Ch-27
Viewers 3k

Unicode


စုချီယွဲ့ ပြောပြီးပြီးချင်းမှာပင် ဖုန်းမြည်လာ၍ သူကြည့်လိုက်သည့်အခါ အမည်မသိနံပါတ်ဖြစ်နေလေ၏။ 


"ဟဲလို၊ ဘယ်သူပါလဲ?" 


"မင်္ဂလာပါ မစ္စတာစုချီယွဲ့ ဟုတ်ပါသလား? ကျွန်မက ဟိုင်နမီဒီယာကပါရှင်။ မင်းနဲ့ စာချုပ်လက်မှတ်ထိုးဖို့ စိတ်ဝင်စားလို့ပါ။ မင်းအချိန်ရရင် ကျွန်မတို့စကားပြောလို့ရမလား?" 


တစ်ဖက်မှ သာယာကြည်လင်သော အမျိုးသမီးအသံ ထွက်ပေါ်လာသည်။ 


စုချီယွဲ့ ဟိုင်နမီဒီယာကို ကြားဖူးပေသည်။ အဲဒါက ထန်ယဲ့ ကုမ္ပဏီဖြစ်ပုံပဲနော်။ 


ယခင်က အခြားသော ဖျော်ဖြေရေးကုမ္ပဏီများလည်း သူ့ကို ဆက်သွယ်လာခဲ့ကြပေမယ့် သူ အကြောင်းမပြန်ခဲ့။ ဒီဟိုင်နမီဒီယာကတော့ သူ့ကို ဆက်သွယ်လာတာ အခုက ပထမဆုံးအကြိမ်ပဲ။ 


စုချီယွဲ့ ဖုန်းသံမှာ အသံနည်းနည်းကျယ်သည်ဖြစ်ရာ လင်းကွေ့ကျီးက သူ့ဘေးမှာ ထိုင်နေသဖြင့် ဟိုင်နမီဒီယာနာမည်ကို ကြားလိုက်ရသည်နှင့် မျက်လုံးများ ဘလင်းဘလင်းတောက်ပလာပြီး စုချီယွဲ့ကို တွန်းတိုက်၍ 


"မြန်မြန်သဘောတူလိုက်လေ မြန်မြန်" 


သူမသားက ဖျော်ဖြေရေးကုမ္ပဏီတစ်ခုနှင့် လက်မှတ်ထိုးလိုက်သရွေ့ သူက ကြယ်ပွင့်ဖြစ်နိုင်တာပဲ။ သူ ကြယ်ပွင့်ဖြစ်လာရင် သူမလည်း ဗီလာကြီးထဲမှာ နေနိုင်မယ်၊ သုံးမကုန်တဲ့ပိုက်ဆံတွေရှိလာမယ်။ လင်းကွေ့ကျီး စိတ်ကူးယှဥ်နေလေ၏။ 


စုချီယွဲ့ စဥ်းစားကြည့်နေမိသည်။ သူ ဒီနေ့ပဲ ထန်ကျုံ့ဟိုင်နှင့် တွေ့ခဲ့ပြီးတော့ ထန်ယဲ့နှင့်အတူတူရှိတော့မှာမဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်းပြောခဲ့ပြီးတာလေ။ အခု ဟိုင်နမီဒီယာနှင့် သူလက်မှတ်ထိုးလိုက်ရင် သူ့စကားတွေကို ဖျက်လိုက်တာပဲ မဟုတ်ဘူးလား? တစ်ယောက်ယောက်ကို ပါးရိုက်တာ အရမ်းမြန်မနေဘူးလားနော်။ 


"တောင်းပန်ပါတယ်ဗျ၊ လောလောဆယ်တော့ ကျွန်တော် ဖျော်ဖြေရေးကုမ္ပဏီနဲ့ လက်မှတ်ထိုးဖို့ မစဉ်းစားချင်သေးပါဘူး" 


စုချီယွဲ့ ဖုန်းချလိုက်သည့်အခါ လင်းကွေ့ကျီး အလွန်ဒေါသထွက်သွားလေပြီ။ 


"မင်း ဘယ်လိုလုပ်ပြီးငြင်းလိုက်ရတာတုန်း? မင်းရဲ့ စကားတစ်ခွန်းကြောင့် ကောင်းကင်ဘုံက အခွင့်အရေး ပျက်စီးသွားရပြီ" 


"ကျွန်တော့်မှာ ကိုယ်ပိုင်အစီအစဉ်ရှိပါတယ်" 


"ပြီးတော့ ဒီနှစ်ရဲ့ ဒုတိယနှစ်ဝက်မှာ ကျွန်တော် အလုပ်သင်ဆင်းရဦးမှာ။ စိတ်မပူပါနဲ့ ကျွန်တော် မားကို ဆာလောင်အောင်မထားပါဘူး" 


"ဒါ ဘယ်လိုလုပ်တူနိုင်မှာလဲ? မင်းက ဒီဇိုင်နာတစ်ယောက်ဖြစ်နေရင်တောင် ပိုက်ဆံဘယ်လောက်ရနိုင်လို့လဲ?" 


လင်းကွေ့ကျီး စုချီယွဲ့၏ နဖူးကို ပုတ်ကာ 


"မင်းက အရမ်းရူးမိုက်တာပဲ၊ မင်း ဘာတွေတွေးနေလဲဆိုတာ ငါတကယ်မသိတော့ဘူး" 


စုချီယွဲ့လည်း လင်းကွေ့ကျီးကို ရှင်းပြရန် ပျင်းရိလွန်းနေသဖြင့် ရှင်းရှင်းလင်းလင်း မရှင်းပြလိုက်တော့။ 


သည့်အပြင် အခုလောလောဆယ်တော့ သူ တကယ်စိတ်မ၀င်စားနိုင်သေးဘူး။ ထန်ယဲ့က ခုထိ သူ့ဆီ စာမပြန်သေးဘူး၊ ထန်ယဲ့ ဘာဖြစ်သွားလဲဆိုတာ သူမသိရသေးဘူးလေ။ 


ထန်ယဲ့ အလုပ်များနေတာကြောင့်လို့ သူ့ကိုယ်သူ ဖျောင်းဖျနေပေမယ့် ဒီအကြောင်းကို တစ်ချိန်လုံး မစဉ်းစားဘဲမနေနိုင်ချေ။ 


သည့်အပြင် သူက ထန်ယဲ့အဖေနှင့် တွေ့ဆုံခဲ့သောကြောင့် ထန်ယဲ့က သူ့ဆီ စာမပြန်တာဟာ မှန်ကန်သည်ဟု ခံစားနေရသည်ပင်။ 


ယခုချိန်မှာ စုချီယွဲ့ ခံစားချက်တွေ ရှုပ်ထွေးနေလွန်းလို့ ဆိုက်ကိုတစ်ယောက်ကဲ့သို့ ခံစားနေရလေသည်။ 


အပြင်၌ မရပ်မနားမိုးရွာနေသည်မှာ သုံးရက်ကြာလေပြီ။ စုချီယွဲ့ မူလကတည်းက လင်းကွေ့ကျီးကို အချိန်ပိုပေးလိုခဲ့သည်။ ဘာပဲဖြစ်ဖြစ် လင်းကွေ့ကျီးဆိုတဲ့ ဒီအမျိုးသမီးက သူ့ကိုယ်သူ ဂရုစိုက်နိုင်စွမ်း အားနည်းနေပုံရတယ်လေ။ 


ဤရက်များအတွင်း စုချီယွဲ့ အိမ်မှုကိစ္စများလုပ်ကာ ချက်ပြုတ်ပြီး ခြံကိုလည်း သန့်ရှင်းရေးလုပ်ပေးခဲ့သည်။ 


ယခု ရှိုးအဖွဲ့သားဆီမှ ကျန်အပိုင်းများကို ရိုက်ကူးရတော့မည်ဟု အကြောင်းကြားလာသောကြောင့် သူလည်း စောစောထွက်ခွာရမည်ပင်။ 


"သားက နှစ်ရက်လောက်ပဲ အိမ်ပြန်လာတယ်လို့ ပြောနေတာပေါ့လေ၊ နောက်ထပ်ရက်နည်းနည်းလောက်နေလို့မရဘူးလား?" 


လင်းကွေ့ကျီးက သူ့ကို ခွဲခွာရန် ဝန်လေးနေလျက်။ သူမသားနှင့် သူမတို့က တစ်နှစ်မှာ ရက်နည်းနည်းပဲ တွေ့ရတာလေ။ သည့်အပြင် ယခုအခါ သူမသားလေးက အချက်အပြုတ်ကောင်းနေမည်ဟု သူမ မထင်မှတ်ထားမိခဲ့။ အော်ဒါမှာတာထက် ပိုကောင်းလိုက်တာနော်... 


"ကျွန်တော် အလုပ်တွေပြီးတဲ့အခါ မားနဲ့ အတူ ခဏလာနေပေးမယ်လေ" 


"ဒါဆို အပြင်မှာ ကိုယ့်ကိုကိုယ်ဂရုစိုက်ဦး၊ သားအတွက် မားကို စိတ်မပူစေနဲ့နော်" 


လင်းကွေ့ကျီး ပြောလိုက်သည်။ 


စုချီယွဲ့သည် လင်းကွေ့ကျီးဟာ အမှန်တကယ် ဆန့်ကျင်ဘက်ပြောတတ်သူဖြစ်ကြောင်း သိလိုက်ရ၏။ သူမက သားဖြစ်သူကို အရမ်းချစ်ပေမယ့် ပိုက်ဆံရဖို့၊ ကောင်းကောင်းနေရဖို့အတွက် သားဖြစ်သူအား လူချမ်းသာတစ်ယောက်ကို ရှာခိုင်းဖို့တော့ တုံ့ဆိုင်းမနေခဲ့။ သူမက သူမသားကို လုံးဝဂရုမစိုက်ဟု ပြောလို့မရချေ။ စုချီယွဲ့က သူမကို အဖော်ပြုပေးရန် အိမ်ပြန်လာသည့်အခါ သူမ တကယ်ပျော်နေသည်လေ။ 


"တစ်ဆိတ်လောက် ဒါ စုချီယွီရဲ့အိမ်လား?" 


အပြင်မှ ရင်းနှီးနေသောအသံတစ်သံကို ရုတ်တရက် ကြားလိုက်ရသည့်အခါ စုချီယွဲ့ တုန်လှုပ်သွားရ၏။ ဒါ ထင်ယောင်ထင်မှားဖြစ်နေတာများလား? ထန်ယဲ့က ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာမှာလဲနော်? 


လင်းကွေ့ကျီး တံခါးဖွင့်တော့မည်ဖြစ်သော်လည်း စုချီယွဲ့က သူ့မကို တားလိုက်ပြီး ထီးတစ်ချောင်းကိုယူ၍ လျှောက်ထွက်လာခဲ့သည်။ သူ တံခါးဖွင့်လိုက်သည့်အခါ သူ့ရှေ့မှာ ထန်ယဲ့ရှိနေလျက်။ 


နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်နေမိသည်။ တစ်ယောက်က ဝမ်းသာနေပြီး တစ်ယောက်ကတော့ အံ့သြနေလေရဲ့။ 


ထန်ယဲ့သည် မိုးရေစက်တချို့ တင်ကျန်နေဆဲ အဖြူရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး သူ့ဆံပင်တွေလည်း မိုးရေစက်အမှုန်အမွှားတို့ ကပ်ညှိနေလျက်။ 


"ထန်လောင်ရှီး?" 


စုချီယွဲ့ ထိတ်လန့်မှုကြောင့် မျက်လုံးများပြူးကျယ်နေလျက်။ 


"ခင်ဗျား ဘာလို့ဒီကိုရောက်နေတာလဲ?" 


ထန်ယဲ့သည် ရက်အတန်ကြာ အလုပ်များနေခဲ့ပြီး နောက်ဆုံးတွင် အိမ်ပြန်ရန် အချိန်ရသွားလေပြီ။ သို့သော် စုချီယွဲ့ ခုထိ အိမ်ပြန်မလာသေးကြောင်း သူ သိလိုက်ရသဖြင့် သူ့နောက်သို့ အမြန်လိုက်လာခဲ့ခြင်းပင်။ 


ဒီရက်ပိုင်းအတွင်း စုချီယွဲ့ကို သူမဆက်သွယ်ရသည့်အကြောင်းရင်းကား သူအိမ်က အမြန်ထွက်ခဲ့သဖြင့် ဖုန်းမှားယူလာမိပြီး သူ့wechat စကားဝှက်ကိုလည်း လုံးဝမမှတ်မိသောကြောင့် သူ့ဆီ ဆက်သွယ်ဖို့ရာ တကယ်ကို နည်းလမ်းမရှိခဲ့။ 


"ဘာလို့လဲ? ကိုယ့်ကို မကြိုဆိုဘူးလား?" 


ထန်ယဲ့ မျက်ခုံးနည်းနည်းပင့်ကာ ပြောလိုက်သည်။ 


စုချီယွဲ့ အလျင်စလို ထီးဆောင်းပေးလိုက်ပြီးနောက် လူကို အထဲဝင်ဖို့ ကြိုဆိုလိုက်၏။ 


လင်းကွေ့ကျီးက ထန်ယဲ့ကို မြင်လိုက်ရသည့်အခါ လက်ခုပ်တီး၍ 


"အား ငါ နင့်ကိုသိတယ်၊ နင်က ရုပ်ရှင်ကြယ်ပွင့်ကြီးပဲ!" 


ထန်ယဲ့ သူမအား ခေါင်းညိတ်ပြကာ သူ့လက်ထဲက လက်ဆောင်များကို ချလိုက်သည်။ 


"မင်္ဂလာပါ အန်တီ" 


စုချီယွဲ့သည် ထန်ယဲ့ တစ်ခုခုယူလာသည်ကို တွေ့လိုက်ရသည့်အခါ ထိတ်လန့်တုန်လှုပ်သွားရသည်။ 


လင်းကွေ့ကျီး ဝမ်းသာအားရနဲ့ 


"သားတို့ စကားပြောနှင့်ကြလေ၊ မား အသီးသွားခွဲလိုက်ဦးမယ်" 


ထန်ယဲ့က စုချီယွဲ့၏ အိပ်ခန်းထဲကို လျှောက်ပတ်ကြည့်နေသည်ကြောင့် သူ့အခန်းက ပိုသေးသွားသလိုပဲလို့ စုချီယွဲ့ ရုတ်ချည်း ခံစားလိုက်ရသည်။ 


"ထန်လောင်ရှီး ခင်ဗျား ဒီကို ဘာလို့ရောက်လာတာလဲဗျ?" 


ထန်ယဲ့က စားပွဲရှေ့မှာ ထိုင်လိုက်ကာ 


"ကိုယ် မင်းကိုလွမ်းနေလို့လေ!"


စာရေးသူမှာ ပြောစရာရှိပါတယ်။ 


စုချီယွဲ့ (ရှက်သွေးဖြာလျက်) : ထန်လောင်ရှီးက ခုထိ သူ့ဇာတ်ကောင်ထဲက မထွက်ရသေးဘူးပဲ။ သူက ငါ့ကို စကားချိုချိုလေးတွေပြောနေတယ်~


xxx