Ch 1
Viewers 10k

(1)

“အင်ဂျင်နီယာစုန့် အလုပ်ဆင်းပြီလား”

 

စက်ယန္တရားစက်ရုံ၏ ဝန်ထမ်းအိမ်ရာခြံဝင်း တံခါးဝကနေ မျက်မှန်တပ်ထားသည့် လူလတ်ပိုင်းတစ်ဦးက လက်ဆွဲအိတ်ကို ကိုင်ဆွဲကာ ဝင်လာခဲ့သည်။

 

ခြံဝန်းထဲတွင် ဟင်းသီးဟင်းရွက်တွေ ရွေးပြီး စကားထိုင်ပြောနေကြသည့် ဝန်ထမ်းမိသားစုဝင်များက သူ့ကို မြင်သည်နှင့် ချက်ချင်းပင် ပြုံးပြနှုတ်ဆက်လာကြလေ၏။

 

စုန့်ဝေ့က ခေါင်းညိတ်ပြလိုက်ကာ နူးညံ့ပြေပြစ်သည့် မျက်နှာပေါ်တွင်သိမ်မွေ့ပြီးကျော့ရှင်းသော အပြုံးတစ်ခုကိုဆင်မြန်းပြီး လူတိုင်း၏ နှုတ်ဆက်စကားတွေကို အရင်တုန်းကလိုမျိုး စိတ်သဘောထားကောင်းမွန်စွာဖြင့် တုံ့ပြန်သည်။

 

သို့သော်လည်း ဂရုတစိုက်ကြည့်မည်ဆိုပါက ယနေ့တွက်တော့ သူ့၏အပြုံးမှာ အနည်းငယ်မျှဖိအားပေးထားသကဲ့သို့ဖြစ်နေသည်ကို တွေ့မြင်ရလိမ့်မည်။

 

ဟုတ်​တယ်​ အလုပ်​ဆင်းလာခဲ့ပြီ၊ လူတိုင်းပဲ အလုပ်​ရှုပ်​​နေကြ​တာလား

 

အိုး၊ ကျွန်မတို့က ဘာလို့ အလုပ်ရှုပ်ရမှာလဲ၊ ကျွန်မတို့က အစားအသောက်တွေ ချက်နေရုံပဲလေ၊  ဒါပေမယ့် ရှင့်ကသာ စက်ရုံမှာ နေ့တိုင်း ဒီလိုအခက်အခဲတွေ အများကြီးကို ရင်ဆိုင်နေရတာ ပင်ပန်းနေမှာပဲ!

 

အလုပ်တွေသက်သက်ပဲ ပင်ပန်းရတာဆိုတော်ဦးမယ်၊ ငါတို့စက်ရုံက လူငယ်တွေအများကြီးက မင်းရဲ့လက်အောက်မှာ တာဝန်ပေးခံထားရတာမလား၊ အလုပ်သင်တွေကို ဦးဆောင်ရတာ အရမ်းခက်နေမှာပဲ!

 

မခက်ပါဘူး၊ ဒါပဲ ကျွန်တော်လုပ်သင့်တဲ့အလုပ်ပါပဲ

 

စုန့်ဝေ့က လူတိုင်းရဲ့စိတ်အားထက်သန်မှုကို ဆက်လက်သည်းမခံနိုင်တော့ဘဲ လက်ကိုဝှေ့ရမ်းပြီးပြောလိုက်တယ်။

 

ကျွန်တော် အရင်ပြန်လိုက်ဦးမယ်၊ နောက်မှဆက်ပြောကြတာပေါ့

 

သို့ပေမယ့် သူထွက်သွားခါနီးမှာ ဘေးနားတွင်ရှိနေသော အဒေါ်တစ်ယောက်က ရုတ်တရက် မထိန်းချုပ်နိုင်စွာ စိုးရိမ်တကြီး မေးလာချေသည်။

 

မစ္စတာစုန့်၊ ခရိုင်ရုံးက လူငယ်တွေကို ကျေးလက်ဒေသကို သွားခိုင်းမဲ့  ကိစ္စတွေကို ထပ်ပြီး စီစဉ်နေပြန်ပြီ၊  စက်ရုံထဲမှာ အလုပ်နေရာလေးများ ကျန်နေသေးလား

 

ထိုအဒေါ်တွင် သားနှစ်ယောက်ရှိပြီး သားအကြီးဆုံးက ကျောင်းပြီးသွားဖြစ်ဖြစ်သော်လည်း သားအငယ်မှာတော့ အတန်းဆက်မတက်ရတော့ဘဲ ကျေးလက်ကို အပို့ခံရဖို့ ဖြစ်နေခဲ့သည်။ သူမ စိတ်မပူဘဲ မနေနိုင်ပါချေ။

 

သူတို့၏ရှေ့တွင်ရှိနေသော အင်ဂျင်နီယာစုန့်၊ စုန့်ဝေ့မှာ စက်ယန္တရား စက်ရုံ၏  ဒုတိယ အလုပ်ရုံမှ နည်းပညာကေဒါတစ်ယောက်ဖြစ်ချေသည်။

 

သူနဲ့အတူ သင်ယူလုပ်ကိုင်ရန် အလုပ်သင် အလုပ်သမား အနည်းငယ်ကို ရွေးချယ်နိုင်ခွင့်ရှိနေသည့်သူဖြစ်ပြီး လူငယ်တချို့ကို အလုပ်ရရှိစေပြီး ကျေးလက်သို့ သွားလာရန်မလိုစေဖို့ လုပ်ဆောင်နိုင်သည်။

 

ထိုအဒေါ်၏ အဓိပ္ပါယ်က အလွန်အမင်း မထင်ရှားနေသော်လည်း စုန့်ဝေ့က နားလည်နိုင်တုန်းပဲ။

 

သို့သော်လည်း သူက ကူကယ်ရာမဲ့စွာသာ ပြုံးလိုက်ချေသည်။

 

စက်ရုံရဲ့ အလုပ်သမား ခေါ်ယူတဲ့အကြောင်းတွေကို ကျွန်တော် တကယ်မသိဘူး၊ မနက်ဖြန်ကျရင် လူသစ်စုဆောင်းရေးရုံးကို သွားပြီး မေးကြည့်ပါလား

 

ထိုစကားကိုကြားပြီးနောက်တွင် တစ်ဖက်မှအဒေါ်မှာ စိတ်ပျက်လက်ပျက်ဖြင့်သာ ခေါင်းကိုခါယမ်းလိုက်၏။

 

သူမ စုဆောင်းရေးရုံးဆီသို့ လွန်ခဲ့သည် အချိန်များကတည်းက မေးမြန်းခဲ့ပြီးဖြစ်ချေသည်။  အကယ်၍ သူတို့သာ အလုပ်သမားများကို အမှန်တကယ် ခေါ်ယူနေပါက၊ သူမ၏သားငယ်ကို ဝင်ခွင့်ပေးရန် လွန်ခဲ့သည့် အချိန်များကတည်းက တောင်းဆိုခဲ့ပေလိမ့်မည်။

 

ရလဒ်အနေဖြင့် စက်ရုံရှိ ခွဲတမ်းမှာ ပြည့်နေပြီဖြစ်ပြီး အလုပ်သမားများအား ထပ်မံ ခေါ်ယူမည်မဟုတ်ကြောင်း ၎င်းတို့က ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပေ၏။

 

သို့သော်လည်း သူမ၏သားအငယ်ဆုံးကသာ ကျေးလက်ကို သွားဖို့အတွက် စာရောက်လာခဲ့လျှင် မည်သို့လုပ်ရမည်နည်း။ သူမ အမှန်တကယ် သည်းခံနိုင်မည် မဟုတ်ပါချေ။

 

ထို့ကြောင့်သာ အဒေါ်က တရားမဝင်သော၊ အရှက်ရစေသောနည်းလမ်းဖြင့်သာ စုန့်ဝေ့အား အကူအညီတောင်းဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

 

ထိုအချိန်တွင် စုန့်ဝေ့က သူ့၏လက်ကို မြှောက်၍ အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့၏မျက်လုံးထဲမှ စိတ်မရှည်မှုများကို အလျှင်မြန်ဖုံးကွယ်လိုက်သည်။

 

နောက်ကျနေပြီ၊ ကျွန်တော့်မှာ လုပ်စရာတွေရှိနေလို့ ခင်ဗျားတို့စကားဆက်ပြောလိုက်ကြပါဦး၊  ကျွန်တော် အရင်သွားနှင့်လိုက်မယ်

 

 

ထိုစကားကိုပြောပြီးနောက်တွင်တော့  တခြားလူများကို ထပ်မံဂရုမစိုက်ခြင်းစိုက်မရှိတော့ဘဲ ကေဒါအဆောက်အအုံဆီသို့ တိုက်ရိုက် ထွက်သွားခဲ့လေ၏။

 

ဟေး ဘာလို့ထွက်သွားတာလဲ

 

တစ်ဖက်မှအဒေါ်မှာ နောက်ဆုံးတွင် သတိပြန်ဝင်လာခဲ့ရပြီး စုန့်ဝေ့၏ ထွက်ခွာသွားသော ကျောပြင်ကို စိုးရိမ်တကြီး ကြည့်နေမိလေ၏။

 

သေချာတာပေါ့ မစ္စတာစုန့်က အလုပ်ကဆင်းလာရင် အိမ်ကိုပြန်ရမှာပဲလေ၊ သူများက တစ်နေကုန် အလုပ်လုပ်ခဲ့ရပြီး ပန်ပင်းနေပြီ၊  နင်နဲ့ စကားစမြည်ပြောချင်နေသေးတယ်လို့ ထင်နေတာလား

 

အဒေါ်၏ သေးငယ်သောအတွေးလေးများက နားမလည်နိုင်စရာမရှိသောကြောင့် ဘေးနားမှတစ်ယောက်က အေးစက်သည့်လေသံဖြင့် ပြောလာချေသည်။

 

ထိုအဒေါ်မှာ နဂိုကတည်းက စိတ်ပူပန်နေပြီး ထိုစကားကိုကြားချိန်တွင် ဒေါသတကြီးဖြစ်လာခဲ့တော့သည်။

 

ငါပြောမယ်  ရှုကွေ့ဟွား၊  နင့်ရဲ့သားသာ မကြာခင်မှာ ဝေးလံခေါင်သီတဲ့ ကျေးလက်နေရာတစ်ခုကိုသွားပြီး ဆင်းရဲဒုက္ခတွေခံရတော့မယ်ဆိုပြီး ဖြစ်နေခဲ့မယ်ဆိုရင် အခုလို ခါးနာမနေဘဲ မတ်တပ်ရပ်ပြီး စကားပြောဖို့ သတ္တိရှိနေဦးမှာလား

 

ခါးနာလား မနာဘူးလားလို့ မသိဘူး၊ ဘာပဲဖြစ်ဖြစ် ငါ့မှာ ကျေးလက်ကို သွားရမဲ့ကလေးလည်း မရှိဘူးလေ

 

နင်.....

 

သူ့၏ နောက်ကွယ်မှ အော်ဟစ်ဆဲဆိုသံများက စုန့်ဝေ့၏ နားထဲကို ဝိုးတဝါးနှင့်တိုးဝင်လာခဲ့ပြီး သူ့၏ သွားလာနေသော ခြေလှမ်း၏ အရှိန်အဟုန်ကို မသိစိတ်က တိုးမြှင့်လိုက်မိကာ တစ်ချိန်တည်းတွင် သူ့၏မျက်လုံးများတွင်တော့ ဒေါသတရားများဖြင့် ဖုံးလွှမ်းနေခဲ့ချေသည်။

 

သူ့၏လက်ဆွဲအိတ်ထဲတွင်ရှိနေသည့် လျှောက်လွှာတစ်ခုမှာ သူ့ဒေါသ၏ အရင်းအမြစ်သာ ဖြစ်ချေသည်။

 

စုန့်ဝေ့ကား အိမ်သို့ပြန်ရောက်သည်နှင့် သူ၏ ဒေါသကို မထိန်းနိုင်တော့ဘဲ  တံခါးဖွင့်ပြီး ဒုတိယထပ်ဆီသို့ လှမ်းအော်လိုက်သည်။

 

စုန့်စစ်ယွီ အောက်ထပ်ကို ဆင်းခဲ့စမ်း!

 

နှစ်စက္ကန့်ကြာပြီးနောက်တွင် အပေါ်ထပ်မှ ခြေသံကိုမကြားရသေးချေ။ စုန့်ဝေ့မှာ ပို၍ပင် ဒေါသထွက်လာခဲ့ချေသည်။ သူက တစ်ကြိမ်လျှင် လှေကားထစ် နှစ်ထစ်၊ သုံးထစ် ကျော်တက်ကာ အပေါ်ထပ်သို့ တက်သွားခဲ့သည်။ ခြေသံများမှာ အလွန်ပြင်းထန်ပြီး အဆောတလျင်နိုင်လွန်းလှသည်။

 

မီးဖိုချောင်ထဲ၌ ချက်ပြုတ်နေသည့် လီရှို့လီတစ်ယောက် သူ့၏ ရှားရှားပါးပါးဒေါသကြောင့် ထိတ်လန့်သွားခဲ့လေ၏။ သူမက လက်ထဲမှ ပစ္စည်းများကို အမြန်ချလိုက်ပြီး သူ့၏နောက်မှ အလျှင်အမြန် လိုက်သွားခဲ့သည်။

 

လောင်စုန့် ဘာဖြစ်လို့လဲ?

 

 

စစ်ယွီက ဘာပဲလုပ်ပါစေ၊ သူက ရှင့်ရဲ့သမီးဖြစ်နေတုန်းပဲ၊ ရှင် မလုပ်သင့်တာတွေ ဘာမှမလုပ်ရဘူး၊  ရှင်သာတစ်ခုခုလုပ်ရဲရင် ကျွန်မကိုအရင်ကျော်သွားမှရမယ်!

 

ငါ့ကို လာမတားနဲ့။ ငါ့လမ်းက ဖယ်လိုက်၊ ငါဒီနေ့ သူမကိုကောင်းကောင်းပညာပေးရမယ်!

 

...

 

စင်္ကြံမှထွက်ပေါ်လာသော ဆူညံသံများကို စုန့်စစ်ယွီမှ ကြားမကြား မသိသော်ငြား အခန်းတွင်းရှိ လင်းရန်သည်ကတော့ ထိုအသံများကြောင့် သူမ၏မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်ဟလာချေသည်။

 

သူမက နိုးလာပြီးသည့်နောက်တွင် ချက်ချင်း ထလာခြင်းမရှိဘဲ ထို အစား သူမ၏မျက်လုံးကိုသာ ဖွင့်ပြီး  ဘေးအခန်းမှ လှုပ်ရှားမှုများကိုသာ တိတ်တဆိတ် နားထောင်နေခဲ့ချေသည်။

 

 

ကောင်းပြီ။ သူမ၏ ခန့်မှန်းချက်သာ မှန်ကန်ပါက လက်ရှိတွင် စုန့်ဝေ့ ဒေါသထွက်နေရသည့် အကြောင်းရင်းမှာ သူမ၏ သွေးကွဲအစ်မဖြစ်သူစုန့်စစ်ယွီမှ အဖေရင်း စုန့်ဝေ့မသိဘဲ  ကျေးလက်သို့ သွားဖို့အတွက် လျှောက်လွှာတင်ထားခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည်။

 

ဖခင်အရင်းတစ်ယောက်အနေဖြင့် သူ၏ တစ်ဦးတည်းသောသမီးအရင်းဖြစ်သူကို ကျေးလက်သို့သွားပြီး ဆင်းရဲဒုက္ခခံဖို့ လုပ်ချင်နေသည်ကို ရပ်ကြည့်ဖို့ မဖြစ်နိုင်ပါချေ။

 

ထို့ကြောင့် ယနေ့ စုန့်မိသားစုတွင် အပြင်းအထန်အငြင်းပွားမှုများဖြစ်လာလိမ့်မည်။ အဖေနဲ့သမီးမှာ အပြင်းအထန် စကားများပြီး သေသည်အထိ တိုက်ခိုက်ကြလိမ့်မည်။

 

သို့သော်လည်း သမီးဖြစ်သူ စုန့်စစ်ယွီ၏ ကြမ်းတမ်းသော စွပ်စွဲမှုများနှင့် နောက်မဆုတ်တမ်း ကြိုးပမ်းမှုတို့ကြောင့် အဆုံးတွင် ရန်ပွဲ၏အောင်နိုင်သူဖြစ်သွားလိမ့်မည်။

 

လင်းရန်က ဘာကြောင့်များ မဖြစ်သေးတဲ့အရာတွေကို ကြိုတင်ခန့်မှန်းနိုင်ရတာလဲ?

 

အိုး..  အဲဒါက သူမ ခြေချော်ပြီး စာအုပ်တစ်အုပ်ထဲကို ဝင်လာခဲ့မိလို့လေ။  ဇာတ်လိုက်မက ဒီလိုခေတ်ကာလမှာ  ဘယ်လိုမျိုး ကံတရားတွေကိုလိုက်ရှာပြီး ၊ ဘဝရဲ့ အထွတ်အထိပ်ကို ဘယ်လိုမျိုး ရောက်ရှိသွားခဲ့တာလဲဆိုတာကို ဖော်ပြထားတဲ့ ခေတ်ဟောင်းဝတ္ထုထဲကို သူမ ရောက်ရှိလာခဲ့လို့ပဲ!

 

လင်းရန်သည်ကား ဤဝတ္တုကို သူငယ်ချင်းတစ်ယောက်၏ အကြံပြုချက်ကြောင့် မတော်တဆ ဖတ်မိခဲ့ချေသည်။ အကြောင်းရင်းမှာ ဝတ္ထုထဲတွင် အလုပ်ကြိုးစားခဲ့သော အမြောက်စာခံမှာ သူမနှင့် နာမည်တူနေသောကြောင့်သာ ဖြစ်ပေ၏။

 

အမြောက်စာခံတစ်ဦးအနေဖြင့် သေချာပေါက် အဓိကဇာတ်လိုက်အတွက် အသိစိတ်ရှိရှိ ခြေနင်းပြားအဖြစ် ထမ်းဆောင်ရမည်ဖြစ်ပြီး လိုအပ်ပါက ဇာတ်လိုက်ကာရိုက်တာ၏ ကြီးထွားမှုနှင့် အသက်မွေးဝမ်းကျောင်းမှုတို့ကို အထောက်အကူဖြစ်စေရန်အတွက်  သူမ၏ ကိုယ်ပိုင်ပျော်ရွှင်မှုနှင့် အသက်ကို စတေးရမည်ဖြစ်သည်။

 

ဥပမာအားဖြင့် စာအုပ်ထဲမှ လင်းရန် သည်ကား လုံးလုံးလျားလျားကို အမြောက်စာခံ ခြေနင်းတုံးသာ ဖြစ်နေခဲ့သည်။

 

လင်းရန် မှာ စုန့်ဝေ့၏သမီးအရင်းမဟုတ်ဘဲ စုန့်ဝေ့၏ဒုတိယဇနီးမှ ပါလာခဲ့သော ကလေးသာဖြစ်သည်။ စုန့်ဝေ့၏ ပထမဇနီးသည်မှာ သူနှင့် လက်ထပ်ပြီး ငါးနှစ်အကြာတွင် ရောဂါဖြင့် သေဆုံးသွားခဲ့သည်။

 

ထို့နောက်တွင်တော့ စုန့်ဝေ့က သူ၏ လေးနှစ်အရွယ်သမီးလေးကို တစ်ဦးတည်း ပြုစုစောင့်ရှောက်ခဲ့ပေ၏။ သို့ရာတွင် အလုပ်က အလွန်များပြားပြီး သူ၏သမီးဖြစ်သူအား ပြုစုဖို့အတွက် အလွန်ခက်ခဲနေသည့်အတွက် နောက်အိမ်ထောင်ပြုဖို့ ဆုံးဖြတ်ခဲ့သည်။

 

သို့သော်လည်း သူ နောက်အိမ်ထောင်ပြုခဲ့သည့် ဇနီးသည်မှာ တခြားလူများမိတ်ဆက်ပေးခဲ့သည့် ငယ်ငယ်ရွယ်ရွယ်မိန်းမပျိုလေးများထဲမှ မဟုတ်သလို မိသားစုအခြေအနေကောင်းမွန်ပြီး လုပ်ရည်ကိုင်ရည်ရှိကာ ရင်ဘောင်တန်းနိုင်သည့် သူ့ထက်အသက်ပိုကြီးသည့် အမျိုးသမီးကြီးတစ်ယောက်လည်းမဟုတ်ခဲ့ပေ။

ထို့အစား ဆီပုလင်းသေးပါ တွဲလောင်းပါလာသည့် ကျေးလက်မှ ကွာရှင်းထားသည့် အမျိုးသမီး လီရှို့လီသာ ဖြစ်နေခဲ့သည်။

 

အစပိုင်းတွင် လူတိုင်းက သူ့၏ရွေးချယ်မှုနဲ့ ပတ်သက်ပြီး မည်သို့မျှ နားမလည်နိုင်ကြောင်း ဖော်ပြခဲ့ကြသည်။

 

ဤအတွက် စုန့်ဝေ့၏ ရှင်းပြချက်မှာတော့ သူ၏သမီးဖြစ်သူက ငယ်ရွယ်လွန်းသေးသည်။ လီရှို့လီတွင်လည်း သူ၏သမီးဖြစ်သူနဲ့ အသက်အရွယ်တူညီသည့် သမီးမိန်းကလေးတစ်ယောက် ရှိနေခဲ့သည်။

 

ထိုကလေးမလေးကို တွေ့မြင်လိုက်ရချိန်တွင် အဖေမရှိသည့်ကလေးအတွက်  အလွန်စိတ်မကောင်းဖြစ်ခဲ့ရသည်။ အိမ်တွင် မိန်းကလေးများ ပို၍ရှိလာပါက သူ၏သမီးလေးတွင်လည်း အဖော်ရှိလာမည်ဖြစ်ကာ ကလေးနှစ်ယောက်စလုံးအတွက် ကောင်းကောင်းကြီးပြင်းလာနိုင်လိမ့်မည်။

 

လီရှို့လီ စိတ်ချနိုင်စေဖို့အတွက် သူက သူမ၏သမီးကို သူ့ကိုယ်ပိုင်သမီးကဲ့သို့ ဆက်ဆံမည်ဟုလည်း ကတိပေးခဲ့သေးသည်။

 

ဤသည်ကို တခြားလူများ ကြားခဲ့ရပြီးနောက်တွင် စုန့်ဝေ့မှာ သူ၏နာမည်အတိုင်း အလွန်အမင်း ကောင်းမွန်လွန်းသည်ဟု ခံစားမိခဲ့ကြပြီး လူများကို မျက်ရည်ဝဲစေခဲ့သည်။

 

နောက်ပိုင်းတွင် မိသားစုအသစ်ထူထောင်ရေး လုပ်ငန်းစဉ်၏ အစပိုင်း၌ စုန့်ဝေ့ ပြောခဲ့သည့်စကားများမှာ ပါးစပ်ကပြောခဲ့သည့် စကားသက်သက်မဟုတ်ခဲ့ဘဲ သူ၏မယားပါသမီးကို သမီးအရင်းအဖြစ် အမှန်တကယ် ဆက်ဆံခဲ့သည်ကို လူတိုင်းသိမြင်လာခဲ့ကြသည်။

 

တစ်ခါတရံတွင် သူ့၏  မယားပါသမီးကို  သမီးအရင်းထက်ပင် ဦးစားပေးသည်ဟု လူအများကို ခံစားမိစေသည်။

 

သူက သမီးအရင်းထက်တောင် မယားပါသမီးအား ပို၍ကောင်းနေသေးသည်ပင်။

 

ဥပမာအားဖြင့်၊ သူ၏မယားပါသမီး ငယ်စဥ်တုန်းက ဆိုးသွမ်းသည့်အရာတစ်ခုခုလုပ်ခဲ့ပါက ၊  စုန့်ဝေ့က သူမကို ချစ်ခင်ပြီးအကူအညီမဲ့စွာကြည့်ကာ စကားအနည်းငယ်လောက်ပြောကာ လွှတ်ပေးလိုက်လိမ့်မည်။

 

သို့သော်လည်း အမှားတစ်ခုခု လုပ်မိသည့်သူက သူ့၏သမီးအရင်းဖြစ်နေသည့် အချိန်တွင်တော့ သူက နက်မှောင်နေသည့်မျက်နှာဖြင့် သင်ခန်းစာကို တိုက်ရိုက်ပေးလာလိမ့်မည်။

 

ဥပမာအားဖြင့် သူ့၏မယားပါသမီးဖြစ်သူက အိမ်စာကိုမလုပ်ချင်တော့ဘဲ ချွဲ့နွဲ့ပြီးပြောလာပါက လက်ကိုဝှေ့ရမ်းပြီး ကစားခွင့်ပေးလိုက်လိမ့်မည်။

 

သို့သော်လည်း သူ့၏သမီးအရင်းက စာမေးပွဲတွင် အမှတ်ပြည့်မရခဲ့ပါက သူမအား စာလေ့လာမှု အမှားအယွင်းတွေကို ပြန်လည်တွေးတောဖို့ အပြစ်ပေးခံခဲ့ရလိမ့်မည်။

 

နောက်ထပ်လည်း အများကြီး ရှိနေသေးသည်။ ကလေးနှစ်ယောက်အတွက် မုန့်ဖိုးပေးပြီးသည့်နောက်တွင် သူက သူ့၏မယားပါသမီးအား ပစ္စည်းဝယ်ဖို့အတွက် မုန့်ဖိုးပိုက်ဆံကို မကြာခဏ လျှို့ဝှက်ပြီးပေးတတ်ပြန်သည်။

 

မယားပါသမီး၏ ပိုက်ဆံအိတ်က အမြဲတမ်း ဖောင်းပွနေချိန်တွင် သမီးအရင်းကတော့မုန့်ဖိုးပိုက်ဆံမကျန်တော့၍  လက်ဗလာနှင့်ဖြစ်နေပေလိမ့်မည်။

 

အိမ်မှုကိစ္စနဲ့ ပတ်သက်လာလျှင်လည်း သူက သူ၏  မယားပါသမီးကို မည်သည့်အချိန်တွင်မှ ဝင်မပါခိုင်းခဲ့ချေ။

 

ဆန့်ကျင်ဘက်အားဖြင့် သူ့၏ သမီးအရင်း စုန့်စစ်ယွီကသာ လျှော်ဖွတ်သန့်ရှင်းခြင်းနှင့် ချက်ပြုတ်ခြင်းဆိုင်ရာ အားလုံးကို သင်ယူခဲ့ရသည်။