အပိုင်း ၂
Viewers 12k

Chapter 2


ပွဲကိုရောက်တော့ စုယိသည်ကားပေါ်မှဆင်းပြီး ကော်ဇောနီပေါ်တွင် ရပ်ကာ သတင်းထောက်တွေ ဓာတ်ပုံရိုက်တာကိုခံနေလိုက်သည်။


ကော်ဇောနီသည် အောင်မြင်ကျော်ကြားသူ ဟုတ်မဟုတ်ဆိုတာကို ထင်ရှားစွာ သိမြင်နိုင်သော နေရာဖြစ်သည်။ သတင်းထောက်တွေက သူတို့ရဲ့ ကင်မရာကို များများချိန်လေ ထိုသူက ပိုနာမည်ကြီးသူဖြစ်လေပင်။ လူအများက ကော်ဇောနီရှည်ပေါ်တွင် အတန်းလိုက်ကြီး မတ်တပ်ရပ်နေကြပြီး သတင်းထောက်များ သူတို့ရဲ့ဓာတ်ပုံကိုအနည်းငယ်ပိုရိုက်ရန်အတွက် ဆွဲဆောင်မှုရှိရှိ အိုင်တင်တွေပစ်ထုတ်နေကြပေသည်။


စုယိက ဒါတွေကို သိပ်ဂရုမစိုက်ချေ။ 


'ဒါက ပရဟိတပွဲတစ်ခုပါပဲ၊ သတင်းထောက်တွေရှိဖို့ လိုအပ်လို့လား...။'


သူမသည် ထိုနေရာတွင် ရပ်ကာ တစ်ဆယ်အထိ ရေတွက်ပြီးနောက် ထွက်ခွာရန် ပြင်လိုက်သည်။


 "စုယိ ခဏနပေါဦး…”


 "စုယိ ကျေးဇူးပြုပြီး ဒီဘက်ကိုကြည့်ပါဦး"


 “စုယိ…”


သတင်းထောက်အနည်းငယ်က ဘာဆိုဘာမျှလုပ်ပြမနေသည့် သူမကို လှမ်းခေါ်နေသဖြင့် စုယိသည် မသိချင်ယောင်ဆောင်လို့မရတော့သဖြင့် သူမလုပ်နိုင်တာကတော့ကင်မရာကို လှည့်ကြည့်ပြီး ပြုံးပြလိုက်တာပါပဲ။


 "စုယိ နင်က တကယ့်ကိုရွံစရာပဲ –”


သတင်းထောက်အုပ်စုထဲတွင် စူးရှသောအသံတစ်ခုက ကျယ်လောင်ပြတ်သားစွာ ထွက်ပေါ်လာသည်။ ကော်ဇောနီပေါ်ရှိလူတိုင်းလိုလို ကြားနိုင်ကြသည်။ စုယိသာမက ပတ်ဝန်းကျင်ရှိ သတင်းထောက်များနှင့် နာမည်ကြီးများကလည်း အသံထွက်လာရာဇာတ်မြစ်ရှိရာဘက်သို့ အံ့အားသင့်စွာ လှည့်ကြည့်လိုက်ကြသည်။


အသံက နောက်တစ်ဖန်ထပ်ထွက်လာပြန်သည်။


"နင်က ကျန်းမီကို လှောင်ပိတ်ထားတယ် သူက နင်နဲ့အတူ နန်းတော်ထဲဝင်လာတဲ့ ညီမကောင်းတစ်ယောက်ဟ...ငကြောင် မရ..."


စုယိသည် ကြက်ဥတစ်လုံးက လေထဲမှ လှပစွာသူမထံပြေး၀င်လာချိန်တွင် ဘယ်လိုမှ တုံ့ပြန်ရန် အခွင့်အလမ်းမရှိတော့ချေ။


တကယ်ကြီးလားဟ...အခု ငါလေးက ကြက်ဥ​နဲ့အပေါက်​ခံရတော့မှာလား...။


အဲဒါက စုယိရဲ့ ပထမဆုံး တုံ့ပြန်မှုပဲ။


ဒီလူယုတ်မာက ဘယ်နားကပေါက်ချလာတာလဲ။ ဒါက ဇာတ်လမ်းတွဲတစ်တစ်ခုပါပဲဟ...။ ဒီလောက်အထိ အလေးအနက်ထားစရာလိုလို့လား...။


ဒါက စုယိရဲ့ ဒုတိယ တုံ့ပြန်မှုပဲ။


ကြက်ဥနဲ့အပစ်ပေါက်ခံရရင်တောင် သူမမျက်လုံးထဲကို ဝင်လို့မဖြစ်ဘူး။ အဲဒါက တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာ ဖြစ်မှာ...။


ဒါက စုယိရဲ့ တတိယမြောက်တုံ့ပြန်မှုပဲ။


ဆူညံသော အော်ဟစ်သံများအကြားတွင် သူမ မျက်လုံးစုံမှိတ်ကာ ကံကြမ္မာကိုသာ စောင့်မျှော်နေလိုက်သည်-


တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့်...


 သူမ မျက်လုံးများကို မှိတ်ထားသော်လည်း သူမစောင့်မျှော်နေသည့် စေးကပ်ကပ် ခံစားချက်က ပေါ်မလာပေ။


မျက်လုံးများကို အသာအယာလေးဖွင့်ကြည့်လိုက်တော့ ပတ်ဝန်းကျင်ရှိအလင်းရောင်များအနည်းငယ်မှိန်ဖျော့သွားသည်ကို သတိထားမိသွားသည်။


ရှည်လျားတဲ့ အရိပ်တစ်ခုက သူမရှေ့မှာ ရပ်နေသည်။ သူမကြည့်လေကြည့်လေ ရပ်နေတဲ့ထိုလူက အတော်လေးကိုအရပ်ရှည်တယ်လို့ခံစားရလေပင်။


စုယိ သေသေချာချာ တွက်ကြည့်တော့ သူမ ဒီနေ့ 6cmမြင့်တဲ့ ဒေါက်ဖိနပ်ကို စီးထားတာကြောင့် အခု အနည်းဆုံး တစ်မီတာနဲ့ ရှစ်ဆယ် စင်တီမီတာလောက်ရှိနိုင်ပေမယ့် သူမရှေ့က သူက သူမထက် ပိုအရပ်ရှည်နေသည်။ 


သူမအရှေ့က ကျောပြင်ကျယ်ကြီးသည် အရမ်းကိုကြံ့ခိုင်တောင့်တင်းနေပြီး ၀ပုံလည်းမပေါ်တာကြောင့် ဒီဝတ်စုံအောက်ရှိထုထည်တွေက ကြွက်သားတွေပဲဖြစ်နိုင်သည်...။


သူမဦးနှောက်ထဲ မသင့်လျော်သည့် (စိတ်လှုပ်ရှားစရာ) အတွေးများ ဆက်တိုက်ပေါ်လာသည်။


ထိုလူက ဒီဘက်သို့လှည့်လာသည်။


ထူထဲသေသပ်သောမျက်ခုံးများ၊ စူးရှထက်မြတ်လှသောမျက်၀န်းတစ်စုံ၊ နှာတံမြင့်မြင့်၊နှုတ်ခမ်းကပါးလွှာပြီး ကြေးဝါရောင်အသားအရေလေးရှိပေသည်။


သူက မျက်မှောင်ကြုတ်ပြီး သူ့လက်ထဲကျန်နေသည့် ကြက်ဥအနည်းငယ်ကိုကြည့်လိုက်သည်။


ထိုလူက သူမရဲ့မြင်ကွင်းတစ်ခုလုံးကို လုံးဝ ပိတ်ဆို့ထားသည်။ သူမ မသိစိတ်က တံတွေးတစ်လုတ်မျိုချလိုက်ပြီး ဘေးဘက်ကို အနည်းငယ်တိုး၍ ဂရုတစိုက် လှမ်းကြည့်လိုက်တော့ ကြက်ဥနဲ့လက်လာ ကမြင်းသည့်လူကို လုံခြုံရေး၀န်ထမ်းတွေက ဆွဲထုတ်သွားကြတာကို တွေ့လိုက်ရသည်။


သူမ နှလုံးသားထဲမှပင် ထိုငမိုက်သားကို ကျေးဇူးတင်မိသည်။


ထို့နောက် သူမသည် မှန်ရှေ့တွင် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် လေ့ကျင့်ထားသည့် အပြုံးဖြင့် မော့ကြည့်ရင်း- သူမရဲ့နှုတ်ခမ်း ထောင့်အစွန်းလေးကို အပေါ်သို့ အနည်းငယ် ပင့်တင်ပြီးသူမရဲ့ မျက်လုံးများကိုလည်း လခြမ်းကွေးလေးသဖွယ်ကွေးညွတ်ကာ “ကျေးဇူးတင်ပါတယ်” ဟု ညင်သာစွာ ပြောလိုက်သည်။


ထိုလူသည် ခေါင်းကို အနည်းငယ် ငြိမ့်ပြလိုက်ပြီးနောက် မရပ်ဘဲ ခြေတစ်လှမ်း ဆုတ်ကာ ချက်ချင်းပင် ထွက်သွားလေသည်။


စုယိသည် သူမနောက်ကနေ လှမ်းခေါ်နေတဲ့ သတင်းထောက်တွေကို လျစ်လျူရှုပြီး သူ့နောက်ကို လိုက်ဖို့ ဒေါက်ဖိနပ်နှင့်ပင် ခပ်မြန်မြန်လျှောက်လိုက်သည်။


 "ကျွန်မနာမည်က စုယိပါ"


 "ကြက်ဥကိုတောင် ဖမ်းနိုင်တယ်ဆိုတော့ ရှင်ကတကယ် သွက်လက်တာပဲ"


 "ရှင့် နာမည်ကဘယ်လိုခေါ်လဲ"


စုယ်၏ အသံသည် အလွန်မကျယ်ပေမယ့် အသံသည် ထိုယောက်ျားကြားနိုင်သည့် အကွာအဝေးအတွင်းတွင် ရှိနေကြောင်း သူမသေချာသည်။ တစ်ဖက်လူ၏အမူအရာမှာ မပြောင်းလဲရှိနေပြီး သူမအား စကားလုံးတစ်လုံးပြန်ပြောဖို့ပင် ငြင်းပယ်နေပုံရသည်။


သူမ နည်းနည်းပင် ဒေါသမထွက်ဘဲ သူ့လက်အင်္ကျီကို လမ်းဆွဲဖို့ သူမလက်ကို ဆန့်ထုတ်လိုက်သည်။ သေချာတာပေါ့၊ သူမက ဒီလူကောင်ကြီးကိုတော့ ဆွဲမထားနိုင်ပေမယ့် ထိုလူကတော့ အရှိန်လျှော့သွားပေသည်။


စုယိသည် ထိုလူ၏ မကြားနိုင်လောက်အောင်တိုးညှင်းသော သက်ပြင်းချသံကို ကြားလိုက်ရသည်။


သူ့အသံက အတော်လေးကိုသြပြီးနက်သည်။ "ချူယင်း"


ဖြေပြီးသွားသည့်နှင့် စုယိ၏လက်သွယ်သွယ်လေးများကို သူ့အင်္ကျီလက်မှ လွယ်ကူစွာ ဖယ်ရှားပြီး ခြေလှမ်းကျယ်ကြီးများဖြင့် ထွက်ခွာသွားသည် ။


စုယိက သူ့နောက်ကို ဆက်မလိုက်တော့ဘူး။ သူမရဲ့ မျက်နှာလေးပေါ်တွင် အပြုံးတစ်ခု ထွင်းထုထားပြီး ချူယင်းကို လိုက်ဖမ်းနေချိန်တွင် သူမ၏ခြေဖနောင့်မှာဖိနပ်ဖြင့် အရမ်းပွတ်နေခဲ့သဖြင့် အရည်ကြည်ဖုပင်ပေါက်လုမတတ်ပင်။


ကျေနပ်စွာဖြင့် အရှိန်ကိုလျှော့ကာ သူမ ထိုင်ခုံဆီသို့ ဆက်လျှောက်သွားလိုက်သည်။


He's Mine, No Objection Allowed! Chapter-2

Zack Z.U.February 05, 2023

#HE’S MINE, NO OBJECTIONS ALLOWED CHAPTER 2


အခန်း-၂။ ဒီနေရာမှာ ငါလိုက်ချင်တဲ့လူတစ်ယောက်ရှိနေတယ်။


ခေတ်တွေ တိုးတက်လာသည်နှင့်အမျှ လူတွေရဲ့ စံနှုန်းတွေကလည်း များလာသည်။ အလှူငွေထည့်၀င်တာကပင် အဆင့်တန်းမြင့်အထက်တန်းကျသည့်နည်းလမ်းသို့ ပြောင်းလဲလာကြသည်။


ဟိုးအရင်တစ်ချိန်တုန်းက၊ ငွေသားနဲ့ ချက်လက်မှတ်တွေလှူဒါန်းတာက အကောင်းဆုံးပင်။ ယခုတွင်မူ ထိုမျှလောက်ဖြင့် မလုံလောက်တော့ပေ၊ မင်းပစ္စည်းတွေကို ထုတ်ယူ၍ ရောင်းဖို့အတွက်တန်ဖိုးသတ်မှတ်ထားရပြီး ထိုပမာဏအတိုင်းပြန်လည်လှူဒါန်းရမည်ဖြစ်သည်။


နေရာထိုင်ခင်းစီစဥ်ထားသည်များမှာလည်း ဂရုတစိုက်နေရာချထားပြီး ပရဟိတပွဲများသည် ဆုပေးပွဲများဖြင့် မတူညီချေ။ ရှေ့တွင်ထိုင်နေကြသူများသည် နာမည်ကြီးသရုပ်ဆောင်များမဟုတ်ကြဘဲ ငွေကြေးသုံးစွဲလိုစိတ်ရှိကြသော CEO များသာဖြစ်ကြသည်။


စုယိ၏ ထိုင်ခုံသည် အနောက်နှင့်အနည်းငယ်နီးသော်လည်း အရမ်းလည်းနောက်ပိုင်းမကျပေ။ သူမသည် အေးအေးဆေးဆေးပင်၀င်ထိုင်လိုက်ပြီး ရင်းနှီးနေသောမျက်နှာအချို့ကို နှုတ်ဆက်ကာ ပြုံးပြလိုက်သည်။


 - သူမရှေ့မှာတင်ထားသည့် လေလံစာရင်းကို မကောက်ယူခင်အထိ။


သူမခြေဖနောင့်မှာ တကယ်နာနေပြီး သူမရဲ့ အရေပြားအလွှာကို ပွတ်သပ်နေမိသည်။ 'ချူ' နှင့် 'ယင်း' မှာမည်သည်စကားလုံးတွေကိုသုံးပြီးပေါင်းထားသလဲ ဟု ထိုယောက်ျားကို ဆက်မေးရန်အတွက် သူမတွင် အမှန်တကယ်ကို ခွန်အားမကျန်ရှိတော့ချေ။


စုယိသည် လေလံတင်သူအားလုံး၏ အမည်များကို စာရင်းပြုစုထားသည့် လေလံစာရင်းကို တစ်ချက်အကဲခတ်ကြည့်လိုက်သည်။


စေ့စေ့စပ်စပ်ရှာဖွေပြီးနောက်တွင်ပင် "ချူ" သို့မဟုတ် "ယင်း" ဆိုသည့် စကားလုံးတစ်ခုကိုပင် ရှာမတွေ့ခဲ့ပေ - မျိုးရိုးနာမည် 'ချူ' ဟူသည့် တစ်ယောက်ယောက်ကိုလည်း ရှာမတွေ့ချေ။


 'ဘာကြီးလဲ...


 သူက ဘာမှ မရောင်းဘူးလား...'


 "ယိကျဲ ဒီဝတ်စုံက ကျဲရဲ့ပုံရိပ်ကို အရမ်းထင်ဟပ်နေစေတာပဲ"


စုယိသည် ခေါင်းလှည့်၍ကြည့်လိုက်သည်။ သူမနဘေးတွင်ရှိနေသူမှာ ထူကျင်းလန်ဟုအမည်ရပြီး သူမကဲ့သို့ပင် ဒုတိယဇာတ်ဆောင်နေရာများတွင်သာ အဓိကသရုပ်ဆောင်သည့် အမျိုးသမီးသရုပ်ဆောင်တစ်ဦးလည်းဖြစ်သည်။


သူမတို့နှစ်ယောက်က audition တွေမှာ အကြိမ်ပေါင်းမြောက်များစွာ တွေ့ဆုံခဲ့ကြပြီး စုယိအနေနဲ့ သူမအပေါ် အမြင်ကတော့... ဘာအမြင်မှမရှိချေ။


အရင်တုန်းကလည်း တစ်ခါမှစကားမပြောဖူးဘူး။


စုယိက ပြန်ပြုံးပြလိုက်ပြီး သူမရဲ့ ချီးကျူးစကားကို သဘောထားကြီးကြီးဖြင့်လက်ခံပေးလိုက်သည်။


ထူကျင်းလန်က ဆက်ပြောလာသည်- "ယိကျဲ ဒီနေ့က ဝယ်ဖို့လား ဒါမှမဟုတ် လှူဖို့လား"


စုယိ "လှူဖို့ပါ"


“ဘယ်လိုတောင် တိုက်ဆိုင်တာလဲ ညီမရောပဲ အဲဒါက မျိုးရိုးစဥ်ဆက် ပိုင်ဆိုင်လာတဲ့ ဆွဲသီးလေးလေ ညီမတော့ သူ့ကိုစွန့်လွှတ်လိုက်ရတာ နည်နည်းတော့ ရင်နာမိတယ်ရယ်”


စုယိက "အိုး..." ဟုသာပြန်တုန့်ပြန်လိုက်သည်။


ရှင်းရှင်းလင်းလင်း​ဆိုရလျှင် ပတ်ဝန်းကျင်မှာရှိနေသည့် နာမည်ကြီး ထက်ဝက်နီးပါးသည် သူတို့၏ 'အမွေခံပစ္စည်းတွေ' ဆိုတာကို လေလံတင်ရောင်းချမည့်သူများပင်ဖြစ်ကြသည်။


အမွေခံပစ္စည်းဟုတ်၊မဟုတ်ကတော့ ပဟေဠိတစ်ခုသဖွယ် အတော်လေးကို ဆန်းကြယ်စွာ ကျန်ရှိနေမည်ဖြစ်သည်။


သို့ပေမယ့် ဝယ်တဲ့သူတွေ အများကြီးရှိနေပါသေးသည်၊ တချို့က နာမည်ကြီးတွေရဲ့ ပစ္စည်းတွေက ကြွားဝါဖို့ တော်တော်ကောင်းတယ်လို့ ခံစားရတာကြောင့်၊ အချို့က ရိုးရှင်းစွာပင် လှူဒါန်းလို၍ လက်ခံနိုင်သောအနေအထားတွင်ရှိသည့် ပစ္စည်းတွေကို ရယူလိုကြသောကြောင့်၊ အချို့ အချို့သော… ရင်းနှီးမြှုပ်နှံသူများသည် ထိုပစ္စည်းတွေကိုဝယ်၍ သူတို့၏သကြားဘေဘီလေးတွေကို ပိုမိုကောင်းမွန်တဲ့ ဂုဏ်သတင်းတွေပေးချင်ကြသည့်အတွက် ငွေအမြောက်အမြားသုံးစွဲကြခြင်းသာဖြစ်သည်။


နောက်ဆုံးတွင် စုယိ၏ လျစ်လျူရှုမှုကို ခံစားမိသဖြင့် ထူကျင်းလန်သည် သူမအား နှိမ့်ချရန် မကြိုးစားတော့ချေ။ သူမက တစ်ဖက်သို့လှည့်၍ တခြားသောအမျိုးသမီးတွေနဲ့ စကားစမြည်ပြောနေသဖြင့် နောက်ဆုံးတွင်တော့ စုယိသည် ငြိမ်သက်မှုနှင့်တိတ်ဆိတ်မှုကို ခံစားလိုက်ရပြီဖြစ်သည်။


အစီအစဥ်တင်ဆက်သူသည် ပွဲစတင်သည့်အချိန်မှစ၍ ပွဲရဲ့အဓိကအကြောင်းအရင်းကိုရောက်ရန်အတွက် အတော်လေးကိုအချိန်ယူ၍ လေပစ်နေလိုက်သေးသည်။


ပစ္စည်းအနည်းငယ်ကို အောင်မြင်စွာရောင်းချပြီးနောက်တွင်၊ ပွဲရဲ့ အငွေ့အသက်တွေက အတော်လေးကို သက်ဝင်လှုပ်ရှားလာပြီး အစီအစဥ်တင်ဆက်သူသည် နောက်ထပ်ပစ္စည်းတစ်ခုကို စတင်မိတ်ဆက်လိုက်သည်။


“ဒီတစ်ခါမှာတော့ လေဒီထူကျင်းလန်ရဲ့ အဖြူရောင်ကျောက်စိမ်းနဲ့လုပ်ထားတဲ့ ဆွဲသီးကို လေလံတင်မှာဖြစ်ပါတယ် ဆွဲသီးကို...သေသေသပ်သပ်...သေသေသပ်သပ် ထွင်းထုထားပြီး...လေဒီထူကျင်းလန် ရဲ့ မိသားစုကနေမျိုးရိုးစဥ်ဆက် ဆင်းသက်လာတာလို့လည်း... ကောလဟာလတွေရှိနေပါသေးတယ် ဟုတ်ကဲ့ခင်ဗျ ဒီပစ္စည်းကိုတော့ ဒေါ်လာငါးသောင်းဖြင့်စတင်ပြီးလေလံစွဲမှာဖြစ်ပါတယ်..." 


ဆွဲသီးအတွက် ထိုနာမဝိသေသနအားလုံးကို ထည့်သွင်းရန် အစီအစဉ်တင်ဆက်သူအတွက် အတော်လေး ခက်ခဲနေလောက်ပေမည်။


စုယိသည် လက်ပိုက်၍ ဖန်သားပြင်ပေါ်က ဆွဲသီးကို ကြည့်ပြီး တိတ်တဆိတ် အကဲဖြတ်နေလိုက်သည်။


ဘယ်ရူးနေတဲ့သူကများ သူတို့ရဲ့ ဘိုးဘွားအမွေခံအစစ်အမှန်ပစ္စည်းကို ဒီလိုနေရာမျိုးမှာ လာပြီးလေလံတင်မှာတဲ့လဲ။ လမ်းဘေးဆိုင်တွေမှာ လည်ပတ်နေတတ်တဲ့ သူမရဲ့ အတွေ့အကြုံကို အခြေခံရလျှင် အလွန်ဆုံးရှိမှ ထိုဆွဲသီးက ဒေါ်လာ သုံးဆယ်လောက်ပဲတန်ဖိုးရှိလောက်ပေမည်။


ဆွဲသီးအတွက် ဒေါ်လာငါးသောင်းလို့ကြားလိုက်ချိန်တွင် စုယိသည် ပန်းကန်တစ်ခွက်ကို အေးအေးဆေးဆေး ဆွဲယူပြီး သူမရဲ့မေးရိုးကို ဖမ်းရန်အတွက် ကြိုတင်ခံထားလိုက်သည်။


နောက်ဆုံးတွင်၊ ဆွဲသီးကို ဒေါ်လာ သုံးသိန်းငါးသောင်းဖြင့် ရောင်းထွက်သွားသည်။ ထူကျင်းလန်သည် မတ်တပ်ထရပ်ပြီး ပတ်၀န်းကျင်ရှိလူများကို ပြုံး၍လက်ဝှေ့ယမ်းပြလိုက်သည်။


ထိုင်ပြီးနောက်၊ ရုတ်တရက်ကြီး သူမရဲ့ဖန်ခွက်ကို စုယိဘက်သို့ မြှောက်လိုက်သည်။


"ယိကျဲ 'လေနှင့်တိမ်' အဖွဲ့ က ကျဲကို ဇာတ်ရုပ်တစ်ခုအတွက် audition လုပ်ဖို့ ဖိတ်ထားတယ်လို့ ညီမကြားမိတယ်"


စုယိက 'အမ်း' လို့သာပြောလိုက်သည် ။


 "ညီမရောပဲ ညီမတို့ အတူတူ ကြိုးစားကြတာပေါ့...အတူတူ ဓါတ်ပုံရိုက်ကြရင်ရော ဘယ်လိုလဲ"


ပြောပြီးသည်နှင့် သူမရဲ့ ဖုန်းကို မြှောက်လိုက်ပြီး စုယိသေချာပြင်ဆင်ဖို့အချိန်မရခင်မှာပဲ ဓာတ်ပုံရိုက်ချလိုက်သည်။


ရိုက်ပြီးသွားတဲ့အခါ သူမက "ယိကျဲ...ကျဲရဲ့ပုံက တကယ်ကို ကြည့်လို့ကောင်းတယ်"


စုယိသည် မျက်လုံးအသာလှန်လိုက်မိသည်။ 


ထိုဓာတ်ပုံထဲမှာ သူမမျက်လုံးတွေကပိတ်နေပြီး အမူအရာတွေကလည်း ရှုပ်ယှက်ခတ်နေသည်။


သူမ စိတ်ထဲတွင် လှောင်ရယ်နေမိသော်လည်း သူမ၏ မျက်နှာအမူအရာမှာမူ လုံးဝ မပြောင်းလဲချေ။


 "ဒါပေမယ့် ဒီပုံမှာ မင်းက သိပ်ကြည့်ကောင်းပုံမရဘူး"


ထူကျင်းလန်သည် ထိုပုံကို Weibo တွင်တင်ဖို့လုပ်နေစဉ် ရပ်တန့်သွားသည်။


"တကယ်လား...ဘယ်နားမှာလဲ"


စုယိက မျက်ခုံးအသာပင့်လိုက်ပြီး- "မင်းမျက်နှာက အတော်လေးကြီးနေတယ်"


ထူကျင်းလန်က ထိုပုံကို ထပ်ကြည့်လိုက်သည်။ စုယိ၏မှတ်ချက်ကိုကြားပြီးနောက်တွင် သူမ၏မျက်နှာသည် အနည်းငယ်ကြီးနေသည်ဟု ခံစားလိုက်ရသော်လည်း စုယိ၏ရှေ့တွင် ဖိုတိုရှော့ဖ်လုပ်ရန်အတွက် ရှက်ရွံ့နေမိသည်။  


"...ဒါဆိုလည်း နောက်တစ်ပုံထပ်ရိုက်ရအောင်"


 “အိုခေလေ”  


စုယိသည် သူမ၏မျက်နှာနဘေးတွင် ဆံပင်အနည်းငယ်ကို အသာချလိုက်ပြီး ခေါင်းကို ညာဘက်သို့ အနည်းငယ်စောင်းကာ ကင်မရာကို ချိုသာစွာ ပြုံးပြလိုက်သည်။


 “…” 


ထူကျင်းလန်သည် ဓါတ်ပုံရိုက်ပြီးသွားသည်နှင့် နှစ်ယောက်သား ဓာတ်ပုံကိုတစ်ချက်ကြည့်ကာ ခပ်ခြောက်ခြောက် ရယ်မောလိုက်သည်။ 


 “ဒါက အဆင်ပြေတယ်”


 Weibo ကို တိတ်တဆိတ်ပင် ပိတ်ချလိုက်သည်။


နောက်ဆုံးတွင် လေလံပွဲပြီးသွားချေပြီ။ သူမအိမ်သို့ ယူဆောင်သွားလိုသော ပစ္စည်းတစ်ခုမျှပင် မရှိချေ။ ကြွေထည်များသည် နေရာများစွာယူကာ 'ဘိုးဘွားအမွေအနှစ်ပစ္စည်းများ' ကိုလည်း သူမ စိတ်မဝင်စားပေ။


တိုက်ရိုက်လှူဒါန်းသည့်နည်းကိုသာသုံးဖို့ ဆုံးဖြတ်လိုက်ပြီး မှတ်ပုံတင်သည့်နေရာသို့ထသွားလိုက်သည်။


___________________________________________