🪹Chapter 20
လူကျနေသည့်ဆိုင်မှာ ရုတ်တရက်တိတ်ဆိတ်သွားပြီး အားလုံး၏မျက်လုံးများက လင်းယွမ်ဆီသို့ကျရောက်လာကြသည်။ လင်းယွမ်၏မျက်နှာမှာမည်းရာမှနီလိုက်၊ နီရာမှမည်းလိုက်ဖြင့် ရုပ်ဆိုးနေတော့သည်။
ဝမ်ထောင်းကခေါင်းကိုကုတ်၍ ကသိကအောက်ဖြင့် ပြုံး၍ပြောလာသည်။ “ဟီးဟီး...ဒီအစ်ကိုကြီးအမှားလုပ်မိသွားတယ်...စိတ်မဆိုးနဲ့နော်...ရှောင်ထန်းယွမ်”
လင်းယွမ်က အပြုံးတစ်ခုပေးနိုင်ရန်အကောင်းဆုံးကြိုးစားလိုက်သည်။ “ရပါတယ် ဝမ်ကော...ဒီကို ဘာလို့ရောက်လာတာလဲ”
‘လင်းယွမ် စိတ်ထိန်းစမ်း....ငါတို့အကုန်လုံးက အရွယ်ရောက်ပြီးသားလူတွေ...ကလေးပေါက်စလေးတွေလို စိတ်ဆိုးနေလို့မဖြစ်ဘူး...’
ကျန်းယွဲ့ရှင်းက ဘေးတွင်ရပ်၍ တအံ့တဩဖြင့်ကြည့်ကာ တွေးလိုက်သည်။ ‘ဒီဝမ်ထောင်းက တကယ်ကို အင်အာကြီးတာပဲ...သူဌေးလေးက တစ်ယောက်ယောက်ကြောင့် စိတ်ထိခိုက်သွားတာမျိုး ငါတစ်ခါမှမမြင်ဖူးဘူး’
သူကပြုံး၍ လင်းယွမ်ဆီမှအလုပ်ကိုလက်လွှဲယူရန်သွားလိုက်သည်။ သူ၏ရွဲ့စောင်းနေသောအမူအရာများက အလွန်သိသာနေသောကြောင့် လင်းယွမ်၏မျက်နှာမှာ ပို၍ရုပ်ဆိုးလာတော့သည်။
လင်းယွမ်က ဒီလတွင်ကျန်းယွဲ့ရှင်းအား ယွမ်၁၀၀သာပေးရန်ဆုံးဖြတ်လိုက်သည်။
နည်းနည်းလေးမှတိုးမပေးဘူး...
သူဌေးကိုစော်ကားတာ ဒီအတိုင်းပြီးသွားမယ်မထင်နဲ့....
စားဖိုမှူးကိုစော်ကားတာလည်း ဒီအတိုင်းပြီးသွားမယ်မထင်နဲ့.....
လင်းယွမ်လုပ်ထားသည့်အာလူးကြော်များက တကယ်ကိုအရသာရှိသော်လည်း အလွန်စပ်၍ထုံသည်ဟု ဝမ်ထောင်းခံစားလိုက်ရသည်။
“ရှောင်ထန်းယွမ် ရေရှိလား....အရမ်းစပ်တာပဲ” ဝမ်ထောင်းကပူစပ်သည့်ဒဏ်ဖြင့် တရှူးရှူးတရှဲရှဲဖြစ်နေကာ သူ၏မက်မွန်မျက်လုံးထဲတွင် မျက်ရည်များဝေ့နေပြီး သနားစရာကောင်းနေသည်။
“ရှိတယ်....နံရံက ရေနွေးအိုးထဲမှာ ကိုယ့်ဘာသာသွားထည့်လိုက်...နည်းနည်းတော့ပူတယ်”
‘ဟမ့်...ခံရတာနည်းတယ်’
မြောက်ပိုင်းသားတစ်ယောက်အဖြစ် အပူအစပ်စားနေချိန်တွင် ရေနွေးသောက်ခြင်းက အစပ်ကိုနှစ်ဆတိုးစေသည့် သဘောသဘာဝကို ဝမ်ထောင်းနားမလည်ချေ။ သူက ရေနွေးကိုသောက်၍ အာလူးကြော်များက အလျင်စလိုစားကာ ခဏနေပြီးနောက် အလံဖြူပြသွားတော့သည်။
ဝမ်ထောင်းက မသမာသည့်သူဌေးနှင့်အလုပ်သမားတို့၏ ပုန်းလျှိုးကွယ်လျှိုးတိုက်ခိုက်ခြင်းကိုခံနေရသော်လည်း ဘာကိုမှခံစားရချေ။ လင်းယွမ်၏လက်ရာအားစားပြီး ထပြန်သွားသည်ကမကောင်းဟုခံစားရသောကြောင့် သူကဆက်နေ၍ ကူညီပေးလိုက်သည်။
သူငါးပန်းကန်စားပြီးနောက် လင်းယွမ်ကလုပ်နေကျသူ့တာဝန်များဖြစ်သည့် ပန်းကန်များတည်ခင်းပေးရန်နှင့် ပိုက်ဆံသိမ်းရန်ကို ဝမ်ထောင်းအားတာဝန်ပေးလိုက်သည်။
တစ်ဖက်တွင်တော့ ကျန်းယွဲ့ရှင်းအနည်းငယ်အံ့ဩသွားသည်။ ‘လင်းယွမ်နဲ့ဝမ်ထောင်းကြားက ဆက်ဆံရေးက မြင်နေရတာထက်ပိုကောင်းနေတာများလား’ ဝမ်ထောင်းပိုက်ဆံသိမ်းသည့်အပေါ် သူဌေးကလုံးဝစိတ်ချလက်ချရှိနေသည်။ သူကတော့တစ်လလောက်အလုပ်လုပ်ပြီး အပြည့်အဝစောင့်ကြည့်ခံပြီးမှ ဤလုပ်ပိုင်ခွင့်ကိုရခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ပုံမှန်အားဖြင့် ဆိုင်တွင်လူအရမ်းများ၍ အလုပ်ရှုပ်နေမှသာ သူပိုက်ဆံသိမ်းရခြင်းဖြစ်၏။
သို့သော် လင်းယွမ်ကဝမ်ထောင်းအား ကောင်းမွန်သည့်ဆက်ဆံရေးကြောင့် ပိုက်ဆံသိမ်းခိုင်းတာမဟုတ်ဘဲ ဝမ်ထောင်းက ဆိုင်ငယ်လေးမှရောင်း၍ရသည့်ပိုက်ဆံအား စိတ်မဝင်စားသည်ကိုသိသောကြောင့်မှန်း ကျန်းယွဲ့ရှင်းမသိချေ။ ဝမ်ထောင်းသူ့ကိုပေးသည့်စာအိတ်နီအား ဖွင့်မကြည့်ရသေးသည့်တိုင် အလေးချိန်နှင့်အထူအရ အထဲတွင်ထောင်တန်ရွက်များစွာရှိနေလိမ့်မည်ကိုသူသိသည်။
ဒီညရောင်းရလေသည်။ ဆယ်နာရီကျော်သည်အထိ အလုပ်ရှုပ်နေခဲ့သည်။ လင်းယွမ်က ကြက်သားစွပ်ပြုတ်အချို့ကို မီးဖိုတစ်ခုပေါ်တွင်တင်၍ အပူပေးလိုက်ပြီး ဆိုင်တွင်ရှိသည့်ပစ္စည်းများဖြင့် အားလုံးအတွက်ညစာချက်ပေးလိုက်သည်။
အဘွားကျူက အသက်ကြီးနေပြီဖြစ်သောကြောင့် ကြက်သားစွပ်ပြုတ်ကိုသောက်၍ အနောက်ခန်းထဲသို့ အနားယူရန် ဝင်သွားပြီသည်။
ကျန်ရှိသည့်သုံးယောက်ကတော့ စားကြသောက်ကြရင်းစကားပြောကြပြီး စားသောက်ပြီးနောက် သုံးယောက်သား၏ဆက်ဆံရေးမှာ တော်တော်လေးတိုးတက်သွားလေသည်။
ကျောင်းအဆောင်ပိတ်ချိန်နီးလာသောကြော့် ကျန်းယွဲ့ရှင်းကအရင်ပြန်သွားသည်။ ဝမ်ထောင်းကတော့ လင်းယွမ်အား ဆိုင်ခန်းငယ်ကိုကူ၍သိမ်းဆည်းပေးပြီးနောက် စက်ဘီးအတူစီး၍ပြန်လာလိုက်သည်။
နှစ်ယောက်သားက မြို့ထဲတွင်လက်ပြ၍နှုတ်ဆက်လိုက်ကြပြီး ဝမ်ထောင်းကသော့ကိုထုတ်၍ တံခါးဖွင့်ရန် ပြင်လိုက်သော်လည်း တစ်ယောက်ယောက်ကဖွင့်လာခဲ့သည်။
ချန်းမင်၏မျက်နှာမှာလေးနက်နေပြီး မေးလာ၏။ “ဘာလို့ဒီလောက်နောက်ကျပြီးမှပြန်လာတာလဲ...ဘယ်တွေသွားနေတာလဲ...မင်းရဲ့အန်တီလေးနဲ့ငါ ကျောင်းမှာ ဘယ်လောက်စောင့်လိုက်ရလဲသိလား”
လှုပ်ရှားသံများကိုကြားသောအခါ ဝမ်မင်မင်လည်းထွက်လာပြီးဝမ်ထောင်းပြန်လာသည်ကိုတွေ့မှ စိတ်အေးသွားပြီး ချက်ချင်းပြောဆိုလာသည်။
“အိုက်ယား....သခင်လေးဝမ်က ဘယ်သွားပြီးအချိန်ဖြုန်းနေခဲ့တာလဲ....အိမ်ကိုဘယ်လိုပြန်လာရမယ်ကိုတော့ သိသေးတယ်ပေါ့...ပြီးမှပြောကြမယ်...အခုကနောက်ကျနေပြီး အိမ်နီးနားချင်းတွေကို အနှောင့်အယှက်ပေးလို့ မကောင်းဘူး...ဘာကအရေးကြီးလဲဆိုတာကိုမသိတဲ့လူတွေဖြစ်လို့မဖြစ်ဘူး...”
ဝမ်ထောင်းကစက်ဘီးကိုတွန်း၍ နေရာတွင်ထားလိုက်သည်။ သူမှားမှန်းသိသော်လည်း မှုန်မှုန်သုန်သုန်ဖြင့် ပြောလိုက်၏။ “အန်တီလေး အဲ့လိုကြမ်းကြမ်းတမ်းတမ်းတွေမပြောပါနဲ့...ကျွန်တော်ကောင်းတာလုပ်ဖို့ သွားတာ”
ဝမ်မင်မင်က လှောင်ရယ်၍ပြောလိုက်သည်။ “အိုက်ယား...ချန်းမင် ရှင်မြင်လား...ကျွန်မတို့ သခင်လေးဝမ်က အသက်ရှိသေးတဲ့ လေဖုန်းပဲ” (T/N လေဖုန်းသည် တရုတ်နိုင်ငံမှစစ်သားတစ်ဦးဖြစ်ပြီး သူ၏စောင့်ရှောက်မှုနှင့် အခြားသူများအတွက် စွန့်စွန့်စားစားမေတ္တာပြုမှုတို့ကြောင့် နာမည်ကြီးလာခဲ့သူဖြစ်သည်။ သူသည် တရုတ်ကွန်မြူနစ်ပါတီ၏အတွေးအခေါ်များကိုလိုက်နာပြီး လူထုအကျိုးပြုခြင်းများပြုလုပ်သူအဖြစ် ပုံဖော်ပြသခံခဲ့ရသည်။)
ဝမ်ထောင်းက အံ့ဩစွာဖြင့်ပြောလိုက်သည်။ “လိုအပ်လို့သွားတာ...ရှောင်ထန်းယွမ်က အမှတ်(၁)ကျောင်းမှာ ဆိုင်တစ်ဆိုင်ဖွင့်ထားတာ အန်တီလေးတို့မသိဘူးမလား”
ချန်းမင်ကမျက်မှောင်ကြုတ်၍မေးလာသည်။ “ရှောင်ထန်းယွမ်က ဆိုင်တစ်ဆိုင်ဖွင့်ထားတယ်တဲ့လား...ဘာတွေဖြစ်နေတာလဲ”
ဝမ်ထောင်းက ရှောင်ထန်းယွမ်၏ဆိုင်အကြောင်း ပျော်ရွှင်စွာဖြင့်ပြောပြလေသည်။ သူ့အမူအရာများက အလွန်စိတ်လှုပ်ရှားနေသောကြောင့် ဝမ်မင်မင်မှာ သူ့ကိုမရိုက်ဘဲမနေနိုင်တော့ချေ။
“သူ့ကိုကြည့်စမ်း...ပြီးတော့ မင်းကိုယ်မင်းလည်းပြန်ကြည့်ဦး...ရှောင်ထန်းယွမ်က မင်းထက်နှစ်နှစ်နီးပါးလောက်ငယ်တယ်...သူကတော့ ဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်နေပြီ...မင်းကရော....မင်းကိုတော့ ညဘက်အိမ်ပြန်မရောက်လာမှာ စိုးရိမ်နေရတယ်... ယောက်ျား ပြောစမ်းပါဦး...ဒီနှစ်ယောက်ရဲ့ကွာဟမှုက ဘာလို့ဒီလောက်တောင် ကြီးနေရတာလဲ”
ချန်းမင်က ခွေးကြီးတစ်ကောင်၏အမူအရာဖြင့် အနောက်မှသံယောင်လိုက်၍ ပြောလာသည်။ “ဟုတ်တယ်...သူများတွေကလိမ္မာတယ်...တချို့လူတွေလို အိမ်မှာအလကားစားသောက်ပြီးနေနေတဲ့သူတွေနဲ့ မတူဘူး”
ဝမ်ထောင်းဒေါသထွက်လာတော့သည်။ “ဟေး...ဘယ်သူ့ကိုစွပ်စွဲပြီးဆူပူနေတာလဲ...ကျွန်တော်၊ ကျွန်တော် နေထိုင်စရိတ်ပေးမယ်ဗျာ”
ဝမ်မင်မင်က အထင်သေးစွာဖြင့်ပြောလာသည်။ “ထားလိုက်ပါတော့ သခင်လေးဝမ်ရယ်...ကျွန်မ ရှင့်အတွက်ပေးထားတဲ့ပိုက်ဆံတွေမှအများကြီးပါ...ရှင်ပိုက်ဆံရှာနိုင်ပြီး နေထိုင်စရိတ်တွေပေးနိုင်တဲ့ အချိန်ကျမှ စကားကြီးကြီးတွေပြောရအောင်....သွားရအောင် ယောက်ျား...သွားအိပ်ကြမယ်...သူ့ကိုဆက်ပြောမနေတော့ဘူး”
ဝမ်ထောင်းက သူတို့၏နောက်ကျောများကိုကြည့်၍ ဒေါသတကြီးဖြင့်ခုန်ပေါက်လိုက်သည်။ “ပိုက်ဆံရှာတာ ဘယ်လောက်တောင်ကြီးမြတ်နေလို့လဲ...သူများတွေကိုအထင်မသေးနဲ့ဗျ”
စုံတွဲမှာ အနောက်သို့လှည့်ကြည့်၍ အောင်မြင်သွားသည့်အပြုံးလေးပြလာသည်။
ထိုညတွင် ဝမ်ရှောင်ထောင်းက အိပ်မပျော်ပေ။ သူ့မှာ ၁၆နှစ်လောက်နေထိုင်လာခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် အိပ်မပျော်ခြင်းကိုခံစားလိုက်ရသည်။
သူကဇနီးမောင်နှံ၏လှည့်ကွက်ထဲသို့ ကျရောက်သွားသည်ကိုသိသော်လည်း ယောက်ျားတစ်ယောက်အတွက် သူတို့ပြောသည်ကိုလုပ်ရန်တော့လိုသည်။
သို့သော် သူကခေါင်းအုံးကိုဖက်၍တစ်ဖက်သို့လှည့်လိုက်သည်။ ‘ပိုက်ဆံကိုဘယ်ကသွားရှာမလဲ’
Qမြို့က သူနဲ့မရင်းနှီးဘဲ သူဘယ်လိုပိုက်ဆံရှာရမလဲ...
ရှောင်ထန်းယွမ်လို ဆိုင်တစ်ဆိုင်ဖွင့်ရမလား....
ဝမ်ထောင်းခဏလောက်တွေးလိုက်သည်။ သူကရှောင်ထန်းယွမ်ကဲ့သို့ အရည်အချင်းများမရှိသည့်အပြင် လူတစ်ယောက်ကိုဘယ်ကရှာရမည်နည်း...။ ဒီနေ့တွင်ဆိုင်တစ်ဆိုင်ဖွင့်ပါက မနက်ဖြန်တွင်တစ်ယောက်ယောက်က ဆိုင်ကိုအပြောင်သိမ်းသွားလိမ့်မည်။
ဝမ်ရှောင်ထောင်းက အစီအစဥ်အမျိုးမျိုးကိုတွေးပြီးနောက် တစ်ခုပြီးတစ်ခုကပယ်လိုက်သည်။ ထိုအကြောင်းကိုတွေးလေ၊ ပို၍ဒေါသထွက်လာရလေကပင်။
ပထမဆုံးအကြိမ်အဖြစ် သူကသူ့မိသားစု၏အကာအကွယ်မရှိလျှင် ဘာမှမဟုတ်ကြောင်း နားလည်သွားရသည်။
ငါကတကယ်ကိုဘာမှမဟုတ်ပါလား....။
ထိုအမှန်တရားကို သူမုန်းသော်လည်း ၎င်းကမကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ပင် သူ့နှလုံးသားထဲတွင် အမြစ်တွယ်နေတော့သည်။
သူက အိပ်ရာထဲမှထ၍ ပြတင်းပေါက်ဆီသို့လျှောက်သွားကာ အပြင်ဘက်သို့ကြည့်လိုက်သည်။ ကြယ်များက ကျယ်ပြန့်စွာတောက်ပနေပြီး ညကောင်းကင်ကြီးက မင်များသွန်းလောင်းထားသကဲ့သို့ဖြစ်နေသည်။
သူရုတ်တရက် သူ့ကိုယ်သူအသုံးမကျဟုခံစားလိုက်ရသည်။
“ငတုံး”
သူကဆဲရေးလိုက်ပြီး သန့်စင်ခန်းသို့သွားပြီးနောက် ကုတင်ပေါ်တွင်ပြန်လှဲ၍ ခေါင်းအုံးကိုဖက်ကာ မိနစ်အနည်းငယ်အတွင်းတွင် အိပ်ပျော်သွားတော့သည်။
***
နောက်တစ်နေ့တွင် မနက်ခင်းအင်္ဂလိပ်အချိန်၌ ဝမ်ထောင်းက စာအုပ်ကိုထောင်ကာ ကျန်းယွဲ့ရှင်းကိုတီးတိုးပြောလာသည်။ “ညီအစ်ကို တစ်ခုလောက်မေးချင်တာရှိလို့...မင်း ရှောင်ထန်းယွမ်ရဲ့ ဆိုင်မှာ အလုပ်လုပ်တာ တစ်လကို သူဘယ်လောက်ပေးလဲ”
ကျန်းယွဲ့ရှင်း သူ့ကိုကြည့်လာသည်။ ထို့နောက် အင်္ဂလိပ်ဆရာမကိုလှမ်းကြည့်၍ ဆရာမကစာရေးနေပြီး အားလုံး၏လှုပ်ရှားမှုများကို ဂရုမပြုမိကြောင်းသေချာမှ ပြန်၍တီးတိုးပြောလာသည်။ “တစ်လကို ယွမ်၁၅၀...ဒါပေမယ့် ဒီလတိုးပေးဖို့မျှော်လင့်တာပဲ”
ဝမ်ရှောင်ထောင်းက တွန့်ဆုတ်စွာနှင့်ပြောလာသည်။ “မနည်းလွန်းဘူးလား”
သူ အခြားသူများအားညစာကျွေးခြင်းလောက်တောင်မရှိချေ။
ကျန်းယွဲ့ရှင်းကပြုံးပြီးနောက် အသံနိမ့်နိမ့်ဖြင့်ပြောလာသည်။ “ရှောင်ထန်းယွမ်က တော်တော်လေးသဘောထားကြီးတယ်...တခြားသူဌေးတွေက ငါ့လိုအထက်တန်းကျောင်းသားတွေကို အချိန်ပိုင်းအလုပ်လုပ်ဖို့ မခေါ်ကြဘူး”
ဝမ်ရှောင်ထောင်းက အချိန်အကြာကြီးတွေးလိုက်သည်။ ကျန်းယွဲ့ရှင်းက သူစကားမပြောတော့ဘူးလားဟု တွေးနေချိန်တွင် သူကအသံနိမ့်နိမ့်ဖြင့် မေးလာသည်။ “ရှောင်ထန်းယွမ်က အခုအလုပ်သမားလိုနေသေးလား”
ကျန်းယွဲ့ရှင်းအတော်လေးအံ့ဩသွားပြီးပြောလာသည်။ “အဲ့ဒါတော့သေချာမသိဘူး...မင်းဘာလို့စိတ်ဝင်စားနေတာလဲ”
ဝမ်ထောင်းဖြေတော့မည့်အချိန်တွင် အင်္ဂလိပ်ဆရာမစင်မြင့်ပေါ်မှ ချောင်းနှစ်ချက်ဟန့်ကာ သူတို့နှစ်ယောက်ကို စိုက်ကြည့်လာသည်။
ကျန်းယွဲ့ရှင်းကစာဆက်ဖတ်ချင်နေယောင်ဆောင်လိုက်ပြီး ဝမ်ထောင်းကတော့ လက်ထဲမှဘောပင်ကိုလှည့်ကာ တစ်ခုခုကိုစဥ်းစားနေသလိုဟန်ဆောင်လိုက်သည်။
အင်္ဂလိပ်ဆရာကဝမ်ထောင်းကို အကြိမ်အနည်းငယ်လောက်စိုက်ကြည့်ကာ စိတ်ထဲတွင်တွေးလိုက်သည်။ ‘ဒီကလေးက တကယ်ကိုပြဿနာအိုးပဲ...ကျန်းယွဲ့ရှင်းက ဒီလိုရိုးသားပြီးလိမ္မာတဲ့ကလေးကို သူရောက်လာတဲ့နှစ်ရက်မှာ ပျက်စီးသွားပြီ...ပြီးကျလောင်ဟယ့်ကိုပြောမှပဲ’
သို့သော် နှစ်ယောက်လုံးအခေါ်မခံရသည်ကိုကြည့်လျှင် အင်္ဂလိပ်ဆရာမ၏တိုင်ချက်မှာ အလုပ်မဖြစ်ကြောင်း သိနိုင်သည်။
အတန်းပြီးနောက် ဝမ်ထောင်းကကျန်းယွဲ့ရှင်းအနောက်မှ ရှောင်ထန်းယွမ်၏ဆိုင်သို့လိုက်လာကာ ဘာမှမပြောဘဲ အဖြူရောင်ရှေ့ခါးစည်းဖုံးကိုစည်း၍ စကူလေသည်။
အတန်းစတော့မည့်အချိန်တွင် သူကရှောင်ထန်းယွမ်ကိုဘေးသို့ဆွဲခေါ်သွားကာ အနည်းငယ်ရှက်ရွံ့စွာဖြင့် တီးတိုးပြောလိုက်သည်။ “ရှောင်ထန်းယွမ်....ရှောင်တိ...ငါပြောစရာတစ်ခုရှိတယ်...သဘောတူ၊မတူကတော့ မင်းအပေါ်မှာပဲမူတည်ပါတယ်...မင်းသဘောမတူရင်လည်း ငါဘာမှမပြောခဲ့သလို ငါ့ကိုမင်းရဲ့ညီအစ်ကိုအဖြစ် ဆက်ဆက်ဆံပေး”
လင်းယွမ်ပြုံး၍ပြောလိုက်သည်။ “အင်း”
ဝမ်ထောင်းဤမျှလောက်စိတ်လှုပ်ရှားနေသည်ကိုမြင်ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး အတော်လေးစိတ်ဝင်စားဖို့ကောင်းသည်။
ဝမ်ထောင်းက ထစ်အထစ်အဖြင့်လေးနက်မှုများကိုရှောင်ကာ မနေ့ညဘာဖြစ်ခဲ့သည်ကိုပြောပြလိုက်သည်။ လင်းယွမ် သူဆိုလိုသည်ကိုနားလည်လိုက်သည်။ သူက သူ့ဆိုင်တွင်အလုပ်လုပ်ချင်နေတာဖြစ်သည်။
လင်းယွမ်မငြင်းသော်လည်း ပြောလိုက်သည်။ “ဝမ်ကော...ကျွန်တော်အရင်စဥ်းစားပါရစေဦး...ညကျ ကျွန်တော်အဖြေကိုပြန်ပြောပေးပါမယ်”
ဝမ်ထောင်းပြုံး၍ပြောလိုက်သည်။ “ဟုတ်ပြီ”
လင်းယွမ်စတင်၍တွက်ချက်လိုက်သည်။
လတ်တလောတွင် လမ်းကြားထဲတွင်တစ်ယောက်ယောက်က အာလူးကြော်များကိုရောင်းလာသည်။ စီးပွားရေးက သူ့ဆိုင်လောက်နာမည်သိပ်မကြီးသော်လည်း လူအချို့ကိုတော့သေချာဆွဲဆောင်ထားသည်။ ထိုဆိုင်၏အရသာက ကောင်းလွန်းနေသောကြောင့်တော့မဟုတ်ချေ။ အရသာဘယ်လောက်ကောင်းနေပါစေ၊ တောင်ကြားထဲတွင် စိုက်ပျိုးထားသည်များထက်တော့မကောင်းချေ။ ပါဝင်ပစ္စည်းများက အရသာရှိပြီး အဓိကအကြောင်းအရင်းက သူ့ဆိုင်တွင်လူအရမ်းများကာ မစောင့်နိုင်သည့်ကျောင်းသားများက ထိုဆိုင်သို့ရောက်သွားကြခြင်းကြောင့်ဖြစ်သည်။
လင်းယွမ်လည်း ဒီရက်များတွင် လူထပ်ခေါ်ရန်တွေးနေခြင်းဖြစ်သည်။ ထို့အပြင် သူ၏စီးပွားရေးလမ်းကြောင်းကိုလည်း ချဲ့ထွင်ချင်သည်။ နောက်ဆုံးတော့လည်း အာလူးကြော်တစ်ခုတည်းရောင်းနေခြင်းက ကုန်ကျစရိတ်အတွက် သိပ်မထိရောက်ချေ။
သူက မောက်ချိုက်စမ်းရောင်းချင်ကာ ၎င်းအားကိုယ်တိုင်ယူဟော့ပေါ့အသေးလေးပုံစံပြုလုပ်ချင်သည်။ ပိုက်ဆံအား အရေအတွက်ဖြင့်တွက်မည်။ ဟင်းသီးဟင်းရွက်များကိုတော့ ကြိုက်သလောက်စားနိုင်ကာ အသားဈေးကိုတော့ သီးခြားတွက်မည်။ ဤသို့ဖြင့် သူပိုက်ဆံအများကြီးရနိုင်သည်။ တောင်ကြားထဲမှ ဟင်းသီးဟင်းရွက်များက မကုန်ကျချေ။
နေရာကိုတော့အဘွားကျူအားမေးမြန်းခဲ့သည်။ ဆိုင်အနောက်တွင်ခြံတစ်ခြံရှိသည်။ ခြံထဲတွင် စားပွဲအသေးလေး ဆယ်ခုလောက်ချ၍ရသည်။ ငှားရမ်းခကိုတော့ အသေးစိတ်ပြင်ဆင်ပြီးမှမေးမြန်းမည်။
ဝမ်ထောင်းကအလွန်ရှပ်ပြာနိုင်ပြီး လင်းယွမ်သူ့ကိုသိပ်မလိုချင်သော်လည်း ဝမ်ထောင်းဒီနေ့တွင် သူ့ဆီသို့ရောက်လာသည်မှာ ဆရာချန်းနှင့်ဆရာမဝမ်တို့ကြောင့်မှန်းသူသိသည်။
၎င်းကိုတွေးမိရန်က တကယ်ကိုရိုးရှင်းလှသည်။ သူတို့ကဝမ်ထောင်းအား ပိုက်ဆံရှာရန်လှုံ့ဆော်ပေးချင်သည့်အတွက် ဝမ်ထောင်းက Qမြို့တွင် မိတ်ဆွေနှင့်အဆက်အသွယ်များလည်းမရှိဘဲ ကျောင်းတက်နေရသောကြောင့် သူကိုကူညီနိုင်မည့်သူက သူကိုယ်တိုင်သာဖြစ်ကြောင်းကို သူတို့အရင်ဆုံးတွေးမှာပင်။
လင်းယွမ်က ဆရာနှစ်ယောက်၏ရည်ရွယ်ချက်များကိုသိသည်။ သူတို့ကဝမ်ထောင်းအား ပိုမိုလုပ်ကိုင်ပြီး တတ်နိုင်သမျှမြန်မြန်အရွယ်ရောက်လာစေချင်ခြင်းဖြစ်သည်။ ထို့အပြင် ဤလှုပ်ရှားမှုကလည်း သူ့ကိုအနည်းငယ် အကူအညီပေးရာရောက်လိမ့်မည်။
တစ်ခုခုဖြစ်လျှင် Qမြို့၏ပြည်သူ့လုံခြုံရေးဌာနခေါင်းဆောင်ကိုယ်တိုင်က ဆရာချန်း၏မျက်နှာသာပေးခြင်းကို ခံလိုပြီး ဆရာချန်း၏တူက သူ့ဆိုင်တွင်အလုပ်လုပ်နေပါက မည်သူမှပြဿနာရှာလာရဲတော့မည်မဟုတ်ချေ။
လင်းယွမ်ထိုအကြောင်းကိုတွေးလိုက်ပြီး ဝမ်ထောင်း သူ့ဆိုင်တွင်လုပ်ခြင်းကလည်းကောင်းသည်ဟု ခံစားမိလိုက်သည်။ သူကယခုတွင်အနည်းငယ် ရှပ်ပြာပြာနိုင်သော်လည်း ဖြည်းဖြည်းချင်းပြင်ပေးသွားလို့တော့ရနိုင်သည်။
ညဘက်တွင် ဝမ်ထောင်းနောက်တစ်ကြိမ်ပြန်ရောက်လာသောအခါ လင်းယွမ်သူ့ကိုပြောလိုက်သည်။ “ဝမ်ကော...အရင်ဆုံးလာလုပ်ကြည့်ပါ...လစာလိုချင်ရင် စစချင်းတစ်လကို ယွမ်၁၀၀နဲ့စပေးပါ့မယ်”
ဝမ်ထောင်းက မကျေမနပ်ဖြင့်ပြောလိုက်၏။ “ငါကဘာလို့သူ့ထက်နည်းနေတာလဲ” သူ့လက်ညှိုးကကျန်းယွဲ့ရှင်းကိုထိုးပြနေသည်။ ‘ဘာလို့လဲ...ဘယ်လိုလုပ်အခုလိုခွဲခြားဆက်ဆံနိုင်ရတာလဲ’
လင်းယွမ်ကပြုံး၍ပြောလိုက်သည်။ “ရှောင်ကျန်းကို အမှီလိုက်နိုင်တဲ့အချိန်ကျရင် လစာတိုးပေးမယ်လို့ ကတိပေးတယ်”
ဝမ်ထောင်းက ရှောင်ထန်းယွမ်၏အပြုံးကိုကြည့်လိုက်သည်။ သူဘယ်လိုပဲကြည့်ပါစေ၊ ထိုအပြုံးထဲတွင် ကလေးတစ်ယောက်ကိုချော့မြူနေသည့်အငွေ့အသက်များ ပါဝင်နေသည်။ သူက မကျေမနပ်ဖြင့် ခေါင်းကိုတစ်ဖက်သို့လှည့်လိုက်၏။
သောက်ကျိုးနည်း...ကျန်းယွဲ့ရှင်း မင်းမျက်နှာကဘာဖြစ်နေတာလဲ...။
ဝမ်ရှောင်ထောင်း၏မျက်လုံးများတွင် တိုက်ခိုက်လိုစိတ်များဖြင့်ပြည့်နေသည်။ ‘ပန်းကန်ဆေး၊ အာလူးကြော်ပြီး အရသာခတ်ရုံပဲမလား....ဒါလေးကဘာမှမဟုတ်ဘူး...ဒီကမ္ဘာကြီးထဲမှာ ဒီသခင်လေးဝမ်မသင်နိုင်တာ ဘာမှမရှိဘူးကွ’
ရှောင်ထန်းယွမ်က သူ့ကိုယ်သူတိတ်တဆိတ်ဂုဏ်ယူနေလိုက်သည်။ လစာမတူခြင်းက အလုပ်သမားကို စိတ်အားထက်သန်စေသည်ပင်။ မဆိုးလှပေ။ ယခင်ဘဝတွင်ငွေကြေးစီမံခန့်ခွဲခြင်းကိုဖတ်ရှုခဲ့ခြင်းက အချည်းနှီးတော့မဖြစ်ချေ။
🪹🪹