Chapter 19
Viewers 4k

🪹Chapter 19





နေ့လည်ခင်းတွင် ဝမ်ထောင်းQမြို့သို့ရောက်ပြီးနောက် ချန်းမင်ကသူ့အား တစ်ခုခုစားရန်ခေါ်သွားပြီး တစ်ဆက်တည်းတွင် သူ့ကိုလက်ခံထားသည့်ကျောင်းဖြစ်သော Qမြို့၏အမှတ်(၁)ကျောင်းသို့ ခေါ်သွားလိုက်သည်။ 


ကျောင်းအုပ်ကြီးက သူတို့အား စိတ်အားထက်သန်စွာဖြင့်ကြိုဆိုပြီး ချန်းမင်နှင့်စကားပြောနေသည့်အတောအတွင်းတွင်လည်း အားပါးတရဖြင့် စည်းရုံးသိမ်းသွင်းလေသည်။ ချန်းမင်က ၎င်းအားဤကျောင်းတစ်ဖြတ်နားမှစဥ်းစားမည်ဟုပြောလိုက်သည်။ 


ကျောင်းအုပ်ဆရာကြီး၏မျက်လုံးများမှာ ချက်ချင်းလင်းလက်သွားသည်။ သူကဝသောကြောင့် မျက်ပေါက်နှစ်ခုမှာ ကျဥ်းကျဥ်းလေးသာပေါ်နေ၏။ သို့သော် စာရွက်စာတမ်းများကိုဖြည့်စွက်နေသည့် ဝမ်ထောင်းကိုကြည့်ရင်း သူ့မျက်လုံးများမှာ ပို၍တောက်ပလာလေသည်။ 


ဝမ်ထောင်း၏နောက်ခံကို သူကောင်းကောင်းမသိသော်လည်း ချန်းမင်၏နောက်ခံကိုတော့ကြားဖူးသည်။ ဤသစ်လုံးကြီးကိုကောင်းကောင်းဖက်ထားနိုင်လျှင် သူ့ဘဝမှာပြီးပြည့်စုံသွားလိမ့်မည်။ ဤပြောင်းရွှေ့လာသည့်ကျောင်းသားက သူ့ဇနီး၏တူဖြစ်သည်ဟု ချန်းမင်ကဆိုထား၏။ ပိုက်ဆံရှိပြီးအင်အားကြီးသည့်သူများက အချင်းချင်းလိုက်ဖက်ညီသင့်မြတ်ကြရာ ဤကလေး၏နောက်ခံကလေည်း သေချာပေါက်ဆိုးလိမ့်မည်မဟုတ်ချေ။


အကောင်ပေါက်လေးကို သေချာဂရုစိုက်ထားမယ်ဆို အကောင်ကြီးတွေကျေးဇူးမတင်မှာကို တွေးပူနေစရာမလိုတော့ဘူး....


“ဒီမှာ ကျွန်တော်ဖြည့်ပြီးပြီ” ဝမ်ထောင်းက ဖိုင်အားကျောင်းအုပ်ကြီးကိုပေးလိုက်သည်။ 


ဖိုင်ကိုကြည့်လိုက်သောအခါ ကျောင်းအုပ်ကြီးမှာ မှင်သက်သွားရသည်။ ဝမ်ထောင်းရေးထားသည့် ဖိုင်ပေါ်တွင် အဖေနေရာ၌ ကွယ်လွန်ဟုရှိနေကာ အမေနေရာတွင် လန်မုန့်လင်း၊ အသက် ၄၀၊ မှီခိုဟု ရှိနေသည်။ 


‘ဒီကလေးရဲ့မိသားစုက ငါတွေးထားတာနဲ့မတူပါလား’ ကျောင်းအုပ်ဆရာကြီး၏အမူအရာများမှာ တောင့်တင်းနေပြီး ထိပ်တစ်ဝက်ပြောင်နေသည့်ခေါင်းတွင် ချက်ချင်းဇာတ်ကြောင်းအမျိုးမျိုးတို့နေရာယူလာသည်။ နောက်ဆုံးတွင် ဝမ်ထောင်း၏မိသားစုအခြေအနေက အလွန်ရိုးရှင်းသည်ဟု နိဂုံးချုပ်လိုက်၏။ သူ့အဒေါ်က ဇာမဏီငှက်အဖြစ် ပြောင်းလဲသွားသည့် စာကလေးတစ်ကောင်ပင်။ ချန်းမင်က နွမ်းပါးသောအမျိုးသမီးနှင့်လက်ထပ်ရန် မိသားစုထဲမှထွက်ခဲ့ရပြီး မြို့တော်မှဝေးလံသည့်Qမြို့သို့ ဆရာလာလုပ်နေခြင်းဖြစ်လိမ့်မည်။ 


ချန်းမင်ကကျောင်းအုပ်ကြီး၏ပုံမှန်ဟုတ်မနေသောမျက်နှာကိုတွေ့သောကြောင့် ဝမ်ထောင်းဖြည့်ထားသည့်ဖိုင်ကို လှမ်းကြည့်လိုက်သည်။ ချန်းမင်တစ်ယောက်တိတ်တိတ်လေးသက်ပြင်းချမိသည်။ ‘ဒီကလေးကတော့ တကယ်ပါပဲ’ သေချာပြန်တွေးကြည့်လျှင်လည်း မဆိုးချေ။ ဝမ်ထောင်းတွင် သူမတူသည့်ဘဝအခြေအနေရှိသည်။ သူ့မိသားစု၏အခြေအနေအမှန်ကို ဖိုင်ပေါ်တွင်ဖြည့်လိက်ပါက ကျောင်းအုပ်ကြီးမှာ သူ့ကိုလက်ခံရဲလိမ့်မည်မဟုတ်ချေ။ ‘ဒါပေမယ့်လည်း အဖေကို ကွယ်လွန်လို့ရေးထားတာကြီးက.....’


ငါ့ယောက်ဖလည်းအရင်ဘဝက ဘယ်လိုပြစ်မှုတွေကျူးလွန်ခဲ့လို့ ဒီလိုပုန်ကန်တတ်တဲ့သားမျိုး ရထားတာပါလိမ့်...


“ကျောင်းအုပ်ကြီးလီ...ဝမ်ထောင်းက အ‌ရေပါးတဲ့ကလေးပါ...ကျောင်းအုပ်ကြီးကိုပဲ ဒုက္ခပေးရဦးမယ်”


“ရပါတယ်...ကျုပ်သူ့ကို တစ်ကောင်းလုံးမှာ အကောင်းဆုံးအတန်းဖြစ်တဲ့ တန်းခွဲ(၁)မှာထားပေးမယ်...ခဏနေလို့ အတန်းပိုင်ဆရာလာရင် မိတ်ဆက်ပေးမယ်လေ” ကျောင်းအုပ်ကြီးလီပြုံးလိုက်သည်။ 


တန်းခွဲ(၁)၏ အတန်းပိုင်ဆရာက အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါးနှင့်သက်လတ်ပိုင်းအမျိုးသားဖြစ်ပြီး ဟယ့်မျိုးရိုးဖြစ်ကာ တရုတ်စာသင်သည်။ သူကဘွင်းဘွင်းရှင်းရှင်းသမားဖြစ်ပြီး လူတော်တော်များများနှင့်လည်း မတည့်သောကြောင့် လုံလောက်သည့်အရည်အချင်းများရှိသော်လည်း ရာထူးမတိုးဘဲရှိနေသည်။


ဆရာဟယ့်က သူ့ဘဝတစ်လျှောက်လုံးတွင် အနောက်တံခါးမှဝင်လာသည့်သူများကို ကြည့်မရခဲ့ချေ။ ဝမ်ထောင်း၏ ပေါ့ပြက်ပြက်နိုင်သည့်ပုံစံကိုကြည့်ပြီးနောက် သူကအင်္ကျီလက်များကိုပင့်တင်၍ ထွက်သွားတော့သည်။ 


‘ဒီဝမ်ထောင်းကို စာအုပ်မပေးချင်ဘူး...မနက်ဖြန်မနက်မှစောစောလာခိုင်းပြီး ယူခိုင်းလိုက်မယ်’


ချန်းမင်က ဝမ်‌ထောင်းအားအိမ်သို့ပြန်ခေါ်မသွားဘဲ သူ့ယောက်ဖ၏ဆန္ဒအတိုင်း Qမြို့၏စစ်တပ်သို့ခေါ်လာကာ ကြီးကြပ်သူအများအပြားဖြင့်မိတ်ဆက်ပေးပြီး အားလပ်ရက်များတွင် လာရောက်လေ့ကျင့်ရန်ပြောလိုက်သည်။ 


၎င်းနှင့်ပတ်သက်၍ဝမ်ထောင်းဘာအမြင်မှမရှိချေ။ သူBမြို့တွင်နေတုန်းက လေ့ကျင့်ရေးဆင်းရန် စစ်တပ်ထဲသို့ သူ့အဖေ၏ပစ်သွင်းခြင်းကို ခဏခဏခံခဲ့ရသည်။ သူ့တွင် သူ့အဖေနှင့်အမြင်အတူတူရှိ၏။ ယောက်ျားတစ်ယောက်က ကိုယ်ခံပညာကိုတော့တတ်ကျွမ်းထားရမည်။ 


အရည်အချင်းအရတော့ ဝမ်ထောင်းတွင် ဂုဏ်ယူဝံ့ကြွားစရာရှိသည်။ သူက သခင်ကြီးဝမ်ကိုပင် အနိုင်ယူခဲ့တာဖြစ်သည်။ သူနှင့်အမြဲတမ်းဆန့်ကျင်နေသည့်ဝမ်လွဲ့တောင်မှ ဤအချက်တွင် သူကပိုသာကြောင်းဝန်ခံရသည်။ သို့သော် ဝမ်လွဲ့၏အမြင်၌ ၎င်းကဝမ်ထောင်းတွင် ရိုးရှင်းသည့်စိတ်နှင့် ကောင်းမွန်စွာဖွံ့ဖြိုးနေသည့်ခြေလက်များသာရှိကာ အခြားထူးကဲနေသည်မျိုးဘာမှမရှိကြောင်း ဖော်ပြနေသည့် သက်သေတစ်ခုသာဖြစ်သည်။


သူ့အရည်အချင်းများအပေါ်မှီခို၍ ဝမ်‌ထောင်းက စစ်တပ်သို့ရောက်လာသည့်ပထမဆုံးနေ့မှာပင် သူ၏အနာဂတ်ကြီးကြပ်သူအား စိန်ခေါ်လိုက်လေသည်။ ဆယ်ကွက်လောက်ပြပြီးနောက် သူ့မှာမြေကြီးပေါ်သို့ အမှောက်သိပ်ခံလိုက်ရသည်။ သူက မကျေမနပ်ဖြင့်အော်လိုက်၏။ “ကျုပ်ကိုစောင့်နေ...အနှေးနဲ့အမြန်ခင်ဗျားကို ပြန်အနိုင်ယူပြမယ်”   


ကြီးကြပ်သူကကြင်နာစွာဖြင့် ပြန်ပြုံးပြပြီးပြောလာသည်။ “ကောင်းပြီလေ...စောင့်တာပေါ့” 


အချိန်အတော်ကြာအောင်စောင့်ပြီးနောက် ကြင်ကြင်နာနာဖြင့်ပြန်ပြုံးပြခဲ့သည့်ကြီးကြပ်သူက တကယ်တမ်းတွင် အကြိမ်ပေါင်းများစွာကြာအောင် နိုင်ငံ့တိုက်ခိုက်ရေးချန်ပီယံဖြစ်ခဲ့ကြောင်း ဝမ်‌ထောင်းသိလိုက်ရပြီး သူ့အူထဲတွင် နောင်တများဖြင့်ပြည့်လာတော့သည်။ ‘ဒီလိုပြုံးနေတဲ့ကျားမျိုးကို ဘယ်လိုလုပ်လာတွေ့ရပါလိမ့်’


သို့သော်အနှေးနှင့်အမြန် အမှန်ကိုသိလိုက်ရသည့်အခါ ဝမ်ရှောင်ထောင်းကဤလူအပေါ်အနိုင်ယူရန် အတော်လေးစိတ်အားထက်သန်သွားသည်။ အကြိမ်ကြိမ်အခါခါတိုက်ခိုက်ပြီး ကျရှုံးနေသည့်တိုင် သူ့ယုံကြည်ချက်ကိုမချိုးဖျက်နိုင်သေးချေ။ 


နောက်တစ်နေ့တွင် ဝမ်ထောင်းက မနက်စောစောတွင်ချန်းမင်၏နှိုးခြင်းခံလိုက်ရသည်။ သူက ချန်းမင်ဝယ်လာပေးသည့် ပဲနို့နှင့် ဂျုံချောင်းကြော်များကိုစား၍ ကျောင်းသို့ထွက်လာလိုက်သည်။ 


မနက်ခင်းကိုယ်ပိုင်စာကြည့်ချိန်တွင် ဆရာဟယ့်က သူ့အားအတန်းထဲသို့ခေါ်သွားပြီး သူကကျောင်းပြောင်းကျောင်းသားဖြစ်ကြောင်း အကျဥ်းချုံးပြောကာ ဝမ်ထောင်အား သူ့ကိုယ်သူမိတ်ဆက်ခိုင်းလိုက်သည်။ 


“ငါကဝမ်ထောင်း...အောင်နိုင်သူဘုရင်ရဲ့ဝမ်နဲ့ ခွန်အားတွေကိုဝှက်ထားတဲ့ထောင်း...ငါအခုတလော စိတ်အခြေအနေမကောင်းဘူး...ဘာမှလုပ်စရာမရှိရင်ငါနဲ့လာမပတ်သက်နဲ့”


ဝမ်ထောင်း၏ဆောင့်ကြွားကြွားမိတ်ဆက်ကာ အတန်း၏၈၀ရာခိုင်နှုန်းကို မှင်သက်သွားစေပြီး တော်သည့်ထက်သည့် ကျောင်းသားများကတော့ ဝမ်ထောင်း၏ပေါ့ပြက်ပြက်ပုံစံကို အထင်သေးကြသည်။ ကျန်ရှိသည့် ၂၀ရာခိုင်နှုန်းက အနောက်တံခါးကိုဖွင့်၍ဝင်လာကြသူများဖြစ်သည်။ ထိုကဲ့သို့ လူတစ်ယောက်ကိုမှမျက်လုံးထဲတွင်မရှိသည့် ကျောင်းပြောင်းကျောင်းသား ရုတ်တရက်ရောက်လာခြင်းက သူတို့၏လုပ်ပိုင်ခွင့်များကို ရန်ဆွခံလိုက်ရသလိုအားလုံးခံစားလိုက်ရ၏။ ‘ဒါက လမ်းလျှောက်တိုင်းခေါ်သွားရမယ့် မြည်း၊ ဒါမှမဟုတ် မြင်းပဲ’


ခုံအမြင့်ဘေးတွင်ရပ်နေသည့်ဆရာဟယ့်မှာ အလွန်ဒေါသထွက်နေသောကြောင့် မျက်နှာမှာ မည်းသထက်မည်းလာပြီး ဒီလူက ကျောင်းအုပ်ကြီးမှစောင့်‌ရှောက်ပေးရန် သူ့ကိုအပ်ထားသည့်သူဖြစ်ကြောင်း အခါခါသတိပေးနေရသည်။ သူကဒေါသများကိုချုပ်တည်း၍ ပြောလိုက်၏။ “ကောင်းပြီ...အားလုံးပဲ နောက်စာပိုဒ်ကိုဆက်ဖတ်မယ်...ဝမ်ထောင်း နောက်ဆုံးတန်းက ကျန်းယွဲ့ရှင်းဘေးမှာသွားထိုင်လိုက်”


ကျန်းယွဲ့ရှင်းကအတန်းထဲတွင် အရပ်အရှည်ဆုံးဖြစ်ပြီး အတန်း၏နောက်ဆုံးတန်းတွင် တစ်ယောက်တည်းထိုင်သည်။ ဝမ်ထောင်းကဲ့သို့ဆူးများနှင့်လူအား သူနှင့်နေရာချပေးလိုက်ခြင်းက အခြားသူများအပေါ် ထိရောက်မှုနည်းစေလိမ့်မည်။ 


ဝမ်ထောင်းကတကယ်တမ်းတွင် ထိုနေရာနှင့်ပတ်သက်၍ အလွန်ပျော်မိသည်။ အတန်း၏ထောင့်တွင် ဆရာကလည်း သူ့ကိုသေချာမမြင်ရဘဲ လုပ်ချင်တာလုပ်လို့ရသည်။ 


သူကလျှောက်လာပြီး ထိုင်ခုံဖော်ကိုကြည့်လိုက်သည်။ သူက သူနှင့်အရပ်အတူတူလောက်ဖြစ်ပြီး အတော်လေးလည်း တည်ကြည်သည်။ သူကရုပ်မဆိုးသလို၊ ချောလည်းမချောချေ။ သူဝတ်ထားသည့်အဝတ်အစားများက ဟောင်းနေသော်လည်းသန့်ရှင်းသည်။ မျက်နှာအမူအရာကတော့ တည်တည်ကြည်ကြည်ဖြင့်ရှိနေ၏။ သူက ဝမ်ထောင်းကိုပြုံး၍ကြည့်လာသည်။ ထို့နောက် ခေါင်းကိုတစ်ဖက်သို့လှည့်ကာ စာကိုကျယ်လောင်စွာဖြင့် ဆက်ဖတ်သည်။ 


ဝမ်ထောင်းက ပစ္စည်းများကိုနေရာချပြီးနောက် ဘာသာစကားစာအုပ်ကိုထုတ်၍ ကြည့်လိုက်သည်။ အတော်လေးပျင်းနေပြီး တစ်ယောက်ပြီးတစ်ယောက်စာဖတ်နေသည့်အသံများကို ကြားသောအခါ တဖြည်းဖြည်းငိုက်မျဥ်းလာတော့သည်။ သူကရိုးရှင်းစွာဖြင့် ခေါင်းငုံ့ကာ လက်ပေါ်တင်ခေါင်းတင်၍ အိပ်လိုက်သည်။ 


စင်မြင့်ပေါ်တွင် ဆရာဟယ့်က ဝမ်ထောင်း၏လှုပ်ရှားမှုများကို ရှင်းရှင်းလင်းလင်းမြင်နေရပြီး တိတ်တဆိတ် သက်ပြင်းချ၍ခေါင်းကိုတစ်ဖက်သို့လှည့်ကာ မမြင်ချင်ယောင်ဆောင်လိုက်သည်။ 


မနက်ပိုင်း စတုတ္ထမြောက်အတန်းချိန်တွင် သင်္ချာဆရာက စာမေးပွဲအသေးလေးစစ်သည်။ ဝမ်ထောင်းက စာရွက်ကိုရပြီးနောက် မိနစ်နှစ်ဆယ်တည်းနှင့်အပြီးသတ်လိုက်၏။ ထို့နောက် သူကစားပွဲပေါ်သို့ ကိုင်းချလိုက်၍ အိပ်လိုက်သည်။ 


သင်္ချာဆရာက၎င်းကိုတွေ့၍လျှောက်လာလိုက်သည်။ သူကဝမ်ထောင်း၏ခုံကိုခေါက်၍မေးလိုက်သည်။ 


“ကျောင်းသား...ဖြေပြီးသွားပြီလား”


ဝမ်ထောင်းက စိတ်မရှည်စွာဖြင့်ပြောလာ၏။ “အင်း...ပြီးသွားပြီ”


“ပြပါဦး”


ဝမ်ထောင်းက သူ့အားအဖြေစာရွက်ပေးလိုက်သည်။ သင်္ချာဆရာက စာရွက်ကိုယူ၍ စင်မြင့်သို့ပြန်သွားကာ ကြည့်လိုက်သည်။ သူကြောင်အမ်းသွားရ၏။


အကုန်မှန်နေတယ်.....။


ဆရာကောင်းမှာ ဝမ်ထောင်းအားစိတ်အားထက်သန်စွာဖြင့် ကြည့်လိုက်သည်။ ‘ဒီကလေးက မျိုးစေ့ကောင်းလေးပဲ...သူကအိုလံပစ်ပုစ္ဆာကိုတောင် တွက်ထားသေးတယ်...ဒီမေးခွန်းက အဲ့လောက်မခက်ပေမယ့် ဒီလိုပုံစံနဲ့တွက်ဖို့က သာမန်ကလေးတွေအတွက်တော့ ခက်တယ်...ဒီကလေးက ဆရာဟယ့်ပြောသလို အသုံးမကျနေတာမဟုတ်ဘူးပဲ’


ဝမ်ထောင်းကတော့ သူတွေးနေသည်ကို မသိချေ။ သူ့အတွေးထဲတွင် ကျောင်းဆင်းလျှင်ဘာလုပ်ရမည်နှင့်၊ Qမြို့၏ထဲတွင် လျှောက်ပတ်၍‌ဈေးဝယ်မည်၊ နောက်ဆုံး‌ပေါ် ဂျိုင်းရန့်စက်ဘီးဝယ်မည်၊ ထို့နောက် ထိုစက်ဘီးကိုစီး၍ ကြည့်ကောင်းသည့်စားသောက်ဆိုင်တစ်ဆိုင်ရှာ၍ စားမည်။ 


နေ့လည်ခင်းတစ်ခုလုံးတွင် ဝမ်ထောင်းက ရှောင်ထန်းယွမ်အား မည်သို့ခေါ်ရမည့်အကြောင်း မျက်မှောင်ကြုတ်၍ တွေးနေသည်။ 


“ထမင်းသွားမစားဘူးလား” ကျန်းယွဲ့ရှင်းမေးလိုက်သည်။ သူဤထိုင်ခုံဖော်အသစ်လေးအား ရန်မစချင်သော်လည်း သိသိသာသာကိုပင် ဝမ်ထောင်း၏ခုံက သူ့လမ်းကိုပိတ်နေလေသည်။ 


“မသွားချင်ဘူး...စားချင်စိတ်မရှိလို့...ကျောင်းနားမှာ အရသာကောင်းတဲ့ဆိုင်မရှိဘူးလား” ဝမ်ထောင်းမေးလိုက်သည်။ 


ကျန်းယွဲ့ရှင်းက သူ့သူဌေးကိုကြော်ငြာဝင်၍ပြောလိုက်သည်။ “ကျောင်းဘေးလမ်းကြားထဲက အာလူးကြော်ကတော့ တော်တော်လေးစားလို့ကောင်းတယ်”


ဝမ်ထောင်းနှာခေါင်းရှုံ့လိုက်သည်။ “အာလူးကြော်ကဘယ်လောက်ကောင်းနိုင်မှာမို့လို့လဲ...ထားလိုက်တော့....မစားတော့ဘူး” ပြောပြီးနောက် သူကမတ်တပ်ရပ်၍ ကျန်းယွဲ့ရှင်းကိုနေရာဖယ်ပေးလိုက်သည်။ ထို့နောက် စားပွဲပေါ်သို့ပြန်လှဲ၍ အိပ်ချင်ယောင်ဆောင်နေလိုက်သည်။ 


ကျန်းယွဲ့ရှင်းက သူ့ကိုကြည့်၍ပြုံးလိုက်သည်။ ဝမ်ထောင်းက ပေါင်းရခက်သည့်သူမျိုးမဟုတ်ကြောင်း သူခံစားရသည်။ ဝမ်ထောင်း၏မိသားစုနောက်ခံက အတော်လေးကြီးမားလိမ့်မည်ဖြစ်သော်လည်း သူက မြို့ငယ်များမှကျောင်းသားများကိုတော့ အထင်သေးခြင်းမျိုးမရှိသည်ကို သူမြင်နိုင်သည်။ 


ဝမ်ထောင်းနှင့်သူငယ်ချင်းလုပ်နိုင်လိမ့်မည်ဟု ကျန်းယွဲ့ရှင်းတွေးမိ၏။


ဒီနေ့တွင် လင်းယွမ်ဆိုင်ငယ်လေး၏စီးပွားရေးက ယခင်လိုပင်ကောင်းနေဆဲဖြစ်ပြီးအလုပ်‌ရှုပ်နေရာ အတန်းစမည့်အချိန်တွင်မှ ကျန်းယွဲ့ရှင်းမှာ အာလူးကြော်နှစ်ထုပ်ကိုကိုင်၍ အလျင်အမြန်ပြေးရတော့သည်။ 


“ဘာဝယ်လာတာလဲ...အနံ့ကအရသာရှိမယ့်ပုံ” ဝမ်ထောင်းသည် အတန်းထဲမှတစ်ယောက်က ၎င်းအားစားနေခြင်းကို ယခုလေးတွင်တွေ့လိုက်ရသည်။ အနံ့ကအလွန်မွှေးသောကြောင့် သူ့အစာအိမ်ထဲမှ အာသီသများမှာ ထိုးထလာသည်။ အတန်းထဲမှလူများကိုမမေးချင်သောကြောင့် ဆန္ဒများကိုထိန်းထားသော်လည်း ကျန်းယွဲ့ရှင်းက တူညီသောအထုပ်လေးကိုကိုင်၍ ရောက်လာသည်ကို တွေ့သောအခါ တံတွေးမျိုချ၍မေးလိုက်သည်။ 


“အာလူးကြော်လေ” ကျန်းယွဲ့ရှင်းကပြုံး၍ပြောလိုက်သည်။ “မင်းအတွက်တစ်ထုပ်ဝယ်လာခဲ့တယ်...ဒါပေမယ့် အတန်းစတော့မှာဆိုတော့ ပြီးမှစားရအောင်” ပြောပြီးနောက် သူကဝမ်ထောင်းက အာလူးကြော်ထုပ်လေးနှင့် အသင့်စားတူတို့ပေးလိုက်သည်။ 


ဝမ်ထောင်းကပျော်ရွှင်စွာပြုံးလိုက်ပြီး ခုံကိုဖယ်၍ သူ့ကိုဝင်စေလိုက်ကာ အပြုံးလေးနှင့်ပြောလိုက်သည်။ “ညီအစ်ကို မင်းကအရမ်းကြင်နာတာပဲ...ကျေးဇူးပဲကွာ...ငါအရင်မြည်းကြည့်မယ်”


ဝမ်ထောင်းက အာလူးကြော်တစ်ထုပ်ကိုမြည်းစမ်းပြီးနောက် နှုတ်ခမ်းများကိုသပ်လိုက်သည်။ သူ၏ မက်မွန်ရောင်သမ်းနေပြီးလှပသည့်မျက်ဝန်းတစ်စုံက ကျန်းယွဲ့ရှင်းခုံ‌ပေါ်မှအထုပ်အား မျက်တောင်မခတ်ဘဲ ကြည့်လာလေသည်။ 


ကျန်းယွဲ့ရှင်းမှာ သူ၏မီးတောက်နေသည့်အကြည့်များကြောင့် အထုပ်လေးကိုပေးလိုက်သည်။ ဝမ်ထောင်းမှာ တစ်ထုပ်လုံးကို နှစ်လုတ်၊ သုံးလုတ်တည်းနှင့်စားပစ်လိုက်လေသည်။ ထို့နောက် သူအနည်းငယ်ရှက်ရွံ့လာ၏။ “ကျောင်းဆင်းရင် ငါပြန်ဝယ်ကျွေးမယ်”


ကျန်းယွဲ့ရှင်းတီးတိုးပြောလိုက်သည်။ “မလိုဘူး...ငါကအဲ့ဆိုင်မှာအလုပ်လုပ်တာ...နောက်မှကိုယ့်ဘာသာကြော်စားလိုက်မယ်”


ဝမ်‌‌ထောင်းပြောလိုက်၏။ “ဒါကရှက်ဖို့ကောင်းတယ်ကွ...ငါမင်းကိုပြန်ဝယ်ကျွေးမှရမယ်”


“ဟိုနှစ်ယောက်....ဟေး....မင်းတို့နှစ်ယောက်....ဝမ်ထောင်းနဲ့ ကျန်းယွဲ့ရှင်း....ဘာတွေပြောနေကြတာလဲ ထကြစမ်း” 


အတန်းထဲတွင် စားသောက်၍စကားပြောနေကြပြီး သူ၏ကျောင်းသားကောင်းလေးမှာ လမ်းလွဲသို့ရောက်အောင်လှည့်စားခံနေရသည်ကိုမြင်လိုက်ရသောကြောင့် ဆရာဟယ့်မှာ နှလုံးသားထဲမှတောက်လောင်နေသည့် ဒေါသများကိုမထိန်းချုပ်နိုင်တော့ချေ။ 


“.....”


“.....”


နှစ်ယောက်မှာ ကံမကောင်းချေ။ သူတို့ကတခြားဆရာများမဟုတ်ဘဲ ဆရာဟယ့်ထံတွင်မိသွားခြင်းဖြစ်သည်။ ဒီည၊ ညနေပိုင်းကိုယ်ပိုင်စာကြည့်ချိန်သုံးချိန်က သူ့အချိန်ချည်းပင် ဖြစ်သည်။ ထို့ကြောင့်နှစ်ယောက်လုံးမှာ ညကိုးနာရီကျောင်းဆင်းသည်အထိ အပြစ်ပေးခံလိုက်ရသည်။ 


ကျောင်းဆင်းပြီးနောက် ကျန်းယွဲ့ရှင်းက ဝမ်ထောင်းအားဆိုင်သို့ခေါ်သွားပေးသည်။ 


“ဇနီးလေး” ဝမ်‌ထောင်းက

လင်းယွမ်ကဲ့သို့ဇနီးလေးကိုလက်ထပ်ရန်ဆက်တိုက်တွေးနေခဲ့သော်လည်း သူ့ကိုတွေ့ချိန်တွင် ဇနီးလေးဟုခေါ်မိလိမ့်မည်ဟု ထင်မထားခဲ့ချေ။




🪹🪹