အပိုင်း ၁
Viewers 16k

အခန်း 1:

 ကြီးမားသောလက်ထက်ပွဲ


အပူက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ဆောင်းဦးပေါက်လာပြီဖြစ်သည်။ 


ဆောင်းဦးမိုးရွာသွန်းပြီးနောက် ပေကျင်းရှိ မျိုးရိုးမြင့်သခင်မလေးများက အချင်းချင်း ပြန်လည်အဆက်အသွယ်ပြုလာကြသည်။ သို့ရာတွင်  ဆောင်းဦးရာသီအစကတည်းက သူတို့ပြောနေကြသည်မှာတစ်ခုပဲရှိ၏–ရှဲ့မိသားစု၏ တတိယမြောက်သခင်လေး လက်ထပ်တော့မည်။


တတိယရှဲ့သခင်လေးရှဲ့ရွှင်း အကြောင်းကိုပြောရပါလျှင် သူသည် ပေကျင်းတွင် အထူးချွန်ဆုံးလူငယ်ဖြစ်သည်။ သူ့အဖေက မြို့စားရှဲ့ ဖြစ်ပြီး သူ့မိခင်ဘက်မှအဖိုးက အိမ်ရှေ့မင်းသား၏တော်ဝင်ဆရာဖြစ်၏။ သူ့မှာ ကြီးမြတ်သော မိသားစုနှင့် ချောမောသောရုပ်ရည်ရှိလေသည်။ သူက နိုင်ငံရပ်ခြားသို့ ခရီးထွက်ခဲ့ဖူးပြီး ချန်အန်းမှ သခင်လေး တစ်ဦး၏ အထိန်းအကွပ်မရှိသော ချစ်ခင်ရင်းနှီးမှုကို ပိုင်ဆိုင်ခဲ့သည်။ ဧကရာဇ်မင်း၏သားတော်သည်ပင် စာပေပညာရှင်တစ်ဦးနှင့် သိုင်းပညာရှင်တစ်ဦးဖြစ်ပြီး အလွန်ချောမောကြည့်ကောင်းသည့် အနှီအထက်တန်းလွှာယောကျာ်းထံသို့ ကိုယ်တိုင်သွားရောက်လည်ပတ်ခဲ့သည်။ တော်ဝင်စာမေးပွဲတွင် တတိယဆုရပြီးနောက် ရှည်လျားသော လမ်းမတလျှောက်  မြင်းစီးလာချိန်တွင် မျိုးရိုးမြင့်သခင်မလေး  အများအပြားသည် သူ့ထံမှ ဆွဲဆောင်ခြင်းခံရပြီး  ပန်းပွင့်များပစ်ပေါက်ခဲ့ကြသည်။


[ET/N- အင်ပါယာစာမေးပွဲ ပြီးဆုံးချိန်တွင် ဧကရာဇ်မင်းသည် ထိပ်တန်းအဆင့်ပြိုင်ပွဲဝင်များကို တွေ့ဆုံမေးမြန်းပြီး နောက်ဆုံးအဆင့်များကို ဆုံးဖြတ်မည်ဖြစ်သည်။ ပထမနေရာ၊ ဒုတိယနေရာနှင့် တတိယနေရာတို့သည် တော်ဝင်နန်းတော်မှ မြင်းစီး၍ မြို့တော်ကို လှည့်လည်ချီတက်ကြသည်။ ထိုအချိန်တွင် အမျိုးသမီးများက ၎င်းတို့၏ အာရုံစိုက်မှုကို ဆွဲဆောင်ရန် မျှော်လင့်ချက်ဖြင့် ပညာရှင်များကို ပန်းများ သို့မဟုတ် အမွှေးနံ့သာအိတ်များ ပစ်ပေါက်သည်က ဓလေ့ထုံးစံဖြစ်သည်။ စာပေပညာရှင်က သူတို့၏ "သင်္ကေတ" ကို လက်ခံလျှင် သူတို့၏ အချစ်ကိုလည်း လက်ခံသည်ဟု ဆိုလိုပေသည်။ ]


လူတိုင်း၏ နှလုံးသားထဲမှာ သူ၏အသရေနှင့် အရည်အချင်းက မင်းသမီးလေးနှင့်ပင် လိုက်ဖက်ရန် လုံလောက်လေသည်။


သို့သော် အရှက်မရှိသော ကျန်းရှုယောင်က  သူ့ကို အမှန်တကယ် သိက္ခာချလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။


ကျန်းရှုယောင်ကလည်း အနည်းငယ်လူသိများသော်ငြား သူမ၏ကျော်ကြားမှုသည် နာမည်ဆိုးဖြင့်ကျော်ကြားခြင်းဖြစ်သည်။ သူမက သခင်ရှန်းယန်၏ ကျန်းမိသားစုတွင်မွေးဖွားခဲ့သော်လည်း သခင်မလေးတစ်ဦးနှင့်မတူပေ။ သူမက ကလိမ်ကကျစ်ကျတတ်ပြီး ဦးနှောက်မရှိချေ။ သူမက ချောမောသော ယောက်ျားများကို ချောင်းကြည့်ခြင်းဖြင့် ဟာသအချို့ပင် ပြုလုပ်ခဲ့သည်။


မကြာသေးမီက သူမ မင်းသမီးလေး၏ပွဲ၌ ပန်းကောက်ရင်း မတော်တဆ ရေထဲကျပြုတ်သွားခဲ့သည်။ ကမ်းပေါ်ရှိရှဲ့ရွှင်းက သူမကို ကယ်တင်ခဲ့၏။ ထိုအချိန်မှစ၍ သူမက သူမ၏ဖြူစင်မှုပျက်စီးသွားပြီဖြစ်၍ ရှဲ့ရွှင်းက သူမကိုလက်ထပ်ယူကိုယူရမည်ဟု ကြွေးကြော်ခဲ့သည်။


ထို့ကြောင့် သူမက အလွန်အရှက်မဲ့သည်ဟုဆိုရခြင်းပင်။ သူမရဲ့ ဖြူစင်မှုကိုဆုံးရှုံးသွားရရင်လည်း  ဆံပင်ရိတ်ပြီး သီလရှင်လုပ်လိုက်ပါတော့လား...ဘောက်မဲ့ကြောင့်   ရှဲ့မိသားစုရဲ့ တတိယသခင်လေးကို  အားကိုးရတာလဲ...


လူတိုင်းက ထိုသို့ဖြစ်လာမှာမဟုတ်ဘူးဟုထင်ခဲ့ကြပေမဲ့ မြို့စားရှဲ့အိမ်တော်က သဘောတူပြီး ခေါင်းညိတ်လိုက်လေ၏။


ကျန်းရှုယောင်က  အိမ်ပြန်ရောက်ပြီးနောက်တွင် ပြဿနာအချို့ရှာခဲ့ကြောင်း အတွင်းပိုင်းဇာတ်လမ်းကို သိသော အမျိုးသမီးငယ်တစ်ဦးက ထုတ်ဖော်ပြောကြားခဲ့သည်။ ထို့ကိစ္စပြီးနောက် နောက်ဆုံးတွင် သူမသည် ကြိုးတစ်ချောင်းကိုယူကာ မိမိကိုယ်ကို ကြိုးဆွဲချပစ်ခဲ့သည်။ အကယ်ခံရပြီးနောက်တွင် သူမမှာ ဝင်လေထက် ထွက်လေက  ပိုများနေသည်ဟုဆို၏။


ဤအဖြစ်အပျက်က စားသောက်ပွဲကျင်းပနေသည့် မင်းသမီးလေး၏ နားထဲကို ရောက်သွားခဲ့၏။ နန်းတော်ထဲသို့ဝင်သောအခါ သူမက ဧကရာဇ်မင်းမြတ်အား ထိုကိစ္စအကြောင်း ပြောခိုင်းခဲ့သည်။ သို့သော် သခင်မရှန်းယန်၏ညီမ တော်ဝင်ကိုယ်လုပ်တော်လင်းလည်း ရှိနေသဖြင့် လူကြားရပိုကောင်းစေရန် သူမတူမကို ရောင်းစားရတော့သည်။


ဧကရာဇ်မင်းက ကျန်းရှုယောင်၏ နာမည်ဆိုးဖြင့်ကျော်ကြားသောဦးနှောက်မရှိမှုကိုမသိ သော်လည်း သူမက သခင်ရှန်းယန်၏သမီးဖြစ်ကြောင်း သိခဲ့သည်။ သခင်ရှန်းယန်က သားသမီးကံမကောင်းခဲ့ပါချေ။ ကိုယ်လုပ်တော်များစွာ ယူခဲ့သော်လည်း သားဖွားမြင်ခြင်းမရှိခဲ့ပေ။သူအသက်ကြီးလာသည်အထိ သူ့ကိုယ်လုပ်တော်များ၏ ဗိုက်က မလှုပ်ရှားသေးပါဘဲ နောက်ဆုံးတွင် သူ၏ဇနီးသည်က ကိုယ်ဝန်ရှိလာကာ မိန်းကလေးတစ်ဦးကို မွေးဖွားခဲ့သည်။


သူ့အနေဖြင့်  သခင်ရှန်းယန်ကို အလွန်ကိုယ်ချင်းစာမိပြီး ဤစာနာမှုသည် ကျန်းရှုယောင်အပေါ်မှာ အထင်မြင်ကောင်းရှိသွားစေခဲ့သည်။ ကျန်းရှုယောင်၏ “သူမ၏ဖြူစင်မှုကို သက်သေပြရန်” မိမိကိုယ်ကို ကြိုးဆွဲချသည့်မျက်ရည်ကျဖွယ် ဇာတ်လမ်းကို လှပသောတော်ဝင်ကိုယ်လုပ်တော်လင်းထံမှ  ကြားပြီးနောက် သူ အတော်လေး ရင်ထဲထိသွားခဲ့သည်။ထိုအချိန်၌ ရှဲ့ရွှင်းက အရှေ့နန်းဆောင်တွင်မင်းသားနှင့်တွေ့ဆုံနေသောကြောင့် မေးခွန်းအနည်းငယ်မေးရန် ရှဲ့ရွှင်းကို အခေါ်ခိုင်းခဲ့၏။


နန်းတော်သည် ထူးဆန်းပြီး ဆန်းကြယ်သောနေရာတစ်ခုဖြစ်သည်။ မင်းသားနှင့် ရှဲ့ရွှင်း ရောက်ရှိလာသောအခါ အနေအေးပြီးတည်ငြိမ်သော မိဖုရားခေါင်ကြီးလည်း ထိုနေရာတွင် ရှိနေခဲ့ပြီး သူမက သူ့ကို လက်ထပ်ထိမ်းမြား အမိန့်ထုတ်ပြန်ရန် အနည်းငယ် ကြံရွယ်ထားခဲ့သည်။


ရှဲ့ရွှင်း မိဖုရားခေါင်ကြီးဆီက လက်ထပ်ပွဲ၏ အဓိပ္ပါယ်ကို ကြားပြီး သူ့မိဘများထံ ပြန်လာခဲ့သည်။ သူ အတော်လေး မလိုလားဖြစ်နေပေမဲ့ ကျန်းမိသားစုကို လက်ထပ်ရန် ကမ်းလှမ်းခဲ့ရ၏။


***


ကျန်းရှုယောင်က  ကုတင်ဘေးတွင်ထိုင်နေပြီး လည်ချောင်းအနည်းငယ် ယားနေသဖြင့် ကုတ်ရန် လက်ကို ဆန့်ထုတ်ချင်သော်လည်း လက်ရှိအခြေအနေကို တွေးကာ အမြန်ပြန်ထိန်းလိုက်သည်။


အများအားဖြင့် အခြားလူများ ကူးပြောင်းကြသောအခါ လုပ်ရိုးလုပ်စဉ်မှာ ၎င်းတို့မျက်လုံးဖွင့်ပြီးသည်နှင့် စကားအနည်းငယ်ပြောပြီးနောက် အခြေအနေကို အဖြေရှာရန်အတွက် တစ်စုံတစ်ဦးကို ရှာဖွေခြင်းဖြစ်သည်။ သို့သော် သူမ မျက်လုံးဖွင့်လိုက်သောအခါတွင် လည်ချောင်းကွဲကာ ယာယီဆွံ့အနေသည်။  ဘာတွေဖြစ်နေလဲဆိုသည်ကို သူမမသိခင်မှာ တစ်စုံတစ်ယောက်နှင့်လက်ထပ်ရန် ဝေါယာဥ်ပေါ်မှာ ချုပ်နှောင်ခြင်း ခံခဲ့ရ၏။


ဆူညံသံက အဝေးကနေ အနီးသို့ရောက်လာပြီး ကျန်းရှုယောင် ရှဲ့ရွှင်းဝင်လာခြင်းဖြစ်မှန်း သိသောကြောင့် သူမ နာနာခံခံ  ထိုင်လိုက်သည်။


မင်္ဂလာရှိပုဂ္ဂိုလ်က မင်္ဂလာတေးသွားကို ကျယ်လောင်စွာ သီဆိုနေချိန်တွင် အနီရောင်ဇာခြုံလွှာက မတင်ခြင်းခံလိုက်ရပြီး သူမရှေ့တွင် ရုတ်တရက် အလင်းရောင်တစ်ခု လင်းလက်လာသည်။ ကျန်းရှုယောင်  သူမခေါင်းကို မော့ပြီးကြည့်လိုက်ရာ မယုံကြည်နိုင်စရာကောင်းလောက်အောင် ကြည့်ကောင်းလွန့်းသည့် မျက်လုံးတစ်စုံနှင့် တွေ့လိုက်ရ၏။


ရှဲ့ရွှင်း၏မျက်နှာကိုမြင်သည့်အခါ ကျန်းရှုယောင် စိတ်သက်သာရာရသွားသည်။


သူမခင်ပွန်းလောင်းက ကောလဟာလတွေအတိုင်းပဲ ချောမော၏။ သူ့ကို အဖြူရောင်တောင်ပေါ်ရှိ နှင်းပွင့်၊ လထက်ရှိ တောက်ပသော တိမ်တိုက်ဖြစ်ပြီး သာမန်လူများ စိတ်ကူးမယဉ်နိုင်သော တည်ရှိမှုဟုဆိုကြခြင်းက ချဲ့ကားပြောဆိုခြင်းမဟုတ်ပါချေ။ ဤအဆင့်အလှလေးက သူမကို ဘယ်တော့မှ ထိလိမ့်မည်မဟုတ်၊ ထို့ကြောင့် သူမ နောက်နေ့အထိ လုံခြုံနေမည်ဖြစ်သည်။


ရှဲ့ရွှင်းက ကျန်းရှုယောင်၏ ပန်းရောင်မျက်နှာဖုံးနှင့်တူသော မျက်နှာကို စိုက်ကြည့်ရင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကာ သူ့မျက်နှာက ရွံရှာနေဟန်ကို ပွင့်ပွင့်လင်းလင်းပြသနေ၏။


ပေကျင်းကိုပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ ကျန်းရှုယောင်၏ နာမည်ဆိုးကို သူကြားလိုက်သည်။တစ်နေ့မှာ ဤအမျိုးသမီးဆီကနေ  သူမကို ဇနီးအဖြစ်နှင့် အတင်းအဓမ္မ လက်ထပ်ယူခိုင်းခြင်းခံရမည်ဟု  သူမျှော်လင့်မထားခဲ့ပေ။


ကောလဟာလတွေက ယုံရခက်ပေမဲ့ ထိုနေ့ ရေထဲပြုတ်ကျပြီးနောက် သူမက သူ့ကို တွယ်ကပ်ထားကာ အပြင်ထွက်သည်နှင့်  အရှက်ရစရာကောင်းလောက်အောင် သူမ၏ ဖြူစင်မှုကိုဆုံးရှုံးသွားသည်ဟု ချက်ချင်းအော်ဟစ်ခဲ့သည်။ ဤသည်များနှင့်ပင် သူမ၏စရိုက်က ရှင်းနေပြီဖြစ်၏။


သူ့တစ်ကိုယ်လုံး အေးစက်နေပြီး အခန်းတွင်း လေထုက ရုတ်တရက် တင်းမာလာသည်။


နောက်လုပ်ငန်းစဉ်က အလွန်ကို ဝတ်ကျေတမ်းကျေနိုင်လေသည်။  ဝိုင်တစ်ခွက်သောက်ပြီးနောက် မင်္ဂလာရှိပုဂ္ဂိုလ်က ပန်းကန်ပြားကိုယူကာ ကျန်းရှုယောင်ကို ကောက်ညှင်းလုံးတချို့ကျွေးခဲ့သည်။


ယေဘုယျအားဖြင့် သတို့သမီးက စတိသဘောတစ်ကိုက် ကိုက်ရသည်။ မင်္ဂလာရှိပုဂ္ဂိုလ်(ဘိသိက်ဆရာ)က “အစိမ်းဟုတ်လား မဟုတ်ဘူးလား” ဟုမေးပြီးနောက် သတို့သမီးက ခေါင်းငုံ့ကာ ရှက်ရွံ့စွာဖြင့် “အစိမ်း” ဟု  ပြန်ဖြေရသည်။


မနက်ကတည်းက ထမင်းမစားရသေးသော ကျန်းရှုယောင်က ၎င်းကိုသိသော်လည်း  တစ်ခုလုံးကို ပါးစပ်ထည့် ဝါးလိုက်ကာ ရွံရှာမှုကြောင့် ထွေးထုတ်လုနီးပါးဖြစ်ခဲ့သည်။


မင်္ဂလာရှိပုဂ္ဂိုလ် ထိတ်လန့်သွားပြီး စကားများထစ်ကုန်၏။

 "အ... အစိမ်းဟုတ်လား မဟုတ်ဘူးလား"


ကျန်းရှုယောင်၏လည်ချောင်းသည် ယခုမှ သက်သာလာခါစ ဖြစ်သည်။ ဝါးမစားဘဲ မျိုချမိသည့်အခါ နာကျင်ရလေသည်။ သူမရှက်စိတ်ဖြင့် မျက်နှာကြီးဖောင်းလာကာ မျိုလည်းမချ အန်းမအန်ထုတ်ဘဲ  သူမ၏မျက်နှာက ဘောလုံးကြီးတစ်ခုအဖြစ်သို့ ရှုံ့တွသွားသည်။


"စိမ်းလွန်းတယ်..."


ရှဲ့ရွှင်းက  သူမဘေးတွင်ထိုင်လိုက်ပြီး သူ၏မကျေမနပ်တန်ဖိုးက ထိပ်ဆုံးသို့ရောက်သွားသည်။


နိုင်ငံရပ်ခြားသို့ ခရီးထွက်စဥ်က လောကထဲရှိ လူအမျိုးမျိုးကို မြင်ဖူးပြီး သူ့အနာဂတ်ဇနီးသည်၏ အသွင်အပြင်ကိုလည်း တွေးကြည့်ခဲ့ဖူး၏။ နူးညံ့သိမ်မွေ့ပြီး သီလရှိသည့်ပုံစံ၊ သိက္ခာရှိပြီး သဘောထားကြီးသည့်ပုံစံတို့ကို   တွေးခဲ့ဖူးသော်လည်း ထိုသို့သောလူနှင့် အိမ်ထောင်ပြုလိမ့်ရမည်ဟု မထင်မိခဲ့ပေ။ 


မင်္ဂလာရှိပုဂ္ဂိုလ်က သီချင်းဆိုအပြီးတွင် ရှဲ့ရွှင်း နောက်ပြန်လှည့်မကြည့်ဘဲ အခန်းအပြင်သို့ တစ်ချိုးတည်း ထွက်သွားသည်။​​ဇာလွှာနီကို ဖယ်ပေးသည်မှလွဲ၍ ကျန်းရှုယောင် ကို နောက်တစ်ကြိမ် ထပ်မကြည့်ခဲ့ပေ။


အခန်းတွင်းရှိ အမျိုးသမီးမိသားစုဝင်များ အားလုံးက "သူ့ကိုကိုယ်ကြည့်...ကိုယ့်ကိုသူကြည့်" ဂိမ်းကို ဆော့ကစားနေကြပြီး ကောင်းစကားတစ်ခွန်းမှ မပြောဘဲ အခန်းထဲက တိတ်တိတ်လေး ထွက်သွားကြသည်။


နောက်နေ့မနက်စောစောမှာ တတိယသခင်လေးက သူ့မင်္ဂလာဆောင်ညမှာ စာကြည့်ခန်းထဲမှာ အိပ်ခဲ့သည်ကို အိမ်တော်ကြီးမှာရှိသည့်လူတိုင်း သိသွားကြ၏။


ကျန်းရှုယောင်   ဟာသတစ်ခုဖြစ်လာမည်ကို လူတိုင်းက စောင့်မျှော်နေကြပေမဲ့ အတင်းအဖျင်းတွေ၏အလယ်မှာရှိနေသည့် ကျန်းရှုယောင်ကမူ သူတို့ထင်ထားသလောက် စိတ်ဆင်းရဲမနေပါချေ။


သက်တောင့်သက်သာ အိပ်ရာက နိုးလာပြီးနောက် အမျိုးသမီးအစေခံများ​က သူမကို အဝတ်အစားလဲပေးရန် စောင့်နေကြသည်။


မူလကိုယ်သည် အလွန်တောက်ပပြီး ဆွဲဆောင်မှုရှိသော မျက်နှာရှိသော်လည်း ဤပုံစံသည် ဤခေတ်တွင် နှစ်သက်ဖွယ်မရှိပေ။ လူတွေက သူတို့၏လျှာကို ဝါးပြီး သူမကို "မြေခွေးမ "ဟု ကြိမ်းမောင်းကြပေလိမ့်မည်။


ဇနီးကိုလက်ထပ်သောအခါ ယောက်ျားတစ်ယောက်သည် သီလရှိရှိသော၊ နူးညံ့သိမ်မွေ့သော၊ သိက္ခာရှိသောသူနှင့် ထိမ်းမြားရမည်ဖြစ်ပြီး ကိုယ်လုပ်တော်ယူသောအခါမှသာ တောက်ပသောအသွင်အပြင်ရှိသော မိန်းမကို တမင်ရွေးပေလိမ့်မည်။


သခင်မရှန်းယန်က ရှန်းယန်အိမ်တော်ရှိ ညှို့ဓာတ်ပြင်းသောကိုယ်လုပ်တော်တစ်သိုက်ကို မကြိုက်သောကြောင့် သမီးဖြစ်သူ၏ လှပသောအသွင်အပြင်ကို မြင်လိုက်ရသောအခါတွင် လေပြေနုလေးကဲ့သို့ဖြစ်အောင် တမင်တကာ ပျိုးထောင်ပေးခဲ့သည်။


မူလကိုယ်သည် အားနွဲ့သောအမျိုးသမီးတစ်ဦး၏အသွင်အပြင်ရရှိရန်အတွက်နှင့် မိခင်ဖြစ်သူ၏ နေ့စဉ် အစာငတ်ထားခြင်းကိုခံခဲ့ရသည်။ ရှေ့နှင့်နောက်သို့ ပြူးထွက်နေရမည့် သူမ၏ ခန္ဓာကိုယ်က ရှုံ့တွပိန်လှီသော မျောက်တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။


သူမ၏ မိုးမခရွက်မျက်ခုံးအများစုကို ရိတ်ပြီး မျက်မှောင်ကြုတ်နေဟန် ပါးလွှာသော  မျက်ခုံးမွှေးများအဖြစ်သို့ ဆွဲခဲ့သည်။ သူမသည် တစ်နေ့တာလုံး သူမ၏ မျက်နှာပေါ်ရှိ တောက်ပထင်ရှားသော ပါးအို့နီနီများကို ဖုံးအုပ်ရန် ပေါင်ဒါ မှုန့်ထူထူကို လိမ်းကျံကာ အဝတ်အစားပြောင်ရိုးရိုးများကို ၀တ်ဆင်ခဲ့ရသည်။ ပုံစံက ပြောပလောက်စရာမရှိဘဲ အလွန်ရယ်စရာကောင်းလေသည်။


ကျန်းရှုယောင် အမျိုးသမီအစေခံ၏ သူမကို ပေါင်ဒါဖို့ပေးနေခြင်းအား တားလိုက်ပြီး သူမကိုယ်တိုင် မိတ်ကပ်လိမ်းသည်။ သူမ၏ မျက်ခုံးမွှေးများကို ခြယ်သပြီး နောက်ဆုံးတွင် အားမာန်အပြည့်ရှိသည့် ဓားနှင့်တူသော မျက်ခုံးမွှေးများကို ပြန်လည်ရရှိစေခဲ့သည်။ ဆွဲဆောင်မှုရှိပြီး တောက်ပသောမျက်နှာသည် ချက်ချင်းဆိုသလိုပင် သူရဲကောင်းဆန်မှုအနည်းငယ်ရှိလာပြီး ၎င်းသည် သူမ၏*မြွေမျက်နှာမှယူဆောင်လာသော ပိန်ပါး၊ တောက်ပပြီး ဖြားယောင်သွေးဆောင်တတ်သောခံစားချက်ကို ပြေပျောက်စေသည်။

(T/N–မျက်နှာရှည်ရှည် ချွန်ချွန်ကိုပြောတာပါ...)


သူမ နှုတ်ခမ်းပေါ် နှုတ်ခမ်းနီလေး ဆိုးလိုက်ပြီး ယနေ့ မိတ်ကပ်ကပြီးသွားလေပြီ။


ကျန်းရှုယောင်  ကြေးမှန်ထဲမှာ သူမကိုယ်သူ မကျေနပ်စွာ ကြည့်နေခဲ့သည်။သခင်မရှန်းယန်၏နတ်ဆိုးလက်သည်းများကနေ လွတ်မြောက်ပြီး နောက်ဆုံးမှာ သူမ၏ အလှရသဆိုင်ရာ လွတ်လပ်မှုကို သိရှိလာခဲ့သည်။ စားချင်သလောက်မစားနိုင်သည့်နေ့တွေအကြောင်းတွေးပြီးသည့်အခါ သူမ၏မျက်နှာက ရွှင်လန်းမှုအနည်းငယ်တို့ဖြစ်ပေါ်လာရတော့သည်။


မူလကိုယ်က ဒေါသကြီးပြီး သူမအနားရှိ အမျိုးသမီးအစေခံများက သာမာန်ထက် ပိုသူရဲဘောကြောင်ကြသည်။ယနေ့က သူမလက်ထပ်ပြီး ပထမဆုံးနေ့ဖြစ်သော်ငြား သူတို့က သူမကို စောစောမနှိုးရဲကြချေ။


ထို့ကြောင့်  ရှဲ့ရွှင်း လာသောအခါ ကျန်းရှုယောင်က အဝတ်အစားလဲပြီးရုံရှိပြီး မနက်စာမစားရသေးပေ။


ရှဲ့ရွှင်း အနည်းငယ် မကျေနပ်ဖြစ်သွားသော်လည်း မနေ့က သူအခန်းထဲသို့ ပြန်မလာခဲ့ဘဲ ကျန်းရှုယောင်က အခန်းထဲတွင် တိတ်တိတ်လေး မျက်ရည်ကျနေသည့် မြင်ကွင်းကို တွေးမိသောအခါ  အပြစ်တင်မှုများ ရုတ်တရက် ပျောက်ကွယ်သွားသည်။


"နောက်ကျနေပြီ...လက်ဖက်ရည်ဆက်ဖို့ ခန်းမကိုသွားရမဲ့ အချိန်ရောက်ပြီ" 


သူက ရုတ်တရက်ကြီး ပြောလိုက်ပြီး ကျန်းရှုယောင်အနားမှာ ဝိုင်းပြီး အရိုအသေပေးနေကြသည့် အမျိုးသမီးအစေခံများကို အံ့အားသင့်သွားစေခဲ့၏။


ကျန်းရှုယောင် မှန်တင်ခုံပေါ်မှ အမြန်ထကာ ရှဲ့ရွှင်း၏ နံဘေးသို့ ရွရွကလေးပြေးလိုက်သည်။ "အဆင်သင့်ဖြစ်ပြီ...သွားကြရအောင်" 

လက်ထပ်ပြီးသည့် ပထမဆုံးနေ့မှာ သူမ အလွန့် အလွန်ကို စိတ်ကောင်းဝင်နေ၏။


အလှတရားလည်းရှိ၊ ငွေကြေး (ခန်းဝင်ပစ္စည်း) လည်းရှိ၊ အိမ်ထောင်ရေးအတွက် ဖိအားလည်းမရှိ ၊ ခင်ပွန်းသည်ကလည်း  အဆင်တန်ဆာနှင့် ညီမျှလေသည်။ ခေတ်လူတွေပြောကြသည့် "ဘဝ၏ပျော်ရွှင်မှုသုံးပါး–ရာထူးတိုးခြင်း၊ ချမ်းသာကြွယ်ဝခြင်း နှင့်ခင်ပွန်းသည် သေဆုံးခြင်း" နှင့် အတူတူပင်မဟုတ်ပါလား။ ပျော်စရာနေ့ရက်လေးပါလားဟေ့...


---


[ET/N- ဖက်ထုပ်သည် တရုတ်မင်္ဂလာဆောင် ဓလေ့တစ်ခုဖြစ်သည်။ 


ဘာဖြစ်မလဲဆိုတာက... သတို့သမီးက ကုတင်ပေါ်ထိုင်၊ သတို့သားမိသားစုက လုံးဝ မချက်ရသေးသည့် ဖက်ထုပ်တချို့ ပေးသည်။သူမစားနေချိန်မှာ လူတွေက "အစိမ်းလား (生不生)?" ဟုမေးပြီး သူမက "အစိမ်း (生)!"လို့ပြန်ဖြေရ၏။


"生" (Sheng) သည် အမှန်တကယ်တွင် အနက်အဓိပ္ပာယ် နှစ်မျိုးရှိသည်- "အစိမ်း" သို့မဟုတ် "မွေးဖွားခြင်း" ဟူ၍ အဓိပ္ပာယ် နှစ်မျိုးရှိသည်။


ထို့ကြောင့် ကြင်စဦး ဇနီးမောင်နှံများအား တတ်နိုင်သမျှ ကလေးမြန်မြန်မွေးရန် "ကောင်းချီးပေး" အပ်သော အရာဖြစ်သည်။]