Chapter 15
Viewers 1k

ကျန်းစစ်ယန်က ဒေါသထွက်နေတဲ့အချိန်မှာ ငါ့အနေနဲ့ သူ့ကို စိတ်အေးအောင် လုပ်ဖို့ တကယ်ကို ခက်ခဲပါတယ်။

စုန့်ရန်ဟယ်က တစ်နာရီခြားတစ်ခါလောက် ငါ ဖွင့်ပြောပြီးပြီလားဆိုပြီး စစ်နေတယ်။


အကြိမ်တိုင်းမှာ ငါ ဆိုဖာပေါ်မှာ ထိုင်ပြီး ကူကယ်ရာမဲ့စွာနဲ့ပဲ ပြန်ဖြေနေရပါတယ်။ 


[ သူ ငါနဲ့ စကားမပြောသေးဘူး ] 


ခဏအကြာမှာ စုန့်ရန်ဟယ်က ငါ့ဆီ စာရှည်ကြီးတစ်စောင် ပို့လိုက်တယ်။ 


[ နင်တို့နှစ်ယောက် လက်ထပ်တဲ့အကြောင်း ရေးထားတယ်၊ နည်းနည်းလောက် မြန်မြန်လုပ်ပေးလို့ရမလား ]


ငါ မက်ဆေ့ခ်ျကို ကြည့်ပြီး ပြုံးလိုက်တယ်။ 


[ ပြန်ပြင်ရေးလိုက် ]


[ ဘာလို့လဲ ]


[ ငါ အပေါ်ကဖြစ်ချင်တယ် ]


[ ... ]


“အပေါ်ကဆိုတာ ဘာလဲ”


ငါ့နောက်ကနေ ရှင်းလင်းတဲ့အသံ ထွက်ပေါ်လာပြီး ငါ လန့်သွားတာကြောင့် ဖုန်းက ကုတင်ပေါ်ကို ပြုတ်ကျသွားတယ်။


ငါ ကြောက်လန့်တကြား ကျန်းစစ်ယန်ကို လှည့်ကြည့်လိုက်တယ်။


ကျန်းစစ်ယန်က ရေချိုးပြီးခါစဖြစ်ပြီး သူ့ဆံပင်တွေကို သုတ်နေခဲ့တယ်။

သူက စကားဝိုင်းရဲ့ နောက်ဆုံးအပိုင်းကိုပဲ မြင်လိုက်ရတာ ဖြစ်ရမှာပါ။ ပြီးတော့ သူက စိတ်ရှုပ်ထွေးနေပုံရပါတယ်။

သူက အပေါ်ကဆိုတာ ဘာမှန်းတောင် မသိဘူးလား။


ငါ မျက်လုံးတွေကို လှည့်ပတ်ကြည့်ပြီး အမြန်ဆုံးတစ်ခုခုကို လိမ်ပြောလိုက်တယ်။ 


“အဲဒါက… အထက်လူကြီးကို ပြောတာ”


ကျန်းစစ်ယန်က ငါ့ကို ခပ်အေးအေးစိုက်ကြည့်ပြီး 


“မင်းက အထက်လူကြီးဖြစ်ချင်တာလား”


ငါ အတင်းရယ်လိုက်တယ်။ 


“ကျွန်တော် စတာပါ၊ ခင်ဗျားက အထက်လူကြီးပါ၊ ခင်ဗျားက အထက်လူကြီးပါ”


ကျန်းစစ်ယန်က မျက်မှောင်ကြုတ်လိုက်ပြီး နောက်တစ်ကြိမ် စိတ်တိုသွားပုံရပါတယ်။ သူက ငါ့ဘေးမှာ ထိုင်လိုက်တယ်။

ငါ လန့်သွားပေမဲ့ ပြန်ထိုင်လိုက်ပါတယ်။

သူက အဲဒီမှာ ထိုင်နေပြီး ဘာမှမပြောပါဘူး၊ ဖုန်းတောင် မသုံးပါဘူး။


ငါလည်း ဖုန်းကို ထိဖို့ မရဲတော့ဘဲ သူ့ဘေးမှာ ထိုင်နေရင်း အပ်နဲ့ထိုင်နေသလို ခံစားနေရတယ်။

ငါတို့ အဲဒီလိုပဲ နာရီဝက်လောက် ထိုင်နေခဲ့ကြတယ်…


နောက်ဆုံးတော့ ကျန်းစစ်ယန်က ဆက်ပြီး မနေနိုင်တော့ပါဘူး။


“မင်းက ငါ့ကို ပြောချင်တဲ့အရာ တစ်ခုမှ မရှိဘူးလား”


“ဪ၊ ကျွန်တော်နဲ့ စုန့်ရန်ဟယ်ကြားမှာ တကယ်ဘာမှမရှိပါဘူး၊ သူ(မ)က ကျွန်တော့်ကို မကြိုက်သလို ကျွန်တော်ကလည်း သူ(မ)ကို မကြိုက်..”


“အဲ‌ဒါကို မဟုတ်ဘူး” 


ကျန်းစစ်ယန်က စိတ်ပျက်အားငယ်စွာနဲ့ ဝင်ပြောလိုက်တယ်။


ငါ မျက်တောင်ခတ်လိုက်တယ်။ 


“ဒါဆို ဘာလဲ”


“ငါ…” 


ကျန်းစစ်ယန်က တကယ်ကို စိတ်မရှည်တော့ပါဘူး။


“ငါက ဘာလို့ မင်းကို ငါ့အိမ်ကို ပြောင်းခိုင်းလဲဆိုတာ မင်းသိချင်ဘူးလား”


“ဘာလို့လဲ”


ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့တယ်။

ငါက ထိုင်းမှိုင်းနိုင်ပေမဲ့ ကျန်းစစ်ယန်ပြောတော့မယ့်အရာက ငါ ကြားချင်နေတဲ့အရာဖြစ်မယ်ဆိုတဲ့ ခိုင်မာတဲ့ကြိုတင်ခန့်မှန်းချက်တစ်ခု ရှိနေခဲ့တယ်။


သူ တိုးတိုးလေး ပြောလိုက်တယ်။


“ချန်လွီ့ကျီ၊ ငါက အဲဒီညက ပြောခဲ့တာတွေကို မင်း နားလည်ပြီးသားလို့ ငါထင်တာ”


ငါ သူ့ရဲ့အကြည့်ကို ဆုံလိုက်တယ်။


“ငါက မင်းကို ကြိုက်တယ်လို့ မပြောရင် မင်းက ငါ့ဆီကို ပထမဆုံးခြေလှမ်းကို ဘယ်တော့မှ လှမ်းမှာမဟုတ်ဘူးလား”


ငါ လည်ချောင်းနာနာနဲ့ ပြောလိုက်တယ်။


“မဟုတ်ဘူး… အဲဒါမဟုတ်ဘူး”


“ဒါဆို ငါ ထပ်ပြောလိုက်မယ်။”


သူက ငါ့ကို ပိုနီးကပ်လာခဲ့တယ်။


“ချန်လွီ့ကျီ ငါ မင်းကို ကြိုက်တယ်၊ ငါ မင်းကို ငါ့အိမ်မှာ ထာဝရနေစေချင်တယ်၊ ငါ မင်း ငါ့ဘေးမှာ အမြဲရှိနေစေချင်တယ်၊ ငါ့အမေရော ငါ့ညီလေးရော ဂရုမစိုက်ဘူး၊ ဒါပေမဲ့ ငါ မင်းကို ဂရုစိုက်တယ်၊ မင်းက အဲဒီနေ့က ငါပြောခဲ့တဲ့အရာအားလုံးထက် အများကြီး ပိုအရေးကြီးတယ်၊ အခု နားလည်ပြီလား”


ငါ အရမ်းအံ့ဩနေတာကြောင့် စကားမပြောနိုင်တော့ပါဘူး။

ငါ ဒါကို မျှော်လင့်ထားခဲ့ပေမဲ့ သူ့ဆီကနေ တိုက်ရိုက်ကြားရတော့လည်း လက်တွေ့မဆန်သလို ခံစားရတယ်။


“ခင်ဗျားက ကျွန်တော့်ကို ဘယ်အချိန်က စပြီးကြိုက်ခဲ့တာလဲ၊ ခင်ဗျားက စုန့်ရန်ဟယ်ကို မကြိုက်ဘူးလား၊ ခင်ဗျားအမေရဲ့ မွေးနေ့တုန်းကလား၊ ဒါမှမဟုတ် စုန့်ရန်ဟယ်ပြောသလိုမျိုး ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် မသိသေးဘဲ အချိန်တိုင်း ကျွန်တော့်ကို ကြိုက်နေခဲ့တာလား”


သူက အသက်ပြင်းပြင်းရှူလိုက်တယ်။ 


“လွန်ခဲ့တဲ့ရှစ်နှစ် ငါ မင်းကို ကြိုက်တယ်ဆိုတာ ငါသိခဲ့တယ်”


“လွန်ခဲ့တဲ့ရှစ်နှစ်ကလား”


ငါ သူ့ကို ကယ်တင်ခဲ့တဲ့အချိန်ကတည်းကလား။

ငါ့နှလုံးက ရပ်လုနီးပါးဖြစ်သွားပြီး အတွေးတွေက ငါ့ခေါင်းထဲမှာ လေဝဲလို လည်နေခဲ့တယ်။


“ဟုတ်တယ်”


“မင်း ရှန်ဟိုင်းကနေ ထွက်သွားပြီးနောက် ငါက မင်းကို ဆက်ပြီးစောင့်နေခဲ့တယ်… မင်း အရွယ်ရောက်လာတာကို စောင့်နေခဲ့တယ်၊ မင်း ဘွဲ့ရတာကို စောင့်နေခဲ့တယ်၊ ပြီးတော့ မင်း ဘွဲ့ရတဲ့နေ့မှာ ငါက မင်းကို ငါ့ဘေးကို ပြန်ဆွဲခေါ်ခဲ့တယ်”


ငါ စိတ်ရှုပ်ထွေးနေတယ်။ 


“ဒါဆို ဘာလို့ ကျွန်တော့်ကို စုန့်ရန်ဟယ်ကို ကြိုက်တယ်လို့ ပြောခဲ့တာလဲ။”


ဒါကိုကြားတော့ ကျန်းစစ်ယန်ရဲ့မျက်နှာအမူအရာက နည်းနည်းတော့ ထူးဆန်းသွားတယ်။

ငါ စိုးရိမ်ပြီး မေးလိုက်တယ်။ 


“ခင်ဗျားက ကျွန်တော့်ကို သဝန်တိုစေချင်လို့ တခြားတစ်ယောက်ကို ကြိုက်တယ်လို့ ပြောတာမျိုး တီဗွီဒရမ်မာတွေထဲကလို လုပ်ခဲ့တာ မဟုတ်ပါဘူးနော်”


ကျန်းစစ်ယန်က လည်ချောင်းရှင်းလိုက်ပြီး မျက်နှာလွှဲလိုက်တယ်။


“ဒါပေမဲ့ ဒါက အလုပ်ဖြစ်တယ်မလား၊ မင်းက အခု ငါ့ကို မကြိုက်ဘူးလို့ ပြောနိုင်မလား”


ငါ နဖူးကို ပွတ်လိုက်ပြီး စိတ်ပျက်အားငယ်မှုနဲ့ ရယ်လိုက်တယ်။


“တော်စမ်းပါ၊ ခင်ဗျားသာ စုန့်ရန်ဟယ်ကို ကြိုက်တယ်လို့ မပြောခဲ့ရင် ကျွန်တော်က အကြာကြီးကတည်းက ချစ်ခွန်းဖွင့်ပြီးသား”


“ဪ” 


ကျန်းစစ်ယန်က ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်တယ်။


ငါ သူ့ကို ကြည့်လိုက်ရင်း ရုတ်တရက် ဝမ်းသာမှုတစ်ခုကို ခံစားရတယ်။


“ဒါဆို ကျွန်တော်တို့က အခု တွဲနေပြီပေါ့”


ငါ ခေါင်းငုံ့ပြီး သူ့မျက်လုံးတွေကို ကြည့်လိုက်တယ်။ ကျန်းစစ်ယန်က တစ်ဖက်ကို ခေါင်းလှည့်ပြီး ရယ်ချင်နေတာကို ထိန်းချုပ်ထားတယ်။

သူ အကြာကြီး ထိန်းချုပ်နိုင်မှာမဟုတ်တာက ရှင်းနေပါတယ်။ တိတ်ဆိတ်မှု စက္ကန့်အနည်းငယ်အကြာမှာ ငါတို့နှစ်ယောက်ရဲ့ ရယ်သံတွေက အခန်းကို ပြည့်သွားခဲ့တယ်။


တိကျတဲ့ အကြောင်းပြချက် မရှိပါဘူး၊ ဒါပေမဲ့ ငါတို့က မရယ်ဘဲ မနေနိုင်တော့ပါဘူး။

ငါ ဗိုက်ကို ကိုင်ပြီး ထိန်းမရအောင် ရယ်နေတုန်းမှာ ရုတ်တရက် အတွေးတစ်ခု ဝင်လာတယ်။

ငါ တည်တည်ငြိမ်ငြိမ် ပြန်ထိုင်လိုက်ပြီး အမှတ်ရမိတဲ့အရာတစ်ခုကို သတိရလိုက်တယ်။ 


“ခဏလေး”


“ဘာလဲ”


ငါ သူ့ကို ကြည့်လိုက်ပြီး မေးလိုက်တယ်။ 


“ဒီလို မလွယ်ကူတဲ့၊ အာရုံလွှဲပြောင်းတဲ့ ဗျူဟာကို ဘယ်လိုများ စဉ်းစားခဲ့တာလဲ၊ ဒါက ခင်ဗျားပုံစံ မဟုတ်ဘူး”


~~~