(31)
လင်းရန်အနေဖြင့်
သူတို့ရှေ့မှ လူ၏ မကျေမနပ်ဖြစ်မှုကို သိရှိခံစားမိသော်လည်း ညဥ့်နက်သည်အထိ
သူတို့ကို စောင့်မျှော်နေသေးကြောင်း တွေးတောပြီးနောက်တွင်
နားလည်နိုင်ခဲ့သည်။
လင်းရန်
ခဏတွေးတောကာ လုံခြုံရေးအကြောင်းပြချက်ကြောင့် ဤတည်းခိုခန်းနေရာတွင်
တစ်ညခန့်အနားယူရန် ဆုံးဖြတ်ခဲ့ပြီး မနက်ဖြန်နံနက်ကို ရောက်မှသာခရီးကို
ပြန်လည်စတင်ဖို့ ပြောခဲ့သည်။
ကျောက်ရှီလဲ့သည်လည်း
သူမ၏ စကားနောက်ကို ပြတ်ပြတ်သားသား လိုက်နာခဲ့သည်။
“ကျွန်မတို့တွေ
ဒီနေ့ ခရီးထွက်လာရတာ အရမ်းပင်ပန်းနေပြီ၊ ဒါကြောင့် တည်းခိုခန်းမှာ တစ်ညလောက်
အနားယူပြီး မနက်ဖြန်မှ ခရီးဆက်ချင်တယ်၊ အဲလိုဆိုရင် အဆင်ပြေရဲ့လား”
လင်းရန်၏
စကားကိုကြားသော် လင်းကျန်းအန်းက မငြင်းဆန်ခဲ့ဘဲ လင်းရန်နှင့်
ကျောက်ရှီလဲ့တို့ တည်းခိုခန်းထဲသို့ ဝင်ရန် လမ်းဖယ်ပေးလိုက်သည်။
ဤသည်ကိုမြင်မှသာ
လင်းရန် သက်ပြင်းချလိုက်မိသည်။
တစ်ဖက်လူမှာ
သူတို့ကို သိပ်ပြီးကြိုဆိုပုံမပေါ်သော်လည်း စကားပြောရန်တွင် ခက်ခဲအောင်
မလုပ်ခဲ့ပေ။
သူတို့ထဲတွင်
မည်သူကမျှ အချိန်မဖြုန်းတီးချင်သောကြောင့် လင်းရန်လည်း ကျောက်ရှီလဲ့ကို ခေါ်ပြီး
တည်းခိုခန်းထဲသို့ အမြန်ဝင်သွားခဲ့သည်။
ရလဒ်အနေဖြင့် သူမ
ID ကိုထုတ်ယူပြီး
သူမနှင့် ကျောက်ရှီလဲ့အတွက် အခန်းဖွင့်ပေးရန် တည်းခိုခန်းဝန်ထမ်းကို
တောင်းဆိုနေချိန်တွင် မတိုင်ခင်က သူတို့နှစ်ဦးနှင့် စကားပြောခဲ့သော
အမျိုးသားသည်လည်း တည်းခိုခန်းအတွင်းသို့ လိုက်ဝင်လာခြင်းမရှိသည်ကို သူမ
သတိပြုမိသွားခဲ့သည်။
သူမ
အနည်းငယ်အံ့အားသင့်သွားကာ ထိုအမျိုးသားအား အဘယ်ကြောင့် မဝင်လာသည်လဲဟု မေးခါနီးတွင်
တစ်ဖက်လူမှာ သူ့ထက် အရပ်အနည်းငယ် ပိုပုသည့် အခြားအမျိုးသားတစ်ယောက်ဆီသို့
လျှောက်သွားနေသည်တွေ့လိုက်ရကာ အရပ်ပုသည့်လူ၏ ပုခုံးကို ပုတ်လျှက်
ပြောသည်ကိုလည်း ကြားလိုက်ရသည်။
“ဘာလို့ ဒီနားမှာ
တုံးအအနှင့် ရပ်နေတာလဲ၊ မြန်မြန်သွားတော့ ၊ လှည်းပေါ်က မိုးကာစကို သွားထုတ်လိုက်၊
ပြီးရင် အပေါ်ကနေ မိုးပြီး ငါနှင့်အတူအိပ်ရမယ်”
ထိုလူနှစ်ယောက်မှာ
တည်းခိုခန်းထဲတွင်နေရန်အတွက် လုံးလုံးလျားလျား စိတ်ကူးမရှိဘဲ အပြင်ဘက်တွင်
တစ်ညအိပ်ဖို့ ကြံစည်ထားကြောင်းကို သိလိုက်ရသောကြောင့် လင်းရန်
မျက်မှောင်ကြုတ်လိုက်မိသည်။
သို့သော်ငြား
ထိုအကြောင်းကို တွေးတောပြီးနောက်တွင် သူမ နားလည်သဘောပေါက်နိုင်ခဲ့သည်။
ဤအမျိုးသားနှစ်ယောက်မှာ
ကျေးလက်ဒေသမှ ရွာသားများ ဖြစ်လိမ့်မည်။ သူတို့မှာ ကျေးလက်တွင်
လယ်ယာလုပ်ကိုင်ကြပြီး တည်းခိုခန်းတွင် တည်းခိုရန်အတွက်
အပိုငွေများများစားစားမရှိသည့်အတွက်ကြောင့် အပြင်ဘက်တွင် ညအိပ်ရန် ကြံစည်ထားခြင်း
ဖြစ်လိမ့်မည်။
တစ်ဖက်လူများမှာ
သူတို့ကို လာကြိုရဖို့အတွက် အချိန်ဤမျှနောက်ကျသည်အထိ စောင့်ဆိုင်းခဲ့ရပြီး
နောက်ဆုံးတွင်တော့ လမ်းပေါ်တွင် အိပ်စက်ဖို့ လုပ်ခဲ့ရသည်ဟူသော အတွေးက
လင်းရန်ကို အနည်းငယ်လောက် အပြစ်ရှိသလို ခံစားခဲ့ရစေသည်။
သူမ ခဏလောက်
တုံ့ဆိုင်းသွားပြီး ကျောက်ရှီလဲ့ကို သူမ၏ ခရီးဆောင်အိတ်ကို ကြည့်ခိုင်းလိုက်ပြီး
တံခါးဝဆီသို့ လျှောက်သွားလိုက်သည်။
“ဒီဘက်က
ရဲဘော်တို့၊ ရှင်တို့ ဘာလို့ အထဲကိုဝင်ပြီး ခဏလောက် အနားမယူရမှာလဲ၊ ကျွန်မ
ရဲဘော်တို့အတွက် အခန်းဖွင့်ပေးမယ်လေ”
လင်းရန်အနေဖြင့်
ယနေ့ခေတ်ကာလ၏ စျေးနှုန်းများကို အကြမ်းဖျင်း တွေးတောကြည့်လိုက် သည်။
တည်းခိုခန်းတစ်ခုတွင် တစ်ညတာ တည်းခိုခမှာ တစ်ယွမ် သို့မဟုတ် နှစ်ယွမ်ထက်အပြင်
စျေးထပ်မကြီးနိုင်ချေ။
ထို့အပြင်
သူမ၏လက်ထဲမှ ပိုက်ဆံများမှာ စုန့်ဝေ့၏ လက်ထဲမှ ပိုက်ဆံသာဖြစ်၍
၎င်းကိုအသုံးပြုချိန်တွင် သူမအနေဖြင့် စိတ်ဆင်းရဲမှုများ သိပ်ပြီး မရှိလှပေ။
သူမတို့အား
အထူးတလည်လာရောက်ကြိုဆိုပေးသော ရဲဘော်နှစ်ယောက်အား တည်းခိုခန်းတစ်ခုတွင်
တစ်ညတာတည်းခိုရန်အတွက် ဖိတ်ကြားခြင်းမှာ ၎င်းတို့အတွက် လျော်ကြေးအဖြစ်
မှတ်ယူနိုင်သည်။
လင်းကျန်းအန်းမှာ
သူမ၏စကားကိုကြားသည်တွင် သူမဆီသို့ ပြန်လှည့်ကြည့်လာခဲ့သည်။ သူ့ထံတွင်
သူမ၏ ဖိတ်ကြားချက်ကို သဘောတူရန် ရည်ရွယ်ချက်မရှိခဲ့ပေ။
သူနဲ့
တာ့ကျွမ်းတို့ နှစ်ယောက်လုံးမှာယောကျ်ားရင်းမာကြီးများဖြစ်၍ အပြင်ဘက်တွင်
တစ်ကြိမ်တစ်ခါမှ မအိပ်ဖူးသည့်သူများ မဟုတ်ကြပေ။ သို့အတွက်
တည်းခိုခန်းထဲတွင် နေစရာ မလိုအပ်ပါချေ။
သို့သော်လည်း
ဤကလေးမလေးမှာ သူ ထင်ထားသည်ထက် ပိုကောင်းသော မိန်းကလေးတစ်ယောက်ဖြစ်ပုံရသည်။
သူ အသိစိတ်
ပြန်ဝင်လာပြီးနောက် အခန်းတွင်းမှ အလင်းရောင်မှိန်မှိန်မှိန်မှိန်၏အောက်တွင်
လင်းရန်ကို ပြန်ကြည့်ကာ အေးဆေးတည်ငြိမ်သောလေသံဖြင့် ပြောလာသည်။
“မဝင်တော့ဘူး၊
ငါတို့ ဒီမှာ ခဏလောက် အနားယူလိုက်လို့ရတယ်၊ မင်းတို့နှစ်ယောက်
မြန်မြန်အိပ်လိုက်ကြတော့”
သို့သော်ငြား
သူပြောပြီးသည့်နောက်တွင် လင်းရန်၏အဖြေက ပြန်မရောက်လာခဲ့ပေ။
လင်းကျန်းအန်း
စိတ်ရှုပ်ထွေးသွားရပြီး မျက်မှောင်ကြုတ်ကာ သူမကို လှမ်းကြည့်သော် တစ်ဖက်မှ
လင်းရန်မှာ သူ့ထံသို့ ပြူးကျယ်နေသော မျက်လုံးများဖြင့် ကြည့်လှမ်းနေခဲ့ပြီး
သူမ၏မျက်နှာပေါ်တွင်လည်း အလွန်အမင်း အံသြသင့်နေသော အရိပ်အယောင်တို့ကို
တွေ့လိုက်ရတော့သည်။
လင်းကျန်းအန်း: “?”
ယခင်တုန်းက
လင်းကျန်းအန်းမှာ အ အလင်းရင်းမြစ်ရှိရာဘက်သို့ အမြဲတမ်း ကျောခိုင်းနေခဲ့သောကြောင့်
လင်းရန်မှာ သူ့၏မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်တွေ့ခဲ့ရပေ။
ယခုအချိန်တွင်တော့
သူက တည်းခိုခန်း၏ တံခါးဝတွင် ရပ်နေခဲ့ပြီး သူမကတော့ တည်းခိုခန်း၏တံခါးအတွင်းဘက်၌
ရပ်နေခဲ့သည်။
ထို့ကြောင့်
လင်းကျန်းအန်းက တည်းခိုခန်းအတွင်းမှ သူမဆီကို
လှမ်းကြည့်လိုက်ချိန်တွင် လင်းကျန်းအန်း၏မျက်နှာအား လင်းရန်
ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့သည်။
ဒါပေမယ့် ဒါက
သူမရဲ့ ထင်ယောင်ထင်မှားများ ဖြစ်နေလောက်မလား။
မဟုတ်ရင်
ဒီလူရဲ့မျက်နှာက ဘာလို့ ဒီလောက်တောင် ရင်းနှီးနေတယ်လို့ သူမ ဘာလို့ထင်နေရမှာလဲ။
သူ့ရဲ့မျက်နှာက
အဖေလင်းရဲ့ မျက်နှာနှင့် အလွန်ဆင်တူလွန်းတယ်။
လင်းကျန်းအန်းမှာ
တစ်ဖက်မှ မိန်းကလေးက သူ့ကို ဤကဲ့သို့ စိုက်ကြည့်နေသည်ကြောင့် တဖြည်းဖြည်း
စိတ်မရှည်ဖြစ်လာခဲ့ရသည်။
ဒီမြို့ပေါ်က
ကောင်မလေးက ငယ်ငယ်ရွယ်ရွယ်နှင့် ဘာလို့ ဒီလောက်တောင် အသားအရေ ထူထဲနေရတာလဲ?
အခုလိုမျိုး ကျပန်းတွေ့ဆုံရတဲ့ အမျိုးသားတစ်ယောက်ကို ဘာလို့ ဒီလောက်ကြာအောင်
စိုက်ကြည့်နေရတာလဲ?
တကယ်လို့
သူ့သမီးသာ ဒီလိုမျိုးဖြစ်နေမယ်ဆိုရင် သူ ကောင်းကောင်း ပညာပေးမှာပဲ။
ဒါပေမယ့်
ကံကောင်းထောက်မစွာနှင့် သူ့ရဲ့သမီးလေးက အကျင့်စာရိတ္တကောင်းမွန်ပြီး
လိမ်လိမ်မာမာရှိနေလောက်တယ်။ ဒါကြောင့် ဒီလိုမျိုးလုပ်ဖို့ဆိုတာ လုံးဝ
မဖြစ်နိုင်ဘူး!
*
လင်းရန်မှာ
လင်းကျန်းအန်း၏ အနည်းငယ် စိတ်မရှည်သောအမူအရာကို သတိပြုမိသော်လည်း တစ်ဖက်လူက
အဖေလင်း ဟုတ်မဟုတ် သိရှိနိုင်ရန်အတွက် သူ့ကို ရဲရင့်စွာ ဆက်လက်ကြည့်ရှုခဲ့သည်။
လင်းကျန်းအန်းမှ
လင်းရန်၏အကြည့်ကို သည်းမခံနိုင်တော့ဘဲ တစ်စုံတစ်ခုပြောရန်
တွေးတောလိုက်ချိန်တွင် ရုတ်တရက် သူမ ပြောလိုက်သော စကားကို ကြားလိုက်ရလေ၏။
“အမ်.. ဒီဘက်က
ရဲဘော်ရဲ့နာမည်က လင်းကျန်းအန်းများလား?”
လင်းကျန်းအန်း၏
အမူအရာမှာ ရပ်တန့်သွားခဲ့ပြီး လင်းရန်မှ သူ့၏နာမည်ကို သိရှိနေသည့်အတွက် အနည်းငယ်
အံ့အားသင့်သွားဟန်ရှိသည်။
သူ့၏အမူအရာကို
သတိပြုမိသောကြောင့် လင်းရန် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
သူမ၏ရှေ့မှလူက
သူမ ရှာနေသည့် အဖေလင်းဖြစ်ကြောင်းကို သေချာသွားခဲ့ပြီ။
ဒါကို
သံဖိနပ်စီးပြီးရှာချိန်မှာ ဘာကိုမှရှာမတွေ့ဘဲ အားထုတ်ခြင်းမရှိတဲ့အချိန်မှာ
ဆိုက်ဆိုက်မြိုက်မြိုက်တွေ့တယ်လို့ ဆိုလိုတာ ဖြစ်လိမ့်မယ်။
သူမ၏ရှေ့မှ
လူ၏နာမည်ကို အတည်ပြုပြီးနောက် လင်းရန် ချက်ချင်း ချိုမြိန်စွာ ပြုံးပြလိုက်ကာ
လင်းကျန်းအန်းဆီသို့ အော်ခေါ်လိုက်တော့သည်။
“အဖေ သမီးက
ရန်ရန်ပါ! အဖေ့ရဲ့သမီး လင်းရန်လေ!”
“အဖေ” ဟုအော်ခေါ်ခြင်းမှာ
အလွန် သဘာဝကျပုံပေါက်နေခဲ့သော်လည်း လင်းရန်မှာ သူမမည်မျှ ကြောက်ရွံ့နေမသည်ကို သူမ
ကိုယ်တိုင်သာ သိပေသည်။
အဖေလင်းက သူမကို
လက်ခံသည်ဖြစ်စေ ၊ လက်မခံသည်ဖြစ်စေ ဤကဲ့သို့ ရင်းနီးကျွမ်းဝင်ခြင်းမရှိသော
နာမ်စားကြောင့် လင်းရန်အား အနည်းငယ် စိတ်မသက်မသာဖြစ်စေခဲ့သည်။
ဆိုရပါက ဤသည်မှာ
သူမ၏ဘဝနှစ်ခုလုံးတွင် “အဖေ”ဆိုသည့် နာမ်စားကို ပထမဆုံး ခေါ်ခဲ့ဖူးခြင်းပင်
ဖြစ်နေခဲ့သည်ပင်။
လင်းကျန်းအန်းမှာ
လင်းရန်၏ ကျယ်လောင်လှသော “အဖေ” ဟုခေါ်သံကိုကြားလိုက်ချိန်၌ နေရာတွင် အေးခဲသွားခဲ့သည်။
သူသည်ကား
အချိန်ကြာမြင့်သည်အထိ မတုံ့ပြန်နိုင်ခဲ့ဘဲ လင်းရန်ကိုသာ စေ့စေ့ကြည့်ကာ
ဗလာဖြစ်စွာဖြင့် မတ်တပ်ရပ်နေခဲ့မိသည်။
သူ၏
ထိုကဲ့သို့ ပုံစံကိုမြင်လျှင် လင်းရန်၏ မျက်နှာပေါ်မှအပြုံးမှာ
တဖြည်းဖြည်း ပြေလျော့လာခဲ့ရတော့သည်။
မဟုတ်ဘူးမလား?
တကယ်ကြီး
လီရှို့လီရဲ့စကားတွေက အမှန်ဖြစ်နေခဲ့တာလား?
အဖေလင်းက သူမကို
အမှန်တကယ်မုန်းတီးပြီး သူမကို အသိအမှတ်ပြုဖို့ ရည်ရွယ်ချက်မရှိတော့ဘူးလား။
ပြီးသွားပြီပဲ။
ဒါဆို သူမရဲ့ “အဖေ” လို့ ခေါ်လိုက်မိတာက
နည်းနည်းလောက် အလျင်စလိုဖြစ်သွားခဲ့တာပဲ။
လင်းရန်တစ်ယောက်
ကြောက်ရွံ့နေချိန်တွင် လင်းကျန်းအန်းတစ်ယာက် အာရုံများပြန်ရောက်လာပြီး
သတိကြီးစွာဖြင့် စကားစပြောလာခဲ့သည်။
“မင်း အခုလေးတင်
ဘာပြောလိုက်တာလဲ ၊မင်း ပြန်ပြောပေးလို့ရမလား”
သူ့အနေဖြင့်
သမီးဖြစ်ကို အလွန်အမင်း လွမ်းနေသောကြောင့် ယခုကဲ့သို့ ညဥ့်နက်ချိန်တွင်
အာရုံများ ဝေဝါးနေသည်လားဟု ထင်မြင်နေမိသည်။
လင်းရန်: “.......”
ရုတ်တရက်ပြီး
သူမရဲ့ ဒီအဖေက သိပ်ပြီးဉာဏ်ကောင်းတဲ့သူမဟုတ်ဘူးလို့ ခံစားလိုက်ရတယ်။
သို့သော်လည်း
လင်းကျန်းအန်းအတွက်လည်း နှစ်ပေါင်းများစွာ ပေါ်မလာခဲ့သော သူ့၏သမီးမှာ ရုတ်တရက်ကြီး
ပေါ်ထွက်လာသည်ကို တွေးလိုက်မိလျှင် ဤခဏတာအတွင်း မယုံကြည်နိုင်ဖြစ်နိုင်ခဲ့သည်ကလည်း
ကျိုးကြောင်းဆီလျော်နေပုံရသည်။
ထို့ကြောင့်လင်းရန်
သူမ ပြောခဲ့သမျှကို စိတ်ရှည်စွာဖြင့် နောက်တစ်ကြိမ် ပြန်ပြောပေးခဲ့သည် ။
“အဖေ၊ သမီးက
အဖေ့ရဲ့သမီး လင်းရန်လေ၊ အဖေ့ကိုရှာဖို့အတွက် ကျေးလက်ကို လာခဲ့တာ”
ဤတစ်ကြိမ်တွင်
လင်းရန်က အလွန်ဖြည်းညှင်းစွာပြောပြီး စကားလုံးများကိုလည်း
ရှင်းရှင်းလင်းလင်းဖော်ပြခဲ့သောကြောင့် လင်းကျန်းအန်းသည်လည်း ရှင်းလင်းစွာ
ကြားနိုင်ခဲ့လေသည်။
နောက်ဆုံးတွင်
ဤအဖြစ်အပျက်မှာ သူ၏စိတ်ကူးယဉ် အတွေးသက်သက်မဟုတ်ဘဲ
တကယ့်အစစ်အမှန်ဖြစ်ကြောင်းကို သေချာသွားခဲ့ပြီ။
သူ့ရဲ့သမီးလေး
လင်းရန်က အမှန်တကယ် ပြန်လာခဲ့ပြီ။
ဒီအခိုက်အတန့်မှာ
အဖေအိုကြီးဖြစ်တဲ့ အဖေလင်းတစ်ယောက် မျက်ရည်ကျလုမတတ် ဖြစ်နေခဲ့ရသည်။
သို့သော်လည်း
သူ၏အရှေ့ဘက်မှ မျက်တောင်တဖြတ်ဖြတ်ခတ်နေသည့် မျက်လုံးဝိုင်းကြီးများဖြင့်
စိုက်ကြည့်နေသည့် လင်းရန်ကို ကြည့်ရင်း သူ့ကိုယ်သူ ပြန်လည်ထိန်းထားနိုင်ခဲ့သည်။
ဒါက
သူ့ရဲ့သမီးလေးနဲ့ ပထမဆုံးအကြိမ် ပြန်ဆုံရတာလေ! သူ သမီးလေးရဲ့ရှေ့မှာ မငိုနိုင်ဘူး!
မဟုတ်ရင်
အဖေတစ်ယောက်အနေနဲ့ သူ့ရဲ့ မျက်နှာကို ဘယ်မှာသွားထားရတော့မလဲ!
သူက
ပေါ့ပေါ့ပါးပါး ချောင်းဆိုးပြီး အကြောင်းအရာကို အလျင်မြန်ပြောင်းလိုက်ကာ သူ
အသိချင်ဆုံးမေးခွန်းကို မေးလိုက်သည်။
“ရန်ရန်၊ မင်း
အဖေ့ကိုဘယ်လိုမှတ်မိတာလဲ”
ထိုသို့ပြောပြီးနောက်တွင်
လင်းကျန်းအန်း ရုတ်တရတ် ရှက်ရွံ့သွားရသည်။
သူသည်ကား
ဖခင်တစ်ဦးဖြစ်နေခဲ့ကာ သူ၏ သမီးလေးကိုလွမ်းဆွတ်ကြောင်း ပြောနေခဲ့သော်လည်း
သူ့၏သမီးဖြစ်သူမှ သူ့ရှေ့သို့ရောက်လာချိန်မှာတော့ သူမကို မမှတ်မိခဲ့ပါချေ။
သူ၏သမီးကသာ
သူ့ကို ပထမဆုံးမှတ်မိသွားခဲ့သည်။
အကယ်၍
သူ၏သမီးဖြစ်သူကသာ သူ့ကို မမှတ်မိခဲ့ပါက သူတို့တွေ လွဲချော်သွားခဲ့ရလိမ့်မည်!
ထိုအကြောင်းကို
တွေးလျှင် လင်းကျန်းအန်းမှာ အလွန်အမင်း အပြစ်ရှိသကဲ့သို့ ခံစားလာခဲ့ရသည်။
*