Ch-26
Viewers 3k

Unicode


စုချီယွဲ့ ကြည့်နေရင်း စဥ်းစားနေမိသည်မှာ 'အိုး... ဒီဥက္ကဌကြီးက ခုနက အရမ်းသဘောကောင်းနေတာလေ။ ရုတ်တရက်ကြီး ဘာလို့ဒေါသထွက်သွားရတာလဲ? ဒါ သိပ္ပံနည်းမကျဘူးနော်' 


ယေဘူယျအားဖြင့် စီးပွားရေးနယ်ပယ်တွင် ထိပ်တန်းဖြစ်ပြီး ထူးထူးခြားခြားအဆင့်အတန်းရှိသော ထန်ဂရုကဲ့သို့ လူချမ်းသာမိသားစုသည် အလွန်တသီးတခြားနေတတ်ပေလိမ့်မည်။ သူတို့က သူတို့ကလေးဟာ ဆင်းရဲသားကောင်လေးတစ်ဦးနှင့် ကစားနေသည်ဟုတွေးပြီး သူတို့ကို နည်းလမ်းမျိုးစုံဖြင့် ခွဲပေလိမ့်မည်။ ထို့ကြောင့် သူက အခြေအနေကို ကမန်းကတန်းရှင်းပြခဲ့သော်လည်း ထိုအစား ဥက္ကဌကြီးကို စိတ်မကျေမနပ်ဖြစ်သွားစေပုံပင်။ 


"မဟုတ်ပါဘူး မဟုတ်ပါဘူးဗျ၊ ထန်ယဲ့က ကျွန်တော်နဲ့ မတန်တာမဟုတ်ပါဘူး၊ ကျွန်တော်က သူနဲ့မတန်တာပါ" 


စုချီယွဲ့ အမြန်ပြောလိုက်ရသည်။ 


ဤစကားကိုကြားသည့်အခါမှ ထန်ကျုံ့ဟိုင်၏ ဒေါသမှာ အတော်လေးလျော့ကျသွားလေ၏။ 


မနေ့ညက စုချီယွဲ့ကို ထန်ယဲ့ကာကွယ်ပေးပုံကို ပြန်တွေးမိရင်း သူ့သားအရမ်းဂရုစိုက်ပေးချင်တဲ့သူဟာ ဘယ်လိုလူစားမျိုးလဲဆိုတာ သိချင်သွားရသည်။ 


ထန်ကျုံ့ဟိုင် လည်ချောင်းရှင်းလိုက်ပြီး 


"မင်းက ကျန်းချန်တက္ကသိုလ်က ကျောင်းသားလား?" 


စုချီယွဲ့ ခေါင်းညိတ်ကာ "ဟုတ်ပါတယ်" 


"ကျန်းချန်တက္ကသိုလ်ကို ဝင်ခွင့်ရတာက တော်တော်ကောင်းနေပြီလေ၊ ဒါကြောင့် မင်းကိုယ့်ကိုကိုယ် နှိမ့်ချနေဖို့ မလိုဘူး" 


စုချီယွဲ့ : ... 


"ဒါဆို ဦးလေး ကျွန်တော့်ကိုရှာတာက ကျွန်တော်နဲ့ ထန်လောင်ရှီးရဲ့ ဆက်ဆံရေးကို အထင်လွှဲနေလို့ပေါ့နော်?" 


စုချီယွဲ့ အလွန်အရေးထားဟန်ဖြင့် 


"စိတ်မပူပါနဲ့ဗျ၊ ကျွန်တော် ဦးလေးကို လမ်းခွဲကြေးတွေဘာတွေ တောင်းမှာမဟုတ်သလို ထန်လောင်ရှီးကိုလည်း နာမည်မဖျက်ပါဘူးဗျာ။ နောက်ပြီးတော့ ကျွန်တော်နဲ့ ထန်လောင်ရှီးက အတူရှိနေကြတာ မဟုတ်ရပါဘူး။ သူက တကယ်ကောင်းတာမို့ ပိုတော်ပြီး ပိုထူးချွန်တဲ့သူတွေနဲ့ သင့်တော်ပါတယ်။ ကျွန်တော်က သူ့ကို role modelအဖြစ် လောင်ရှီးအဖြစ် သဘောထားတာပါဗျ" 


စုချီယွဲ့ စကားလုံးတိုင်းကို အလေးအနက်ထားပြောလိုက်၏။ ပြောပြီးသည်နှင့် မတ်တပ်ထရပ်ကာ 


"ကျွန်တော် ရထားမှီဖို့ အလျင်လိုနေလို့ပါ။ နှုတ်ဆက်ပါတယ်နော် ဥက္ကဌထန်" 


စုချီယွဲ့ ပြောပြီးနောက် ခရီးဆောင်အိတ်နှင့် ထွက်လာခဲ့သည်။ 


ထန်ကျုံဟိုင်သည် ထွက်ခွာသွားသော စုချီယွဲ့ နောက်ကျောကိုကြည့်လျက် ထိုင်ခုံကို မှီလိုက်၏။ သူ တစ်ခုခုမှားနေတယ်လို့ ခံစားနေရသလိုပဲ၊ သူ့သားက အငြင်းခံလိုက်ရတယ်လို့ ဘာလို့ခံစားနေရတာပါလိမ့်? ဘွဲ့တောင်မရသေးတဲ့ ကောလိပ်ကျောင်းသားလေးက သူ့သားနဲ့ ဘာလို့ အတူတူမရှိချင်ရတာလဲ? ဒါ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ! 


ထန်ကျုံ့ဟိုင်က ထန်ယန့်ချန်ကို ဖုန်းခေါ်လိုက်ပြီး 


"မင်း ဘယ်နည်းလမ်းကိုပဲသုံးရသုံးရ စုချီယွဲ့ကို ဟိုင်နမီဒီယာနဲ့ လက်မှတ်ထိုးရမယ်" 


သူမယုံပါဘူး၊ ဒီကောင်လေးက ထွက်ပြေးချင်တာလား? သူ့သားကြိုက်တာမှန်သမျှ ဘာပဲဖြစ်ဖြစ် ဖမ်းဆွဲထားရမှာပဲ! 


စုချီယွဲ့ အလျင်စလိုသွားလိုက်သဖြင့် ရထားမှီသွားခဲ့သည်။ ၆နာရီကျော်ကြာ ထိုင်ခုံမာမာမှာ ထိုင်ခဲ့ရပြီးနောက် သူ့ခါးလေးနာကျင်နေလေပြီ။ ရထားပေါ်ကဆင်းပြီးနောက် အိမ်ပြန်ရောက်ရန် တစ်နာရီကျော်ကျော်ခန့် ဘတ်စ်ကားစီးရပါသေးသည်။ 


သူ့အိမ်မှာ ကျန်းချန်နှင့် သိပ်မဝေးသော ပန်လုံမြို့လို့ခေါ်သည့် နေရာတစ်ခုပင်။ 


ဤနေရာကား အတော်လေးသာယာဝပြောသလို လမ်းများမှာလည်း သက်ဝင်လှုပ်ရှားနေပေသည်။ 


ဘတ်စ်ကားပေါ်ကဆင်းလာသည့်အခါ မြို့ထဲတွင် မိုးဖွဲဖွဲလေးကျလာလေ၏။ စုချီယွဲ့ ခရီးဆောင်အိတ်ကိုဆွဲလျက် ထီးကိုကိုင်ကာ နှစ်ဘလောက်ခန့်လျှောက်ပြီးနောက် လမ်းကြားထဲကို ဝင်လာခဲ့သည်။ 


သူ့အိမ်က လမ်းကြားအတွင်းပိုင်းထဲမှာရှိပြီး အဆောက်အဦးဟောင်းတစ်ခုပင်။ တံခါးထဲမှဝင်လာသည်နှင့် အရမ်းမကျယ်ဝန်းသော ခြံဝင်းတစ်ခုနှင့် အခန်းသုံးခန်းရှိလေ၏။ 


တံခါးကို တွန်းဖွင့်လိုက်သည့်အခါ "ကျွီ"ခနဲအသံထွက်လာပြီး၊ ထို့နောက် ခန်းဆီးနောက်မှ မာကျောက်ကစားနေသောအသံများကို ကြားလိုက်ရသည်။ 


"သုံးသောင်း!" 


"စားပြီ!" 


စုချီယွဲ့ ခေါင်းယမ်းလိုက်သည်။ သူ ရှိုးမရိုက်ခင် လုပ်အားခ တစ်စိတ်တစ်ပိုင်းရရှိခဲ့သဖြင့် လင်းကွေ့ကျီး စားမလောက်၊ သုံးမလောက်မည်စိုး၍ သူမအတွက် ယွမ် ၁၀၀၀၀ ပို့ပေးခဲ့သည်လေ။ အခု သူမက မာကျောက် ထပ်ကစားနေပြန်ပြီပဲ။ 


စုချီယွဲ့ အိမ်ထဲဝင်လာလာချင်း "ပြန်ရောက်ပါပြီ" ဟူ၍ ပြောလိုက်သည့်အခါ အခန်းတွင်းမှ မာကျောက်ကစားနေသံများ ရုတ်တရက် ရပ်သွားပြီး လူလေးယောက်က သူ့ကို စိုက်ကြည့်လာခဲ့သည်။ 


လင်းကွေ့ကျီး ပါးစပ်ထဲမှာ စီးကရက်တစ်လိပ်ရှိနေလျက်။ သူမသားကိုတွေ့တွေ့ချင်း စီးကရက်ကိုအမြန်ထွေးထုတ်လိုက်ကာ မြေကြီးပေါ်ချနင်းလိုက်ပြီးနောက် အပြုံးလေးနှင့် ထရပ်ကာ 


"ရှောင်ယွဲ့ သားပြန်လာပြီပဲ။ အိုး မားကို ဘာလို့ စောစောမပြောတာလဲကွယ်၊ မား သားကို လာကြိုမှာပေါ့" 


"အိုကေ သွားကြတော့၊ ငါ့ရှောင်ယွဲ့ ပြန်လာပြီဆိုတော့ ဆက်မကစားတော့ဘူး" 


မာကျောက်ဂိမ်းပြီးသွားသည့်နောက် လင်းကွေ့ကျီးက ပစ္စည်းကူသယ်ရန် အပြေးအလွှားရောက်လာပြီး 


"သား မစားရသေးဘူးမလား၊ မား သားအတွက် အရသာရှိတာတစ်ခုခု ဝယ်ကျွေးမယ်နော်" 


လင်းကွေ့ကျီး လျှောက်သွားလိုက်ရင်း ရေရွတ်နေသည်မှာ 


"ဒီနေ့ ငါ အရမ်းကံကောင်းနေတာ အံ့သြစရာမဟုတ်ဘူးပဲ။ ငါ့သားကြောင့်ဖြစ်နေတာကိုး၊ ကံကောင်းတဲ့ကြယ်ပွင့်လေး အိမ်ပြန်လာလို့ပဲ" 


စုချီယွဲ့သည် သူအိမ်ပြန်လာသောကြောင့် လင်းကွေ့ကျီး အမှန်တကယ် ပျော်ရွှင်နေမှန်း ခံစားနိုင်ပေသည်။ 


စုချီယွဲ့လည်း "သူ့"အိပ်ခန်းဆီ ပြန်သွားလိုက်၏။ အံ့သြစရာကောင်းလောက်အောင်ပင် ပရိဘောဂအားလုံးဟာ သူ့စိတ်ကြိုက်ဖြစ်နေကြောင်း တွေ့ရှိခဲ့ရသည်။ 


သူ အဝတ်အစားလဲပြီး ကုတင်ပေါ်မှာ လှဲချလိုက်တော့သည်။ သူ အရမ်းအိပ်ချင်နေသောကြောင့် သတိလက်လွတ်အိပ်ပျော်သွားချေပြီ။  


"စားလို့ရပြီ၊ စားလို့ရပြီနော်" 


လင်းကွေ့ကျီးက အပြင်မှာ အစားအသောက်များကို စားပွဲပေါ်တင်နေရင်း စုချီယွဲ့ ကို အော်ခေါ်လိုက်၏။ 


စုချီယွဲ့ အိပ်မက်မက်နေဆဲ အော်ခေါ်သံကြားလိုက်၍ ကုတင်ပေါ်မှထလိုက်၏။ ထွက်လာသည်နှင့် အရသာရှိသော ဟင်းပွဲ ၄မျိုး၊ စွပ်ပြုတ် ၁ခွက် ရှိနေသည်ကို တွေ့လိုက်ရလေ၏။ သူ သံသယတို့ဖြင့် 


"မား ချက်ထားတာလား?" 


"လမ်းကြားအပေါက်ဝမှာ သွားဝယ်ထားတာလေ" 


လင်းကွေ့ကျီးက ယုံကြည်မှုရှိရှိ ပြန်ဖြေလာခဲ့သည်။ 


"မားက ဘယ်လိုချက်တတ်မှာတုန်း? သားက သားရဲ့မာမားကို အရမ်းမြင့်မြင့်တွေးနေတာပဲကွယ်" 


စုချီယွဲ့ နားလည်ပါသည်၊ ဒါဟာ အမှန်တရားပါပဲလေ... 


သူ တကယ်ဗိုက်ဆာနေ၍ အများကြီးမစားမိဘဲမနေနိုင်တော့ချေ။ လင်းကွေ့ကျီးက သူ့အတွက် ဟင်းတွေထည့်ပေးနေပြီး 


"ဒါနဲ့ သား ရှိုးတစ်ခုရိုက်နေတယ်လို့ ဟိုဘက်အိမ်ကကောင်မလေးဆီက မားကြားထားတယ်ရော။ ဒါဆို သား ပိုက်ဆံအများကြီးရမှာပေါ့နော်" 


စုချီယွဲ့၏ တူချောင်းတွေ ခေတ္တရပ်တန့်သွားကာ 


"ကျွန်တော်ပေးထားတဲ့ပိုက်ဆံတွေ အကုန်သုံးလိုက်ပြန်ပြီလား?" 


လင်းကွေ့ကျီး အနည်းငယ်ရှက်ရွံ့သွားလျက် 


"သားလည်းသိသားနဲ့၊ မားရဲ့ အသုံးစရိတ်က နည်းနည်းကြီးတယ်လေ၊ ဟား ဟား နည်းနည်းလေးကြီးတာပါ" 


စုချီယွဲ့ ကူကယ်ရာမဲ့စွာဖြင့် 


"ကျွန်တော်က နာမည်ကြီးတစ်ယောက်မဟုတ်လို့ ရှိုးမှာဝင်ရိုက်ရလည်း အများကြီးမရဘူး။ အရင်တခေါက်က မားဆီ ယွမ် ၁၀၀၀၀လွှဲပေးထားတယ်လေ၊ အခု ကျွန်တော့်မှာလည်း ပိုက်ဆံမရှိတော့ဘူး" 


"ဟုတ်ပါပြီ၊ ပိုက်ဆံမရှိဘူး၊ ပိုက်ဆံမရှိတော့ဘူး" 


လင်းကွေ့ကျီး သိပ်ဂရုမစိုက်စွာဖြင့် 


"မားလည်း အဲ့ဒီဗီဒီယိုတွေကို ကြည့်ခဲ့တယ်။ အဲဒီထန်ယဲ့က သားအပေါ် အရမ်းကောင်းပုံရတယ်နော်၊ သားတို့နှစ်ယောက်..."  


"ထပ်ပြောပြန်ပြီ! မဖြစ်နိုင်ဘူးဗျ!" 


လင်းကွေ့ကျီးက အကြံအစည်အမျိုးမျိုး ထုတ်လာနိုင်ကြောင်း စုချီယွဲ့ သိထားသဖြင့် 


"ရက်နည်းနည်းပဲရှိသေးတာလေ၊ နည်းနည်းလျှော့သုံးလို့မရဘူးလား?" 


"မား အတတ်နိုင်ဆုံးကြိုးစားပါ့မယ်" 


လင်းကွေ့ကျီးလည်း အကြံသစ်တစ်ခု တွေးမိပြန်ကာ 


"ရှောင်ယွဲ့ရေ အဲဒီကြယ်ပွင့်ကြီးတွေဆို ပိုက်ဆံအများကြီးရှာနိုင်တယ်လို့ မားထင်တယ်နော်။ သားက မားရဲ့ အလှကို အမွေဆက်ခံရထားတာလေ မဟုတ်ဘူးလား? အခု သားလည်း ရှိုးတစ်ခုရိုက်နေပြီပဲ၊ ကြယ်ပွင့်လုပ်လိုက်ပါလားကွယ်" 


စုချီယွဲ့ သူ့နဖူးသူထိန်းကိုင်ထားလျက် 


"လူတိုင်းက နာမည်ကြီးနိုင်တယ်လို့ မားထင်နေတာလား? အရမ်းရှားတယ်ဗျ၊ မား နားမလည်ဘူးလား?" 


စုချီယွဲ့ ပြောပြီးပြီးချင်းမှာပင် ဖုန်းမြည်လာ၍ သူကြည့်လိုက်သည့်အခါ အမည်မသိနံပါတ်ဖြစ်နေလေ၏။ 


xxx