(26)
စုန့်စစ်ယွီ၏အစီအစဉ်ကို
ကြားပြီးနောက် စုန့်ဝေ့မှာ စုန့်စစ်ယွီထံသို့ ပျော်ရွှင်ဝမ်းမြောက်စွာ မကြည့်ဘဲ
မနေနိုင်ပါချေ။
စုန့်ဝေ့၏သမီးထံမှမျှော်လင့်ထားသည့်အတိုင်း
သူမသည်ကား အလွန်ပင်ထက်မြက်လှပေသည်။
“ကောင်းပြီ
မင်းပြောတဲ့အတိုင်းလုပ်ကြတာပေါ့! လင်းရန်က အချိန်အကြာကြီးမနေနိုင်ပါဘူး!”
စုန့်စစ်ယွီ၏အစီအစဥ်သည်က
လုံးဝရှုပ်ထွေးခြင်းမရှိပါပေ။
သူတို့အနေဖြင့်
လင်းရန်၏ အခက်အခဲများကို သည်းမခံနိုင်သော စိတ်သဘောထားနှင့်
အလုပ်ကြိုးစားအားထုတ်လိုစိတ်မရှိသော စိတ်နေသဘောထားတို့အပေါ်
အခွင့်ကောင်းယူခြင်းသာဖြစ်လိမ့်မည်။
လင်းရန်က
ကျေးလက်ဒေသကိုသွားဖို့ စီစဉ်နေတာလား?
ဒါဆိုလည်း
သူမကိုလွှတ်ပေးလိုက်မယ်!
သူမက
ကျေးလက်ဒေသအတွင်း ဘဝတွေက အလွန်သက်သောင့်သက်သာရှိလိမ့်မယ်လို့ ထင်နေတဲ့ပုံပဲ။
သူမအနေနဲ့
စစ်တပ်ကြီးတစ်ခုနှင့်အတူအလုပ်လုပ်ကိုင်ရမှာဖြစ်ပြီး နေရာတကာကို
လိုက်ပါစောင့်ကြည့်ပြီး ထိန်းချုပ်နေလိမ့်မယ်။
သူမက သူမကို
နှောင့်ယှက် ဆုံးမပေးမယ့် မိဘတွေ မရှိတော့တာကြောင့် အရမ်း လွတ်လပ်ပြီး
သက်တောင့်သက်သာ ရှိနေလောက်မယ်လို့များ ထင်နေတာလား?!
သူမသာ တကယ်ကြီး
အဲလိုမျိုးတွေးတောနေခဲ့မယ်ဆိုရင်တော့ အလွန်အမင်းရယ်စရာကောင်းလွန်းတယ်လို့
ဆိုရမှာပဲ!
စုန့်စစ်ယွီ
သူမ၏ယခင်ဘဝတွင် အလားတူကောလဟာလများကို ကြားခဲ့ဖူးသည်။ လူငယ်အများစုမှာ
သူတို့၏မိဘများဆီမှ ထိန်းချုပ်မှုများမရှိတော့သည့်အချိန်တွင်
မည်သည့်အရာကိုမှထိန်းသိမ်းနေစရာမလိုတော့ဘဲ အလွန်အမင်း
လွတ်လပ်သွားပြီဖြစ်ကာ လုပ်ချင်သမျှကို လုပ်နိုင်တော့မည်ဟုထင်ခဲ့ကြသည်။
သို့သော်လည်း
တကယ်တမ်းတွင်တော့ ကျေးလက်ဒေသရှိ အခြေအနေများက
ပိုမိုကြမ်းတမ်းခက်ခဲလာလိမ့်မည်ကိုကား မသိခဲ့ကြချေ။
ထိုအချိန်တွင်
သူမသည်လည်း မိသားစုကို စွန့်ခွာရန်အတွက် အိပ်မက် မက်နေခဲ့သောကြောင့် ကျေးလက်ဒေသကို
သွားခြင်းမှာ သူမဘဝ၏ အလင်းရောင်တစ်ခုဟု မှတ်ယူလုနီးပါးဖြစ်ခါ့သည်။
သို့သော်လည်း သူမ
ကျေးလက်သို့ အမှန်တကယ်ရောက်သွားသည့်အချိန်တွင်တော့ ဤသည်မှာ အမှန်တကယ် ဘဝတက်လမ်းကို
ရှာဖွေနိုင်ခဲ့ခြင်းမဟုတ်ကြောင်းကို သိရှိလိုက်ရသည်။ ဤသည်ကား
မီးပုံတွင်းတစ်ခုဆီသို့ ခုန်ဆင်းသွားခြင်းမှလွဲ၍ တခြားမဟုတ်ကြောင်း
ထင်ရှားနေခဲ့သည်ပင်။
သူမအနေဖြင့်
အိမ်အလုပ် လုပ်နည်းကိုသိပြီး အလုပ်များစွာကိုလည်း လုပ်တတ်ခဲ့သော်လည်း သူမမှာ
ပင်ပန်းလွန်းခဲ့ရပြီး နေ့စဥ်နေ့တိုင်း အိပ်ရာထဲတွင် တိတ်တဆိတ်ငိုကြွေးနေခဲ့ရသည်။
သူမ၏အဖေဖြစ်သူထံမှ
ငယ်စဥ်ကလေးဘဝကတည်းက အလိုလိုက်ပြီး ဖျက်စီးခံထားခဲ့ရသည့် လင်းရန်ကဲ့သို့
တစ်စုံတစ်ယောက်အတွက်တော့ ပြောစရာပင် မလိုအပ်ပါချေ။
‘သူမက
နှစ်ရက်တောင် မနေနိုင်ဘဲ ပြန်လာချင်နေမှာ သေချာတယ်’
သူမ၏
အဖေအတွက်တော့ လင်းရန်အား အရှုံးသမားတစ်ယောက်ကဲ့သို့ ပြုစုပျိုးထောင်ဖို့အတွက်
ပြန်လည်ခေါ်ယူဖို့အတွက်က လုံးဝအဆင်ပြေသော်လည်း ထိုအချိန်တွင် သူမအတွက်တော့
ယခင်ကဲ့သို့ နေနိုင်ခွင့်ပေးဖို့အတွက် မဖြစ်နိုင်တော့ပါချေ။
ထိုလင်းရန်က
သူမဘက်မှ မည်သို့ အဖိုးအခမျှ ပေးချေစရာမလိုအပ်ဟု ထင်မြင်နေခဲ့သည်လား?
သူမတို့၏မိသားစုက ပရဟိတလုပ်နေသည်ဟုများ အမှန်တကယ် ထင်မှတ်နေသည်လား!
ထိုအချိန်ကို
ရောက်လာလျှင် သူမ၏ဖခင်မှ လင်းရန်အား ဤသို့ လိမ်ညာပြောဆိုနိုင်လိမ့်မည်။
လင်းရန်မှ
ရှုမိသားစုမသိခင် ကျေးလက်ဒေသသို့သွားရန်စီစဥ်ခဲ့သည့်အတွက် သူမ၏အဖေမှာ
ရှုမိသားစု၏ တိုက်ခိုက်မှုများကြောင့် စက်ရုံအတွင်း၌ အလွန်ဆိုးရွားသည့်
ဆက်ဆံမှုများကို ခံစားခဲ့ရသည်။ လင်းရန်မှတပါး ဤပြဿနာကိုဖြေရှင်းနိုင်ဖို့
နည်းလမ်းမရှိပေ။
အကယ်၍ သူမသာ
သူတို့နှင့်အတူ မြို့ပေါ်တွင် နေထိုင်ဖို့အတွက် ပြန်လာချင်ပါက သူမအတွက်
အလွန်ရှင်းလင်းသည့် နည်းလမ်းကို ညွှန်ပြပေးလိမ့်မည်:
ထိုနည်းလမ်းကတော့
သူမနေနဲ့ ရှုကျစ်ဝမ်အား လိုက်ဖမ်းရလိမ့်မည်။ ရှုကျစ်ဝမ်ကသာ သူမအား ကြိုက်နေသေးသ၍
ဒါရိုက်တာရှုကို ထည့်တွက်စဥ်းစားစရာ ပြဿနာမရှိတော့ချေ။
ဤနည်းအားဖြင့်
ထိုနှစ်ဦးက ယခင်ဘဝ၏ တိုးတက်မှုအရ လက်ထပ်လိုက်နိုင်မှာဖြစ်ပြီး အရာအားလုံးကလည်း
လမ်းကြောင်းမှန်ပေါ် သို့ ပြန်ရောက်သွားနိုင်သည်။
စုန့်စစ်ယွီနှင့်
စုန့်ဝေ့တို့က ဤအစီအစဥ်သည် ပြီးပြည့်စုံသည်ဟု ခံစားမိကြသည်။ လင်းရန်က
အခက်အခဲများကို သည်းမခံနိုင်သည်ဖြစ်သောကြောင့် ထိုအပေးအယူကို လက်ခံမည်မှာ
သေချာလှသည်ပင်။
သို့နှင့်
ကိစ္စများကို သားအဖေနှစ်ဦးသဘောတူညီခဲ့ကြပြီး လုံးလုံးလျားလျား
စိတ်သက်သာရာရသွားခဲ့ကြသည်။
သူတို့
ယခုလုပ်ရမည့် အရာမှာ တစ်ခုတည်းသာ ရှိတော့သည်။
စောင့်ရမယ်!
အချိန်ကိုရောက်လာတဲ့အထိ
စောင့်ဆိုင်းရလိမ့်မယ်!
လင်းရန်မှ
ကျေးလက်တွင် မနေနိုင်တော့ဘဲ အကူအညီတောင်းလာသည်အထိ စောင့်ဆိုင်းရလိမ့်မည်။
ပြီးနောက်တွင် သူတို့၏ စီမံချက်အတိုင်း ဆောင်ရွက်နိုင်လိမ့်မည်။
ဤသို့ဖြင့်
ထိုနေ့ညတွင် စုန့်ဝေ့နှင့် စုန့်စစ်ယွီမှာ လက်တလောရက်ပေါင်းများစွာအတွင်း
အကောင်းမွန်ဆုံးအိပ်စက်ခြင်းကို ရရှိခဲ့ပေသည်။
တစ်ဖက်တွင်တော့
လင်းရန်မှာ မနက်ဖြန်မနက် ထွက်သွားရတော့မည်ဖြစ်သောကြောင့်
စောစီးစွာအိပ်ယာဝင်ခဲ့သည်။
သူမက
ခရီးဆောင်အိတ်နှင့် အခြားပစ္စည်းများကိုတော့ လွန်ခဲ့သည့်
ရက်အနည်းငယ်ကတည်းက ပြင်ဆင်ထားပြီးဖြစ်သည်။
ယခင်
ကုန်တိုက်သို့သွားစဥ်တုန်းက စုန့်ဝေ့၏ ပိုက်ဆံများကို သုံးပြီး
ဝယ်ယူခဲ့သည့် ပစ္စည်းအမြောက်အမြားနှင့် လွန်ခဲ့သည့်ရက်အနည်းငယ်တွင် စုန့်ဝေ့မှ
သူမ၏ နှလုံးသားကို အနိုင်ယူရန်အတွက် နောက်ထပ်ဝယ်ယူခဲ့သည့် ပစ္စည်းတချို့ကသာ
သိမ်းဆည်းထုပ်ပိုးရန် ကျန်ရှိတော့သည်။
လင်းရန်
ထိုအိတ်ကြီးအိတ်ငယ်များအားလုံးကိုကြည့်ကာ တခြားလူများ၏မြင်ကွင်းတွင် မျက်လုံးများ၌
မျက်ရည်များပြည့်လျှံနေလျှက် သိမ်းဆည်းထုပ်ပိုးခဲ့သည်။
မနက်ဖြန်
စုန့်မိသားစုက ထွက်သွားပြီးတာနှင့် သူမ ပြန်လာတော့မှာမဟုတ်ဘူး။ ဒီတော့ သေချာပေါက်
တတ်နိုင်သမျှ အကုန်ယူရလိမ့်မယ်!
ဤနည်းဖြင့်
လင်းရန်က စုန့်မိသားစုအိမ်မှ နောက်ဆုံးညကို ဖြတ်သန်းခဲ့သည်။
နောက်နေ့
မနက်တွင်တော့ တစ်မိသားစုလုံး စောစောထခဲ့ကြသည်။
ယနေ့သည်ကား
လင်းရန် ကျေးလက်ဒေသကို သွားမည့်နေ့ဖြစ်ကာ မိသားစုထဲမှ မည်သူတစ်ဦးကမှ သူမကို
ကျေးလက်ဒေသသို့ အမှန်တကယ် မသွားစေချင်လျှင်ပင် တခြားလူများ၏
အတင်းအဖြင်းစကားများကို တားဆီးဖို့အတွက် လင်းရန်ကို ကားပေါ်သို့ပို့ပေးရန်
လူတိုင်းက ပြင်ဆင်ရလိမ့်မည်။
စုန့်ဝေ့အတွက်ကတော့
သူ့၏ “ပထွေးကောင်း” ဆိုသည့် ဒရာမာကို
ဆက်လက်သရုပ်ဖော်ရန်အတွက် ဤအခွင့်အရေးကို အရယူထားခဲ့ချေသည်။
လီရှို့လီသည်လည်း
သူမ၏သမီးဖြစ်သူအား စုန့်စစ်ယွီလောက် ဂရုစိုက်ခြင်းမရှိသော်လည်း ထိုကလေးမမှာ သူမ၏
ခန္ဓာကိုယ်ထဲမှ အသွေးအသားတစ်ခုဖြစ်နေသေးသည်ပင်။
ယခင်က
လင်းရန် အိမ်တွင် ရှိစဉ်တွင် သူမအနေဖြင့် လင်းရန်အား
အကြောင်းပြချက်အမျိုးမျိုးဖြင့် မကြိုက်နှစ်သက်ခဲ့ချေ။ သူမက မသိတတ်၊ မလိမ္မာ
နာခံမှုမရှိဟု တွေးခဲ့သည်။
သို့သော်
ယခုအခါတွင် လင်းရန်မှ ကျေးလက်ဒေသသို့ ထွက်ခွာရမည့်အချိန်သို့ရောက်လာချိန်၌
လွှတ်ပေးရန်အတွက် အလွန်တွန့်ဆုတ်နေသေးသည်။
သို့နှင့် သူမက
စောစောထပြီး လင်းရန် ကြိုက်တတ်သည့် မနက်စာကို လုပ်ပေးပြီး လင်းရန်
မနက်စာစားနေချိန်၌ ရှားရှားပါးပါးဖြင့် အမျိုးမျိုးသော
သင်ပြလမ်းညွှန်မှုများကို ပြောလာခဲ့သည်။
“ကျေးလက်ဒေသကိုသွားပြီးရင်
မင်းလုပ်ရမဲ့အလုပ်တွေကို လုပ်တတ်အောင် သင်ယူသင့်တယ်၊ နောက်ပြီးဘယ်လိုလုပ်ရမလဲဆိုတာ
မသိဘူးဖြစ်နေရင် တခြားလူတွေဆီကို မေးမြန်းရမယ်”
“နောက်ပြီး
မင်းရဲ့ဒေါသကို လျှော့ထား၊ တခြားလူတွေနဲ့ လိုက်ပြီးငြင်းခုံမနေနဲ့၊ မဟုတ်ရင်
မင်းကို လူတွေ ဝိုင်းပြီးအနိုင်ကျင့်ကြလိမ့်မယ်. မင်း ငိုပြီးတိုင်ချင်ရင်တောင်
တိုင်တမ်းစရာနေရာတောင် မရှိဘူး!”
လီရှို့လီမှာ
စကားပြောဆိုနေလျှက်နှင့်မတတ်နိုင်ဘဲ ပိုပိုကာ ဒေါသထွက်လာခဲ့သည်။
“ပြောစမ်းပါဦး၊
မင်း ဘာလို့ ကျေးလက်ဒေသကို သွားချင်နေရတာလဲ၊ အဲဒီမရင်းနှီးကျေးတောဒေသကို
သွားချင်နေတယ်၊ မင်း အဲဒီကို သွားရင် ပင်ပမ်းဆင်းရဲမှုတွေ၊ အခက်အခဲတွေကို
တစ်ယောက်တည်း ကြံ့ကြံ့ခံပြီး ရင်ဆိုင်ရလိမ့်မယ်၊ အချိန်တန်ရင် ကောင်းကင်က
တုံ့ပြန်မှာ မဟုတ်သလို မြေကြီးလည်း အလုပ်လုပ်တော့မှာမဟုတ်ဘူး”
ဤသည်ကိုကြားလျှင်
လင်းရန်တော့ ထမင်းစားနေခြင်းကို ရပ်တန့်လိုက်ပြီး သူမ၏လက်ထဲမှ
တူများကို ချလိုက်ကာ လီရှို့လီထံသို့ အပြုံးတစ်ဝက်ဖြင့် ကြည့်လိုက်ချေသည်။
သူမကို
ထိုသို့ကြည့်လာသည်ကို မြင်လျှင်လီရှို့လီမှာ အနည်းငယ် ထူးဆန်းသကဲ့သို့
ခံစားမိရသည်။ လင်းရန်၏ ပုံစံမှာ လီရှို့လီမှ ရယ်စရာကောင်းသည့် ဟာသတစ်ခုကို
ပြောလိုက်သည်နှယ် ထင်ရသည်။
သူမ
မထိန်းနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။
“မင်း ငါ့ကို
ဘာလို့ဒီလိုမျိုးကြည့်နေတာလဲ၊ ငါ ပြောတာ တစ်ခုခုမှားနေလို့လား”
သူမက
ထိုသို့ပြောကာ သူမ၏ဘေးနားရှိ စုန့်ဝေ့ထံသို့ မသိစိတ်မှ တစ်ချက်လှမ်းကြည့်လိုက်သည်။
စုန့်ဝေ့လည်း
လီရှို့လီ ပြောသည့်စကားများကို ပြန်လည်တွေးတောလိုက်ပြီး ထိုစကားများတွင်
ပြဿနာကြီးကြီးမားမားမရှိကြောင်း ခံစားမိသည်။
လင်းရန်မှ
လီရှို့လီကို ဤကဲ့သို့ ကြည့်နေရခြင်း အကြောင်းအရင်းမှာ သူမက
စကားအလွန်အကျွံပြောလွန်းသည်ဟု ထင်နေခြင်းကြောင့်သာ ဖြစ်နိုင်သည်။
“ကောင်းပြီ ၊
ရန်ရန် မင်းအမေက စကားနည်းနည်းလောက် များနေပေမဲ့ သူမပြောခဲ့တဲ့စကားတွေက
မင်းရဲ့အကျိုးအတွက်ပဲလေ၊ ပြောရရင် မင်း ကျေးလက်ဒေသကိုသွားပြီဆိုကတည်းက
မင်းရဲ့ဘဝကို လုံးလုံးလျားလျားစိမ်းသက်တဲ့နေရာမှာစတင်ရတော့မယ်၊
မထင်မှတ်ထားတဲ့
အရာတွေ၊ စိတ်မကျေနပ်စရာကောင်းတဲ့ အဖြစ်အပျက်တွေနှင့်
ကြုံလာရလိမ့်မယ်၊ အခု မင်းရဲ့အမေက မင်းကို စကားများများပြောနေတယ်ဆိုတာ
နောင်အနာဂတ်မှာ မင်းဆီမှာ ပိုပြီးနည်း...”
စုန့်ဝေ့အနေနဲ့ “ဆင်းရဲဒုက္ခကို
ပိုပြီးလျှော့နည်းသွားစေဖို့” ဟူသော စကားကို မဆုံးနိုင်သေးခင်တွင် လင်းရန်မှ သူ့ကို
စိတ်ရှုပ်ထွေးသွားစေသည့် စကားတစ်ခွန်းကို ပြောလာခဲ့ပေသည်။
“ကျွန်မ
သွားမဲ့နေရာက မရင်းနီးမကျွမ်းဝင်တဲ့နေရာလို့ ဘယ်သူပြောလဲ”
အာ?
ဒါက
ဘာအဓိပ္ပါယ်လဲ။
စုန့်ဝေ့နှင့်
လီရှို့လီတို့ နှစ်ယောက်လုံး သူမပြောလာသည့် စကားကြောင့် အံ့အားသင့်သွားခဲ့ကြပြီး
သူမ၏ဘေးတွင် တိတ်တဆိတ်စောင့်ကြည့်နေသော စုန့်စစ်ယွီပင် အနည်းငယ်
စိတ်ရှုပ်သွားခဲ့သည်။
လင်းရန်က
ကျေးလက်ဒေသမှတစ်ယောက်ယောက်ကို သိနေသည်လား? သူမက ငယ်စဉ်ကတည်းက
စုန့်မိသားစုသို့ရောက်လာခဲ့ပြီး မြို့ထဲတွင် ကြီးပြင်းခဲ့သည်။
ကျေးလက်ဒေသက
သူမအတွက် စိမ်းသက်ခြင်းမရှိဘဲ ရင်းနှီးနေဆဲဆိုတာက ဖြစ်နိုင်ပါ့မလား။
စုန့်စစ်ယွီတစ်ယောက်
သူမက တမင်တကာ ပြောဆိုနေခြင်းဖြစ်နိုင်သည်လို့ ခံစားမိလိုက်ချိန်တွင်
ရုတ်တရက် တစ်စုံတစ်ခုကို တွေးလိုက်မိသည် ။
ခဏလေး!
လင်းရန်က
လေးနှစ်သားအရွယ်ကိုရောက်မှသာ လီရှို့နှင့်အတူ မြို့ထဲသို့ ရောက်လာသည်ကို သူမ
ရုတ်တရက် သတိရသွားခဲ့သည်။
**