(27)
စုန့်စစ်ယွီ၏
အမူအရာက ပြောင်းလဲသွားပြီး သူမ၏ မျက်လုံးများကအနည်းငယ်ပြူးကျယ်သွားရကာ
လင်းရန်ထဲသို့ မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။
သူမပြောခဲ့သည့် “မရင်းနီးမကျွမ်းဝင်တာမျိုးမဟုတ်” ဟူသည်က
သူမ၏ဖခင်အရင်းရှိနေသည့် မွေးရပ်မြေနှင့် စိမ်းသက်ခြင်းမရှိဟု ဆိုလိုခြင်း
ဖြစ်နိုင်လောက်လား။
စုန့်စစ်ယွီကတောင်
လင်းရမ်သွားမည့်နေရာအကြောင်းကို တွေးမိလျှင် သူမနှင့်
ဆန့်ကျင်ဘက်တွင်ထိုင်နေသည့် စုန့်ဝေ့သည်လည်း ဤသည်ကို တွေးမိသည်ပင်။
သားအဖနှစ်ယောက်ဤ
အမူအရာက အနည်းငယ် ရုပ်ဆိုးလာခဲ့သည်။
ယခုချိန်ထိ
သဘောမပေါက်နိုင်သေးသည့် လီရှို့လီကသာ ပြဿနာ၏ လေးနက်မှုကို သဘောမပေါက်ခဲ့ဘဲ
လင်းရန်ကို ပြောလာခဲ့သည်။
“မင်းက
ရင်းနီးတယ်ပေါ့? မင်းက ကျေးလက်ဒေသကိုတောင် တစ်ခါမှ မရောက်ဖူးဘူး၊ ကျေးလက်ဒေသက
ဘယ်လိုလဲဆိုတာကိုတောင် မသိမှာကို ကြောက်မိတယ်၊ ဒါကိုများ မင်းကဘယ်လိုလုပ် ‘မရင်းနီးမကျွမ်းဝင်တာမျိုးမဟုတ်ဘူး’လို့
ပြောလာနိုင်သေးတာလဲ”
လင်းရန်
လီရှို့လီကို အပြုံးနှင့် ကြည့်လိုက်သည် ။ သူမ မတိုင်ခင်တုန်းက
အလွန်သိသာထင်ရှားစွာ ပြောပြီးသားဖြစ်နေသော်လည်း လီရှို့လီက ထိုအကြောင်းကို
မစဉ်းစားသေးချေ။ ဤကဲ့သို့ဉာဏ်ရည်အဆင့်အတန်းက အမှန်တကယ်ပင် ကြောက်စရာကောင်းပေသည်။
သို့သော်ငြား
သူမ၏ မျက်လုံးထောင့်မှ စုန့်ဝေ့နှင့် စုန့်စစ်ယွီတို့၏ အမူအရာများ
ပြင်းထန်လာသည်ကို မြင်တွေ့နေရပြီး ထိုအမူအရာထဲတွင် သံသယအရိပ်အယောင်များ
ကျန်ရှိနေသေးသည်ကိုသတိပြုမိလိုက်ရသဖြင့် သူမက သူတို့၏ နောက်ဆုံးသော မျှော်လင့်ချက်
မီးတောက်များကို ရက်စက်စွာ ဖြိုခွဲလိုက်ချေသည်။
“အမေ ၊ အမေ
စိတ်ရှုပ်ထွေးနေတာလား? ကျွန်မက ဘယ်လိုလုပ်ပြီး ကျေးလက်ဒေသဆိုတာ
ဘယ်လိုရှိနေလဲဆိုတာကိုတောင် မသိနိုင်ဘဲနေမှာလဲ၊ ကျွန်မက ကျေးလက်ဒေသမှာမွေးပြီး
ကျေးလက်ဒေသမှာ သုံး၊လေးနှစ်လောက်နေခဲ့တယ်၊ ကျွနာမက မှတ်ဉာဏ်တွေ
ပျက်သွားတာမဟုတ်ဘူး၊ ကျွန်မ အဖေရဲ့အိမ်က ဘယ်မှာလဲဆိုတာကိုကိုတော့ မှတ်မိနေသေးတယ်”
လင်းရန်
ထိုသို့ပြောပြီးသည့်နောက် ပြတ်သားသည့်အကြည့်များနှင့် ဆက်ပြောလိုက်သည်။
“ကျွန်မက အမေ
ထင်ထားသလိုမျိုး မရင်းနှီးတဲ့ နေရာတစ်ခုကို ရွေးပြီး ကျေးလက်ဒေသကို
သွားရလောက်တဲ့အထိ မတုံးအ,ဘူး၊ ကျွန်မသွားဖို့ ရွေးချယ်ထားတဲ့ ကျေးလက်ဒေသအဖွဲ့က
ကျွန်မရဲ့အဖေရှိနေတဲ့အဖွဲ့ပဲ!”
သူမ
စုန့်မိသားစု၏ အဖေနှင့်သမီးတို့ လက်ခံရန် ခက်ခဲသော သတင်းကို ကြေငြာပြီးနောက်
သူမကိုယ်သူမ အလွန်သိတတ်လိမ္မာသည်မလားဟူ၍ မေးလာသကဲ့သို့ ဂုဏ်ယူစွာဖြင့်
မျက်ခုံးပင့်မ,ပြလိုက်သည်။
စုန့်ဝေ့နှင့်
စုန့်စစ်ယွီတို့မှာ သူတို့၏စိတ်ထဲတွင်ရှိနေသော သံသယအား အတည်ပြုပြီးနောက်တွင်
အလွန် မလိုလားနိုင်ဖြစ်သွားကြရပြီး သူတို့၏မျက်နှာပေါ်သို့ အပြုံးတစ်ခုပင်
မတင်နိုင်တော့ချေ။
သူတို့အနေနဲ့
မရေမတွက်နိုင်လောက်သော တွက်ချက်မှုများကို ပြုလုပ်ခဲ့ကြပြီး ၊ ဖြစ်နိုင်ခြေ
အခြေအနေများအားလုံးကိုလည်း တွက်ချက်ခဲ့ကြသည်။ သို့သော်လည်း လင်းရန်သွားမည်း
ကျေးလက်ဒေသက မည်သည့်နေရာလဲဟူသည်ကိုတော့ အာရုံစိုက်ရန် မေ့လျော့သွားခဲ့ကြသည်။
သူမက
ကျေးလက်ဒေသသို့ သွားဖို့စီစဥ်ချိန်မှာ သူမရဲ့အဖေရှိနေတဲ့ တပ်မဟာဆီကိုတောင်
ပြေးသွားဖို့ တွေးမိနေသေးတယ်!
ထိုအခိုက်အတန့်တွင်
စုန့်ဝေ့နှင့် စုန့်စစ်ယွီမှာ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တစ်ယောက်၏မျက်လုံးထဲမှ
တင်းမာမှုများနှင့် ထိတ်လန့်မှုများကို တစ်ယောက်မြင်တွေ့လိုက်ရသည်။
ယမန်နေ့ညမှ
သူတို့နှစ်ဦးဆွေးနွေးသည့် အစီအစဉ်မှ အရေးကြီးဆုံးသောအချက်မှာ လင်းရန်အနေဖြင့်
ကျေးလက်ဒေသတွင် ဆင်းရဲဒုက္ခများကို ခံစားရမှာဖြစ်ပြီး ပင်ပန်းဆင်းရဲမှုများအား
သည်းမခံနိုင်တော့ဘဲ ကျောခိုင်းထွက်ပြေးလာခဲ့ပြီး စုန့်ဝေ့ထံသို့ ပြန်လာခွင့်ရစေရန်
ငိုယိုပြီး တောင်းပန်ရလိမ့်မည်။
သို့မှသာ
နောက်တဆင့်ကို ဆက်သွားနိုင်မှာဖြစ်ပြီး လင်းရန်အား ရှုကျစ်ဝမ်ကို လိုက်ရန်
ညွှန်ကြားချက်ကို စတင်နိုင်လိမ့်မည်။
သို့သော်
ယခုချိန်တွင် လင်းရန် ခုန်ဆင်းသွားခဲ့သည့် ကျေးလက်ဒေသနေရာမှာ တကယ်တမ်းတွင် သူမ၏
အဖေရှိရာ တပ်မဟာဖြစ်ကြောင်းကို သူတို့သိလိုက်ရသည်။
အချိန်ကျလာပါက
သူမ၏ဖခင်အရင်းကသာ သူမ၏ဘေးနားတွင် အတူရှိနေပါက သူမကို မကူညီဘဲ သူမ ခံစားနေရသည်ကို
ရပ်ကြည့်နေနိုင်မည်တဲ့လား?
လုံးဝမဖြစ်နိုင်ပေ!
ဤသို့ဆိုပါက
လင်းရန် ကျေးလက်ဒေသကိုသွားသည့်အချိန်တွင် မည်သည့်အခက်အခဲကိုမှ
မကြုံတွေ့ရဘဲနေမည်ကိုတောင် ကြောက်ရသည်။ သူမ၏အဖေအရင်းကသာ ထိုနေရာတွင်
အတူရှိနေပါက အရာအားလုံးအဆင်ပြေသွားလိမ့်မည်။
ဤအခြေအနေမျိုးတွင်
သူတို့၏အစီအစဉ်ကို မည်သို့ဆက်လက်လုပ်ဆောင်နိုင်မည်နည်း။
စုန့်ဝေ့နှင့်
စုန့်စစ်ယွီတို့ စိတ်ပူနေချိန်တွင် လီရှို့လီက မထိန်းနိုင်ဘဲ အော်ဟစ်လာခဲ့သည်။
“ဘာလဲ! မင်း
သွားချင်နေတာက.. မင်းက လင်းကျန်းအန်းဆီကို သွားချင်နေတာလား?! လင်းရန်
မင်းရူးနေပြီထင်တယ်!”
သူမက လင်းရန်ကို
အရူးတစ်ယောက်ကဲ့သို့ ကြည့်နေခဲ့ပြီး သူမ မည်သည့်အရာကို တွေးတောနေမှန်းမသိဘဲ
ဆက်လက်၍အော်ဟစ်နေလေသည်။
“မင်း
လင်းကျန်းအန်းရဲ့ နေရာကို ရောက်သွားရင် သူက မင်းကို မင်းရဲ့
အန်ကယ်စုန့်လိုမျိုး ဂရုစိုက်စောင့်ရှောက်ပြီး မင့်ကို ကူညီပေးနေလိမ့်မယ်
ထင်နေတာလား? လင်းရန် တုံးအ,မနေစမ်းနဲ့! သူက မင်းကို သူ့သမီးအဖြစ်ကနေ
ငြင်းပယ်ခဲ့တာကြာပြီ၊ သူက မင်းကိုမြင်လိုက်ရရင်တောင်
အရမ်းမုန်းတီးနေလိမ့်မယ်၊ မင်းကို ဘယ်လိုလုပ်ပြီး ကူညီနေမှာတဲ့လဲ!”
လီရှို့လီ
အနည်းငယ်လောက်တော့ အပြစ်ရှိသကဲ့သို့ ခံစားနေရသည်။
တကယ်တမ်းတွင်
လင်းကျန်းအန်း လင်းရန်ကို မုန်းတီးရသည့် အကြောင်းရင်းက သူမ၏
ဆက်ဆံရေးကြောင့်ဖြစ်ကြောင်းကို သူမ သိနေခဲ့သည်။
သူမ လင်းရန်အား
သိမ်းပိုက်ခေါ်သွားချိန်တွင် လင်းကျန်းအန်းမှ သူ့သမီးကို
မခေါ်ယူသွားစေချင်သော်လည်း လင်းရန်မှာ ထိုအချိန်ကာလတွင် အလွန် ငယ်ရွယ်သေးပြီး
သူ့အဖေထက် သူ့အမေကို ပိုချစ်နေခဲ့သောကြောင့် သူမ လင်းရန်ကို ခေါ်သွားနိုင်ခဲ့သည်။
လင်းရန်ကို သူမဘက်သို့ ဆွဲခေါ်ဖို့က အတော်လေးကို လွယ်ကူလွန်းခဲ့သည်ပင်။
သို့သော်လည်း
လင်းကျန်းအန်းမှ လုံးဝ စိတ်လွှတ်နိုင်ရန်အတွက် သူမက လင်းရန်အား တစ်နှစ်လျှင်
အနည်းဆုံးတစ်ကြိမ်လောက်တွေ့ဆုံနိုင်ရန် လင်းရန်ကို
သေချာပေါက်ပြန်ခေါ်လာပေးမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။
လီရှို့လီ၏
ကတိစကားကြောင့် အဆုံးတွင် လင်းကျန်းအန်းမှာ လက်လွှတ်ပေးလိုက်ရန်မှတပါး
ရွေးချယ်စရာမရှိခဲ့ပေ။
သို့သော်လည်း
လင်းကျန်းအန်းအနေဖြင့် လီရှို့လီမှ သူသဘောတူလာစေဖို့အတွက်
လိမ်ညာခဲ့ခြင်းဖြစ်ကြောင်းကို သူမသိခဲ့ပါချေ။
လီရှို့လီမှာ
လင်းမိသားစုမှ ခွဲခွာပြီး လင်းကျစ်အန်းနှင့် ကွာရှင်းရန် ဆုံးဖြတ်ပြီးချိန်မှစ၍
သူမအနေဖြင့် ဤကြမ်းတမ်းသည့် ကျေးလက်ဒေသသို့ ပြန်သွားရန် မည်သည့်အချိန်ကမှ
တွေးတောစဥ်းစားထားခြင်းမရှိခဲ့ပေ။
ဤသို့ဖြင့်
လင်းရန်ကို စုန့်မိသားစုတွင် နေထိုင်ရန် ခေါ်ဆောင်သွားခဲ့ပြီးနောက် သူမက
ဤနေရာတွင်သာ ဆယ်နှစ်ကျော်ကြာအောင် နေထိုင်ခဲ့ပြီး ထိုကျေးလက်သို့ တစ်ခါမျှ
ပြန်မသွားခဲ့ဘဲ လင်းရန်ကိုလည်း လင်းမိသားစုထံသို့ ပြန်ခေါ်သွားမည့် ကတိကို
မည့်သည့်အချိန်ကမှ မရှိခဲ့သကဲ့သို့သာ သဘောထားခဲ့သည်။
အဆုံးတွင်
လီရှို့လီမှာ လင်းကျန်းအန်းနှင့် နှစ်အတော်ကြာအောင် အတူနေခဲ့ပြီး
တစ်ဖက်လူ၏အကြောင်းကို ကောင်းကောင်းသိနေခဲ့သည်။
ထိုသူမှာ
အလွန်စည်းကမ်းရှိပြီး အလွန်အမင်းလည်း ဥာဏ်ရည်ထက်မြက်သူဖြစ်ပေသည်။ ထို့ကြောင့် သူမ
ပထမနှစ်တွင် လင်းရန်အား ပြန်လည်မခေါ်ခဲ့ကတည်းက သူမ သူကို
လိမ်ညာခဲ့ခြင်းဖြစ်ကြောင်း သိနေလောက်ပြီပင်။
ထို့အတွက်
နှစ်များစွာကြာပြီးနောက်တွင် သူတို့နှစ်ဦးအပေါ် မုန်းတီးမှုကလည်း
ပေပေါင်းများစွာအထိ မြင့်မားလာနေလောက်ပြီ။ လင်းရန်ကို သူ၏သမီးအဖြစ် အဘယ်မှာ
အသိအမှတ်ပြုနိုင်ဦးမည်နည်း။
ဤသို့တွေးတောလျှက်
လီရှို့လီ လင်းရန်အား အလျှင်အမြန် ဖြောင်းဖြဖို့ ကြိုးစားခဲ့သည်။
“လင်းရန်၊
တုံးအမနေနဲ့တော့၊ လင်းကျန်းအန်းက မင်းကို သမီးအဖြစ် အသိအမှတ်မပြုတော့ဘူး၊ သူ
မင်းကို မုန်းနေတာကြာပြီ၊ မင်း သူ့ဆီကိုတောင် ပြေးသွားရဲသေးတယ်၊ မင်းက သေမင်းကို
လိုက်ရှာချင်နေတာလား”
“မဟုတ်ဘူး၊
လင်းကျန်းအန်းရှိတဲ့နေရာကိုသွားလို့မဖြစ်ဘူး၊ တခြားတစ်နေရာကို သွားရမှာ”
“လောင်စုန့်၊
ဒီကိစ္စအတွက် ဖြေရှင်းဖို့ တစ်ခုခုလောက် အမြန်စဉ်းစားပေးပါဦး!”
လင်းရန်မှာ
သူမ၏သမီးအရင်းဖြစ်သည်။ သူမ သတ်သေဖို့ ထွက်သွားမည်ကို ထိုင်ကြည့်နေ၍ မရပေ။
လီရှို့လီ၏စကားကိုကြားပြီးနောက်တွင်
စုန့်ဝေ့၏နှလုံးမှာ ရုတ်တရက် ငြိမ်သက်သွားခဲ့သည်။
အမှန်ပဲ။
လင်းကျန်းအန်းက လင်းရန်ကို မတွေ့ရတာ နှစ်အတော်ကြာနေပြီ။ ဒါ့အပြင် လီရှို့လီကလည်း
သူ့ကို နှစ်ပေါင်းများစွာ လှည့်စားခဲ့တယ်။ တစ်ဖက်လူက ဒီအမေနဲ့သမီးကို
သေတဲ့အထိ မုန်းတီးနေလိမ့်မယ်။ သူက လင်းရန်ကို ဘယ်လိုလုပ်ပြီး ဂရုစိုက်ပေးမှာတဲ့လဲ?
သူ့အနေဖြင့်
လင်းကျန်းအန်းကို တစ်ခါမှ မဆုံတွေ့ဖူးခဲ့သော်လည်း သူနဲ့လီရှို့လီတို့
ကြင်ဖက်တွေ့ဆုံချိန်တုန်းက လီရှို့လီထံမှ လင်းကျန်းအန်း၏အကြောင်းများကို
သွယ်ဝိုက်သော မေးခွန်းများဖြင့် အများအပြား မေးမြန်းခဲ့သည်။
လီရှို့လီ၏
စကားများမှ သူ လင်းကျန်းအန်းကို နားလည်သွားခဲ့သည်။ ထိုလူမှာ
သေးငယ်သည့်ဗိုက်(စိတ်သဘောထား)နှင့် အရည်အချင်းကင်းမဲ့သည့်
သာမန်လူတစ်ယောက်သာဖြစ်ချေသည်။
ထိုသို့သော
ယောက်ျားများစွာကို သူတွေ့မြင်ဖူးသည်။ သူ့၏မျက်နှာကို အဖတ်ဆယ်နိုင်ရန်ကိုသာ
ကြည့်မည့်လူမျိုးဖြစ်ပြီး သူ့ကိုစွန့်ပစ်ခဲ့သော ဇနီးဟောင်းဖြစ်သည့်
လီရှို့လီနှင့်အတူပါသွားသော သမီးဖြစ်သူကို လက်ခံရန် လုံးဝမဖြစ်နိုင်ပေ။
ဤသည်ကိုတွေးတောပြီးနောက်
စုန့်ဝေ့ လင်းရန်၏ ဦးတည်ရာဘက်သို့ တစ်ချက်ကြည့်လိုက်ပြီး သူမက လီရှို့လီ၏
စကားများကို သိပ်ပြီး ဂရုမစိုက်လှကြောင်းကိုတွေ့မြင်နိုင်သည်။
လင်းရန်မှာ
လင်းကျန်းအန်းမှ သူမအား ထိုကဲ့သို့ ဆက်ဆံမည်ဟု မယုံသည့်ပုံပင်။ စုန့်ဝေ့
စိတ်ထဲတွင် ကြိတ်ရယ်လိုက်သည်။
ဒီလိုဆိုမှတော့
လင်းရန်ကို သူမအရမ်းလွမ်းနေတဲ့ “အဖေအရင်း” ကို သူမရဲ့ မျက်လုံးတွေနှင့် ဘာလို့ တွေ့ခွင့်မပေးရမှာလဲ။
တစ်ဖက်လူက သူမကို
ရက်ရက်စက်စက်နှင့် ဂရုမစိုက်ဘဲ ဆက်ဆံပြီးမှ သူမရဲ့ပထွေးက သူမအပေါ် ဘယ်လောက်တောင်
ကောင်းသလဲဆိုတာကို ပိုပြီး ရှင်းရှင်းလင်းလင်း သိလာလိမ့်မယ်။