Ch 3
Viewers 10k

(3)

 

လင်းရန်က အောက်ထပ်တွင်ရှိနေသည့် လူသုံးယောက်ကို ငုံ့ကြည့်လိုက်သည်။

 

စိတ်ပူပန်နေခဲ့သော်လည်း မပြရဲသော ဖခင်အရင်း၊ လင်ပါသမီးဖြစ်သူအား ရတနာလေးလို ချစ်မြတ်နိုးပေးနေခဲ့သော မိထွေး၊ အကြောင်းပြချက်တစ်ခုခုကြောင့် အဖျားကြီးနေသော သမီး။

 

ဤသည်မှာကျောင်းသုံးစာအုပ်ထဲတွင် ထည့်သွင်းဖော်ပြထားသော တင်းကျပ်သောဖခင်နှင့် ချစ်ခြင်းမေတ္တာကိုဖော်ပြပေးနေသောမိခင် ဆိုသည့် မိသားစု ဥပမာပင် မဟုတ်ပါလား။

 

သူတို့၏ သရုပ်ဆောင်မှုများကို အလွန်ကြိုက်နှစ်သက်သည့်အတွက် လင်းရန်က သူတို့ကို ကူညီဖို့ ရွေးချယ်ခဲ့သည်။

 

ထို့ကြောင့် သူမက အစပြုပြီး ပြောခဲ့သည်။

 

ကျွန်မ တစ်ယောက်တည်း နေခဲ့နိုင်ပါတယ်၊ အမေနှင့် အန်ကယ်စုန့်တို့ အစ်မစစ်ယွီကို ဆရာဝန်ဆီ အရင်ခေါ်သွားပေးလို့ ရတယ်၊ ကျွန်မ ညစာကိုအပြင်မှာ သွားစားလိုက်မယ်

 

လီရှို့လီက သူမ အပြင်သို့ထွက်စားမည်ဆိုသည့်စကားကို ကြားသည်တွင်  မနေနိုင်တော့ဘဲ ထိုအကြောင်းကို ပြောဆိုလာခဲ့သည်။

 

မင်းက နေ့တိုင်း အပြင်ကိုထွက်ပြီး စားသောက်ဖို့ကိုပဲသိတယ်၊ အခုထိ ဟင်းဘယ်လိုချက်ရမလဲဆိုတာကို မသိသေးဘူး ၊ မင်းက အသက်ဆယ့်ရှစ်နှစ်အရွယ် မိန်းကလေးဖြစ်နေပြီနော် ၊ အခုထိ မီးဖိုကိုတောင် မထိကိုင်ဖူးသေးဘူး မင်း...

 

လီရှို့လီက စကားဆက်ပြောချင်နေသေးသည်ကိုမြင်တွေ့လိုက်ရသည်တွင်  တံခါးပေါက်နားမှ စုန့်ဝေ့က  ထပ်မံသည်းမခံနိုင်တော့ချေ။

 

ကောင်းပြီ! ရန်ရန် အပြင်ထွက်စားချင်ရင်လည်း အပြင်ထွက်စားခိုင်းလိုက်ပေါ့၊ ယွမ်နည်းနည်းလောက်ပဲ ကုန်ကျမှာပဲလေ၊ တကယ်ကို မင်းမှာ ပိုက်ဆံမလောက်ရင် အံဆွဲထဲကနေ ယူသွားလိုက်၊ အန်ကယ် ပြန်လာရန် မင်းအတွက် ထပ်ပြီး ပြင်ဆင်ပေးမယ်

 

လောင်စုန့်၊ ရှင် သူ့ကို သိပ်ပြီးအလိုမလိုက်နဲ့တော့၊  မဟုတ်ရင် သူမက အနှေးနဲ့အမြန် ဥပဒေမဲ့ဖြစ်လာလိမ့်မယ်

 

 

လီရှို့လီက သူမ စုန့်ဝေ့အား အနိုင်မယူနိုင်ကြောင်းကို သိသောကြောင့် စကားအနည်းငယ်ပြောပြီးသည်နှင့် စုန့်စစ်ယွီအား  ဆရာဝန်ပြရန် စုန့်ဝေ့နှင့်အတူ အမြန်ထွက်သွားခဲ့သည်။

 

လူသုံးယောက် ထွက်သွားသည်နှင့် တပြိုင်နက် လင်းရန်သည်လည်း နှောင့်နှေးခြင်း ရှိမနေခဲ့ချေ။ သူမက ပိုက်ဆံကိုယူကာ တံခါးကို သော့ခတ်ပြီး အပြင်သို့ ထွက်သွားခဲ့သည်။

 

သို့သော်လည်း သူမ ပထမဆုံးသွားခဲ့သည့်နေရာမှာ အစိုးရပိုင်ဟိုတယ်မဟုတ်ဘဲ ပညာတတ်လူငယ်များအတွက် ရုံးခန်းနေရာသို့သာ ဖြစ်ချေသည်။

 

*

 

  

  

သူမ ပညာတတ်လူငယ်ရုံးသို့ လျှောက်လာသည်နှင့် အထဲတွင်ရှိနေသည့် အန်တီတစ်ယောက်က ချက်ချင်း မှတ်မိသွားခဲ့သည်။

 

ဤလမ်းတလျှောက်လုံးတွင် အလွန်လှပသည့်သူအဖြစ် လူသိများသည့် စုန့်မိသားစုထဲမှ ကလေးမလေး လင်းရန်ကို မသိနိုင်ဖို့က မည်သို့မျှမဖြစ်နိုင်ပါချေ။

 

သူမတွင် ဖြူဖွေးနူးညံ့သော မျက်နှာလေးရှိပြီး ကြီးမားသည့်မျက်လုံးဝိုင်းများ၊ လှပသောနှာတံနှင့် ချယ်ရီသီးရောင်နှုတ်ခမ်းတို့ရှိသည်။ သူမ၏  လှပသည့်မျက်လုံးလေးများက လူငယ်တော်တော်များများကို စွဲလန်းရစ်မူးစေခဲ့သည်။

 

အကယ်၍ သူမတွင် အလွန်ပြင်းထန်လှသည့် ဒေါသစိတ်ရှိကြောင်းကိုသာ မသိခဲ့ပါက အလွန်စောစီးသည့်အချိန်ကတည်းက အိမ်ထောင်ကျခဲ့ပေလိမ့်မည်။

 

ဟေး ရန်ရန် ၊ အလုပ်ဆင်းချိန်နီးနေပြီ ၊ မင်းဘာလို့ဒီကိုရောက်လာတာလဲ

 

လင်းရန် သူမ၏မှတ်ဥာဏ်ထဲမှ တစ်ဖက်လူမှာ အန်တီဝမ်ဖြစ်ကြောင်း ပြန်ရှာခဲ့ပြီး ရှင်းပြခဲ့သည်။

 

  “အန်တီဝမ်၊ ကျွန်မ မေးချင်တာလေး တစ်ခုရှိလို့ပါ၊  ကျေးလက်ဒေသကိုသွားဖို့အတွက် နောက်ထပ် လျှောက်လွှာပုံစံတွေများ ရှိနေသေးလား”

 

ဘာလဲ?

 

အန်တီဝမ်က သူမပြောသည်ကိုကြားပြီးနောက် အံ့ဩသွားခဲ့သည်။

 

ကျေးလက်ဒေသကို  သွားဖို့အတွက် လျှောက်လွှာပုံစံလား? ဘာဖြစ်လို့လဲ? မင်းအစ်မရဲ့ လျှောက်လွှာက  ပျောက်သွားတာလား

 

အန်တီဝမ်က ဤမေးခွန်းကိုမေးလာသည်မှာ  အံ့သြစရာတော့ မဟုတ်ပါချေ။ ဆိုရပါက ယနေ့ မနက်ခင်းတွင် စုန့်စစ်ယွီက သူမဆီသို့ လာပြီး လျှောက်လွှာပုံစံတစ်ခုတောင်းယူခဲ့ကာ သူတို့မိသားစုက သူမကို ကျေးလက်ဒေသကို စေလွှတ်ဖို့ စီစဉ်နေတယ်လို့ ပြောခဲ့သည်။

 

သမီးအကြီးဆုံးကို  မနက်ခင်းအချိန်တွင် သွားခိုင်းခဲ့ပြီးမှ နေ့လည်ဘက်တွ စိတ်ပြောင်းသွားခဲ့ပြီး သမီးကြီးကို မလွှတ်နိုင်သောကြောင့် သမီးငယ်ဖြစ်သူအား သွားခိုင်းလိုက်လာများလား?

 

မဖြစ်နိုင်လောက်ပါဘူး။ ဟုတ်တယ်မလား?

 

အထူးသဖြင့် စုန့်ဝေ့မှာ သူ့ဇနီးဟောင်းမှ မွေးပေးခဲ့သည့် သမီးအရင်း စုန့်စစ်ယွီထက် မယားပါသမီးကိုပို၍ချစ်ကြောင်း ဤလမ်းထဲတွင် မသိသူ မရှိပါချေ။

 

အကယ်၍ မိသားစုကသာ တစ်စုံတစ်ဦးအား ကျေးလက်သို့ စေလွှတ်ရမည်ဆိုပါလျှင်  သေချာပေါက် စုန့်စစ်ယွီသာဖြစ်နိင်ပြီး လင်းရန်၏ အလှည့်ဖြစ်လာမည်မဟုတ်ပေ။

 

လင်းရန်မှ ရှင်းရှင်းလင်းလင်း မရှင်းပြရသေးမီတွင် စိတ်မြန်လက်မြန်ရှိသော အန်တီဝမ်က နောက်သို့လှည့်ကာ လင်းရန်အတွက် လျှောက်လွှာပုံစံတစ်ရွက် ထပ်ယူပေးလာခဲ့သည်။

 

လျှောက်လွှာတွေက အများကြီးရှိတယ်၊ ဒါပေမယ့် ထပ်ပြီး မပျောက်သွားစေနဲ့တော့ ၊ ပြန်သွားပြီးရင် မင်းအစ်မကို အမြန်ဆုံးလာတင်ဖို့ ပြောလိုက်ဦး၊ အတည်ပြုချက်က သဘက်ခါကျရင် ထုတ်ပေးလာတော့မှာ

 

အန်တီဝမ်က လျှောက်လွှာပုံစံအသစ်ကို လင်းရန်ဆီသို့ ပေးရင်းပြောလာခဲ့သည်။

 

လင်းရန် လှမ်းယူပြီးနောက် အပြုံးလေးနဲ့ အန်တီဝမ်ကို ရှင်းပြခဲ့သည်။

 

အန်တီဝမ်၊ ကျွန်မ အစ်မရဲ့ လျှောက်လွှာပုံစံက မပျောက်သေးပါဘူး၊ ဒါက ကျွန်မ လိုချင်တဲ့ လျှောက်လွှာပုံစံပါ၊ ကျေးဇူးတင်ပါတယ် အန်တီဝမ်၊ ကျွန်မ ဒါကိုဖြည့်ပြီးရင် တတ်နိုင်သမျှ အမြန်ဆုံးတင်ပေးပါ့မယ်

 

ထိုသို့ပြောပြီးနောက် လင်းရန်က လျှောက်လွှာကိုယူကာ လှည့်ထွက်သွားခဲ့သည်။

 

အန်တီဝမ်ကတော့ ထိုနေရာတွင် ရပ်ကျန်ခဲ့ပြီး နေရာတွင်ရှိနေသောလူတိုင်းသည်လည်း အံ့အားသင့်သွားခဲ့ကြသည်။

 

ဒါက ဘာကိုဆိုလိုတာလဲ?

 

သူတို့မိသားစုက သမီးနှစ်ယောက်လုံးကို ကျေးလက်ကို ပို့ဖို့ စီစဉ်နေတာလား?

 

...

 

လင်းရန်က  ထပ်မံ မရှင်းပြခဲ့သည်ကတော့ စိတ်မကောင်းစရာပင်။ သူမက လျှောက်လွှာယူပြီးနောက် အစိုးရပိုင် စားသောက်ဆိုင်ဘက်သို့ တိုက်ရိုက်သွားခဲ့သည်။

 

သူမက ဤနေရာမှ ပတ်ဝန်းကျင်နှင့် ရင်းနှီးစေရန်အတွက် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း အစိုးရပိုင် ဟိုတယ်ကို အကြိမ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရသော်လည်း မည်သည့်အခါမျှ မစားခဲ့ရသေးချေ။

 

ဤဝတ္ထုထဲတွင် ရေးထားသည့်အကြောင်းအရာများအရ ထိုခေတ်ကာလမှ အစိုးရပိုင်ဟိုတယ်များမှာ သာမန်လူမတတ်နိုင်သော အဆင့်မြင့်ဟိုတယ်များကဲ့သို့ တည်ရှိမှုဟု ဖော်ပြထားခဲ့သည်။

 

လင်းရန် ဤနေရာတွင်ရှိသည့် အစားအသောက်ကို ကိုယ်တိုင် စမ်းကြည့်ချင်ခဲ့သည်။

 

စားသောက်ဆိုင်ထဲသို့ဝင်ပြီးနောက် သူမက စားသောက်ဆိုင်၏  အမှတ်လက္ခဏာဖြစ်သည့် အသားဟင်းလျာအချို့ကို မှာကြားခဲ့သည်။ ထို့နောက် ပိုက်ဆံနှင့် အစားအသောက်လက်မှတ်ကို ပေးဆောင်ခဲ့ပြီး ခုံတွင်ဝင်ထိုင်ကာ အစားအသောက်ချပေးလာမည်ကို စောင့်ဆိုင်းနေခဲ့သည်။

 

အစားအသောက်များရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေစဉ်တွင် သူမက လျှောက်လွှာပုံစံကို ထုတ်ယူ၍ သေသေချာချာ လေ့လာခဲ့ပြီး သူမအနေဖြင့် မည်သည့်ဒေသတွင်ရှိသည့် ကျေးလက်ကိုမဆို သွားရောက်နိုင်ကြောင်း သိရှိခဲ့သည်။

  

ဝတ္ထုထဲတွင်တော့ စာရေးဆရာက ဇာတ်ကွက်လိုအပ်ချက်အတွက် စုန်စစ်ယွီနှင့် စုန့်ဝေ့တို့အကြား ပဋိပက္ခကို လုံးလုံးလျားလျား နှိုးဆော်ခဲ့ခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့်သာ စုန့်စစ်ယွီက ကျေးလက်သို့သွားရန်အတွက်ရွေးချယ်ရာတွင် အဆိုးရွားဆုံးသော နယ်မြေကို ရွေးချယ်ခဲ့ခြင်းဖြစ်ပုံရသည်။

 

သို့သော်လည်း လင်းရန်ကတော့ ထိုကဲ့သို့ ကိုယ့်ကိုယ်ကိုသတ်သေရန်အတွက် စိတ်ဆန္ဒမျိုး မရှိခဲ့ပါချေ။ သူမသည်ကား  စုန့်မိသားစုနှင့် ခပ်ဝေးဝေးနေရန် အခွင့်အရေးကိုသာ လိုချင်သည်ဖြစ်ကာ အဆိုးရွားဆုံးနေရာကိုသွား၍ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေစရာ မလိုအပ်ပါချေ။

 

သူမ၏ စိတ်ထဲတွင်ကျန်ရှိနေခဲ့သည့် မူလပိုင်ရှင်၏ မှတ်ဥာဏ်များကို ပြန်လည် တွေးတောလိုက်မိသော်လည်း ကံမကောင်းစွာဖြင့် သူမမှာ ငယ်စဥ်ကတည်းက မြို့ထဲတွင်နေခဲ့သောကြောင့်ဖြစ်နိုင်သည်။ ကျေးလက်ဒေသများရှိ  ကွန်မြူနတီအသီးသီးမှ အခြေအနေများကို သူမ လုံးဝမသိရှိခဲ့ပေ။

 

သူမ၏  စိတ်အာရုံထဲတွင်စွဲထင်ကျန်ရစ်နေသည့် တစ်ခုတည်းသော အရာမှာ သူမ၏ ဖခင်အရင်းရှိနေသည့်နေရာ။ သို့မဟုတ် သူမ ငယ်စဉ်က နှစ်အနည်းငယ်ကြာအောင် နေထိုင်ခဲ့သည့် ချွန်းဖန်းကွန်မြူနတီသာဖြစ်ချေသည်။

 

ချွန်းဖန်း ကွန်မြူနတီသည် ဤမြို့၏လက်အောက်မှ ခရိုင်တစ်ခုတွင် တည်ရှိသည်။ သို့သော်လည်း မြို့တစ်ခုတည်းဟုသာ ယူဆနိုင်ခြင်းဖြစ်ကာ နယ်မြေအားဖြင့် လုံးဝနီးကပ်ခြင်းမရှိပေ။

 

ထိုကွန်မြူနတီသို့ ကားဖြင့်သွားမည်ဆိုပါက တစ်နေကုန်အောင် စီးနင်းရမှာဖြစ်ပြီး ကွန်မြူနတီမှ ရွာကိုသွားဖို့အတွက် နှစ်နာရီလောက်ကြာအောင် နွားလှည်းဖြင့် ထပ်မံသွားရလိမ့်မည်။ထို့နောက် အောက်တပ်မဟာသို့ ရောက်ရန် နောက်ထပ် တစ်နာရီခန့် လမ်းလျှောက်ရလိမ့်မယ်။

 

နားထောင်ရုံလောက်နှင့် လူများကို ထိတ်လန့်စေသည်။

 

  

သို့သော်လည်း တကယ်တမ်းပြောရပါက လမ်းပန်းဆက်သွယ်ရေး အဆင်မပြေသည်ကလွဲ၍ ထိုနေရာမှာအလွန်အဆင်ပြေကောင်းမွန်သည့်နေရာပင်ဖြစ်ပေသည်။

 

နေရာမှာ ဝေးလံခေါင်သီသော်လည်း ရာသီဥတုနှင့် ပတ်ဝန်းကျင်သည်ကား အလွန်ကောင်းမွန်ပြီး လယ်ယာမြေများမှာလည်း မြေဆီလွှာကောင်းမွန်ကာ နှစ်စဉ် ရိတ်သိမ်းသော ကောက်ပဲသီးနှံ၏ ရှစ်ဆယ်ရာခိုင်နှုန်းကို လူများ စားသောက်နိုင်ကြသည်။

 

တောင်ထူထပ်သောဒေသများရှိ ငတ်မွတ်ခေါင်းပါးမှုအခြေအနေနှင့် နှိုင်းယှဉ်ပါက အလွန်ကောင်းမွန်ပြည့်စုံလှသည်ဟုဆိုနိုင်ပေသည်။

 

စားနပ်ရိက္ခာများ အလုံအလောက်ရှိနေသော်လည်းလမ်းပန်းဆက်သွယ်ရေး အဆင်မပြေသောကြောင့် မြို့နဲ့ဝေးကွာလွန်းနေခဲ့ကာ အချက်အလက်များ အတော်လေး နောက်ကျနေသည်ကတော့ စိတ်မကောင်းစရာပင်။

 

မြို့တော်တွင် နေထိုင်ရမည့်ဘဝကို လိုလားတောင့်တသော လူအချို့အတွက်မူ ထိုကဲ့သို့ နောက်ကျကျန်နေခဲ့သည်ကို လက်မခံနိုင်ကြချေ : ဥပမာ လီရှိို့လီကဲ့သို့ လူများမှာ သည်းမခံနိုင်ခဲ့ကြ။

 

သူမ၏  မှတ်ဥာဏ်ထဲတွင် လီရှိို့လီမှာ ကျေးလက်ဒေသတွင်နေထိုင်ရခြင်းကို ငြီးငွေ့ပြီး သူမအဖေ၏ဆင်းရဲမှုကို မကြိုက်နှစ်သက်သောကြောင့် သူမ၏ အဖေနှင့် ကွာရှင်းခဲ့ကာ ဒုတိယအချစ်ကို ရှာဖွေရန်အတွက် မြို့သို့သွားရန် စီစဉ်ခဲ့သည်။

 

သူမမှာ ငယ်စဉ်အချိန်တုန်းက အတော်လေးကို ချောမောလှပခဲ့သည်။ ထိုအချိန်တုန်းက သူမ၏ မွေးရပ်မြေ မိသားစုမှ အိမ်နီးချင်း ညီမဖြစ်သူက မြို့ထဲ၌ လက်ထပ်ခဲ့ပြီး ထိုအမျိုးသမီးမှ လီရှိို့လီအား သူမသာဆိုလျှင် မြို့ထဲ၌လက်ထပ်နိုင်မည်ဖြစ်ကြောင်း တိုက်တွန်းခဲ့ချေသည်။

 

ထို့ကြောင့် လီရှိို့လီက တုန်ဖန်း တပ်မဟာမှ ပြတ်ပြတ်သားသား ထွက်ခွာသွားခဲ့ပြီး မြို့တော်သို့ ရောက်လာခဲ့သည်။

 

ပထမတွင် သူမက သမီးတစ်ယောက်ကိုမွေးမြူဖို့ ရည်ရွယ်ချက်မရှိခဲ့ကြောင့် လင်းမိသားစုမှ ထွက်သွားသည့်အချိန်၌ သူမ၏သမီးကို လင်းမိသားစုထဲတွင်သာ ချန်ထားခဲ့သည်။ 

သူမနဲ့အတူ ဆီပုလင်းလေး တွဲလောင်းပါလာပါက သူမ၏  အကျိုးစီးပွားကို သေချာပေါက် ထိခိုက်စေလိမ့်မည်။

 

မမျှော်လင့်ဘဲ၊ သူမ၏ညီမမှ မိတ်ဆက်ပေးခဲ့သော စုန့်ဝေ့က သူမ၏သမီးလေးကို ခေါ်ဆောင်လာရန် အမှန်တကယ်တောင်းဆိုခဲ့ပြီး သူတို့နှစ်ဦးက ထိုကလေးကို အတူတကွ ပြုစုစောင့်ရှောက်ပေးမည်ဖြစ်ကြောင်း ပြောလာခဲ့သည်ပင်။

 

ထိုအချိန်တွင် စုန့်ဝေ့နှင့် လီရှို့လီတို့ နှစ်ဦးလုံး အကောင်းဆုံးသော ဒုတိယအိမ်ထောင်ဖက်နှင့် တွေ့ဆုံခဲ့ကြခြင်းသာဖြစ်ချေသည်။  တစ်ဖက်လူမှ ထိုသို့ တောင်းဆိုလာချိန်၌ ထိုသူစိတ်မချမ်းသာမည်ကို စိုးရိမ်နေသည့် လီရှို့လီသည်လည်း ငြင်းပယ်ရဲခြင်း မရှိခဲ့ချေ။

 

ဤသို့နှင့် ရက်အနည်းငယ်အတွင်းမှာ သူမက  လင်းမိသားစုဆီသို့ နောက်တစ်ဖန်ပြန်လာခဲ့ပြီး သမီးဖြစ်သူကို လာခေါ်ခဲ့သည်။ ထိုအချိန်တုန်းက သူမက သမီးဖြစ်သူအား မြို့ထဲတွင် ပျော်ရွှင်စရာများကို လှည့်ပပြဖို့ ခေါ်သွားမည်ဖြစ်ကြောင်း၊ အချိန်တန်လျှင် လင်းမိသားစု ဆီသို့   သမီးဖြစ်သူကို ပြန်ခေါ်လာမှာဖြစ်ကြောင်း ပြောခဲ့ကာ သမီးဖြစ်သူအား လုယူသွားခဲ့တော့သည်။

 

အချိန်အားဖြင့် ဆယ်နှစ်ကျော်ကြာသွားခဲ့ချေပြီ။ လီရှို့လီက သူမ လင်းမိသားစုဆီသို့ ပေးခဲ့သည့်  ကတိကို မေ့ပျောက်သွားသည်မှာလည်း အချိန်အလွန်ကြာမြင့်ခဲ့ပြီ။ သူမက လင်းရန် အား မည့်သည့်အခါတွင်မှ ပြန်မပို့ပေးခဲ့တော့ပါချေ။

 

သို့သော်လည်း လင်းရန်၏ မှတ်ဉာဏ်တွင် ဝိုးတဝါးကျန်ရှိနေသော အမှတ်တရအချို့ ရှိနေခဲ့သေးသည်။

 

သူမ၏ စိတ်ထဲ၌ အရပ်ရှည်သော အမျိုးသားတစ်ဦးက ချစ်ခင်စွာ ပြုံးပြနေခဲ့ကာ သူမကို ကောက်ချီပြီး  အမြင့်သို့ မြှောက်ကာ ဆော့ကစားပေးနေခဲ့သည်။

 

လီရှို့လီက သူမကို ခေါ်ဆောင်သွားသည့်အချိန်တွင် ထိုအမျိုးသား၏ မျက်လုံးများမှာ နီရဲနေခဲ့ပြီး တိတ်တဆိတ်ငိုနေခဲ့လေ၏။

 

လင်းရန်မှာ သူမ၏ယခင်ဘဝတုန်းက မိဘမဲ့တစ်ဦးဖြစ်ခဲ့ပြီး မိဘများ၏ချစ်ခြင်းမေတ္တာကို တစ်ခါမျှမခံစားဖူးသောကြောင့်ဖြစ်နိုင်သည်။ သို့မဟုတ် ဤသည်မှာ မူလခန္ဓာကိုယ်၏ ခံစားချက်များမှ အကျိုးသက်ရောက်မှုကြောင့်လည်း  ဖြစ်နိုင်သည်။

 

ပြောရလျှင် ဤခန္ဓာကိုယ်၏ ဖခင်အရင်းသည် သူမကို အလွန်အမင်းချစ်ခင်လိမ့်မည်ဟု လင်းရန် ခံစားမိရလေသည်။

 

ထို့ကြောင့် သူမက အချိန်ကြာအောင် တုံ့ဆိုင်းမနေတော့ဘဲ သွားရောက်မည့် ကျေးလက်ဒေသနေရာ၌ ချွန်းဖန်း ကွန်မြူနတီ ဟူသော စကားလုံးကို တိုက်ရိုက်ချရေးခဲ့သည်။