ့မှာထိုထူးဆန်းသည့်အိပ်မက်ကြောင့်နိုးလာခဲ့ပြီး အိပ်မက်ထဲမှလင်းယွမ်၏ ဝမ်းနည်းနေသည့်မျက်နှာလေးကို မြင်ယောင်ရင်း စောင်ကိုဖက်ကာမနေနိုင်ပဲရယ်လိုက်မိလေသည်။
လင်းယွမ်က မနက်ဘက်တွင်နိုးလာခဲ့ပြီး အကြိမ်ပေါင်းများစွာဆက်တိုက်နှာချေလေသည်။ သူက နှာခေါင်းထိပ်လေးကို ပွတ်လိုက်သည်။ လွန်ခဲ့သည့်နှစ်ရက်တွင် ရာသီဥတုက အနည်းငယ်အေးလာသောကြောင့် အဝတ်ထပ်ဝတ်ရန်အချိန်လာပြီထင်သည်။
အသံကြားသောအခါ ဖောင်သွမ့်အာလေးက မျက်လုံးများကိုဖွင့်ကြည့်လိုက်ပြီးနောက် စောင်ထဲသို့ ပိုတိုးဝင်လိုက်ကာ သက်တောင့်သက်သာရှိသည့် အနေအထားသို့ပြောင်း၍ ဆက်အိပ်လိုက်သည်။
လင်းယွမ်က ၎င်းနှင့်ပတ်သက်၍ပြဿနာမရှိသောကြောင့် ထ၍ကိုယ်လက်သန့်စင်ကာ မနက်စာကို ရိုးရိုးရှင်းရှင်းစားပြီး ဖောင်သွမ့်အာအားတောင်ကြားထဲသို့ထည့်၍ အပြင်ထွက်လိုက်သည်။
ဒီနေ့က ဦးလေးကျန်းမြေစိမ်းမြက်များပို့ရန်သဘောတူထားသည့်နေ့ဖြစ်သည်။ လွန်ခဲ့သည့်အချိန်တစ်ခုတုန်းက သူ့ကိုစူးစိုက်ကြည့်နေခဲ့ကြသည့်သူများက သူ့ကိုဒုက္ခပေးမည်စိုးသောကြောင့် ဦးလေးကျန်းအား တတ်နိုင်သမျှ ဈေးအပြင်သို့ မထွက်စေချင်ပေ။ ထို့ကြောင့် သူကစောစောသွား၍ စက်ဘီးအား လမ်းဘေးသစ်ပင်အောက်တွင်ထား၍ စောင့်နေလိုက်သည်။
“ဟေး....ရှောင်လင်း ဒီမှာဘာလုပ်နေတာလဲ” ကျန်းယွဲ့ရှင်းက တအံ့တဩဖြင့်နှုတ်ဆက်လာသည်။
လင်းယွမ်လည်း ကျန်းယွဲ့ရှင်းနှင့်တိုးလိမ့်မည်ဟုထင်မထားသောကြောင့် အပြုံးလေးနှင့်တုံ့ပြန်လိုက်သည်။
“လူတစ်ယောက်ကိုစောင့်နေတာ...ရှောင်ကျန်း မင်းရောဒီမှာဘာလုပ်နေတာလဲ”
ကျန်းယွဲ့ရှင်းပြောလာသည်။ “တိုက်ဆိုင်လိုက်တာ...ငါလည်းဒီကိုလူတစ်ယောက်လာရှာတာ...ဒီနေ့ ပန်းနဲ့ငှက်ဈေးကိုလာစရာရှိတယ်လို့ပြောတော့ ငါ့အဘိုးက ငါ့ဆီလူတစ်ယောက်နဲ့စာထည့်ပေးလိုက်တယ်လေ...အဲ့ဒါလာရှာတာ”
တကယ်တမ်းတွင် အဘိုးပြောလိုက်သည်က သူနှင့်ယိကျုံတွင်သွားတွေ့ရန်ဖြစ်သည်။ သို့သော် သူစိုးရိမ်မိသောကြောင့် အဘိုးပြောလိုက်သည့်သူက လူလိမ်များဖြစ်နေမလား လာကြည့်ခြင်းဖြစ်သည်။
လင်းယွမ်မေးလိုက်၏။ “ဒါဆို အဘိုးပြောတဲ့သူကိုတွေ့ပြီလား”
ကျန်းယွဲ့ရှင်းပြောလိုက်သည်။ “ငါအခုလေးတင်လှည့်ပတ်ကြည့်ပေမယ့် မတွေ့ခဲ့ဘူး....ဟိုဟာငါ့အဘိုးလေ...သူရောက်လာပြီ”
ဦးလေးကျန်းက အသက်အရွယ်ကြီးနေပြီဖြစ်သော်လည်း မျက်လုံးများမှာ အလွန်ကောင်းမွန်သည်။ အဝေးမှသူ့မြေးနှင့်လင်းယွမ်တို့ကိုမြင်သောအခါ လျင်လျင်မြန်မြန်ဖြင့် လျှောက်လာ၍ အပြုံးလေးနှင့်မေးလာသည်။
“ရှင်းရှင်း မင်းကဘာလို့ရှောင်လင်းနဲ့ရှိနေတာလဲ...တစ်ယောက်နဲ့တစ်ယောက်သိတာလား”
တိုက်ဆိုင်စွာပင် လင်းယွမ်က သူ့အဘိုးပြောပြောနေသည့် သဘောထားကြီးရက်ရောသောသူဌေးငယ်လေးဖြစ်နေလေသည်။ ကျန်းယွဲ့ရှင်းက လင်းယွမ်အား ရှုပ်ထွေးနေသည့်မျက်လုံးများဖြင့်ကြည့်၍ အပြုံးလေးနှင့်ပြောလာသည်။ “ဟုတ် သိတယ်...ကျွန်တော်အခု သူဌေးရှောင်လင်းရဲ့ဆိုင်မှာအလုပ်လုပ်နေတာ”
လင်းယွမ်က ရှက်ရွံ့စွာပြုံး၍ပြောလိုက်သည်။ “ဒီလိုမျိုးတိုက်ဆိုင်လိမ့်မယ်လို့ ထင်မထားမိဘူး”
အားလုံးက စကားအနည်းငယ်ပြောကြပြီးနောက် အဓိကအချက်ဆီသို့သွားလိုက်ကြသည်။
ဦးလေးကျန်းက ဒီတစ်ကြိမ်တွင်တောင်ပေါ်မှ သစ်ခွအပင်၃၀ရလာခဲ့ပြီး တော်တော်များများ အဖူးများထွက်နေပြီဖြစ်သည်။ လင်းယွမ်က သစ်ခွများအကြောင်းမသိသောကြောင့် အရည်အသွေးဘယ်လိုကောင်းကြောင်းမပြောနိုင်ချေ။ ဦးလေးကျန်းက ပြဿနာမရှိကြောင်းနှင့် အားလုံးမှာ တစ်ပင်လျှင် ငါးယွမ်သာကျသင့်ကြောင်း ပြောလာသည်။ သူ့အားစုစုပေါင်းယွမ်၁၈၀ဖြင့် ရောင်းလာ၏။ လင်းယွမ်က သူ့ကိုပိုက်ဆံပေးသော်လည်း သူကလက်ခံရန်ငြင်းဆန်ကာ ယခင်ပိုသည့်အထဲမှနှုတ်ရန်သာ ခေါင်းမာနေလေသည်။ လင်းယွမ်မှာရွေးချယ်စရာမရှိဘဲ သဘောတူလိုက်ရသည်။
“အဘိုးကျန်း...အရင်တစ်ခေါက်က ကျွန်တော့်ကိုရောင်းလိုက်သလိုမျိုး သစ်တောင်ပင်ရိုင်းတွေရော ရှိသေးလား...” လင်းယွမ်မေးလိုက်သည်။ အခုတွင်အားလုံးက မိတ်ဆွေများဖြစ်နေပြီဖြစ်သောကြောင့် ဦးလေးကျန်းဟုခေါ်ရန်က မရင်းနှီးသလိုဖြစ်နေလိမ့်မည်။ လင်းယွမ်က သူ့အားကြင်နာမှုများဖြင့် ပြောင်းခေါ်လိုက်ပြီး အားလုံးကိုပို၍ရင်းနှီးစေလိုက်သည်။
“မရှိတော့ဘူး...အမှန်အတိုင်းပြောရရင် သစ်တော်ပင်ရိုင်းတွေက သစ်တော်သီးတွေက အရသာရှိတယ်...သူတို့က ကောက်ညှင်းလုံးလေးတွေလောက်ပဲရှိတယ်...လွန်ခဲ့တဲ့နှစ်တွေမှာ အားလုံးကသူတို့ကိုကျက်တီးမြေကဆိုပြီး မကြိုက်ကြဘဲ အကုန်နှုတ်ပြီးမီးရှို့ပစ်လိုက်ကြပြီ” ပြောနေရင်းနှင့် ဦးလေးကျန်းမှာ မျက်နှာနီသွားပြီး ရှက်ရွံ့စွာဖြင့် ပြောလာသည်။
“အရင်တစ်ခေါက်က ရှင်းရှင်းရဲ့ကျောင်းလခအတွက်မဟုတ်ဘူးဆို တူးပြီးရောင်းဖြစ်မှာမဟုတ်ဘူး”
လင်းယွမ်ကစိတ်ထဲတွင်သနားစရာကောင်းသည်ဟုတွေးလိုက်ကာ အပြုံးလေးနှင့်ပြောလိုက်သည်။ “ရပါတယ်...ဘာပဲဖြစ်ဖြစ် ကျွန်တော်က အပျော်တမ်းစိုက်တာပဲလေ...ပြီးတော့ အရင်တစ်ခေါက်လည်း ကျွန်တော့်ပိုက်ဆံတွေကို မယူခဲ့ဘူးမလား”
ဦးလေးကျန်းကအပြုံးလေးနှင့်ပြောလာသည်။ “ကံကောင်းလို့ ပိုက်ဆံမယူခဲ့မိတာ...မဟုတ်ရင် ဒီလူကြီး အရှက်ရနေဦးမှာ”
စကားပြော၍စနောက်ပြီးနောက် လင်းယွမ်က ဦးလေးကျန်းနှင့်နောက်တစ်ကြိမ်တွင် မြေစိမ်းမြက်များယူလာရန် ချိန်းဆိုလိုက်သည်။ ဦးလေးကျန်းက သူ၏ဆိုင်ခန်းငယ်လေးသို့ ယူလာပေးမည်ဟုပြောလာသည်။ ဤသို့ဆိုလျှင် ပထမတစ်ချက်၊ သူ့မှာပန်းနှင့်ငှက်ဈေးသို့သွားစရာမလိုတော့ပေ။ ဒုတိယတစ်ချက်မှာ သူ့မြေးကိုလည်း တွေ့နိုင်လေသည်။ သူ့မြေးက ခဲတစ်လုံးနှင့်ငှက်နှစ်ကောင်ပစ်လိုက်ခြင်းပင်။
လင်းယွမ်ထွက်သွားပြီးနောက် ဦးလေးကျန်းနှင့် ကျန်းယွဲ့ရှင်းနှင့်ခဏလောက်စကားပြောသည်။ ဦးလေးကျန်းက ကျန်းယွဲ့ရှင်းအား လင်းယွမ်၏ဆိုင်တွင် အလုပ်ကြိုးစားရန်နှင့် စာလည်းသေချာလုပ်ရန် ပြောလိုက်၏။ နောက်ဆုံး၌ သူကကျန်းယွဲ့ရှင်းအား နေထိုင်စရိတ်အဖြစ် ယွမ်၅၀ပေးလိုက်သည်။
တစ်လကြာပြီးနောက် လင်းယွမ်၏စီးပွားရေးမှာ ကောင်းသထက်ကောင်းမွန်လာသည်။ ကျန်းယွဲ့ရှင်းက အာလူးဘယ်လိုကြော်ရမည်ကိုပင် သင်ပြီးသွားပြီး အရသာကိုပါချိန်ညှိတတ်နေပြီဖြစ်သည်။ ကျန်းယွဲ့ရှင်းသာ အနားတွင်ရှိနေပါက လင်းယွမ်ကပန်းကန်များတည်ခင်းပေးရန်နှင့် ပိုက်ဆံသိမ်းရန်သာလုပ်ရတော့သည်။ လမ်းကြောင်းမှန်ပေါ်တွင်ရှိနေသည့်အသိသာဆုံးဥပမာတစ်ခုက ဖောင်သွမ့်အာမှာ ကြက်သားစွပ်ပြုတ်၏အာဟာရများအောက်တွင် နေ့တိုင်းဝတုတ်လာခြင်းပင်။
သို့သော် ဝမ်ထောင်း၏ဘဝကတော့ အဖြစ်အပျက်တစ်ခုကြောင့် လုံးဝလမ်းချော်သွားလေသည်။
“မင်းရဲ့ကျောင်းသားမှတ်တမ်းကို Qမြို့ကိုပို့လိုက်ပြီးပြီ...မနက်ဖြန်မနက်ကျရင် လေယာဥ်စီးသွား...ဟိုမှာ မင်းရဲ့အန်တီလေးကလေဆိပ်မှာလာကြိုလိမ့်မယ်” ဝမ်ကျန့်ကော်က ဝမ်ထောင်းကိုပြောလိုက်သည်။
“ကျွန်တော်မသွားဘူး” ဝမ်ထောင်းကဒေါသတကြီးဖြင့်ပြောလိုက်၏။ ဤကိစ္စက သူ့အမှားမဟုတ်ဘဲ သူကဘာကြောင့် Qမြို့သို့သွားရမည်နည်း။
“မင်းကိုလုပ်ခိုင်းနေတာ...မင်းရဲ့အတွေးအမြင်တွေကိုမေးနေတာမဟုတ်ဘူး” ဝမ်ကျန့်ကော် အေးစက်စွာ ပြောလာသည်။
“ကျွန်တော်လည်းမလုပ်နိုင်ဘူးလို့ပြောနေတယ်လေ” ဝမ်ထောင်းသူ့ကိုခွန်းတုံ့ပြန်လိုက်သည်။ ထိုခွေးကောင်ကို ရိုက်လိုက်သည့်အတွက် Bမြို့မှဂုဏ်သရေမဲ့စွာဖြင့် ထွက်သွားရမည်...။ ယခုတွင် ထိုခွေးကောင်ကိုမသတ်လိုက်ရခြင်းအတွက် သူမုန်းမိသည်။
“မင်းသွားသွား၊ မသွားသွား မင်းသဘောပဲ” ဝမ်ကျန့်ကော်က ဝမ်ထောင်းကိုစူးစိုက်ကြည့်ပြီးနောက် အခန်းထဲမှလှည့်ထွက်သွားကာ တံခါးကိုကျယ်လောင်စွာ ပိတ်လိုက်လေသည်။
“မင်းရဲ့ တော်လှပါချည်ရဲ့ဆိုတဲ့သားကိုကြည့်ဦး”
“ဝမ်ကျန့်ကော်...ရှင်ဘာပြောချင်တာလဲ....ထောင်းထောင်းက ဒီကိစ္စမှာ အမှားလုပ်ထားတာမရှိဘူး”
“အမှားလုပ်တာမရှိဘူးဟုတ်လား...လူတစ်ယောက်ကိုသေလုနီးပါးဖြစ်အောင်ရိုက်လိုက်တာ သူ့အတွက်မမှားဘူးလား...ဒါမင်းပြောတဲ့ ကလေးအလိမ္မာလား...အကဲပိုနေတဲ့အမေ...အသုံးကိုမကျဘူး”
“ကျွန်မကဘာဖြစ်နေလို့လဲ...အဲ့ဒီစွန်းကျစ်ဝေ့က ထောင်းထောင်းရဲ့ကောင်မလေးကို လာလုရဲတာလေ...သူနဲ့ထိုက်တန်တယ်”
“မင်းသားရဲ့ အမြီးကောင်မပေါက်သေးတဲ့အချစ်က တခြားသူတွေနဲ့ကစားနေတာကို ဝန်တိုနေတာကွ...ပြီးတော့ သူ့လက်ကိုချိုးပစ်လိုက်တာ...အဲ့ဒါကိုကျိုးကြော်ဆီလျော်တယ်လို့ထင်လား”
“ရှင်ကဘာကိစ္စ ကျွန်မသား၊ ကျွန်မသားလို့ပြောနေရတာလဲ...ထောင်းထောင်းက ရှင့်သားရောမဟုတ်ဘူးလား...ဝမ်ကျန့်ကော် ဒီနေ့ကျွန်မနဲ့သေချာမရှင်းဘူးဆိုရင် ရှင်နဲ့ကျွန်မဇာတ်လမ်းပြီးပြီပဲ” ဝမ်ထောင်းအမေ၏အရည်အချင်းများက သာမန်လူများလေ့ကျင့်၍ရနိုင်သည့်အရာမဟုတ်ချေ။
“မင်းဘာသာပြီးပြီး၊ မပြီးပြီး ငါဂရုမစိုက်ဘူး...မနက်ဖြန်ကျရင် သူQမြို့ကိုသွားရမယ်” ဝမ်ကျန့်ကော်က အေးစက်စွာဖြင့် ပြောပြီးနောက်ထွက်သွားတော့သည်။
ဝမ်ထောင်းမှာ မကျေမချမ်းဖြင့် ခေါင်းကိုစောင်ဖြင့်အုပ်ကာ ထိုအကြောင်းကိုတွေးလေ၊ ဒေါသပိုထွက်လာရလေဖြစ်သည်။
သူ့အမေက တံခါးဖွင့်၍ဝင်လာပြီး သူ့သားလေးဆူပုတ်နေသည်ကိုတွေ့သောအခါ ချက်ချင်းနှစ်သိမ့်လိုက်သည်။
“ထောင်းထောင်း စိတ်မဆိုးပါနဲ့ကွယ်...မင်းအဖေလည်းဒေါသထွက်နေတယ်...အမေပြောတာနားထောင် အဲ့ဒီရှောင်ဇီရှင်းကို ဂရုစိုက်မနေနဲ့...အဲ့ကလေးမက ဒီအသက်အရွယ်မှာတောင် ရဲတင်းနေတာ...အသက်ကြီးလာရင် မိန်းမကောင်းတစ်ယောက်ဖြစ်လာမှာမဟုတ်ဘူး...နောက်ကျရင် အမေမင်းအတွက် ကောင်းတဲ့တစ်ယောက်ရှာပေးမယ်” အမေဝမ်က ရှောင်ဇီရှင်း၏ ယောက်ျားတကာနှင့် ပရောပရည်လုပ်တတ်သည့်အကျင့်ကိုတွေးလိုက်မိသောအခါ ဒေါသထွက်သွားပြီး အံကြိတ်လိုက်သည်။ ‘သူမသာဇာတ်မရှုပ်ရင် သူ့သားလေးလည်းအခုလိုဖြစ်မှာမဟုတ်ဘူး’
၎င်းကိုကြားသောအခါ ဝမ်ထောင်းမှာစိတ်ပျက်သွားသည်။ သူ့အမေက သူ့ကိုကလေးတစ်ယောက်လို ဆက်ဆံနေဆဲပင်...။ သူ့ကောင်မလေးက အရုပ်တစ်ရုပ်မဟုတ်ချေ။ အသစ်တစ်ယောက်လည်းထပ်မလိုချင်ပေ။ “ဒေါသထွက်ဖို့လည်းပျင်းစရာကြီးပါ...ကျွန်တော်Qမြို့ကိုမသွားချင်ရုံပါ...အန်တီလေးရဲ့ ဟင်းတွေက စားလို့မကောင်းဘူး”
“အမေနဲ့သွားမလား”
“မလုပ်ပါနဲ့ဗျာ...အမေ့ယောက်ျားကကျွန်တော့်ကို သေလောက်အောင်မုန်းသွားပါဦးမယ်”
“ကောင်စုတ်လေး ဘယ်သူ့ကိုအမေ့ယောက်ျားလို့ခေါ်နေတာလဲ...မင်းအဖေပဲဟာကို” မားမားဝမ်က ဝမ်ထောင်းအား နှာခေါင်းရှုံ့လိုက်၏။
ဝမ်ထောင်းက နဖူးပေါ်လက်တင်ကာ ခါးသက်နေသည့်မျက်နှာနှင့်ပြောလိုက်သည်။ “အမေ...အဖေ့ကိုထပ်ပြောပေးဗျာ...ကျွန်တော်တကယ်Qမြို့ကိုမသွားချင်ဘူး...အဲ့မှာလုံးဝပျော်ဖို့မကောင်းဘူး”
မားမားဝမ်ပြောလာသည်။
“ဒီတစ်ကြိမ်တော့မင်းအဖေကိုပြောလို့ရမယ်မထင်ဘူး...သူကမင်းကိုQမြို့ကိုပဲ ပို့မယ်လုပ်နေတာ...မင်းလည်းခုဏကြားလိုက်တာပဲ...အမေသွားပြောလည်း သဘောတူလိမ့်မှာမဟုတ်ဘူး...မင်းအဘွားသာနိုင်ငံခြားကိုထွက်မသွားရင်ကောင်းမှာ...မင်းအဖေက မင်းအဘွားစကားကိုပဲနားထောင်တာ...သားလေး Qမြို့ကိုခဏလောက်ဖြစ်ဖြစ် သွားနေလိုက်ပါလား...နောက်မင်းအဖေစိတ်မဆိုးတော့တဲ့အချိန်ကျ ပြန်ခေါ်ပေးဖို့ အမေပြောပေးမယ်”
သူ့အမေစကားကိုကြားသောအခါ လုံးဝမျှော်လင့်ချက်မဲ့သွားသည်ကို ဝမ်ထောင်းသိသွားသည်။ သို့သော် သူယခုတွင် Bမြို့တွင်မနေနိုင်လျှင်တောင်မှ စွန်းကျစ်ဝေ့ဆိုသည့်ကောင်ကိုတော့ လွှတ်ထားမပေးနိုင်ချေ။
သူ့အမေထွက်သွားသောအခါ သူကအိပ်ရာမှထ၍ ချန်းရွှမ်၏ဖုန်းကိုခေါ်လိုက်သည်။
“ဟေး...ဝမ်ရှောင်ထောင်းက ဒီနေ့ဘာလို့ငါ့ကိုဖုန်းခေါ်ဖို့ တွေးရတာလဲ” ချန်းရွှမ်က ဖုန်းတစ်ဖက်မှစနောက်လိုက်သည်။
“ပြောမနေပါနဲ့တော့....ကျွန်တော်အခုလောလောဆယ် စိတ်အခြေအနေကောင်းမနေဘူး...မနက်ဖြန်ကျရင် Qမြို့က အဲ့ဒီနေရာစုတ်ကိုသွားရဦးမယ်...ရွှမ်းကော ကျွန်တော်တစ်ခုလောက်မေးချင်လို့” ချန်းရွှမ်က ဝမ်ထောင်းထက် အသက်အနည်းငယ်ကြီးသော်လည်း ဝမ်မင်မင်ကြောင့် နှစ်ယောက်သား၏ဆက်ဆံရေးမှာ အတော်လေးခိုင်မာပြီး ငယ်ငယ်လေးတည်းက ဆိုးဝါးသည့်အရာများကို အတူတူလုပ်လာခဲ့ကြသည်။
“ကောင်းပြီ...ပြောပါဦး”
“ကျွန်တော်တို့ကျောင်းက အဲ့ဒီစွန်းကျစ်ဝေ့ဆိုတဲ့ကောင်ကို ရှာပြီးပညာလေးပေးပေးစမ်းပါ”
“မင်းသူ့လက်ကိုချိုးလိုက်တယ်မဟုတ်ဘူးလား” ချန်းရွှမ်လည်း ဝမ်ထောင်းအကြောင်းကို နည်းနည်းလေးကြားထား၏။
“အရိုးချိုးလိုက်တာ...အဲ့ခွေးကောင်က ကျွန်တော့်ကိုအခုလိုဖြစ်အောင်လုပ်လိုက်တာလေ...ကျွန်တော် ဂရုမစိုက်ဘူး...ကျွန်တော့်အတွက်သာ သူ့ကိုကောင်းကောင်းပညာပြပေးလိုက်”
“ကောင်းပြီ...ငါ့တာဝန်ထားလိုက်...Qမြို့ကိုရောက်ရင် ငါ့အစ်ကိုကြီးနဲ့မရီးတို့ကို ငါကနှုတ်ဆက်တယ်လို့ပြောပေး...တရုတ်နှစ်သစ်ကူးမှာ ငါ့ရဲ့လုပ်ငန်းတွေကြောင့် ငါ့အမေက သူတို့အပေါ်ပုံချခဲ့တယ်လို့ကြားတယ်...ငါ့အတွက်သူတို့ကိုတောင်းပန်ပေးပါဦး”
“ရတယ်...ကိစ္စမရှိဘူး”
ဖုန်းချလိုက်ပြီးနောက် ဝမ်ထောင်းကကုတင်ပေါ်တွင်လှဲ၍ တွေးလိုက်သည်။ ‘ဒီတစ်ခေါက်တော့ ရှောင်ထန်းယွမ်ကို Qမြို့ဆီခေါ်ထားရမယ်...မဟုတ်ရင်ဝမ်မင်မင်ရဲ့ စုတ်ပြတ်နေတဲ့ဟင်းတွေနဲ့ဆို ငါမြို့တော်ကိုပြန်မရောက်ခင် အသက်ထွက်သွားလိမ့်မယ်’
နောက်တစ်နေ့တွင် ဝမ်ထောင်းက သူ့အမေ၊အဖေနှင့်ဝမ်လွဲ့တို့၏လေဆိပ်သို့လိုက်ပို့ခြင်းခံလိုက်ရသည်။ သူ့အမေက မျက်ရည်များပြည့်နေကာ သူ့အဖေကတော့အမူအရာမဲ့နေပြီး တစ်စုံတစ်ယောက်သောသူကတော့ ပြုံးနေလေသည်။
‘ဝမ်လွဲ့...ခွေးကောင်...ငါမင်းနဲ့မပြီးသေးဘူး...’ လေယာဥ်ပေါ်တွင်ထိုင်ရင်း ဝမ်ထောင်းဒေါသတကြီးရေရွတ်လိုက်သည်။
“သခင်လေး...ဝမ်မိသားစုက သခင်ငယ်လေး Bမြို့ကထွက်သွားပါပြီ” သက်လတ်ပိုင်းလူကြီးက လူငယ်လေးအားတင်ပြလာသည်။
“ကောင်းပြီ...တော်တယ်...ကျန်တဲ့ပိုက်ဆံတွေကို ရှောင်ဇီရှင်းကိုပေးလိုက်တော့” ကောင်ငယ်လေးကပြုံးလိုက်သည်။
“ကောင်းပါပြီ သခင်လေး” သက်လတ်ပိုင်းလူကြီးက ဦးညွှတ်ပြီးနောက်ထွက်သွားတော့သည်။
လူငယ်လေးက ပြတင်းပေါက်ဆီသို့လျှောက်လာပြီး အပြင်ဘက်မှတောက်ပနေသည့်နေရောင်ခြည်ကို ကြည့်၍ လှပစွာပြုံးရင်းရေရွတ်လိုက်၏။
“ရွှမ်...မင်းကငါ့အပိုင်ပဲဖြစ်ရမယ်”
🪹🪹