၆၃
Viewers 9k

လက်ထောက်က အံ့သြစွာ မျက်တောင်ခတ်လိုက်သည်။

တတိယသခင်​လေး၏ကျိန်ဆိုသံကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်းပင် ဖြစ်သည်။

ချူးကျင်းချန်းသည် မီးခိုးကို မှုတ်ထုတ်လိုက်ပြီး သူ့အမြင်အာရုံကို ရှုပ်ထွေးစေသည်။

အချိန်အတော်ကြာပြီးနောက် လက်ထောက်က "ချူးမိသားစုရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ တစ်ယောက်ယောက်ကို လွှတ်ထားလိုက်" လို့ အသံနက်နဲ့ သူ ညွှန်ကြားလာသည်ကို ကြားလိုက်ရသည်။

"ဟုတ်ကဲ့။"

လက်ထောက်က စကားပြောပြီးသည်နဲ့ သူ့လက်ထဲက ဖုန်းက အသံမြည်လာပြန်သည်။

သူသည် ချူးကျင်းချန်းကို မော့ကြည့်လိုက်သည်။

တစ်ဖက်လူက တုံ့ပြန်မှုမရှိသည်ကို မြင်ရသဖြင့်ဖုန်းပြန်ဖြေလိုက်သည်။

စကားကိုကြားပြီးနောက် သူ တုန်လှုပ်သွားပုံပေါ်သည်။ “တတိယသခင်​လေး သခင်ကြီးအိမ်​က ခေါ်လာတာပါ။ သခင်ကြီးက ရှော့ရသွားပြီးမူးလဲသွားလို့ သခင်​လေး ပြန်လာခိုင်းဖို့သူတို့​ပြောပါတယ်။”

ချူးကျင်ချန်းသည် ဆေးလိပ်တိုကို ပြာခွက်ထဲတွင် ချေကာ လမ်းလျှောက်သွားရန် ထလိုက်သည်။ "ကားကို ပြင်ထားလိုက်။"

ချူးမိသားစု၏နေအိမ်သည် မြို့တော်တစ်ခုလုံးရှိ အဖိုးတန်ဆုံးနေရာ၌ တည်ရှိသည်။

အရှေ့နှင့် အနောက်အလှဆင်ထားခြင်း ၏ပေါင်းစပ်မှုက ဗီလာတစ်ခုလုံးကို ရိုမန်တစ်ဆန်သော အသွင်အပြင်ကို ဖြစ်ပေါ်စေသည်။

...
အနက်ရောင် Maybach သည် ချူးအိမ်ရှေ့တွင် ရပ်တန့်သွားသည်။

ချူးကျင်းချန်းသည် ဒုတိယထပ်ရှိသခင်ကြီး၏ အခန်းဆီသို့ အမြန်လျှောက်သွားသည်။

သူ မဝင်သွားခင် အမျိုးသမီးတစ်ဦး၏နူးညံ့ပျော့ပျောင်းသောအသံကို ကြားလိုက်ရသည်။ "အဘိုး၊ ဆရာဝန်က စိတ်အေးအေးထားပြီး စိတ်မဆိုးဖို့ မှာထားတယ်လေ။ ကျွန်မတို့ ဆရာဝန်စကားကို နားထောင်ရမယ်"

"ဒါတွေအားလုံးက ကောင်စုတ်ကျင်းချန်းကြောင့်ဖြစ်ရတာလေ" ချူးရိထျန်က ဒေါသတကြီး အော်လိုက်သည်။ "သူ့မှာ KT လို ကော်ပိုရေးရှင်းကြီးကို စီမံခန့်ခွဲရင်းတောင် ရှိုးတွေမှာ ပါဝင်ဖို့ အချိန်ရှိနေသေးတယ်!"

ချူးကျင်းချန်းကို သူ ခဏလောက် ဆူပူကြိမ်းမောင်းပြီးနောက် သူ့စိတ် ငြိမ်သက်သွားသည်။ "ယု​ဖေး၊ စိတ်မပူနဲ့။ ချူးမိသားစုရဲ့ အနာဂတ်မဒမ်က ယု​ဖေးဖြစ်ရမယ်လို့ အဘိုး ကတိပေးတယ်။ အဲဒီအမျိုးသမီးကတော့ ချူးမိသားစုထဲကို ဝင်လာဖို့ အိမ်မက်​တောင်မက်မ​နေနဲ့"

"အဘိုး..." ဝမ်ယု​ဖေး၏အသံသည် သူ့စကားကသူမ​၏နှလုံးသားထဲထိမိသွားပုံ​ပေါ်နေသည်။

"အဘိုးက မူးလဲသွားတယ်လို့ ကျွန်​တော် သတင်းရခဲ့တာလေ" စ​နောက်​သောအသံက ထိုကြည်နူးစရာမြင်ကွင်းကို ချိုးဖျက်ပစ်လိုက်သည်။

ချူးကျင်းချန်းသည် တံခါးဘောင်ကို မှီ၍ ချူးရိထျန်အား အပြုံးမပျက် ပြုံးပြသည်။

"ကျင်းချန်း" ဝမ်ယု​ဖေး၏မျက်လုံးများ တောက်ပလာပြီး သူမ၏နှုတ်ခမ်းပေါ်တွင် ချစ်စဖွယ် အပြုံးတစ်ခု ရှိနေသည်။

ချူးရိထျန်သည် ချူးကျင်းချန်းကိုမြင်သောအခါ သူ့ပါးစပ်ထောင့်များက တွန့်သွားသော်လည်း သူသည် မျက်နှာတည်တည် အမြန်ထားလိုက်သည်။ "မင်း ပြန်လာဖို့ သတ္တိရှိသေးတယ်ပေါ့"

"ကြည့်ရတာ ကျွန်​တော်ကို ဒီ​နေရာမှာ​ အလိုမရှိတဲ့ပုံပဲ။ ဒါဆို ကျွန်​တော် အရင်ပြန်သွားတော့မယ်" ချူးကျင်းချန်းသက်ပြင်းချကာ ကူကယ်ရာမဲ့ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

"ချူးကျင်းချန်း!" ချူးရိထျန်ဒေါသအလွန်ထွက်လာပြီး  ချူးကျင်းချန်း၏နာမည်အပြည့်အစုံကို ခေါ်လိုက်သည်။

သူ ပြန်လှည့်ကြည့်လိုက်ပြီး သူ့မျက်လုံးက ပြုံးနေသည်။ "အဘိုးက ကျွန်​တော်တွေ့ရသ​လောက် အရမ်းသန်မာနေတဲ့ပုံပါပဲ။ မေ့လဲသွားတဲ့သူနဲ့လည်း မတူသလိုပဲနော်"

"ဒါက မင်းအပြစ်တွေ​ကြောင့်ပဲ။ ဝမ်ယု​ဖေးကိုကြည့်လိုက်စမ်း။ ငါ မူးလဲသွားတာကို သူမ သိလိုက်တာနဲ့ ငါ့ဆီ လာလည်ဖို့ အလုပ်ကိုချက်ချင်းဖြတ်ထားလိုက်တယ်။ မင်းကကော? လာဖို့ အ​တော်ဖင်​လေးနေတာလား။"

ဝမ်ယု​ဖေးပြုံးလိုက်သည်။ "အဘိုး၊ ကျင်းချန်းက အဘိုးအိမ်နဲ့ တော်တော်ဝေးတယ်လေ။ သူ ချက်ချင်း အမြန်အပြေးလာတာပဲဖြစ်မှာပါ။"

"ယု​ဖေးက ဒီကောင်အတွက် ကာပြောပေးနေတုန်းပဲ" ချူးရိထျန်က သူမကို အပြစ်တင်နေပုံပေါ်သော်လည်း ဝမ်ယု​ဖေး၏လုပ်ရပ်အပေါ် အလွန်ကျေနပ်နေသည်။

သူသည် တံခါးဘောင်အပြင်ဘက်ရှိ ချူးကျင်းချန်းကို ကြည့်လိုက်သည်။ "ယု​ဖေးက အရမ်းတွေး​ပေးတတ်တယ်။ ကောင်စုတ်လေး၊ ကျေးဇူးမကန်းနဲ့"

ဝမ်ယု​ဖေးက ခေါင်းငုံ့ပြီး ရှက်ပြုံးလေး ပြုံးလိုက်သည်။

ချူးကျင်းချန်းသည် ခပ်ဖျော့ဖျော့ပြုံးကာ တိတ်ဆိတ်နေသည်။

ဝမ်ယု​ဖေးသည် ချူးရိထျန်နှင့် အချိန်ခဏကြာ စကားပြောသည်။ မကြာခင်တွင် ချူးရိထျန်အနားယူရမည့်အချိန်ရောက်လာသည်။

"ယု​ဖေး အိမ်ကို ဘေးကင်းအောင် လိုက်ပို့ပေးလိုက် နားလည်လား?" ချူးရိထျန်သည် ချူးကျင်းချန်းကိုကြည့်ကာ အမိန့်ပေးသည်။

"ဟုတ်" ဟု သူ ပြောသည်။

ဝမ်ယု​ဖေးက သူ့ဆီ လှမ်းလာပြီး ညင်သာစွာ ပြုံးလိုက်သည်။ "ရှင့်အတွက် အရမ်းဒုက္ခပေးသလိုများဖြစ်​နေပြီလား"

"လမ်းလည်းကြုံ​နေတာပဲ။ သွားရအောင်။"

ချူးကျင်းချန်းက အ​ရှေ့က​လျှောက်သွားပြီး ဝမ်ယုဖေးက သူ၏ဘေးနားကို လျင်မြန်စွာ လိုက်လာသည်။

သူမ မော့ကြည့်လိုက်ပြီး ချူးကျင်းချန်း၏ဘေးမျက်နှာပုံစံကို အာရုံစိုက်ကာကြည့်လိုက်သည်။

လရောင်အောက်တွင် ဆယ့်ခြောက်နှစ်ကြာ သူမ စွဲလန်းခဲ့ရသောသူ၏မျက်နှာသည် ပို၍ပင် ရင်ထဲလှုပ်ရှားစေသည်။

"ကျင်းချန်း" လို့ သူမ တိုးတိုးလေး ခေါ်လိုက်သည်။

"ဟင်?" ချူးကျင်းချန်းက မျက်လုံးကို ငုံ့ကြည့်ပြီး ပြုံးလိုက်သည်။ "ဘာဖြစ်လို့လဲ?"

"ကျွန်မ လမ်းလျှောက်ချင်တယ်။ရှင် အ​ဖော်ပြု​ပေးလို့ရမလား" ဝမ်ယု​ဖေးက မေးသည်။

ချူးကျင်းချန်းရပ်တန့်သွားသည်။

ဝမ်ယု​ဖေးလည်း ရပ်လိုက်သည်။ သူမသည် စိတ်လှုပ်ရှားနေသော်လည်း ပြုံးလျက် "ရှေ့မှာ ပန်းခြံတစ်ခုနှင့် ရေကန်တစ်ကန် ရှိနေတယ်လို့ ကျွန်မ ကြားဖူးတယ်။ ညမြင်ကွင်းဆို အရမ်းလှတာတဲ့" ဟု ရှင်းပြသည်။

"မင်း သွားကြည့်ချင်တာလား?" သူ ခပ်တိုးတိုး ပြောသည်။

"အင်း" ဝမ်ယု​ဖေးခေါင်းညိတ်ပြီး သေသေချာချာ မေးသည်။

"ကြည့်လို့ရမလား?"

"ရပါတယ်။"

ဝမ်ယု​ဖေးအံ့အားသင့်စွာ ကြည့်လိုက်သည်။

ကျင်းချန်းက သဘောတူလိုက်တာလား။

သို့သော်လည်း နောက်တစက္ကန့်တွင် ချူးကျင်းချန်း၏အေးစက်သောအသံသည် သူမ၏ခေါင်းပေါ်တွင် ထွက်ပေါ်လာသည်။ "မင်းအတွက် စန်းယုကို အ​ဖော်လိုက်ပို့ခိုင်းပေးမယ်"

စန်းယုသည် ချူးကျင်းချန်း၏လက်ထောက်ဖြစ်သည်။

သူ ရုတ်​တရက်​အ​ခေါ်ခံရ​သဖြင့် အချိန်​မီမတုံ့ပြန်​နိုင်​​ပေ။

ဝမ်ယု​ဖေး၏အမူအရာ ပျက်သွားသည်ကိုပင် သူ မကြည့်ရဲပေ။

သို့​သော် မကြာခင် ဝမ်ယု​ဖေးက ချိုသာစွာ ပြုံးပြပြန်သည်။ "ရှင် အလုပ်များနေရင်လည်း ထားလိုက်ပါ။ နောက်တစ်ကြိမ် အတူကြည့်လို့ရတာ​ပေါ့"

"မင်းကို ပြန်လိုက်ပို့ပေးမယ်။" ချူးကျင်းချန်းက ဆက်လျှောက်သွားသည်။

သူ့နှုတ်ခမ်းက အပြုံးမပျက်သေးသော်လည်း ဝမ်ယုဖေးအတွက်မူ သူတို့ကြား ကမ္ဘာခြား​နေသလိုခံစားရသည်။

သူမသည် ထိုဗီဒီယို၏အကြောင်းအရာများကို ပြန်​အမှတ်ရမိသည်။

ရှီရန်၏ရှေ့တွင် ကျင်းချန်းသည် ဤကဲ့သို့မပြုမူကြောင်း ထင်ရှားသည်။

သူမက ဘာတွေကောင်းနေလို့လဲ?

သူမ စိတ်ရှုပ်​ထွေးနေသည်။

စန်းယုက ကားနောက်ခန်းတံခါးကို ဖွင့်လိုက်သည်။ ဝမ်ယုဖေးသည် ကားထဲသို့ဝင်ကာ သူမဘေးရှိ ထိုင်ခုံဆီသို့ တိတ်တဆိတ် ရွှေ့လိုက်သည်။

သူမသည် ကျင်းချန်းနှင့် ပိုနီးနီးကပ်ကပ်​ထိုင်နေချင်သည်။

"ဘမ်း-"

ကားတံခါးက ရုတ်တရက်ပိတ်သွားသည်။

ဝမ်ယု​ဖေး ရုတ်တရက် မော့ကြည့်လိုက်သည်။

တစ်စက္ကန့်အကြာတွင် ရှေ့တံခါးပွင့်လာသည်။

ချူးကျင်ချန်းသည် ရှေ့ထိုင်ခုံတွင် ဝင်ထိုင်သည်။

သူမ အောက်နှုတ်ခမ်းကို ကိုက်ကာ အတင်းပြုံးပြလိုက်သည်။ "ကျင်ချန်း၊ ရှင် ဘာလို့ ရုတ်တရက် ရှေ့ထိုင်ခုံမှာ ထိုင်ရတာလဲ"

ချူးကျင်ချန်းသည် မျက်လုံးများကို မှိတ်ထားကာ အဖြေပြန်မပေးပေ။

ဝမ်ယု​ဖေးက လက်ကို ဖြည်းညှင်းစွာ ဆုပ်ထားလိုက်သည်။

အချိန်အတော်ကြာပြီးနောက် သူမ ပြုံးလိုက်သည်။ "ခေတ်စားနေတဲ့ရှာဖွေမှုတွေကို ကျွန်မ တွေ့ခဲ့တယ်။ ရှင့်နဂိုပုံစံအတိုင်းပါပဲ။ ရှီရန်က အဖွဲ့သားမို့ ရှင် အရမ်းကာကွယ်ပေး​နေတာက အံ့သြစရာမရှိပါဘူး။"

၎င်းကိုကြားသောအခါ ကားမောင်းနေ​သော စန်းယုက သူ့ဘေးက ချူးကျင်းချန်းကို တစ်ချက်ကြည့်လိုက်သည်။

မစ္စဝမ် က သူတို့ရဲ့ ဆက်ဆံရေးကို အစ်​မေး​နေတာပဲ။

ချူးကျင်ချန်းက သူမကို အဖြေမပေးနိုင်ဟု  ဝမ်ယုဖေးက တွေးကာ ခဏစောင့်လိုက်သည်။

မကြာခင်တွင် ချူးကျင်းချန်း၏အသံနက်က ကားထဲတွင် ထွက်ပေါ်လာသည်။

"ရိုးရိုးအဖွဲ့သားတော့မဟုတ်ဘူး။"

ငယ်ငယ်ကတည်းက သူမ အကြိုက်ဆုံးအသံဖြစ်ခဲ့သော်လည်း ယခု သူ့ပါးစပ်ကထွက်လာသောစကားများက ချွန်ထက်သောဓားသွားက သူမနှလုံးသားကို ထိုးနေသလိုဖြစ်​နေသည်။

ဝမ်ယုဖေး၏ခန္ဓာကိုယ်သည် တုန်လာပြီး သူမ၏မျက်လုံးများသည် နီရဲလာသည်။ သူမငိုသံကို မျိုသိပ်ပြီး "သူမက အဖွဲ့သားတင်မဟုတ်ရင် ရှင့်အတွက် ဘာလဲ" လို့ပြောလိုက်သည်။

ချူးကျင်းချန်းက မဖြေပေ။

သို့သော် စန်းယုသည် ချူးကျင်းချန်း၏နှုတ်ခမ်းတွင် မခို့တရို့အပြုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

သူက နောက်ကြည့်မှန်ကို ကြည့်လိုက်သောအခါတွင် ငိုလုနီးပါးဖြစ်​နေ​သော ဝမ်ယု​ဖေးကို တွေ့လိုက်ရသည်။

သူ တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။

နှစ်ပေါင်းကြာလာသည်နဲ့အမျှ မစ္စဝမ်က တတိယသခင်​လေးကို အလွန်သဘောကျမှန်း သူတို့အားလုံး မြင်တွေ့လာရသည်။

သို့​သော် သူမ၏ခံစားချက်ကို သူ မတုံ့ပြန်လာ​ပေ။

သို့သော် တတိယသခင်လေးသည် မစ္စရှီကို အမှန်တကယ် နှစ်သက်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ကားက ဝမ်ယု​ဖေးအား ထုတ်လုပ်ရေး အဖွဲ့မှ စီစဉ်ပေးသည့် ဟိုတယ်သို့ မောင်းပို့သည်။ ကားက ဟိုတယ်ဝင်ပေါက်ကနေ မောင်းထွက်သွားသောအခါ ဝမ်ယု​ဖေးက ဖုန်းဆက်လိုက်သည်။

သူမ ခေါင်းငုံ့ကာ တိုးတိုးလေးပြောလိုက်သည်။

"ဖေဖေ၊ ကျင်းချန်းက အဲဒီအမျိုးသမီးကို ကြိုက်​နေတဲ့ပုံပဲ။"

"ဟုတ်တယ်၊ သူမနာမည်က ရှီရန်"

"ကောင်းပါပြီ ဖေ​ဖေရဲ့သတင်းကောင်းကို သမီးစောင့်နေပါမယ်။"

ဖုန်းချပြီးနောက်  ဝမ်ယု​ဖေးက ဖုန်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး သူမ၏ မျက်လုံးများသည် ရက်စက်ခြင်းများဖြင့် ပြည့်နှက်နေသည်။

သူမသည် ကျင်ချန်းကို ဆယ့်ခြောက်နှစ်ကြာ ချစ်ခဲ့သည်။ ကျင်ချန်း ကို သူမဆီကနေ ဘယ်သူမှ မဆွဲထုတ်နိုင်ပေ။



ပင်လယ်နားကအိမ်၌

ရှီရန် ကွန်ပြူတာကိုပိတ်ပြီး အ​ကြောဆန့်လိုက်သည်။

ဖုန်းကို ကောက်ကိုင်လိုက်သည်နှင့် ရေပန်းစားနေသည့် ထိပ်တန်းအကြောင်းအရာ ငါးဆယ်ကို တွေ့လိုက်သောအခါတွင် သူမ၏ပါးစပ်ထောင့်များ တွန့်သွားသည်။

ဗီဒီယိုများနှင့် ခေတ်စားနေသော ရှာဖွေမှုများကို အမှန်တကယ်ပင် သူမ လုပ်ဆောင်နေခြင်းဖြစ်သည်။

သူမကိုယ်တိုင် ကလဲ့စားချေရပေမည်။

သို့သော် ချူးကျင်ချန်းသည် ဝင်စွက်ဖက်ပြီး ခေတ်စားနေသောစာရင်းတစ်ခုလုံးကို သိမ်းပိုက်ရန် သူမ မမျှော်လင့်ထားပေ။

သူမကို သူ ကူညီနေသော်လည်း သူ့အပြုအမူက အနည်းငယ်ကလေးဆန်သည်ဟု ဝန်ခံရ မည်။

"ဒေါက်၊ ဒေါက်၊ ဒေါက်-"

တံခါးခေါက်သံကြားသောအခါ သူမ တံခါးဖွင့်ရန်ထလိုက်သည်။

တံခါး​ခေါက်လာသူကို မြင်​သောအခါ သူမ အံ့သြသွားသည်။

"ကျင်းထျန်?"

သန့်ရှင်းသော ပေါ့ပေါ့ပါးပါး ၀တ်စုံကို ဝတ်ဆင်ထားသော ပိုင်ကျင်းထျန်က နွေးထွေးစွာ ပြုံးပြသည်။ "လမ်းခဏလျှောက်ပြီး ဇာတ်ညွှန်းအကြောင်း မင်း ပြောချင်လား။"

ပိုင်ကျင်းထျန်က"ဘုရင်နှင့်အတူပြန်လာခြင်း" ဇာတ်ကား၏အဓိကအမျိုးသားဇာတ်ဆောင်ဖြစ်ပြီး ပိုင်လန်ဇာတ်ရုပ်ကို သူမ သရုပ်ဆောင်ရမည်မှာ သူ့ကျေးဇူး မကင်း​ပေ။

ထို့ကြောင့် ရှီရန်က မငြင်းဘဲ လက်ခံလိုက်သည်။

သူမသည် တံခါးကိုပိတ်ပြီး ပိုင်ကျင်းထျန် နှင့် လမ်း​လျှောက်ထွက်တော့ပေမည်။

သူမ လှည့်ကြည့်လိုက်သောအခါ မလှမ်းမကမ်း၌ ရပ်နေသော ချူးကျင်းချန်းကို တွေ့လိုက်ရသည်။

"တိုက်ဆိုင်လိုက်တာ။ အခုမှ အပြင်ကပြန်ရောက်လာတာလား" ပိုင်ကျင်းထျန်က အရင်ဆုံး နှုတ်ဆက်သည်။

ချူးကျင်းချန်း၏နက်မှောင်သောမျက်လုံးများသည် နက်ရှိုင်းနေပြီး သူ့နှုတ်ခမ်း အနည်းငယ် ကော့တက်သွားပြီး လှပသော အကွေးအကောက်တစ်ခု ဖြစ်ပေါ်လာသည်။ "ကံဆိုးချင်​တော့ ကျွန်​တော် အခုမှလမ်းလျှောက်ထွက်မလို့လေ။ အတူတူသွားကြရအောင်။"