Chapter 2
မနက်မိုးမလင်းမီ အားလုံး အိပ်ပျော်နေချိန်၌ ရိုစီနာ စံအိမ်ကြီးကနေ ထွက်သွားလေသည်။ သူမသည် လွတ်လွတ် လပ်လပ်သွားလာနိုင်ရန် ယောက်ျားလေးလို ဝတ်စားသွားဖို့ ဆုံးဖြတ်ထားသည်။ထို့နောက် အချိန်အတော်ကြာ မွေးမြူပြီး တန်ဖိုးထားခဲ့သည့် ဆံပင်ကို ညှပ်ကာ သာမန်လူများ ဝတ်ဆင်သော အဝတ်အစားများကို ဈေးထဲတွင် ဝင်ဝယ်လိုက်သည်။ ယောက်ျားလေးလို ၀တ်ဆင်ထားသည့် သူမ ပုံစံက သာမာန်ကောင်လေးတစ်ယောက်လိုပင်။
ပြင်ဆင်မှုအားလုံးပြီးသောအခါ ရိုစီနာ သည် တိုင်းတစ်ပါးသို့သွားမည့် ရထားတွဲဖြင့် ခရိုင်ထဲမှ ထွက်ခွာလာခဲ့သည်။
ထို့နောက် လမ်းမှာ တွေ့တွေ့သမျှ လည်ပတ်စရာနေရာများကို သွားလည်လိုက်သေးသည်။ ထို့နောက် သူမသည် ပန်းချီကားထဲတွင်သာ မြင်ဖူးခဲ့သည့် အလင်းရောင်ရေကန်သို့ သွားရောက်လည်ပတ်ခဲ့ပြီး တစ်နှစ်လျှင် တစ်ကြိမ်ကျင်းပသည့် ဈေးပွဲတော်ကိုလည်း သွားလည်သေးသည်။
ရိုစီနာသည် ဤအင်ပါယာထဲ၌ ရှိနေဆဲဖြစ်သော်လည်း ပို၍လွတ်လပ်နေသလို ခံစားရသည်။ စံအိမ်ကြီးမှာ ဖြစ်ပျက်ခဲ့တာတွေကို မမှတ်မိ တော့လောက်အောင် ပျော်ရွှင်နေမိပြီး တစ်ကယ့်ကို ကျေနပ်စရာကောင်းသည့် ဘဝတစ်ခုကို ပိုင်ဆိုင်ထားသည်။ခရီးစဉ်တစ်လျှောက်လုံး သူမသည် လူအများအပြားနှင့် တွေ့ဆုံခဲ့ရသည်။ မှူးမတ်များ ကြားထဲမှာ ဟန်ဆောင်ပြုံးလေးပြုံးရင်း၊ပြိုင်ဆိုင်နေကြသူများနှင့် ဆက်ဆံခဲ့ရသည့် ရိုစီနာ အတွက်၊ သာမာန်လူများသည် ခင်မင်စရာကောင်းပြီး ရိုးသားလှသည်။
ရိုစီနာသည် မင်းမျိုးမင်းနွယ် မိန်းမပျိုတစ်ယောက်မဟုတ်ပဲ သာမန် ယောက်ျားလေးတစ်ယောက် အဖြစ် နေထိုင်ရတာကို ဖြည်းဖြည်းချင်း ကျွမ်းကျင်လာပြီး နေသားကျလာခဲ့သည်။
ရိုစီနာ စံအိမ်ထဲမှ ထွက်လာပြီး တစ်လကြာသောအခါ သတင်းအချို့ ကြားလိုက်ရသည်။ မြို့စားမင်း အက်စတာရော့ ၏ သမီးဖြစ်သူ ပျောက်သွားသော သတင်းဖြစ်သည်။ မြို့စားမင်းကတော်သည် ဆုငွေထုတ်၍ လိုက်ရှာသေးသော်လည်း ထိုမိန်းမပျိုကို ဘယ်သူမှ မတွေ့ခဲ့ကြချေ။ အဘယ်ကြောင့်ဆိုသော် ရိုစီနာ သည် သာမာန် ယောက်ျားလေးတစ်ယောက်အဖြစ် ရုပ်ဖျက်ထားသောကြောင့်ပင်။
မြို့လယ်တစ်ဝိုက်မှ တောင်ဘက်သို့ ဦးတည်သွားသော ရိုစီနာ သည် ညနေခင်းတွင် ပဲ့တင်သံ သစ်တောထဲသို့ ရောက်ရှိလာသည်။ ပဲ့တင်သံ သစ်တောသည် အင်ပါယာ၏ အလယ်ပိုင်းနှင့် တောင်ပိုင်းကို ဆက်သွယ်ထားသည့် တောအုပ်ကြီးဖြစ်သော်လည်း လာရောက်လည်ပတ်ရန် ရေပန်းစားသော နေရာမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သစ်တောက အလွန်ကျယ်ဝန်းသည့်အတွက် လမ်းပျောက်လွယ်တာ ကြောင့် ဖြစ်သည်။
ယခုမှ ရောက်ဖူးသူများသည် သစ်တောအပြင်ကို လှည့်ပတ်သာ ကြည့်ကြသော်လည်း ရိုစီနာ ကမူ သစ်တောထဲကို တမင်တကာ လျှောက်သွားကြည့်သည်။သူမသည် ရှုခင်းကို ကြည့်ချင်သေးတာကြောင့် တည့်တည့်ကြီး ဖြတ်မသွားချင်ပေ။
အထူးသဖြင့် သားရဲကောင်များ ပေါ်မလာနိုင်တာကြောင့် ဖြတ်သွားရန် သင့်တော်ပေသည်။
ရိုစီနာ လှည့်ပတ်ကြည့်လိုက်သည်။ ပဲ့တင်သံ သစ်တောသည် စာအုပ်ထဲတွင် ဖတ်ဖူးသည့်အတိုင်းပင် အဖြူရောင်သစ်ပင်များသာ ရှိပေသည်။ အပင်အားလုံးက ဖြူဖွေးနေပြီး ရာသီဥတုကလည်း အေးနေတာကြောင့် နှင်းတွေကျထားပြီး ဖုံးလွှမ်းနေသလို ခံစားရသည်။
အနည်းငယ် အေးလာသည်ဟု သူမ ထင်လို့မှ မဆုံးသေး၊လေနွေးနွေးက ဖြတ်တိုက်လာ၏။
နွေဦးလေညှင်းက ရိုစီနာ ကိုယ်ကလေးကို လွှမ်းခြုံထားကာ အေးစက်သောလေထုကို တွန်းထုတ်လိုက်သည်။ ထို့နောက် သူမကို ကြိုဆိုလိုက်သလိုမျိုး အေးလွန်း၍ ကျုံ့နေခဲ့သော အရွက်များက ပွင့်အာလာသလို ဖြစ်လာ၏။ထို့အပြင် ကောင်းကင်ထက်မှာ ပျံသန်းနေသည့် ငှက်များ၏ တေးဆိုသံကလည်း ပဲ့တင်ထပ်နေပြီး သူမ နားထဲကို စီးဝင်လာတော့သည်။
ရိုစီနာ သည် အဖြူရောင်သစ်ပင်များဖြင့် ပြည့်နေသော တောအုပ်အလယ်တွင် ရပ်ကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။သစ်ပင်ထိပ်မှာ ဖြာကျနေသည့် နေရောင်မှာ နာရီလက်တံလို စောင်းငဲ့နေသည်။နောက်ကျ၍ နေဝင်ချိန်ရောက်သွားလျှင် တောထဲက ထွက်လို့ရတော့မှာမဟုတ်ပေ။
သူမ အထဲကို လှမ်းကြည့်လိုက်တော့ တောထဲမှာ ကျက်စားကြသည့် ရှဥ့်များသည် သူမဆီ ပြေးလာပြီး ရှေ့ကနေ ခပ်သုတ်သုတ် သွားပြလေသည်။သူမကို လမ်းညွန်ပေးနေသလို ဖြစ်နေသည့် ရှဥ့်တွေကို မြင်ရသော် သူမ ပြုံးလိုက်မိသည်။
ထို့နောက် သူမလည်း ရှဉ့်တွေနောက်မှ တစ်လှမ်းချင်း လိုက်လာတော့သည်။သို့သော်လည်း သူမ ပိုပိုပြီး ရှေ့တိုးလာသည်နှင့်အမျှ အမှောင်ထုကို ခံစားလိုက်ရသည်။ တောထဲက လေထုကလည်း အရင်ကထက် ပိုအေးလာ၏။
ဟိုးအဝေးက အရိပ်တစ်ရိပ်ကို မြင်လိုက်ရတာကြောင့် ရိုစီနာ ခေတ္တရပ်လိုက်မိသည်။ အဖြူရောင်သစ်ပင်တစ်ပင်ကို မှီထားသော အရိပ်သည် ဘယ်လိုပင်ကြည့်ကြည့် လူသားတစ်ယောက်မှန်း သိသာသည်။
ရိုစီနာ တုံ့ဆိုင်းသွားသည်။သူမ ဆက်သွား၍ တစ်စုံတစ်ရာ အမှားအယွင်းဖြစ်သွားပါက အကူအညီတောင်းစရာ လူမရှိချေ။
နောက်ပြန်ဆုတ်ဖို့ ကြိုးစားလိုက်သော်လည်း ရှဥ့်တွေက သူမ၏ ဘောင်းဘီအနားစကို ဆွဲထားပြီး လွှတ်မပေးပေ။ ထိုမှသာ ရှဥ့်များသည် သူမအား ဤနေရာသို့ ရည်ရွယ်ချက်ရှိရှိ ခေါ်လာကြောင်း ရိုစီနာ သဘောပေါက်သွားခဲ့သည်။
သူစိမ်းများကို ကြောက်ရွံ့လေ့ရှိသည့် တိရိစ္ဆာန်တွေက သူမကို ခေါ်လာသည့်အတွက် ထိုလူဟာ လူဆိုးဟုတ်ပုံမရ။ သူမ စိုးရိမ်စိတ်ကို အနည်းငယ် ချိုးနှိမ်လိုက်ပြီးရှေ့ကို တိုးလာကြည့်သည်။ထိုအခါ တံလျှပ်ကဲ့သို့ မှုန်ဝါးနေသော အရိပ်သည် တဖြည်းဖြည်း ကြည်လင်လာပြီး သူ့ပုံစံကို အပြည့်အဝမြင်လာရသည်။
နွေဦးကာလ၏ နေရောင်ခြည်ကဲ့သို့ တောက်ပနေသော ရွှေရောင်ဆံပင်ရှိသည့် လူငယ်လေး သို့မဟုတ် လူလတ်ပိုင်းအရွယ် လူတစ်ယောက်သည် ရှေ့မှာ ရပ်နေ၏။ သူ့ပုံစံကလည်း တစ်ယောက်ယောက်က တိုက်ခိုက်ထားသလို အဝတ်အစားများ စုတ်ပြဲကာ သွေးများဖြင့် စိုရွှဲနေတာကြောင့် သဲသဲကွဲကွဲမမြင်ရချေ။ လက်တွေ၊ ခြေထောက်တွေမှာ ဓားနှင့်ထိုးခံထားရသည့် ဒဏ်ရာများက ဘယ်လောက်ဆိုးဆိုးရွားရွားဖြစ်ခဲ့မှန်း သာမာန်မျက်စိနှင့်တောင် မြင်ရပေသည်။ ထိုလူသည် ဝေဒနာကြောင့် မျက်လုံးမှိတ်ထားကာ မောဟိုက်နေသည်။ သို့သော် နာကျင်မှုကြောင့် ရုန်းကန်ညည်းညူနေရမည့်အစား တစ်စုံတစ်ခုကို ပြင်းပြင်းထန်ထန် ဖိထားသည်ဟု သူမ ခံစားမိသည်။
မကြာမီ ထိုလူက တုန်ယင်နေသော လက်ကောက်ဝတ်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး ရှေ့ကို ငိုက်စိုက်လဲကျသွားသည်။ ထို့နောက် သူသည် ဝေဒနာ အပြင်းအထန်ခံစားနေရပုံဖြင့် ခွေးများလို မြေပြင်ကို လက်သည်းဖြင့် ကုတ်ခြစ်နေသည်။
“အား…."
နာကျင်နေသော ညည်းတွားသံနှင့်အတူ ရောင်ရမ်းနေသည့် သူ့ရင်ဘတ်ကြောင့် အခြေအနေ တော်တော်ဆိုးနေကြောင်း သူမ သိလာရသည်။
ရိုစီနာ သူ့ကို မလှုပ်မယှက် စိုက်ကြည့်မိသည်။ သူ့ကို ဤနေရာမှာသာ ထားသွားလိုက်လျှင် မကြာခင် အသက်သေသွားမည့် ပုံဖြစ်နေတာကြောင့် ရိုစီနာ ဘာလုပ်ရမလဲ စဉ်းစားကြည့်သည်။
သို့သော်လည်း တုန်လှုပ်နေသည့် သူ့ပုခုံးတွေကို ကြည့်ပြီး ထားလည်းမထားခဲ့နိုင်ပေ။သူမကိုယ်သူမ ရူးနေမှန်း သိသော်လည်း ထိုလူဆီသို့သာ ဦးတည်သွားမိသည်။
ကြွေကျနေသော သစ်ရွက်ခြောက်များပေါ် လျှောက်သွားသံကို သစ်တောထဲက တိရစ္ဆာန်မဆို ကြားကြပေမည်။
ရိုစီနာ ထိုလူရှေ့တွင် ရပ်လိုက်သောအခါ သူ့ညည်းတွားသံကို ပိုမိုရှင်းလင်းစွာကြားလာရသည်။ ထို့နောက် သူမက ထိုလူ၏ ပုခုံးကို ကိုင်လှုပ်ကာ မေးလိုက်သည်။
"ခင်ဗျား အဆင်ပြေရဲ့လား"
ထိုလူ၏ အသက်ရှုသံကို ချက်ချင်းကြားလိုက်ရသည်။
ရိုစီနာ အံ့အားသင့်ကာ သူမ လက်ကို အမြန် ဆွဲဖယ်ရန်ကြိုးစားသော်လည်း သူ့လက်တစ်ဖက်က သူမ လက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသည်။ သူ့လက်များသည် ရေခဲတမျှ အေးစက်နေသော်လည်း ရိုစီနာ လက်ကို ခါမချပစ်ရက်ပေ။
ထိုလူသည် သူမ၏ လက်ကို ကြိုးတစ်ချောင်းလို အတင်းအကျပ် ဆုပ်ကိုင်ထားလေသည်။
“…..”
သူမ လက်ကို ထိုလူ အတင်းကြီး ဆုပ်ကိုင်ထားသည်။ထိုအခါ သူ့လက်ချောင်း ထိပ်များမှ တုန်ခါမှုနှင့် အကြမ်းပတမ်း ဖြစ်နေသည့် သွေးခုန်နှုန်းများက ရိုစီနာ ကို ဖမ်းစားသွားခဲ့သည်။
မကြာမီ သူ့သွေးခုန်နှုန်းက တဖြည်းဖြည်းနှေးကွေးလာပြီး ပြင်းထန်လှိုက်မောသော အသက်ရှုသံက တဖြည်းဖြည်း တည်ငြိမ်လာသလိုဖြစ်လာ၏။ သူမ လက်သည် သူ့အတွက် ဆေးတစ်ခုလိုပင် တုန်လှုပ်ချောက်ချားနေသည့် သူ့ခန္ဓာကိုယ်မှာ တည်ငြိမ်လာတော့သည်။
ရိုစီနာ သည် ထိုလူ၏ ခန္ဓာကိုယ်ကို အသေအချာငုံ့ကြည့်လိုက်ရာ စုတ်ပြဲနေသော အဝတ်များကြားတွင် ရှည်မြောမြော ဒဏ်ရာတစ်ခုကို သူမ တွေ့လိုက်ရသည်။ သူ ဘယ်အချိန်ကတည်းက ဖြစ်ထားမှန်း မသိရသော်လည်း သွေးတွေ စီးကျနေဆဲပင်။
ယခုလောလောဆယ် သွေးတိတ်သွားလျှင် ပိုကောင်းပေမည်။
"ဒါနဲ့လေ… ကျွန်တော်တို့ သွေးတိတ်ဖို့ တစ်ခုခု လုပ်ရမယ်ထင်တယ်...."
ထိုလူက ရိုစီနာ အသံကို ကြားသည့်နှင့် ခေါင်းထောင်ကြည့်လာသည်။
ရိုစီနာ သည် ထိုလူ၏ မျက်လုံးများကို ကြည့်ပြီး သူမပြောမည့် စကားအားလုံး ဆို့တစ်သွားရတော့သည်။ သူ၏ ရှေ့ဆံပင်တွေကနေတဆင့် ပေါ်လွင်နေသည့် သူ့မျက်လုံးတွေက ညကောင်းကင်ယံလို နက်မှောင်နေ၏။ သို့သော် တောက်လောင်နေသော မီးတောက်တစ်ခုလို သူမ ခံစားရသည်။သူ့မျက်လုံးများသည် ကမ္ဘာပေါ်ရှိ အရာအားလုံးကို လောင်ကျွမ်းသွားစေနိုင်သော မီးတောက်များကဲ့သို့ အင်မတန် ပြင်းထန်လှသည်။
ချက်ချင်းပင် ထိုလူက ရိုစီနာ ၏လက်ကို တင်းတင်းကျပ်ကျပ်ကိုင်ထားပြီး အော်ဟစ်လိုက်သည်။
"မင်း ဘယ်သူလဲ"
အပြာရင့်ရောင် မျက်လုံးများသည် လေတိုက်နေချိန် ထွန်းထားသော ဖယောင်းတိုင်များကဲ့သို့ မညှာမတာ တုန်လှုပ်ယိမ်းနွဲ့နေသည်။ထို့နောက် စိတ်ရှုပ်နေသော အသံဖြင့် ထပ်မေးသည်။
"မင်းငါ့ကို ဘာလုပ်လိုက်တာလဲ"
ရိုစီနာ အံ့ဩသွားကာ မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်မိသည်။ သူမက သူအဆင်ပြေလားဟု မေးရုံလေးသာ။
သူ့ကို နာကျင်အောင်လုပ်သူဟု သူမအား ထင်မြင်နေပုံရသည်။
သို့သော် ယုတ္တိရှိရှိ အဖြစ်မှန်ကို ပြန်ဖြေမည့်အစား ရိုစီနာ သူ စိတ်အေးသွားအောင် နေကြည့်လိုက်မည်ဟု တွေးမိသည်။
မကြာမီ သူသည် ပြန်လည် စိတ်တည်ငြိမ်လာပုံရသော်လည်း ဒဏ်ရာများမှာ ပြင်းထန်နေတာကြောင့် မတ်တပ်တောင် မရပ်နိုင်ပေ။
"အရင်ဆုံး ခင်ဗျား ကျွန်တော့်လက်ကို လွှတ်ပါလား"
သို့သော်လည်း သူ လက်ကိုမလွှတ်ပေးပေ။သူ့ကြည့်ရသည်မှာ ချီတုံချတုံ ဖြစ်နေပုံရပြီး သူမ လက်ကိုလွှတ်ရမှာ ကြောက်နေပုံရသည်။
ရိုစီနာ သည် ထိုလူ ကိုင်ထားသော သူမ လက်ကို ငုံ့ကြည့်မိသည်။ စောစောက အံ့သြသွားမိတာကြောင့် သူမ သတိမထားမိသော်လည်း ယခုမူ ထူးဆန်းစွာပင် သူ့လက်ကနေတစ်ဆင့် သူ့ခံစားချက်တွေကို ခံစားမိသလို ဖြစ်လာသည်။ ထို့အပြင် သူသည် စိုးရိမ်နေပုံလည်းရ၏။
သူမ မသိလိုက်ခင်မှာပင် အရိုင်းဆန်သည့် သူ့စိတ်ထားတွေ ပျောက်ရှသွားပြီး ဆင်ခြင်တုံတရား ပြန်ရလာသလိုမျိုး စကားတစ်ခွန်း ထွက်လာသည်။
"မင်းလက်ကို လွှတ်လိုက်ရင် ငါ...."
သူ့စကားက မသေချာ မရေရာဘဲ အဖျားရှူးသွားသည်။
သို့သော် ရိုစီနာ သည် သူ မပြောသွားသော စကားကို အခက်အခဲမရှိ ကောက်ချက်ချနိုင်သည်။ သူမ လက်ကိုလွှတ်လိုက်လျှင် စောစောကလို နာကျင်ရလိမ့်မည်ဟု ပြောလိုက်ခြင်းဖြစ်ပေတော့သည်။
သူမ လက်တွေက တကယ်ပဲ အဲ့ဒီလို ဖြစ်စေတာလား…
ရိုစီနာ သည် ကိုယ့်လက်ကိုယ် ငုံ့ကြည့်ရင်း ပခုံးတွန့်မိသည်။အခုလောလောဆယ်တော့ သူ့ဘေးကနေ ထထွက်သွားလို့ မရတာကြောင့် သူ နေကောင်းလာသည့်အထိ ဆက်နေရမည်ဖြစ်သည်။
ရိုစီနာ သူ့ရှေ့မှာ ဖြည်းဖြည်းချင်း ထထိုင်ချလိုက်သည်။ထို့နောက် တခြားလက်တစ်ဖက်ဖြင့် သူ့ကျောကို ပုတ်ပေးလိုက်သည်။
"ဒါဆို ရပြီလား"
ထိုလူ အံ့အားသင့်သွားပုံရပြီး နှုတ်ခမ်းနှစ်လွှာက ပွင့်အာလာသည်။ သို့သော် စကားတစ်ခွန်းမှ မပြောဘဲ သူမကို မော့ကြည့်ကာ ဒဏ်ရာတွေနှင့် ပြည့်နေသည့် သူ့ကိုယ်ကို သစ်ပင်ပေါ်မှာ မှီထားလိုက်သည်။
မောပန်းနွမ်းနယ်နေသော်လည်း သူ့ရင်ထဲဝယ် စိတ်သက်သာရာ ရနေမိသည်။ တစ်နေရာရာဆီမှ တိုက်ခတ်လာသော လေညှင်းတစ်ခုက သူ၏ ရွှေရောင်ဆံနွယ်များကို ဂျုံစပါးခင်းတစ်ခုလို မွှေနှောက်တိုက်စားနေတော့သည်။
ခဏကြာတော့ ရိုစီနာ က မေးလိုက်လေသည်။
"အခု အဆင်ပြေသွားပြီလား"
သူ တော်တော် အခြေအနေ ကောင်းမွန်လာပုံရတာကြောင့် ရိုစီနာ လက်ကို ဖယ်လိုက်သည်။
ရိုစီနာ ၏လက်ကလေး လွတ်ထွက်သွားသည်ကို သူ နှမြောနေမိသလိုဖြစ်ပြီး လက်ချောင်းတွေ တဆတ်ဆတ်တုန်နေသော်လည်း ပြန်ဖမ်းမထားမိပေ။
ထို့နောက် ရိုစီနာ သည် ထိုလူ၏ လက်ကို လွှတ်ပေးကာ သူမ အိတ်ထဲမှ ရေကို ထုတ်ယူလိုက်သည်။ထို့နောက် သွေးထွက်နေသော သူ့ဒဏ်ရာများကို ရေဖြင့် ဆေးကြောပေးလိုက်လေ၏
ဤအတိုင်းထားလျှင် တစ်နည်းမဟုတ်တစ်နည်း သူ့အသားအရည် ပျက်စီးသွားကာ ဒဏ်ရာကြီးသွားနိုင်သည်။ယခု သူမ ဘာလုပ်ရမည်ဆိုတာကို သေချာတွေးကာ စာအုပ်ထဲမှ ဖတ်ဖူးသမျှတို့အား တတ်သလောက်၊မှတ်သလောက် သေချာလုပ်ပေးလိုက်သည်။
ပထမဦးစွာ ဒဏ်ရာကို သန့်ရှင်းသောရေဖြင့် ဆေးကြောပြီး သွေးတိတ် အောင် လုပ်ရပေမည်။
ထို့ကြောင့် ရိုစီနာသည် နောက်ထပ် ရေတစ်ဘူးကို အိတ်ထဲက ထပ်ယူလိုက်ပြီး သူ့လက်နှင့် ခြေထောက်တွေပေါ် ရေလောင်းချလိုက်သည်။
အတော်လေး နာကျင်နိုင်သော်လည်း သူ တစ်ချက်မှမညည်းဘဲ ရိုစီနာကို အသာငေးကြည့်နေလေသည်။ သူမ ပုလင်းအခွံကို ချလိုက်သည်နှင့် တစ်ချိန်တည်းမှာပဲ ကြိတ်မှိတ်ခံနေသည့် ထိုလူက သူမ လက်ကောက်ဝတ်ကို ကိုင်ထားပြီး မေးလိုက်၏။
"ရပြီ…မင်းက ဘယ်သူလဲလို့"
Xxxxxx