၆၄
Viewers 9k

ပိုင်ကျင်းထျန်က ညင်ညင်သာသာ ပြုံးပြီး ရှီရန်ကို​မေးသည်။ "အဆင်ပြေရဲ့လား?"


"အတူတူသွားရအောင်လေ။" ရှီရန်သည် ချူးကျင်းချန်းကို ကြည့်ကာ မငြင်းပေ။

ဘာပဲဖြစ်ဖြစ် လမ်းလျှောက်ရုံပဲ။ လူအရေအတွက်က အရေးမကြီးပါဘူးလေ။

သုံးယောက်သား အတူတူ အောက်ထပ်ကို ဆင်းသွားကြသည်။ တံခါးဝသို့ရောက်သောအခါ ညဘက်အပြေးပြေးခြင်းက​နေပြန်​ရောက်လာသော ကျူယီ​ဖေးနှင့် ဆုံမိသည်။

သူ့လည်ပင်းတစ်ဝိုက်၌ အဖြူရောင် မျက်နှာသုတ်ပုဝါတစ်ထည်နဲ့ နဖူးတွင် ချွေးအနည်းငယ်ထွက်နေသေးသည်။

သူတို့ လမ်းလျှောက်သွားကြမည်ကို သူသိရသောအခါ သူမ၏​ဘေးနှစ်ဖက်စလုံးရှိ ပိုင်ကျင်းထျန်နှင့်ချူးကျင်းချန်းကို သတိဖြင့်ကြည့်လိုက်မိသည်။

ထို့နောက် ရှီရန်ကို တောက်ပစွာပြုံးပြလိုက်သည်။ "တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်တော်လည်း ဒီနားမှာဈေးဝယ်ချင်နေတာ။ အတူတူ လိုက်လို့ရမလား? ရန်ရန်"

'ရန်ရန်?'

ပိုင်ကျင်းထျန်နဲ့ချူးကျင်းချန်းက သူ့ကို တပြိုင်နက် ကြည့်လိုက်သည်။

[အိုမို အိုမို ဒါက ဘယ်လို အမိုက်စားမြင်ကွင်းမျိုးလဲ။]

[ဒါကို ဒီနှစ်ရဲ့အ​မိုက်ဆုံးမြင်ကွင်းလို့ ငါ ခေါ်ချင်တယ်။]

[လူနှစ်ယောက်ကနေ သုံးယောက် ဖြစ်သွားတယ်။ အခုက လူလေးယောက်ဖြစ်သွားပြီ။]

[ရန်ရန်? နင်ကတော့ ကြမ်း​နေပြီ။]

[ရှီရန်က ဘာ​တွေဆွဲဆောင်မှုရှိနေလို့လဲ ငါနားမလည်နိုင်​တော့ဘူး။]

[အရပ်ရှည်၊ ချမ်းသာပြီး ချောမောတဲ့ ယောက်ျားလေးတွေတောင်မှ သူမကို ဆွဲ​ဆောင်မှုရှိတယ်လို့ မြင်ကြတယ်။ အဖြစ်မရှိတဲ့လူအချို့က မျက်ကန်းလို ဟန်ဆောင်နေကြတယ်။]

[မာစတာရန်က အကြီးမြတ်ဆုံးပဲ!!!]

[ငါ့ကလေးယီ​ဖေးကို ထောက်ပံ့​ပေးကြ]

ရှီရန်က အရှေ့ကနေ လျှောက်သွားသည်။ သူမနောက်တွင် ချူးကျင်းချန်းပိုင်ကျင်းထျန်နှင့် ကျူယီ​ဖေးတို့က တန်းစီရှိနေသည်။ သူတို့ ပြုံးနေသော်လည်း အ​နေရခက်​မှုကရှိနေ​ပေသည်။

ကမ်းခြေသည် ညဘက်တွင် ထူးထူးခြားခြား တိတ်ဆိတ်နေပြီး ပင်လယ်ရေသည် တောက်ပနေချိန်တွင် လှိုင်းလုံးများက လှိမ့်နေသည်။

လေးယောက်သား ဖိနပ်ပါးဖြင့်သဲသောင်ပြင်ပေါ်သို့ လျှောက်ထွက်လာကြသည်။ ဒရုန်းသုံးစင်းက သူတို့ပတ်ပတ်လည်၌ လှည့်ပတ်နေသည်။ သူတို့​ဘေးရှိသစ်ပင်များကြားတွင် ပရိုဂရမ်အဖွဲ့ပြင်ဆင်ထားသည့် ကင်မရာများရှိသည်။

ဒါရိုက်တာသည် ထိုမြင်ကွင်းကိုမြင်သောအခါ ပြုံး၍မဆုံးနိုင်ပေ။ "သူတို့အားလုံးက အရပ်ရှည်တယ်၊ ချမ်းသာတယ်၊ ချောတယ်။ တစ်ယောက်ကCEO ၊ နောက်တစ်ယောက်ကအကောင်းဆုံးသရုပ်ဆောင်၊ ဟော နောက်ထပ်တစ်ယောက်ကထိပ်တန်းအိုင်​ဒေါ ပြီးတော့ မကြာသေးခင်ကမှ အရမ်းနာမည်ကြီးလာတဲ့ ရှီရန်ကလည်း ပါသေးတယ်..."

သူ့ကိုယ်သူ တိုးတိုးလေးရေရွတ်​နေလေလေ ဒါရိုက်တာက ပိုစိတ်လှုပ်ရှားလာလေ​လေဖြစ်သည်။ သူ့ဘေးနားက လက်ထောက်ဒါရိုက်တာကို ကြည့်လိုက်သည်။ "ခေတ်စားနေတဲ့ ရှာဖွေမှုတွေအတွက် အဆင်သင့်ဖြစ်ပြီလား"

“အဆင်သင့်ပါဘဲ ဒါ​ပေမဲ့…” လက်ထောက်ဒါရိုက်တာကိုကြည့်ရသည်မှာ အခက်​တွေ့​နေပုံ​ပေါ်သည်။

'ဒါပေမဲ့ ဘာလဲ?'

"ချူးကျင်းချန်းနဲ့ရှီရန်နဲ့ ပတ်သက်တဲ့အရာတွေကို အွန်လိုင်းမှာ မတင်ရဘူးလို့ အထက်အရာရှိတွေက ကျွန်တော်တို့ကို အသိပေးထားပါတယ်။ ဒါက သခင်ကြီးချူးရဲ့ အမိန့်လို့လည်း ပြောပါတယ်"

ဒါရိုက်တာက မျက်မှောင်ကြုတ်ပြီး နောင်တရ နေပုံဖြစ်နေသည်။

၎င်း​သည် ကံဆိုးသောအခြေအနေတစ်ခုဖြစ်သည်။ သူတို့၏လက်ရှိကျော်ကြားမှုအရ ချူးကျင်းချန်းနှင့် ရှီရန်တို့က စိတ်အဝင်စားဆုံးခံ​နေရသူများဖြစ်သည်။

စင်ဒရဲလားနှင့်မင်းသား တွဲနေသည်ကို မကြိုက်သောသူ မရှိ​ပေ။

သို့သော် သခင်ကြီးချူးသည် ၎င်းအကြောင်းကို သိလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ဘဲ ခြိမ်းခြောက်မှုများပင် သူ ပြုလုပ်ထားသည်။

ကူကယ်ရာမဲ့ သက်ပြင်းချရင်းဒါရိုက်တာက သူ့လက်ကို ဝှေ့ယမ်းကာ ပြောသည်။ “ဒါဆို ငါတို့ တတိယသခင်​လေးကို ဖယ်လိုက်မယ်။ ရှီရန်ပိုင်ကျင်းထျန်နဲ့ကျူယီ​ဖေးတို့ရဲ့ ဗီဒီယိုကို တင်လိုက်။"

"ကောင်းပါပြီ!" လက်ထောက် ဒါရိုက်တာက ချက်ချင်း သဘောတူလိုက်သည်။

ဒါရိုက်တာသည် မော်နီတာကို ပြန်ကြည့်သည်။ ဖန်သားပြင်ပေါ်တွင် ချူးကျင်းချန်း၏အကြည့်များသည် နူးညံ့သိမ်မွေ့ပြီး အာရုံစူးစိုက်မှုရှိနေသည်။

သူ မချိတင်ကဲဖြစ်ကာ ခေါင်းကိုခါလိုက်သည်။

ချမ်းသာသောမိသားစုထဲကို လက်ထပ်ဝင်​ရောက်နိုင်သော ဆင်းရဲသောမိန်းကလေးက ဒဏ္ဍာရီပုံပြင်များထဲတွင်သာ ရှိသည်။

ပင်လယ်ကမ်းစပ်

ပိုင်ကျင်းထျန်သည် ရှီရန်၏နံဘေးသို့ ဦးစွာလျှောက်သွားပြီး နွေးထွေးစွာ ပြုံးလိုက်သည်။ "မင်းရဲ့ 'ဘုရင်နှင့်အတူပြန်လာခြင်း' ဓါတ်ပုံတွေကို မြင်ပြီးသွားပြီ။ ကျွန်​တော် လူရွေးမမှားခဲ့ဘူးပဲ"

ရှီရန်သည် ပိုင်ကျင်းထျန်ကိုကြည့်ကာ ပြုံးလိုက်သည်။ "ကျွန်မ ရှင့်ကို သေချာ​​တောင်ကျေးဇူးတင်စကားမပြောရသေးဘူး"

"ဒီဇာတ်ရုပ်က မင်းနဲ့အရမ်းလိုက်ဖက်မယ်လို့ထင်ခဲ့ရုံပါပဲ" ပိုင်ကျင်းထျန် ပြုံးလိုက်သည်။

"ကျွန်​တော်လည်း အဲ့လိုပဲထင်တယ်" ကျူယီ​ဖေးသည်  ရှီရန်၏တစ်ခြားတစ်ဖက်တွင် ရပ်နေသည်။ "ဓါတ်ပုံတွေကို မြင်လိုက်တာနဲ့ ကျွန်​တော် အံ့ဩသွားတာ​လေ။ အဲဒါတွေက တကယ်လှတယ်!"

ဓါတ်ပုံကိုမြင်ရသောအခါ မည်သို့ခံစားရကြောင်းကို ဆက်ပြောရင်း ကျူယီ​ဖေး၏မျက်လုံးက တောက်ပလာသည်။ သူ့မျက်နှာပေါ်က သဘောကျနေ​သောအမူအရာ
က ပရိသတ်ကို မနာလိုဖြစ်စေသည်။

ပိုင်ကျင်းထျန်က ပြုံးပြီး တစ်ခြားတစ်ဖက်မှာ ရပ်နေသည်။ ကျူယီ​ဖေးစကားကို လေးလေးနက်နက် နားထောင်ပြီး သူ့ထင်မြင်ချက်ကို အခါအားလျော်စွာ ထုတ်ပြောသည်။

သုံးယောက်သား အချိန်ကို ပျော်ရွှင်ကုန်ဆုံးနေကြပုံရသည်။

အခြားတစ်ဖက်တွင် သူတို့နောက်တွင်ရှိသော ချူးကျင်းချန်းသည် တစ်ယောက်တည်းဖြစ်နေသည်။ ပင်လယ်ကမ်းစပ်တွင် သူတစ်ယောက်တည်း လမ်းလျှောက်လာရင်း မီးရောင်က သူ့အရိပ်ကို ရှည်လျားစေသည်။ ထိုမြင်ကွင်းက အထီးကျန်ဆန်လွန်းသည်။

[တတိယသခင်လေးအတွက် ငါ့နှလုံးသားလေးနာကျင်နေတယ်။]

[လူချောလေးက ဒီလိုမျိုး အမေ့ခံနေရတာလား???]

[ဒါပေမယ့် တတိယသခင်​လေးက ထိန်းချုပ်ထားတာလို့ ငါဘာလို့ခံစားရတာလဲ။]

[တတိယသခင်​လေးက နေ့အချိန်ဆို ပျော်ရွှင်ရ ပြီ ညအချိန်ဆို သနားစရာ​ကောင်းတယ်။]

မိနစ်အနည်းငယ်ကြာပြီးနောက် သူတို့ သုံးယောက် ပိုလို့ပင် ပျော်ရွှင်စွာ စကားစမြည်ပြောလာကြသည်။

ထိုအခိုက်အတန့်တွင် ပိုင်ကျင်းထျန်၏မန်နေဂျာက မနီးမဝေးတွင် ပေါ်လာပြီး သူ့ကို လက်ပြလိုက်သည်။

ပိုင်ကျင်းထျန်က ၎င်းကို မြင်ပြီး တောင်းပန်စွာ ပြုံးလိုက်သည်။ "ဆောရီး မန်နေဂျာက ကျွန်​တော်ကိုလိုက်ရှာနေပြီ။ ကျွန်​တော်အရင်သွားလိုက်ပါဦးမယ်။"

"ရပါတယ်၊ အစ်ကိုထျန်၊ သွားလိုက်ပါ။"  ကျူက ဖြူနေသောသွားရှစ်ချောင်းကိုဖြဲပြကာ ပြုံးဖြီးနေသည်။

သူအလွန်ပျော်နေပုံရပြီး ပိုင်ကျင်းထျန်ကို ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့လုနီးပါး ဖြစ်​နေသည်။

ပိုင်ကျင်းထျန်ထွက်သွားပြီးနောက်  ကျူယီ​ဖေးလေသံက ပိုလို့တောင် ပေါ့ပါးပျော်ရွှင်လာသည်။

သို့သော် ထိုအချိန်တွင် သူ၏အေးဂျင့်သည် မနီးမဝေးတွင် ပေါ်လာသည်။

တစ်ချက်ကြည့်လိုက်ကာ ကျူယီ​ဖေး၏ပျော်နေ​သောအမူအရာက ပျောက်ကွယ်သွားသည်။

သူသည် စွန့်ပစ်ထားသော ခွေးကလေးကဲ့သို့ ခေါင်းငိုက်စိုက်ချကာ ရှီရန်ကို သနားစရာ​ကောင်းစွာ ကြည့်သည်။ "ရန်ရန်၊ မန်နေဂျာက  လည်း ကျွန်​တော်ကိုခေါ်နေပြီ။ ကျွန်​တော်လည်းသွားရတော့မယ်။"

"ကောင်းပါပြီ။" ရှီရန်ရယ်မောလိုက်သည်။

"နောက်တစ်ခါကော အတူတူ လမ်းလျှောက်လို့ရမလား" ကျူယီ​ဖေးက သူမကို မျှော်လင့်တကြီးဖြင့် ကြည့်သည်။

"အို​ကေ​လေ" ရှီရန်မဆိုင်းမတွ သဘောတူလိုက်သည်။

ထိုအချိန်တွင် ချူးကျင်းချန်းသည် ရှီရန်၏နံဘေးသို့ ဖြည်းညှင်းစွာ လျှောက်လာသည်။

မျက်စိတစ်မှိတ်အတွင်း လူလေးယောက် က​နေ လူနှစ်ယောက်ပြန်ဖြစ်သွားသည်။

[တစ်ခုခုတော့ မမှန်ဘူးလို့ ထင်တယ်။]

[တစ်ခုခုတော့မှားနေပြီ +1]

[တစ်ခုခုတော့မှားနေပြီ+2]

[တိုက်ဆိုင်လိုက်တာ။ လူတိုင်းရဲ့ အေးဂျင့်တွေက ရုတ်တရက် ပေါ်လာတယ်??]

[ တတိယမြောက်သခင်​လေးက ထိန်းချူပ်​ထားတယ်လို့ ငါ နင်တို့ကိုပြောပါတယ်!]

[ဒီလုပ်​ဆောင်မှုက... အရင်းအနှီးရဲ့စွမ်းအားက ပ​ရောပရည်လုပ်မလို့​သုံးတာပေါ့။]

[တတိယသခင်​လေး : ဒီနှစ်​​ယောက်ကို ငါ မဖယ်ရှားရင် ငါ့မိန်းမနား ငါ ဘယ်လိုကပ်နိုင်မှာလဲ။]

[ဒီတစ်ကြိမ်​တော့ ငါက နတ်ဖက်တဲ့စုံတွဲကို ထောက်ခံတယ်]

ရှီရန်နှင့် ချူးကျင်းချန်းဘေးချင်းကပ်လျက် လမ်းလျှောက်နေသည်။နွေးထွေးသော အလင်းရောင်အောက်တွင် သူတို့၏အရိပ်များက ထပ်နေသည်။

ပင်လယ်လေညင်းသည် သူမ၏မျက်နှာမှ ပင်လယ်ရေမှော်နှင့်တူသော ရှည်လျားသောဆံပင်များကို တိုက်ခတ်​နေသည်။

ချူးကျင်းချန်းသည် ဘေးကို တစ်ချက်ကြည့်လိုက်ပြီး ရှီရန်၏ဘေးမျက်နှာကို စိုက်ကြည့်နေသည်။ သူ့နှုတ်​ခမ်းတွင်​ အပြုံးတစ်ခုပေါ်လာသည်​။

ကမ်းခြေတစ်လျှောက် အေးအေးဆေးဆေး လမ်းလျှောက်ရင်း သူတို့နှစ်ယောက်က စကားမပြောဖြစ်ကြပေ။

ထိုမြင်ကွင်းအတွက် တိတ်ဆိတ်မှုက ဆူညံသံထက် ပိုသင့်လျော်သည်။

ထိုမြင်ကွင်းသည် လွန်စွာ ကြည်နူးစရာကောင်း သည်။

[ရှိုးပွဲတစ်ခုမှာ တစ်ယောက်ယောက် လမ်းလျှောက်နေတာကို ငါ နာရီဝက်လောက်ကြာအောင် ကြည့်နေခဲ့တာ မယုံနိုင်စရာပဲ။]

[တခြားဧည့်သည်တွေရဲ့ ပုံတွေကိုတောင် ငါ မကြည့်ချင်ဘူး။]

[ဒီမြင်ကွင်းက အရမ်းလှတယ်။]

နောက်နေ့မနက်တွင်

ဧည့်ခန်းထဲမှာ မိန်းကလေး လေးယောက် ရှိ​နေသည်။

"အယ်? ဒါက ဘာလဲ?" ယွီဇစ်ကျန်းအံ့ဩသွားသည်။

ဧည့်ခန်းထဲတွင် ကျောက်သင်ပုန်းတစ်ခု ပေါ်လာသည်ကို မြင်လိုက်ရသည်။ ၎င်းပေါ်တွင် ရှုခင်းအမျိုးမျိုးကို ရေးဆွဲထားသည်။

ဒါရိုက်တာသည် ထိုအချိန်တွင် စည်းကမ်းများကို ထုတ်ပြန်ကြေညာသည်။ "လူတိုင်းက ကျောက်သင်ပုန်းကို သတိပြုမိကြမှာပါ။ အဲဒီ့ပေါ်က ပန်းချီကားတိုင်းကို အမျိုးသားဧည့်သည်တွေက ကြိုဆွဲထားတာပါ။"

"အမျိုးသမီးဧည့်သည်လေးယောက်က စိတ်ကြိုက်ပန်းချီကားတစ်ချပ်ကို ရွေးဖို့ ဆွေးနွေးနိုင်ပါတယ်။ အဲဒီနောက် ပန်းချီကားပိုင်ရှင် အမျိုးသားဧည့်သည်နဲ့ အတူပူးပေါင်းရမယ်။"

'အခုရွေးချယ်ရမယ့်အပိုင်းကို ရောက်လာပါပြီ။'

သူတို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ကျောက်သင်ပုန်းပေါ်ရှိ ပန်းချီကားကို စစ်ဆေးရန် ရှေ့တိုးလာကြသည်။

"ဒါက အရမ်းချစ်စရာကောင်းတယ်" ယွီဇစ်ကျန်းက ချိုသာစွာ ပြောလိုက်သည်။

ထို့နောက် ကျောက်သင်ပုန်းပေါ်တွင် ဆွဲထားသောဝက်ဝံကို တွေ့မိကာမျက်လုံးက အလင်း​​တောက်ပသွားသည်။

မနေ့ညက တတိယမြောက်သခင်​လေးပြန်ရောက်သောအခါ သူ့လက်ထဲတွင် ဝက်ဝံရုပ်နှစ်ရုပ်ကို ထမ်းထားခဲ့သည်ကို သူမ မှတ်မိသည်။ ဒီတော့ ဝက်ဝံရုပ်ဆွဲထားတဲ့သူက တတိယသခင်​လေးပဲဖြစ်သင့်တယ်မဟုတ်လား။

ဒါပေမယ့် ဘာလို့ သူ ဝက်ဝံပုံဆွဲတာလဲ။ ရှီရန်ကြောင့်လား။

ယွီဇစ်ကျန်းသည် ရှီရန်ကို တိတ်တဆိတ် စိုက်ကြည့်ရင်း ဒေါသထွက်လာသည်။

သို့​သော် မကြာခင်တွင် သူမ ပြုံးပြပြီး အနိုင်ရယူရန် ဆုံးဖြတ်လိုက်သည်။

ဒါဆို တတိယမြောက်သခင်​လေးက ရှီရန်ကို အရင်ရွေးချယ်စေချင်ရင်ကော ဘာဖြစ်လဲ။ ဒီတစ်ခါတော့ ငါနဲ့ သူ တွဲကိုတွဲရမယ်။

တတိယမြောက်သခင်​လေးနဲ့ အောင်အောင်မြင်မြင် တစ်ဖွဲ့တည်းကျသရွေ့ သူ ငါ့ကို ချစ်မိသွားအောင် လုပ်ဖို့ နည်းလမ်းရှိမှာ သေချာတယ်။

"ဒါဆို ကျွန်မ ဒါယူလိုက်မယ်"  ကူကျားက အမြန်ရွေးချယ်လိုက်သည်။

ပင်လယ်ပုံပါ​သောပန်းချီကို သူမ ရွေးချယ်သည်။

"ဒီနှလုံးသားပုံက ချစ်စရာကောင်းလိုက်တာ။" နှလုံးသားပန်းချီကားကို ရွေးချယ်ရင်း  ရှီဝန်ဖေး၏လေသံသည် နူးညံ့သည်။

နောက်ဆုံး ပန်းချီကားတစ်ချပ်ပဲ ကျန်တော့သည်။

ရှီရန်သည် ပန်းချီကား၏အကြောင်းအရာကို မြင်လိုက်ရသောအခါတွင် သူမ၏အမြင်အာရုံသည် မှောင်မိုက်သွားသလို ခံစားလိုက်ရသည်။

စက္ကူဖြူပေါ်တွင် အနက်ရောင်ခဲတံသည် လှပချောမွေ့သော မျဉ်းကြောင်းများကို ရေးဆွဲဖော်ပြသည်။

သို့​​သော် ပန်းချီကားက...

ရေချိုးကန်ပုံဖြစ်​နေသည်။