Ch 30
Viewers 10k

(30)

 

လင်းရန် တည်းခိုခန်းသိာ့ သွားမည့် အကြောင်းကို ပြောပြီးနောက် ကျောက်ရှီလဲ့ကို ခေါ်ကာ မီးထွန်းထားသည့်နေရာသို့ လျှောက်သွားခဲ့သည်။

 

သူတို့နှစ်ယောက် တစ်နေကုန် အတူရှိနေခဲ့ကြပြီးနောက် ကျောက်ရှီလဲ့က လင်းရန်အား သူမ၏ သူငယ်ချင်းတစ်ယောက်အဖြစ် မှတ်ယူထားခဲ့ပြီ။

 

ထို့အပြင် သူမတွင် အမှီအခိုကင်းမဲ့သော ကိုယ်ရည်ကိုယ်သွေး မရှိပေ။ သို့နှင့် လင်းရန်ပြောသည်ကို ကြားလျှင် အလျှင်အမြန်ခေါင်းညိတ်သဘောတူလိုက်တော့သည်။

 

ဤသို့ဖြင့် သူတို့နှစ်ဦးက ခရီးဆောင်အိတ်များကို ဆွဲယူကာ တည်းခိုခန်းဆီသို့ တစ်လှမ်းချင်း သွားခဲ့ကြသည်။

 

တစ်ဖက်တွင်တော့ တည်းခိုခန်း၏တံခါးဝတွင် လူနှစ်ယောက်က အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရနေသည်။

 

ယခုအချိန်မှာ နွေရာသီဖြစ်သော်လည်း အန်းခရိုင်ဆိုသည်က တောင်ထူထပ်သောဧရိယာများနှင့် နီးကပ်သောကြောင့် နေ့နှင့်ညကြား အပူချိန်ကွာခြားချက်မှာ မသေးငယ်လှပေ။

 

ထို့အပြင်၊ လက်ရှိသည်ကား တစ်နေ့တာအတွက် အပူချိန်အနိမ့်ဆုံးကာလလည်း ဖြစ်ပေသည်။ သူတို့နှစ်ယောက် ကုတ်အင်္ကျီတစ်ထည်တည်းကိုသာဝတ်ပြီး အပြင်မှာ မတ်တပ်ရပ်နေရသည်က အလွန်ပင်အေးစက်လွန်းပေသည်။

 

ဦးလေးကျန်းအန်း၊ ဒီပညာတတ်လူငယ်နှစ်ယောက်က လုံးဝမလာဘူးလို့ ထင်လား၊ ဒါက မြို့ပေါ်ကလာတဲ့ နောက်ဆုံးဘတ်စ်ကားပဲ၊ ဒါပေမယ့် ကျွန်တော်တို့ကို ဘယ်သူမှ လာမရှာသေးဘူး၊

 

သူတို့တွေက ဘတ်စ်ကားပေါ် ကို လုံးဝမတက်ခဲ့တာဖြစ်မယ်၊ နောက်ပြီး ဒီကို လာဖို့တောင်မှ မစီစဉ်ထားတာပဲဖြစ်ရမယ်၊ ကျွန်တော်တို့ ဒီမှာ တစ်ညလုံး စောင့်ခဲ့ရတာကို အရူးလို့ထင်နေတာများလား! သူတို့တွေက လူတွေကို ဘယ်လို လှည့်စားရမလဲ ကောင်းကောင်းသိနေတာပဲ!

 

ဤလူနှစ်ဦးသည်ကား ပညာတတ်လူငယ်များကို ကြိုဆိုခေါ်ယူရန်အတွက် တပ်မဟာခေါင်းဆောင်မှ စီစဉ်ပေးခဲ့သော လင်းကျန်းအန်းနှင့်  တူညီသောတပ်မဟာမှ နောက်ထပ်လူငယ်တစ်ဦးဖြစ်သည့် လင်းတာ့ကျွမ်းမှလွဲ၍  တခြားလူများ မဖြစ်နိုင်ပါချေ။

 

မူလတုန်းကတော့ သူတို့အနေဖြင့် ထိုပညာတတ်လူငယ်များကို ကြိုဆိုရန်အတွက် ကွန်မြူနတီကနေ ခရိုင်ရုံးအထိ လာရောက်ဖို့ အစီအစဉ်မရှိပါချေ။ သူတို့က ပညာတတ်လူငယ်များ  သူတို့၏မြို့ထဲသို့  ရောက်လာချိန်မှသာ မြို့သို့ လာကြို၍ တပ်မဟာဆီသို့ ပြန်ခေါ်သွားလိမ့်မည်။

 

 

သို့သော်လည်း ခရိုင်မှ သူတို့မြို့သို့ မောင်းနှင်သည့်ကားမှာ ယနေ့တွင် အဆင်မပြေဖြစ်ကာ ရပ်တန့်နေရလိမ့်မည်ဟု မည်သူက သိထားမည်နည်း။

 

သူတို့၏ နေရာမှာ သေးငယ်လွန်းပြီး  ခရီးသည်များကို အသွားအပြန် ပို့ဆောင်ပေးသည့် ခရီးသည်တင်ဘတ်စ်ကားက တစ်စင်းတည်းသာရှိသည်။ ယခု ထိုကား ရပ်တန့်သွားချိန်တွင် လူတိုင်းက ဟိုဘက်ဒီဘက် အစွန်းနှစ်ဖက်ကြားတွင် ကိုယ့်အားကိုယ်ကိုး၍သာ သွားလာနိုင်တော့မည်။

 

သာမန်လူများအတွက်ကတော့ အဆင်ပြေသေးသည်။ ဘတ်စ်ကားပျက်သွားလျှင်ပင် ခရိုင်မှ ရက်အနည်းငယ်ကြာအောင် မရောက်နိုင်လောက်ရုံသာ ရှိနေလိမ့်မည်။

 

သို့သော် ချွန်းဖန်းကွန်မြူနတီမှ လူများအတွက်တော့ ရွေးချယ်ခွင့်မရှိပေ။  ယခင်အစီအစဉ်အရ ယနေ့တွင်လာရောက်မည့် ပညာတတ်လူငယ်အဖွဲ့တစ်ဖွဲ့ရှိနေခဲ့သည်။

 

ဘတ်စ်ကားက ပျက်သွားပြီဖြစ်ကာ မည်သည့်အချိန်တွင် ပြန်လည်ပြုပြင်မည်ကိုလည်း မသိနိုင်ချေ။

 

ပညာတတ်လူငယ်များက ခရိုင်မြို့ထဲသို့ ရောက်လာပြီဆိုပါက သူတို့အားထိုနေရာမှာပဲ ဆက်နေဖို့ စောင့်ဆိုင်းခိုင်းထား၍ မရပါချေ။

 

ထို့ကြောင့် အဆုံးသတ်တွင် ခရိုင်အုပ်ချုပ်ရေးမှူးထံမှ တပ်မဟာတစ်ခုစီမှ တပ်မဟာခေါင်းဆောင်များဆီသို့ အလုပ်ပိုမိုကြိုးစားလုပ်ဆောင်ရန်နှင့် သက်ဆိုင်ရာ ပညာတတ်လူငယ်များကို ကြိုဆိုရန်အတွက် ခရိုင်သို့ လူများ စေလွှတ်ပေးရန် အကြောင်းကြားစာ ထုတ်ပြန်ခဲ့တော့သည်။

 

လင်းကျန်းအန်းနှင့် လင်းတာကျွမ်း တို့နှစ်ဦးမှာ မနက်စာစားပြီးသည်နဲ့ နေရာမှ ထွက်လာခဲ့ကြရသည်။

 

သူတို့နှစ်ယောက် လမ်းပေါ်တွင် နာရီပေါင်းများစွာ ကြာမြင့်ပြီး နေ့လယ်ပိုင်း၌ပင် ဤနေရာသို့ ရောက်ရှိလာခဲ့ကြသည်။

 

သို့သော် ယနေ့အချိန်တွင် ဆက်သွယ်ရေးမှာ ကောင်းမွန်ခြင်းမရှိသေးသောကြောင့် ၎င်းတို့၏ တပ်မဟာသို့ရောက်လာမည့် ပညာတတ်လူငယ် နှစ်ဦးမှာ မည်သည့်အချိန်တွင် ရောက်ရှိလာမည်ကို မသိသောကြောင့် ဤနေရာတွင်သာ တစ်နေကုန်စောင့်ဆိုင်းနေကြရသည်။

 

တခြားတပ်မများမှ လူများက သူတို့၏တပ်မဟာများမှ ပညာတတ်လူငယ်များကို ခေါ်ဆောင်သွားခဲ့ကြပြီဖြစ်သော်လည်း သူတို့ကတော့ နေ့လယ်မှ မွန်းလွဲပိုင်းအထိ ဤကဲ့သို့ စောင့်ဆိုင်းနေခဲ့ကြရသည်။

 

သူတို့စောင့်ဆိုင်းနေသည့် ပညာတတ်လူငယ်နှစ်ယောက်ကတော့ ယခုအချိန်ထိ မရောက်လာသေးပေ။

 

သူတို့အနေဖြင့် တစ်စုံတစ်ယောက်ကို  မခေါ်သွားနိုင်မချင်း ဤအတိုင်းသာ ဆက်စောင့်နေကြရမှာဖြစ်ပြီး စောင့်ဆိုင်းမှုက ယခုအချိန်ထိတိုင် ကြာမြင့်လာခဲ့သည်။

 

အပြင်ဘက်မှာ မည်းမှောင်နေခဲ့ပြီ။ အကယ်၍ လင်းကျန်းအန်းကသာ အနီးအနားရှိ ဧည့်ရိပ်သာမှ အရောင်းသမားဆီကို အထူးတလည်  မေးမြန်းပြီး ဘတ်စ်ကားတစ်စီးမှာ နံနက် နှစ်နာရီတွင် ရောက်ရှိလာဦးမည်ကြောင်း သိရှိခဲ့ရသောကြောင့် မဟုတ်ပါက လင်းတာ့ကျွမ်းအနေဖြင့် မြည်းလှည်းကို  ပြန်လည်မောင်းနှင်သွားမှာပင်။

 

  

အချိန်က မနက်အာရုဏ်တက်ဖို့ နီးနေခဲ့ပြီ။ အကယ်၍ နောက်ဆုံးဘတ်စ်ကားရောက်လာပြီးနောက်တွင်ပင် သူတို့နှစ်ယောက် မည်သူတစ်ဦးကိုမျှ  မကြိုဆိုနိုင်တော့ပါက လင်းကျန်းအန်းသည်လည်း ထပ်မံ မစောင့်တော့ရန် ဆုံးဖြတ်ခဲ့သည်။

 

ခဏစောင့်ကြည့်ရအောင်၊ ကားပေါ်ကလူတွေ အကုန်လုံး မရောက်လောက်သေးဘူး၊ ငါတို့နှင့် လိုက်မဲ့သူ ဘယ်သူမှ မရှိဘူးလို့ အတည်ပြုပြီးရင် ပြန်ကြတာပေါ့

 

လင်းကျန်းအန်းသည်လည်း စောင့်ဆိုင်းရခြင်းအပေါ် အနည်းငယ် စိတ်မရှည်တော့သော်လည်း တည်ငြိမ်နေဆဲဖြစ်လေ၏။

 

မည်သို့ပင်ဆိုစေ ယနေ့အချိန်တွင် တစ်ဦးတစ်ယောက်ကမှ ရောက်မလာဘူးဆိုပါက  မနက်ဖြန်၌  ကွန်မြူနတီသို့ ဤကိစ္စအား အကြောင်းကြားနိုင်လိမ့်မည်။

 

သူ့အနေဖြင့် ထိုပညာတတ်လူငယ်နှစ်ဦးအား အဝေးသို့  ထွက်ခွာသွားစေရန်နှင့် ဤတစ်သက်လုံး သူတို့တပ်မဟာဆီသို့ ပြန်လာနိုင်ခြင်းမရှိစေရန်အတွက် ဤအကြောင်းပြချက်ကို အပြည့်အဝအသုံးပြု၍  တင်ပြနိုင်လိမ့်မည်။

 

  

 

လင်းတာ့ကျွမ်းမှာ ထိုစကားကိုကြားချိန်တွင် စကားအနည်းငယ်လောက် ညည်းညူချင်သော်လည်း တစ်ဖက်လူမှာ လင်းကျန်းအန်းဖြစ်နေသောကြောင့် ထိုအတွေးကို စွန့်လွှတ်ရန်မှတပါး ရွေးချယ်စရာမရှိခဲ့ပေ။

 

သူတို့နှစ်ယောက် ကားပေါ်မှ ဆင်းလာသော တခြားလူများ ဧည့်ရိပ်သာထဲသို့ ၀င်သွားသည်ကို  သို့မဟုတ် သူတို့၏နေအိမ်သို့ ပြန်သွားကြသည်ကို စောင့်ကြည့်နေခဲ့ကြပြီး နောက်ဆုံးတွင် နှေးကွေးသော အသွင်အပြင် နှစ်ခုက သူတို့၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။

 

လင်းကျန်းအန်း၏ အမြင်အာရုံမှာ အလွန်ကောင်းမွန်လှသည်။ ထို့ကြောင့် လရောင်၏အလင်းအောက်မှ  လှမ်းကြည့်လိုက်လျှင် အိတ်ကြီးနှစ်လုံးကို တစ်ဖက်စီ ဆွဲယူလာ လျှောက်လာနေခဲ့ကြသည့် ပုံရိပ်နှစ်ခုကို လျင်မြန်စွာ မြင်လိုက်ရလေ၏။

 

ထိုမြင်ကွင်းကိုမြင်လျှင် သူ အနည်းငယ်လောက် စိတ်ပျက်သွားရပြီး မျက်မှောင်ကြုတ်လိုက်မိသည်။

 

ကြည့်ရသည်မှာ ထိုပညာတတ်လူငယ်နှစ်ဦးကို ပြန်ပို့ရန် စိတ်ကူးက မဖြစ်နိုင်တော့သည့်ပုံပင်။

 

အကြောင်းမှာ လက်ရှိလာနေသည့် နှစ်ဦးသည်ကား ၎င်းတို့ လာကြိုရမည့် ပညာတတ်လူငယ်များဖြစ်နိုင်သည် ဟူသော ဖြစ်နိုင်ချေမှာ အလွန်ပင် များသောကြောင့်ပင်။

 

အဝေးမှ လှမ်းလာသည့် လူနှစ်ယောက်မှာ နောက်ဆုံးတွင်တော့ တည်းခိုခန်း၏တံခါးအနားသို့ ရောက်ရှိလာခဲ့ပြီဖြစ်ကာ လင်းကျန်းအန်းလည်း သူတို့၏အသွင်အပြင်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရပြီး ပို၍ပင် စိတ်ပျက်သွားမိတော့သည်။

 

သူတို့ တစ်နေကုန်စောင့်မျှော်နေခဲ့ရသည့် ပညာတတ်လူငယ်လေးများက  ချစ်စရာကောင်းသည့်မိန်းကလေးနှစ်ယောက် ဖြစ်နေခဲ့သည်။

 

အထူးသဖြင့် သူတို့ထဲက တစ်ယောက်မှာ အလွန်အမင်းပိန်လွန်းလှပြီး အားနည်းလွန်းပုံရသည့်အတွက် ထင်းစည်းကိုတောင် သယ်နိုင်မည့်ပုံမရှိပေ။

 

သူမက ဒီလိုနယ်ပယ်မျိုးမှာ ဘယ်လိုအလုပ်မျိုး လုပ်နိုင်မှာတဲ့လဲ?

 

လင်းကျန်းအန်း မတတ်နိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။

 

တစ်ဖက်တွင် သူ၏ဘေး၌ရှိနေသော လင်းတာ့ကျွမ်းမှာလည်း  ပညာတတ်လူငယ်နှစ်ဦးကို မမြင်တွေ့ရချိန်တွင် စိတ်ပျက်လက်ပျက်ဖြစ်သွားကာ သူ့၏မျက်နှာကလည်း မှုန်မှိုင်းသွားညသည်။

 

သို့သော်လည်း နောက်တစ်စက္ကန့်တွင် လင်းရန်၏မျက်နှာကို မြင်လိုက်ရသောအချိန်တွင် သူ၏အမူအရာက ရုတ်ချည်း ပြောင်းလဲသွားခဲ့ပြီး မျက်နှာတစ်ခုလုံး နီရဲသွားခဲ့ပြီး စကားသံကလည်း ထစ်ငေါ့လာတော့သည်။

 

ကျန်း..ဦးလေး ကျန်းအန်း၊ သူတို့.. သူတို့က ကျွန်တော်တို့ စောင့်မျှော်နေတဲ့ ပညာတတ်လူငယ်တွေပဲ!

 

လင်းကျန်းအန်း လင်းတာ့ကျွမ်းကို စိုက်ကြည့်ကာ နှလုံးသားထဲတွင် ကျိန်ဆဲလိုက်သည်။

 

သူ ဘယ်လောက်ထိ အသုံးမကျလဲဆိုတာ ကြည့်လိုက်ဦး!

 

လင်းကျန်းအန်း လင်းတာ့ကျွမ်းကို လျစ်လျူရှုလိုက်ပြီး လင်းရန်နှင့် ကျောက်ရှီလဲ့ဆီသို့ တိုက်ရိုက် လျှောက်သွားခဲ့သည်။

 

လင်းရန်နှင့် ကျောက်ရှီလဲ့တို့မှာ တည်းခိုခန်းဆီသို့ ရောက်ရှိလာတော့မည်ဖြစ်ကာ တည်းခိုခန်း၏တံခါးဝတွင် ရပ်နေသည့် လူနှစ်ယောက်ထဲမှ တစ်ယောက်က သူတို့ဆီသို့  လျှောက်လာနေသည်ကို တွေ့လိုက်ရချိန်တွင် အနည်းငယ်လောက် သတိချပ်သွားခဲ့ကြသည်။

 

သူတို့၏နောက်ဘက်တွင် တည်းခိုခန်းတစ်ခုရှိနေသော်လည်း လင်းရန်နှင့်ကျောက်ရှီလဲ့မှာ မတတ်နိုင်ဘဲ သတိကြီးနေခဲ့ကြသည်။

 

တည်းခိုခန်းမှ ထွန်းထားသည့် မီးအလင်းရောင်က ထိုလူ၏  နောက်ကျောက်ဘက်ဆီကို ဖြာကျနေခဲ့သောကြောင့် လင်းရန်မှာ တစ်ဖက်လူ၏  မျက်နှကို မမြင်နိုင်ခဲ့ဘဲ  ထိုလူ၏ ယေဘူယျ ကောက်ကြောင်းကိုသာ မြင်နိုင်ခဲ့ကာ တစ်ဖက်လူက အရပ်ရှည်ပြီး သန်မာသည့် အမျိုးသားတစ်ဦးဖြစ်ကြောင်းကိုသာ သိရှိနေခဲ့သည်။

 

လင်းရန်မှာ  သူမ၏  ခရီးဆောင်အိတ်ကို သယ်၍  ပြေးသွားပါက သူတို့၏ သူတို့၏အရှေ့ကလူက ဆွဲလုနိုင်သည်လား သို့မဟုတ် သူမအနေဖြင့် တည်းခိုခန်းရှိရာဦးတည်ရာဆီသို့သာ တိုက်ရိုက်အော်ဟစ်အကူအညီတောင်းပါက ပို၍ကောင်းနိုင်လောက်မလားဟု တွေးတောချိန်ညှိနေချိန်တွင် တစ်ဖက်လူမှာ သူ့တို့၏အရှေ့တွင် ရပ်တန့်လိုက်လေ၏။ 

 

ထို့နောက် သက်ပြင်းတစ်ချက်ကိုချကာ သူတို့ထံသို့ အသံကျယ်ကျယ်ဖြင့် မေးလာခဲ့သည်။

 

မင်းတို့က ချွန်ဖန်း တပ်မဟာကို လာတဲ့ ပညာတတ်လူငယ်နှစ်ယောက်လား

  

 

  

လင်းရန် အံ့အားသင့်စွာနှင့် ရပ်တန့်သွားခဲ့ရသည်။ သူမက သူမ၏  အရှေ့မှလူအား သူတို့၏ အကြောင်းကို မည်သို့ သိရှိထားကြောင်း မမေးမြန်းရသေးခင်တွင်  သူမ၏ဘေးဘက်မှ စိတ်လှုပ်ရှားစွာ ခေါင်းညိတ်ပြလိုက်လေသည်။

 

ဟုတ်တယ်၊ ဟုတ်တယ်၊ ကျွန်မတို့က ချွန်းဖန်း တပ်မဟာထဲကို ဝင်မဲ့ ပညာတတ်လူငယ်တွေပါ၊ ရှင်က ဘယ်သူလဲ

 

ဒီမိန်းကလေးဆီမှာ သတိထား တတ်တဲ့စိတ်လုံးဝမရှိဘူး။

 

လင်းရန် သူမ၏ နဖူးကိုသာ ကူကယ်ရာမဲ့စွာ ဆုတ်ကိုင်လိုက်မိသည်။

 

ကျောက်ရှီလဲ့မှ သူတို့နှစ်ဦး၏ အထောက်အထားကို အတည်ပြုပြီးနောက်တွင် လင်းကျန်းအန်း၏   စိတ်ရှည်မှု အနည်းငယ်သည်လည်း လုံးဝ ကုန်ဆုံးသွားခဲ့တော့သည်။

 

ငါတို့က မင်းတို့ကို လာကြိုပေးဖို့အတွက် တပ်မဟာက စေလွှတ်ပေးလိုက်တဲ့လူတွေပဲ၊ မင်းတို့ နှစ်ယောက် ဘယ်လိုလုပ်ဖို့ စိတ်ကူးထားလဲ၊ မင်းတို့တွေ အခုချက်ချင်းပဲ  ငါတို့နဲ့အတူ တပ်မဟာကို လိုက်ခဲ့မှာလား၊  ဒါမှမဟုတ် ဒီမှာ တစ်ညနေဦးမှာလား

 

လင်းကျန်းအန်း၏ လေသံမှာ အေးစက်ခြင်းမရှိသော်လည်း စိတ်အားထက်သန်မှု မရှိသည်ကလည်း သေချာသည်ပင်။

 

**