Ch 25
Viewers 10k

(25)

 

လင်းရန် ခေါင်းကိုမော့ကာစုန့်ဝေ့၏ သဘောထားကြီးလွန်းသည့် အမူအရာကို မျက်နှာချင်းဆိုင်ကြည့်လိုက်ပြီး သူမ၏ ခေါင်းကို ပြန်ငုံ့လိုက်ပြန်ကာ တုံ့ဆိုင်းနေသည့်အမူအယာဖြင့် တီးတိုးပြောလိုက်သည်။

 

ဒါဆို ကျွန်မစဉ်းစားလိုက်ဦးမယ်

 

စုန့်ဝေ့အတွက်ကတော့ လင်းရန်သာ ထိုအကြောင်းများကို တွေးတောဖို့ ဆန္ဒရှိနေသရွေ့ ပြဿနာက ကြီးမားလာတော့မှာမဟုတ်ဘဲ မကြာခင်အဆင်ပြေသွားမည်ဖြစ်ကြောင်း ယူဆခဲ့သည်။

 

ယနေ့အတွက်တော့ ကိစ္စများက ယာယီအားဖြင့် အဆုံးသတ်သွားခဲ့ပြီ။

 

စုန့်ဝေ့အနေဖြင့် လင်းရန်ကို အလျင်စလို မတိုက်တွန်းရဲပါချေ။ သို့မဟုတ်ပါက ကိစ္စများက မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်သို့ ဦးတည်သွားနိုင်သည် ။

 

သူ့အနေဖြင့် လင်းရန်အား စိတ်အပန်းဖြေရန် ရက်အနည်းငယ်ခန့် လွှတ်ထားပေးဖို့ ဆုံးဖြတ်ခဲ့သည်။ ထိုရက်ပိုင်းတွေမှာ သူမအပေါ်ကို ဂရုစိုက်သည်ဟု ခံစားမိစေရန် အစွမ်းကုန်ကြိုးစားရလိမ့်မည်။

 

သကြားဖုံးထားသော ကျည်ဆန်များ၏ ထိုးစစ်ဆင်မှုအောက်တွင် လင်းရန်မှ တိုက်ခိုက်မှုကို အရှုံးမပေးဘဲ တွန်းလှန်နိုင်ဖို့က လုံးဝမဖြစ်နိုင်ပေ။

 

  

  

  

ထို့ကြောင့် နောက်ရက်အနည်းငယ်အတွင်းတွင် စုန့်ဝေ့မှာ လီရှို့လီမှ လင်းရန်အား စုန့် မိသားစုထံသို့ ပထမဆုံး ခေါ်ဆောင်လာကာစအချိန်ကဲ့သို့ လင်းရန်၏နှလုံးသားကို ဆုတ်ကိုင်အနိုင်ယူရန်အတွက် အတတ်နိုင်ဆုံးကြိုးစားတော့သည်။

 

သူက လင်းရန်ကို စိတ်အားထက်သန်စွာဖြင့် နှုတ်ဆက်မှာဖြစ်ပြီး သူမ ကြိုက်တတ်သည့် အစားအစာများကို ပြန်ယူလာတတ်ကာ လင်းရန်အတွက် စကတ်ဝယ်ယူဖို့ရန်အတွက်ပင် ပိုက်ဆံအများအပြား အကုန်အကျခံခဲ့သည်။

 

သူ အတော်လေး ကြိုးပမ်းအားထုတ်နေခဲ့သည်ဟုဆိုရမည်ပင်။

 

မတိုင်ခင်အဖြစ်အပျက်က လင်းရန်၏ စိတ်နှလုံးအား ပြင်းပြင်းထန်ထန် ထိခိုက်သွားစေသည်လား သို့တည်းမဟုတ် သူပေးခဲ့သည်များက သူမ၏ စိတ်ကို ကိုင်လှုပ်စေဖို့ မလုံလောက်သေးသောကြောင့်လား မသိရသော်လည်း လင်းရန်မှာ သူမအတွက် ပြင်ဆင်ပေးထားသည့် ပစ္စည်းများကို သိပ်ပြီးစိတ်မဝင်စားသည့် ပုံရသည်။

 

  

အများစုကတော့ သူမက ကျေးဇူးတင်ပါတယ် အန်ကယ်စုန့်ဟူ၏ ခပ်တိုးတိုးပြောလာမည်ဖြစ်ကာ ခေါင်းကိုညိတ်ပြလာလိမ့်မည်။

 

သို့သော်လည်း သူမက သူယူလာပေးသည့် ပစ္စည်းများကိုတော့ လက်ခံယူနေဆဲပါပင်။

 

ရူးနေလို့လား! သူမသာ ဒီအခြေအနေအပေါ် အခွင့်ကောင်းမယူရင် တကယ် ရူးနေလို့ပဲဖြစ်လိမ့်မယ်!

 

သူမ တုံ့ဆိုင်းနေသေးသည်ကို မြင်နေရချိန်တွင် စုန့်ဝေ့မှာ စိတ်ပူပန်မှုများနှင့်အတူ ဒေါသတကြီးပါ ဖြစ်လာခဲ့ရသည်။

 

လင်းရန်၏ ကျေးလက်ဒေသသို့သွားရမည့်နေ့ရက်က တဖြည်းဖြည်း နီးကပ်လာခဲ့ပြီ။

 

အကယ်၍ ဤမိန်းကလေး လင်းရန်ကိုသာ ထိုနေ့အထိ မချော့မော့နိုင်ခဲ့လျှင် သူမ ကျေးလက်ဒေသသို့ ထွက်သွားပြီးနောက် မည်သို့ ဖြစ်လာနိုင်မည်နည်း။

 

သူ၏လက်များက မည်မျှပင် ရှည်လျားပါစေ ကျေးလက်ဒေသအထိ မရောက်နိုင်သည်ကတော့ သေချာပေသည်။

 

ထိုအချိန်မှာသာ လင်းရန်အား သူ့ကို နာခံမှုရှိစေရန် ထိန်းချုပ်မည်ဆိုပါက ကောင်းကင်ဘုံကို ရောက်ဖို့ကြိုးစားသည်ထက်ပင် ပို၍ခက်ခဲနေလိမ့်မည်။

 

သူမ ကျေးလက်ဒေသကို မသွားခင် လင်းရန်ကို အချိန်မှီ ချော့မော့နိုင်မှဖြစ်ပေမည်။

 

စုန့်ဝေ့မှ လင်းရမ်အား စိတ်ပူနေချိန်တွင် တစ်ဖက်မှ စုန့်စစ်ယွီမှာရက်အနည်းငယ်ကြာအောင် စဉ်းစားပြီးနောက်တွင် သူမ၏ အဖေဖြစ်သူကို အရေးကြီးသည့် အရာတစ်ခုကို ပြောပြအတွက် ဆုံးဖြတ်ချက်ချခဲ့သည်။

 

ထိုအရေးကြီးသည့်အရာကတော့: သေချာတာပေါ့ ။ သူမရဲ့ ပြန်လည်မွေးဖွားမှုအကြောင်းပဲ။

 

သူမအနေဖြင့် ဤအကြောင်းများကို သူမ၏အဖေဖြစ်သူဆီကို ပြောပြဖို့အတွက် မည်သည့်အချိန်ကမှ မတွေးတောခဲ့ပေ။ သူမအနေဖြင့် သူမ၏ စကားများက အဖေဖြစ်သူကို ခြောက်လှန့်သကဲ့သို့ ဖြစ်သွားမည်ကို စိုးရိမ်သည့်အပြင် သူမ၏ပြောစကားများကို အဖေဖြစ်သူမှ မယုံကြည်မည်ကို သံသယဖြစ်မိသည်။

 

အဆုံးတွင် ပြန်လည်မွေးဖွားခြင်းဆိုသည်မှာအမှန်တကယ်ပင် ထူးဆန်းသောအရာဖြစ်ပြီး သူမသည်လည်း ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ရခြင်းကြောင့်သာ မဟုတ်ပါက ယုံကြည််မည်မဟုတ်ချေ။

 

သို့သော် ယခုအခြေအနေသည်ကား ...

 

သူမ ဒီအကြောင်းကို သူမရဲ့အဖေကို မပြောပြလို့မရတော့ဘူး!

 

  

ရက်အနည်းငယ်ကြာအောင် အလေးအနက်တွေးတောပြီးနောက်တွင် စုန့်စစ်ယွီတစ်ယောက် သူမသာ သူမ၏ယခင်ဘဝတွင် ရရှိခဲ့သော အောင်မြင်မှုများနှင့် စည်းစိမ်ဥစ္စာများကို ရရှိပိုင်ဆိုင်လိုပါက သူမ၏ အသက်မွေးဝမ်းကြောင်း အတွေ့အကြုံကို ယခင်ဘဝတုန်းကအတိုင်း တစ်ဆင့်ပြီးတစ်ဆင့် လိုက်နာရမည်ဟု ဆုံးဖြတ်ချက်ချခဲ့သည်။

 

သူမ၏ ကြုံတွေ့ရမည့် အတွေ့အကြုံ တစ်ခုချင်းစီကို ထပ်တူညီစွာ ပြုလုပ်ရန်လိုအပ်ပြီး အရာအားလုံးမှာ ချိတ်ကိုးခုကဲ့သို့ တစ်ခုနှင့်တစ်ခု အပြန်အလှန် ချိတ်ဆက်နေရန်လိုအပ်နေလိမ့်မည်။

 

အကယ်၍ ချိတ်ဆက်မှု တစ်ခု လွတ်သွားပါက နောက်ဆက်တွဲတိုးတက်မှုအပေါ် သက်ရောက်မှုရှိလာလိမ့်မည်။

 

ဤသို့ပြုလုပ်မှသာ သူမ စက်ယန္တရားစက်ရုံတွင် ယခင်ဘဝကကဲ့သို့ရာထူးနေရာကို ရရှိလိမ့်မည်။

 

ဤသို့ဆိုပါက သူမအနေနဲ့ ဒါရိုက်တာရှုအား ရှောင်ဖယ်လိုက်၍မရချေ။ ဒါရိုက်တာရှု ၏ရာထူးအား တခြားလူတစ်ဦးနှင့် အစားထိုးခြင်းမျိုး မရှိခဲ့ပါက သူတစ်ဦးတည်းကသာ လူသစ်စုဆောင်းရေးအတွက် တာဝန်ခံဒါရိုက်တာဖြစ်နေပေလိမ့်မည်။

 

သို့သော်လည်း လူစားထိုးဖို့ဆိုသည်က မဖြစ်နိုင်သည်မှာ သေချာပေသည်။

 

ထို့ကြောင့် သူမအနေဖြင့် ဒါရိုက်တာရှုနှင့် ကောင်းမွန်သောဆက်ဆံရေးရှိလိုပါက လင်းရန်မှာ သူမ၏ ယခင်ဘဝက  ကဲ့သို့ ရှုမိသားစုထဲသို့ လက်ထပ်၍ ဝင်ရောက်ရမည်ဖြစ်ပေသည်။

 

သို့မှသာ မိသားစုနှစ်စုက တစ်မိသားစုတည်းဖြစ်လာမည်။ ဤသည်မှာ အလုံခြုံဆုံးနည်းလမ်းဖြစ်ပေသည်။

 

ထို့ကြောင့် လင်းရန်အား ရှုမိသားစုနှင့် လက်ထပ်ဖို့ကို လက်လျှော့လိုက်သည့် အဖေဖြစ်သူ၏အတွေးကို ပြန်လည်ပြောင်းလဲမှ ဖြစ်ပေလိမ့်မည်။

 

ထိုညတွင် လင်းရန် အပေါ်ထပ်သို့ တက်သွားခဲ့ပြီးနောက် စုန့်စစ်ယွီက စုန့်ဝေ့ကိုသွားရှာခဲ့သည်။

 

အဖေ၊ ကျွန်မ အဖေ့ကိုပြောစရာရှိတယ်

 

သူမ၏ အမူအရာက အလွန် လေးနက်နေခဲ့ပြီး သူမ၏ ပုံစံမှာ အလွန်အရေးကြီးသည့် တစ်စုံတစ်ခုကို ပြောတော့မည့် ဟန်ရှိသည်။

 

စုန့်ဝေ့ အနည်းငယ် စိတ်ရှုပ်ထွေးသွားသော်လည်း အလျှင်အမြန် ခေါင်းညိတ်လိုက်သည်။

 

သူ့တွင်လည်း စုန့်စစ်ယွီကို ပြောစရာရှိနေသည်ပင်။ သူ့အနေဖြင့် သမီးဖြစ်သူအား ထိုနေ့တုန်းက သူ လင်းရန်နှင့် ရှုကျစ်ဝမ်ကို လက်ထပ်ခိုင်းတော့မည်မဟုတ်ကြောင်း ပြောခဲ့သည့်စကားကို ရှင်းပြပေးချင်ခဲ့သည်။

 

သူတို့နှစ်ယောက် မီးဖိုချောင်ထဲတွင် ပန်းကန်များကို ဆေးကြောနေသည့် လီရှို့လီကို တစ်ချက်လှမ်းကြည့်လိုက်ကြပြီး အချင်းချင်းနားလည်မှုရှိစွာနှင့် အပြင်ဘက်သို့ တိတ်တဆိတ်ထွက်ခွာလာခဲ့ကြသည်။ သူတို့၏ စကားများအား လီရှို့လီကို နားထောင်ခွင့်မပးနိုင်ချေ။

 

ခဏကြာပြီးနောက် သူတို့နှစ်ယောက် စကားပြောဖို့ရန် သင့်တော်သည့်နေရာကို ရှာတွေ့ခဲ့သည်။

 

ထို့နောက်တွင်တော့ စုန့်စစ်ယွီက သူမ၏ ပြန်လည်မွေးဖွားခြင်းအကြောင်းကို စုန့်ဝေ့ထံသို့ တုံ့ဆိုင်းမှုမရှိ ပြောပြခဲ့သည်။

 

သူမ မျှော်လင့်ထားသည့်အတိုင်း စုန့်ဝေ့၏ ပထမဆုံးတုံ့ပြန်မှုမှာ မယုံကြည်နိုင်ခြင်းသာ ဖြစ်နေခဲ့သည်။

 

သို့သော်လည်း စုန့်စစ်ယွီက သူမယခင်ကြိုတွေးထားသည့် သက်သေ အထောက်အထားများကို ထုတ်ပြခဲ့သည်။

 

စုန့်စစ်ယွီမှ သူလုပ်ခဲ့သည့်ကိစ္စများအားလုံး၏ ရည်ရွယ်ချက်အစစ်အမှန်နဲ့ လင်းရန်အတွက် အနာဂတ်အစီအစဉ်များကို ပြောပြလာသည့်နောက်တွင် စုန့်ဝေ့မှာ အချိန်အလွန်ကြာမြင့်သည်အထိ အလွန်အမင်း တုန်လှုပ်နေခဲ့ကာ စကားပင် မပြောနိုင်တော့ချေ။

 

ဥပမာအားဖြင့် သူ လင်းရန်အား ရှုမိသားစုထဲသို့ လက်ထပ်ရန် စီစဥ်ခဲ့ရသည့် အဓိကအကြောင်းရင်းမှာ နောက်ပိုင်းတွင် ရှုမိသားစု၏ အဆက်အသွယ်အားသုံး၍ စုန့်စစ်ယွီအား စက်ရုံတွင် ရာထူးတစ်ခုရရှိစေဖို့ရန်ဖြစ်ကြောင်းကို ပြောပြနိုင်ခဲ့သည်။

 

နောက်ထပ်ဥပမာတစ်ခုမှာ လင်းရန်အပေါ်တွင်ရှိသည့် သူ၏ စေတနာများမှာ သူမ(စုန့်စစ်ယွီ)ကို တိုးတက်လာပြီး အရည်အချင်းရှိသူ ဖြစ်စေချင်သည့်အတွက့ဖြစ်ကြောင်း ပြောပြနိုင်ခဲ့သည်။

 

သူကိုယ်တိုင်ကလွဲပြီး ဤကမ္ဘာပေါ်မှာ သူ၏အကြံအစည်နဲ့ အစီအစဥ်များကို မည်သူမှ မသိနိုင်ကြောင်း စုန့်ဝေ့ ကျိန်ဆိုဝံ့သည်။

  

 

  

မမျှော်လင့်စွာနှင့် ဤအချိန်တွင် သူ့ရှေ့၌ ရပ်နေသည့် သမီးဖြစ်သူက နှစ်ပေါင်းများစွာအတွင်း သူ သိုဝှက်ဖုံးကွယ်ထားခဲ့သည့် သူ့ရဲ့ အတွေးများနဲ့ တွက်ချက်မှုတွေကို အမှန်တကယ် ထုတ်ဖော်ပြသနိုင်ခဲ့သည်။

 

ဤစကားများကို ကြားပြီးချိန်တွင် စုန့်ဝေ့မှာ ပြန်လည်မွေးဖွားလာသည့်ကိစ္စက ထူးဆန်းလွန်းသော်လည်း အဆုံးတွင် သမီးဖြစ်သူကို ယုံကြည်သွားနိုင်ခဲ့သည်။

 

သူ ယုံကြည်လာသည်ကို မြင်လိုက်သည်နှင့် စုန့်စစ်ယွီက သူမ ထိုအကြောင်းကို ထုတ်ပြောပြခဲ့ရသည့် အဓိကရည်ရွယ်ချက်ကို အမြန်ထုတ်ဖော်ခဲ့သည်။

 

ဒါပေမယ့် အဖေ၊ အခုအခြေအနေက အရင်ဘဝရဲ့ အောင်မြင်မှုတွေကို ရချင်တယ်ဆိုရင်တော့ အဖေသတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း လိုက်လုပ်မှဖြစ်လိမ့်မယ်၊

 

ဒါကြောင့် လင်းရန်ကို ရှုမိသားစုနဲ့ လက်ထပ်မှကိုဖြစ်လိမ့်မယ်၊ ဒါမှ ကျွန်မလည်း စက်ရုံထဲကို အောင်အောင်မြင်မြင်နှင့် ဝင်နိုင်မှာလေ၊

 

ဒါမှ ကျွန်မတို့တွေ အရင်ဘဝတုန်းကလိုမျိုး အောင်မြင်မှုတွေကိုရဖို့အတွက် လိုအပ်တဲ့အခွင့်အရေးတွေကို ထိတွေ့ခွင့်ရလိမ့်မယ်

 

 

  

စုန့်စစ်ယွီမှ မကြာခင်အချိန်တုန်းက သူမ၏ရဲ့ ပြန်လည်မွေးဖွားခြင်းအကြောင်းကို ပြောချိန်တွင် သူမ၏ ယခင်ဘဝ၏ အခြေအနေများကိုပါ ပြောပြခဲ့သည်။

 

ထို့ကြောင့် စုန့်ဝေ့သည်လည်း ယခင်ဘဝတွင် သူ့၏အစီအစဉ်နဲ့ကြောင့် နောက်ဆုံး၌ သမီးဖြစ်သူမှာ အလွန်အောင်မြင်ခဲ့သူတစ်ယောက်ဖြစ်လာကြောင်းကို သိရှိခဲ့သည်။

 

ထိုအချိန်တွင် သူ့အနေဖြင့် ဂုဏ်ယူဝင့်ကြွားမှုကို မခံစားဘဲ မနေနိုင်ပါချေ။

 

သို့သော်လည်း သူ အချိန်ကြာမြင့်စွာ ဂုဏ်မယူနိုင်ခင် သူ့သမီး၏ ထိုစကားများကို ကြားလိုက်ရတော့သည်။

 

ထိုအချိန်ကျမှသာ စုန့်ဝေ့တစ်ယောက် သူ့လက်ထဲမှကိစ္စမှာ မည်မျှ ခက်ခဲသည်ကို သတိပြုမိသွားရတော့သည်။

 

သူက မျက်မှောင်မကြုတ်ဘဲမနေနိုင်တော့ချေ။

 

ဒါပေမယ့် လင်းရန်က မနက်ဖြန် ဒီကနေ ထွက်သွားတော့မှာ၊ အခုမှ ဒီအကြောင်းပြောတော့ အရမ်းနောက်ကျနေပြီ မဟုတ်ဘူးလား!

 

ဤမနက်တွင် ခရိုင်ရုံးမှ အန်တီဝမ်က သူတို့၏အိပ်သို့ ထပ်မံရောက်လာခဲ့ပြီး လင်းရန်၏ ထွက်ခွာမည့်အချိန်ကို အကြောင်းကြားခဲ့သည်။

 

ဤပညာတတ်လူငယ်များအဖွဲ့မှာ မနက်ဖြန် နံနက် ဆယ်နာရီတွင် ထွက်ခွာရလိမ့်မည်။ ထိုအချိန်တွင် လင်းရန်က သူမ၏ ခရီးဆောင်အိတ်များကို ရုံး၏တံခါးဝသို့ ယူဆောင်သွားမှာဖြစ်ပြီး ထိုနေရာတွင် စုဝေးပြီးမှ ဘူတာသို့ ပို့ဆောင်ပေးရန် စီစဉ်ထားသော ယာဉ်တစ်စီးရှိလိမ့်မည်။

 

မနက်ဖြန် မနက် ဆယ်နာရီအထိသာ အချိန်ကျန်ရှိတော့သည်။ သူတို့အနေဖြင့် လင်းရန်အား ရှုကျစ်ဝမ်နှင့်လက်ထပ်ဖို့အတွက် မည်သည့်နည်းလမ်းနှင့် စီစဦ်နိုင်တော့မည်နည်း။

 

စုန့်စစ်ယွီသည်လည်း ဤသည်ကို ကောင်းစွာ နားလည်သဘောပေါက်ပေသည်။ သူမသည်လည်း သူမ၏ဖခင်ဖြစ်သူမှ ဤအချိန်တိုကာလအတွင်း လင်းရန်နှင့် ရှုကျစ်ဝမ်တို့၏ လက်ထပ်ပွဲကို စီစဥ်ပေးနိုင်ရန် မျှော်လင့်မထားခဲ့ပါချေ။

 

သူမ ယခု ထုတ်ဖော်ပြောပြရသည့် အကြောင်းရင်းမှာ လင်းရန်နှင့် ရှုမိသားစုတို့၏ လက်ထပ်ပွဲက မည်မျှအရေ့ကြီးကြောင်းကို ဖခင်ဖြစ်သူ နားလည်စေရုံသာသပြောပြခြင်းဖြစ်ကာ သူမ၏ အစီအစဉ်များကို ဖခင်ဖြစ်သူအား ပြောပြချင်၍လည်းဖြစ်ပေသည်။

 

အဖေ စိတ်မပူနဲ့၊ ကျွန်မပြောတာကို နားထောင်....

 

**