(29)
ရထားပေါ်၌
ငိုယိုသံများက ယောက်ျားလေးများဆီကရော၊ မိန်းကလေးများဆီကပါ
ဆက်တိုက်ထွက်ပေါ်လျှက်ရှိသည်။
ထိုသို့သော
အော်ဟစ်ငိုကြွေးသံများအကြားတွင် လင်းရန်၏ အသွင်အပြင်မှာ
အေးဆေးတည်ငြိမ်စွာရှိနေခဲ့ပြီး မျက်ရည်ပင် တစ်စက်မှ မထွက်ခဲ့ပေ။
သူမ၏ဘေးတွင်ထိုင်နေသော
ပါးဖောင်းဖောင်းနှင့် မိန်းကလေးက လင်းရန်ဆီကို မနေနိုင်ဘဲ လှမ်းကြည့်လာခဲ့ကာ သူမ၏
မျက်ရည်များကို သုတ်လျက် စပ်စုစွာ မေးလာသည်။
“နင်
ဘာလို့မငိုတာလဲ...”
လင်းရန် သူမကို
တစ်ချက်ကြည့်လိုက်ကာ သူမ၏ မူလမှတ်ဥာဏ်ထဲတွင် ထိုမိန်းကလေးအကြောင်းကို
ရှာမတွေ့သောကြောင့် ထိုမိန်းကလေးမှာ သူမတို့၏ ကေဒါနယ်မြေထဲမှ
မဟုတ်လောက်ကြောင် မှန်းဆလိုက်သည်။
အဆုံးတွင်
စက်ယန္တရားစက်ရုံ၏ မိသားစုများ ဧရိယာသည်ကား အမှန်တကယ်ပင် ကျယ်ဝန်းလှသည်။
ထိုဧရိယာတွင် ဝန်ထမ်း၊ အလုပ်သမားမိသားစုများအတွက် အဆောက် အအုံများစွာရှိသည်။
အကုန်စုပေါင်းလိုက်လျှင် နေထိုင်သူက ထောင်ပေါင်းများစွာလောက် ရှိလိမ့်မည်။
ထို့ကြောင့်
လင်းရန်အတွက် လူတိုင်းကိုသိရှိရန် မဖြစ်နိုင်ပေ။
သူမတို့နှင့်
ရင်းနှီးသောသူများမှာ ကေဒါနယ်မြေရှိ အသက်အရွယ်တူသူများသာဖြစ်လိမ့်သည်။
တစ်ဖက်လူမှ
သူမနှင့်ရင်းနှီးသောလူမဟုတ်သောကြောင့် ဟန်ဆောင်နေရန်မလိုပါချေ။
“ဘာကို
ငိုစရာရှိလို့လဲ၊ တစ်သက်လုံး မတွေ့နိုင်တော့တာမှ မဟုတ်တာ”
မှားယွင်းနေသည့်
အခြေအနေကြောင့်သာမဟုတ်ပါက သူမအနေဖြင့် အောင်ပွဲခံဖို့အတွက် မီးရှူးမီးပန်းများပင်
ဖောက်လွှတ်ပစ်ချင်နေခဲ့သည်။
လင်းရန်၏
စကားကြောင့် မျက်နှာဝိုင်းစက်သည့် မိန်းကလေးမှာ အနည်းငယ် ဆို့နင်သွားသည့်ပုံပင်။
သူမ၏ ငိုကြွေးနေမှုကပင် နှစ်စက္ကန့်ခန့် ရပ်တန့်သွားခဲ့သည်။ ထို့နောက်တွင်
ရှက်ရွံ့နေသည့်မျက်နှာနဲ့ ပြောလာခဲ့သည်။
“နင်ပြောတာမှန်တယ်၊
ငါ..ငါလည်း နင့်လိုမျိုး သန်မာချင်တယ် !”
ထို့နောက် သူမက
ထို”သန်မာ”ဟူသော စကားကို
ပြောပြီးသည်နှင့် နောက်တစ်စက္ကန့်တွင် ပါးစပ်ကို ဖုံးအုပ်ကာ အထိန်းအကွပ်မရှိ
ငိုကြွေးပြန်သည်။
“ဝူးးးးးးး ငါ
မငိုဘဲ မနေနိုင်ဘူး”
လင်းရန်: “...”
မေ့လိုက်ပါတော့။
သန်မာဖို့ဆိုတာက နင့်အတွက်မဟုတ်ဘူး။ ဆက်ပြီးငိုနေတာကောင်းလိမ့်မယ်။
သို့သော်လည်း
ထိုမိန်းကလေးမှာ လင်းရန်နှင့် စကားအနည်းငယ်ပြောခြင်းဖြင့် သူမ၏အခြေအနေကို
မေ့ပျောက်လိုက်ချင်နေသည်လား ၊ လက်ရှိအနေအနေကို အာရုံလွှဲလိုခြင်း
ကြောင့်လားဟူသည်ကိုတော့ မသိချေ။ ထိုမျက်နှာဝိုင်းနှင့် မိန်းကလေးက
မကြာမီအချိန်အတွင်း လင်းရန်နှင့် စကားစမြည်ပြောလာခဲ့ပြန်သည်။
သူမက လင်းရန်၏
ကျေးလက်ဒေသသို့ သွားရန် တာဝန်ပေးမည့်နေရာအား မေးမြန်းခဲ့ပြီး လင်းရန်မှ သူမ၏
ခရီးစဉ်ကို ပြောပြခဲ့သည်။
သူမ
ပြောပြီးသည့်နောက်၊ နောက်တစ်စက္ကန့်တွင် တစ်ဖက်ကောင်မလေး၏ အံ့အားတကြီး အသံကို
ကြားလိုက်ရချေသည်။
“ငါလည်း
ချွန်းဖန်းကွန်မြူနတီကိုလည်း သွားရမှာ! ငါတို့တွေ အတူတူ သွားလို့ရတာပဲ!”
လင်းရန်လည်း
ထိုသို့သော တိုက်ဆိုင်မှုမျိုး ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမက
မျက်ခုံးကို ပင့်မလိုက်မိကာ သဘောတူခဲ့သည်။
“ကောင်းပြီ
ပြီးရင် အတူတူသွားကြတာပေါ့”
သူမအနေဖြင့်
တစ်ယောက်တည်း ခရီးသွားရမည်ကို မကြောက်လန့်သော်လည်း ခရီးက ရှည်လျားလွန်းပြီး
တစ်ယောက်တည်းသွားရဖို့အတွက်က ပျင်းစရာကောင်းလွန်းသည်။ သူမနဲ့အတူ
စကားပြောမည့်သူတစ်ယောက်ရှိနေပါက အချိန်ကုန်မြန်သွားသယောင် ထင်ရပေလိမ့်မည်။
သူတို့
စကားပြောနေရင်း လင်းရန်တစ်ယောက် ထိုမျက်နှာဝိုင်းမိန်းကလေး၏နာမည်မှာ ကျောက်ရှီလဲ့
ဟုခေါ်ကြောင်း သိလိုက်ရသည်။
သူမ၏နာမည်က
သူမနဲ့လိုက်ဖက်ပြီး ပျော်ပျော်နေတတ်ပုံရသည်။
မူလကိုယ်ခန္ဓာကိုယ်ပိုင်ရှင်မှ
ယခင်က ကျောက်ရှီလဲ့ကို သတိပြုမိခဲ့ခြင်း မရှိသည့် အကြောင်းရင်းမှာ လင်းရန်
မှန်းဆထားသည့်အတိုင်းပင်ဖြစ်ခဲ့သည်။
ကျောက်ရှီလဲ့၏မိသားစုမှာ
စုန့်မိသားစုအိမ်နှင့် အဝေးဆုံးဖြစ်သည့် ထုန်ဇီအဆောက်အအုံတွင်
နေထိုင်ခဲ့ကြပေသည်။ သူတို့က သူတို့မိသားစုအိမ်၏
အနီးဆုံးတံခါးပေါက်ငယ်မှတဆင့် အပြင်သို့ထွက်လေ့ရှိပြီး သူမတို့အိမ်ဘက်သို့
ရောက်ခဲသည်။
လင်းရန်ကတော့
ကေဒါနယ်မြေမှ ရောက်လာခြင်းဖြစ်သည့်အတွက် သူတို့ နှစ်ယောက် တစ်ခါမှ
မဆုံဖူးခဲ့ပါချေ။
ကျောက်ရှီလဲ့အတွက်တော့
သူမ အဘယ်ကြောင့် ကျေးလက်ဒေသသို့ သွားချင်ခဲ့သည်လဲဆိုသည့်အကြောင်းက ဆိုရပါက
ဤသို့ဖြစ်ခဲ့ပေသည်။
သူတို့၏မိသားစုတွင်
ကလေးနှစ်ယောက်ရှိလေ၏။ သူမ၏ အစ်ကိုဖြစ်သူမှာ လွန်ခဲ့သည့်လအနည်းငယ်ကပင် စက်ရုံတွင်
အလုပ်ဝင်ရောက်နိုင်ရန် အခွင့်အရေးရရှိခဲ့သည်။
သို့သော်
သူမကတော့ တုံးအ,လွန်းပေသည်။ သူမအနေဖြင့် စာမေးပွဲမအောင်ခဲ့လျှင် မည်သည့်အလုပ်မှ
လုပ်စရာမရှိပါချေ။ သို့နှင့် ကျေးလက်ဒေသကို သွားရုံသာတတ်နိုင်ခဲ့သည်။
သို့သော်ငြား
သူမ၏အစ်ကိုဖြစ်သူက သူမအပေါ်ကို အရမ်းငဲ့ညှာခဲ့ပြီး သူက သူမအတွက်
ကျေးလက်ဒေသကိုသွားပေးပြီး သူရရှိထားသည့်အလုပ်ကို သူမအား ပေးရန်ပင် တွေးတောခဲ့သည်။
သို့သော်
ကျောက်ရှီလဲ့အနေဖြင့် သူမ၏အစ်ကို နောက်ဆုံးတွင် ရရှိနိုင်ခဲ့သည့်အလုပ်ကို
စွန့်လွှတ်ဖို့ရန်အတွက် တောင်းဆိုဖို့ဆိုသည်က မဖြစ်နိုင်သောကြောင့်
ကျေးလက်ဒေသသို့သွားရပါက ပင်ပန်းဆင်းရဲရလိမ့်မည်ဖြစ်ကြောင်း သိနေလျက်ပင်
သူမဘာသာသူမ သွားဖို့အတွက်သာ ဆုံးဖြတ်ခဲ့သည်။
ထိုစကားများကိုကြားပြီးနောက်
လင်းရန်အနေဖြင့် ကျောက်ရှီလဲ့နှင့် ပတ်သက်သည့် အဓိကစကားလုံးများစွာကို
အမြန်ပင်ဖော်ထုတ်နိုင်ခဲ့သည်။
မိသားစုက
သဟဇာတဖြစ်ကာ စိတ်ထားကတော့ ရိုးရှင်းသည်။
သူမနဲ့
သူမ၏အစ်ကိုကြားမှ ဆက်ဆံရေးကောင်းသည့်အကြောင်းကိုတော့ပြောစရာပင်မလိုချေ။
သူမ၏မိဘများသည်လည်း သူမအပေါ် အလွန်ကောင်းလိမ့်မည်။ သို့မဟုတ်ပါက ထိုကဲ့သို့
ဖောင်းဖောင်းကစ်ကစ် မျက်နှာမျိုးကို ပိုင်ဆိုင်ရန် မဖြစ်နိုင်ပေ။
ထို့အပြင်
ဤမိန်းကလေးမှာ အမှန်ပင် အပြစ်ကင်းစင်ပြီး လှည့်စားရန် အလွန် လွယ်ကူပေသည်။
လင်းရန်မှ သူမ၏
အခြေအနေနဲ့ ပတ်သက်ပြီး မေးခွန်းအနည်းငယ်သာမေးခဲ့သော်လည်း ကျောက်ရှီလဲ့မှ
ဤတစ်ကြိမ်တွင် သူမကျေးလက်ကိုသွားရန်အတွက် သူမ၏မိသားစုမှ သူမအတွက်
ငွေကြေးမည်မျှပြင်ဆင်ပေးထားသည်ဟူသောအကြောင်းကိုပင် ပြောပြလုနီးပါးဖြစ်ခဲ့သည်။
ဤသည်ကိုမြင်လျှင်
လင်းရန်မှာ စကားခေါင်းစဥ်ကို အလျှင်အမြန်ပင် ပြောင်းလဲလိုက်ရပြီး ဤမိန်းကလေးမှာ
အလွန်အမင်း တုံးအ,လှကြောင်း ထပ်မံအတည်ပြုလိုက်ပြန်သည်။
လင်းရန်က
သူမ၏နာမည်ကို ပြောပြလိုက်သော် ကျောက်ရှီလဲ့က အလျှင်အမြန်ပြောလာချေသည်။
“ငါ နင့်ကိုသိတယ်!”
ဤသည်ကိုကြားသည်နှင့်
လင်းရန်တစ်ယောက် တစ်ဖက်လူမှ မူလပိုင်ရှင်၏ နာမည်ဆိုးကို
ကြားသိထားခြင်းဖြစ်လိမ့်မည်ဟု ခံစားလိုက်မိကာ သူမ၏ ပင်ကိုယ်သဘာဝကို
စောစီးစွာ ထုတ်ဖော်ခဲ့မိခြင်းအတွက် နောင်တရမိသွားခဲ့ရသည်။
သို့သော်
ထိုအခိုက်တွင် ကျောက်ရှီလဲ့မှ သူမထံသို့ စိတ်လှုပ်ရှားမှုပြောင့်
နီရဲနေသည့်မျက်နှာဖြင့် ပြောလာသည်ကို ကြားလိုက်ရလေ၏။
“နင်က
ကျေးလက်ဒေသကိုသွားဖို့အတွက် တက်ကြွလှုပ်ရှားသူအဖြစ် ဆုလက်မှတ်ရထားတဲ့သူပဲ!”
လင်းရန် :
ဒီလက်မှတ်ရဲ့ အကျိုးကျေးဇူးကို ပထမဆုံးအကြိမ် ခံစားလိုက်ရပြီ
လင်းရန်မှာ
တက်ကြွလှုပ်ရှားသူဖြစ်ကြောင်း သိပြီးနောက်တွင် ကျောက်ရှီလဲ့မှာ လင်းရန်ဆီသို့ filter
ခံထားသကဲ့သို့ကြည့်ရှုလာခဲ့တော့သည်။
သူမက လင်းရန်အား
စံပြပုဂ္ဂိုလ်တစ်ယောက်ကဲ့သို့ အလွန်အမင်း လေးစားနေခဲ့ပြီး
လင်းရန်သွားသည့်လမ်းအတိုင်း နောက်မှ လိုက်နာဆောင်ရွက်မည်ကဲ့သို့ ဖြစ်နေခဲ့သည်။
လင်းရန်: “...”
ဒီလက်မှတ်က
ကောင်းကျိုးတစ်စုံတစ်ရာမရှိဘူးလို့ ရုတ်တရက် ပြန်လည် ခံစားလိုက်မိပြီ။
သူတို့နှစ်ယောက်
စကားပြောနေကြစဉ် ရုံးမှစီစဉ်ထားသည့်ကားက နောက်ဆုံးတွင်တော့ မြို့တွင်းကားဂိတ်သို့
ရောက်ရှိလာခဲ့ပြီဖြစ်ကာ ကားပေါ်မှလူများလည်း ခွဲခွာသွားကြရသည်။
လူတိုင်း၏
ဦးတည်ရာက မတူညီသလို သွားရမည့် ဦးတည်ချက်သည်လည်း ကွဲပြားသည်လို့ဆိုနိုင်သည်။
ထို့ကြောင့် သူတို့စီးနင်းသွားရမည့် ခရီးဝေးမောင်း ဘတ်စ်ကားများကလည်း မတူညီပါချေ။
လင်းရန်နှင့်
ကျောက်ရှီလဲ့သည်ကတော့ တူညီသော တပ်မဟာအဖွဲ့သို့ သွားကြရမည်ဖြစ်သောကြောင့် ခွဲခွာရန်
မလိုအပ်ပေ။
သူတို့နှစ်ဦး
ချွန်းဖန်းကွန်မြူနတီနှင့်သက်ဆိုင်သည့် အန်းခရိုင်၏ကားကို စတင်ရှာဖွေခဲ့ကြသည်။
ရှာဖွေတွေ့ရှိပြီးနောက် သူတို့နှစ်ယောက် ကားပေါ်သို့တက်ကာ
တစ်ရက်နီးပါးကြာသည့်ခရီးကို စတင်ခဲ့ကြတော့သည်။
...
ဆယ်နာရီနီးပါးကြားအောင်
ကားပေါ်တွင် အလှုပ်ခံခဲ့ရပြီးနောက် လင်းရန်နှင့် ကျောက်ရှီလဲ့တို့ နောက်ဆုံးတွင်
အန်းခရိုင်သို့ ရောက်ရှိကြခဲ့သည်။
ခရီးရှည်တာလွန်းသောကြောင့်
အန်းခရိုင်သို့ရောက်သောအချိန်တွင် ညမှောင်နေခဲ့ပြီ။
လင်းရန်
လှည့်ပတ်ကြည့်လိုက်ရာ လမ်းပေါ်ရှိ အိမ်တိုင်း၏ တံခါးများကပိတ်ထားခဲ့ချေသည်။
သူမအနေဖြင့် အချိန်ကို စစ်ဆေးနိုင်သည့် နေရာမရှိသောကြောင့်
လက်ရှိတွင်အချိန်မည်မျှရှိနေပြီလဲဟူသည်ကို သူမမသိပါချေ။
သို့သော်လည်း
အပြင်ဘက်မှ အပူချိန်ကို ကြည့်၍ ခန့်မှန်းရလျှင် အနည်းဆုံး
မနက်အစောပိုင်းအချိန်သို့ ရောက်ရှိနေလောက်ပြီပင်။
“ရန်ရန် ၊ ဒီမှာ
အရမ်းမှောင်နေတာပဲ၊ ကြောက်စရာကြီး...”
ကျောက်ရှီလဲ့မှာ
မွေးဖွားပြီးနောက်အသက်ဆယ့်ရှစ်နှစ်အရွယ်အထိ ရောက်ရှိလာသည့်တိုင် ဤသည်မှာ သူမအတွက်
ပထမဆုံးအကြိမ် အိမ်မှ အဝေးသို့ခရီးထွက်ခြင်းဖြစ်ခဲ့သည်။သို့ကြောင့်
အသက်နှစ်ဆယ်ကျော်အထိ နေခဲ့ဖူးပြီး လူမှုရေးအကြောင်းနောကြေနေပြီဖြစ်သည့် လင်းရန်ထက်
များစွာ ပို၍ ကြောက်တတ်နေခဲ့ပေသည်။
သူမက
ထိုသို့ပြောပြီးနောက်တွင် ခရီးဆောင်အိတ်ကို ကိုင်ကာ လင်းရန်၏အနီးကို
ပို၍နီးကပ်အောင်ချည်းကပ်လိုက်ပြီး စိတ်မသက်မသာဖြစ်နေသည့် မျက်လုံးလေးများဖြင့်
ဘေးပတ်ပတ်လည်ကို လှည့်ပတ်ကြည့်နေခဲ့သည်။
လင်းရန် သူမ၏
ခရီးဆောင်အိတ်ကို သယ်ဆောင်ပြီး လမ်းတစ်ခုလုံးအတွင်း၌ မီးလင်းနေသည့်
တစ်ခုတည်းသောနေရာကို လှမ်းကြည့်လိုက်သည်။
ထို့အပြင်
၎င်းတို့နှင့်အတူ ဘတ်စ်ကားပေါ်မှ ဆင်းလာသော ယာဉ်မောင်းနှင့် တခြားခရီးသည်များလည်း
ထိုနေရာသို့ လျှောက်သွားနေခဲ့ကြသောကြောင့် ၎င်းမှာ ခရိုင်မြို့၏
တည်းခိုခန်းဖြစ်နိုင်သည်ဟု ခန့်မှန်းခဲ့သည်။
မထွက်ခွာမီတွင်
အန်တီဝမ်က ၎င်းတို့တစ်ဦးစီအား သူတို့သွားရောက်မည့်နေရာနှင့် သက်ဆိုင်သည့်
အကြောင်းအရာများအား တတ်နိုင်သမျှ အသေးစိတ်အချက်အလက်များ ပြောပြပေးခဲ့ပြီး သူမတို့
သွားရမည့်နေရာကို မည်သို့ရောက်ရှိနိုင်မည်ဖြစ်ကြောင်းကို ပြောပြခဲ့သည်။
လင်းရန်မှာ
အန်းခရိုင်သည်က ဤဧရိယာတွင် အစည်ကားဆုံးနေရာဖြစ်ပြီး တည်းခိုခန်းတစ်ခုရှိကြောင်းကို
သတိရမိသည်။
ချွန်းဖန်း
ကွန်မြူနတီကတော့ အန်ခရိုင်နှင့်ဝေးကွာလွန်းနေသေးသည်။ သူတို့တွေ ကွန်မြူနတီနှင့်
နီးသောမြို့များဆီသို့ အရင်ရောက်ဖို့ နည်းလမ်းရှာရလိမ့်မည်။
ညဉ့်နက်နေပြီဖြစ်သည့်အတွက်
လင်းရန်အနေဖြင့် မြို့ထဲတွင် ပတ်ပြေးပြီး အသက်ကို မစွန့်နိုင်သောကြောင့် ဤညတွက်
တည်းခိုခန်းထဲ၌ အနားယူပြီး မနက်ဖန် မနက်မိုးလင်းမှ ခရီးဆက်သွားရန်
ဆုံးဖြတ်လိုက်သည်။
“ဟိုဘက်မှာ
တည်းခိုခန်းတစ်ခုရှိလောက်တယ်၊ ငါတို့ အဲဒီမှာ တစ်ညလောက်နေရအောင်”
**