Chapter 3
ရိုစီနာ တစ်ချက် စိတ်မသက်မသာဖြစ်သွားပြီး ပြန်ဖြေလိုက်သည်။
"ကျွန်တော်က ခရီးသွားတစ်ယောက်ပါ"
ထိုလူက သူလိုချင်သည့် အဖြေမဟုတ်သလိုပင်၊မျက်နှာထား တင်းသွားလေသည်။
ရိုစီနာ ပခုံးတစ်ချက် တွန့်လိုက်မိပြီး သူမ လက်ကို ဖယ်လိုက်သည်။
"အရင်ဆုံး ကျွန်တော် ရွာကိုသွားပြီးလိုအပ်တာတွေကို သွားယူလိုက်မယ်"
ရိုစီနာ အိတ်ကို ကောက်ကိုင်လိုက်သောအခါ ထိုလူက မော့ကြည့်လိုက်သည်။သွေးတွေစိုရွှဲနေသော ဆံပင်များက သူ့မျက်နှာကို ဖုံးလွှမ်းထားသော်လည်း သားရဲတစ်ကောင်လို မာန်ဖီနေတာကိုတော့ သူမ မြင်ရသည်။
"မင်းပြန်လာဦးမှာလား...."
“နေမ၀င်ခင် ပြန်ရောက်မယ်…ခင်ဗျား ဒီမှာပဲနေ"
ရိုစီနာ၏စကားကို မမျှော်လင့်ထားသောကြောင့် သူ အံ့သြသွားပုံရသည်။
သို့သော် ရိုစီနာ မသွားပါဘူးဟုလည်း ပြန်မပြောမိပေ။
"ဒီမှာပဲ နေနော်"
ဘယ်လိုပင်ဖြစ်ဖြစ်၊သူ့ ဒဏ်ရာကြောင့်လည်း ထတောင်ထနိုင်မည့်ပုံမပေါ်ပေ။
ထို့ကြောင့် ရိုစီနာ သည် ထိုလူကို တစ်ယောက်တည်း ထားခဲ့ပြီး အမြန်လျှောက်လာခဲ့သည်။စောစောက လမ်းပြပေးသော ရှဥ့်များသည် ပြေးလာပြီး ရိုစီနာ ကို ဝန်းရံထား၏။သူမလည်း ရှဥ့်များ နောက်ကို လိုက်လာသည့်အခါ တောထဲက ထွက်ပေါက် ပေါ်လာလေသည်။
ရိုစီနာ သည် သေချာ နေရာမှတ်သားထားပြီး ရွာဘက်ကို တန်းတန်းဆင်းသွားခဲ့သည်။ ရွာက သိပ်မကျယ်သော်လည်း ဈေးကတော့ အတော်လေး စည်ကားလှသည်။
ပထမဦးစွာ ရိုစီနာ သည် ဆေးဆိုင်ကို သွားရှာ၍ ဒဏ်ရာကုရန် ဆေးနှင့် ပတ်တီးများ ဝယ်ခဲ့ပြီး ရက်အနည်းငယ်စားလောက်ရုံ အစားအစာနှင့် ရေကိုလည်း ဝယ်ခဲ့သည်။ စုဆောင်းထားသည့် ပိုက်ဆံတွေ ထုတ်သုံးလိုက်ရ၍ ဝမ်းနည်းမိသော်လည်း နောက်ဆို ပြန်စုပါ့မည်ဟု ကိုယ့်ကိုယ်ကို ကတိပေးမိသည်။
အိတ်ကို သယ်ပိုးလာရင်း ရိုစီနာ တောထဲသို့ ပြန်သွားခဲ့သည်။ စောစောက စမ်းချောင်းထိပ်မှာသာ ရှိသည့်နေက ယခုတော့ အနောက်ကို ယွန်းသွားလေပြီ။
သစ်တောမှာ အဖြူရောင်သစ်ပင်တွေနှင့် ပြည့်နှက်နေတာကြောင့် ဇဝေဇဝါဖြစ်သွားကာ ရိုစီနာ ခဏရပ်ပြီး တောထဲ လှမ်းကြည့်လိုက်သေးသည်။ ခဏကြာတော့ စောစောက တွေ့ခဲ့ရသည့် ရှဥ့်တွေ ပြန်ပေါ်လာသည်။
ထို့နောက် ရိုစီနာ အနီးအနားတွင် သစ်တောကြီးလို အမြီးဖြူသော ရှဉ့်များ ဝိုင်းရံလိုက်ကြသည်။
"မင်းတို့ ငါ့ကို လမ်းပြမှာလား"
ရိုစီနာ စကားကို ကြားသွားပြီးနောက် ရှဥ့်များသည် လမ်းပြကာ ရှေ့မှ သွားပေးသည်။ မကြာခင်မှာပင် သူနှင့် ပထမဆုံးတွေ့သည့် နေရာကို ရိုစီနာ ရောက်လာတော့သည်။
သို့သော်လည်း လမ်းလွဲနေသလိုပင်၊ဤနေရာ၌ ဘယ်သူမှ မရှိပေ။
သူမ နေရာမှားနေတာလား…
ရိုစီနာ ဘေးဘီကို လှည့်ပတ်ကြည့်လိုက်သည်။ ထို့နောက် သူမ မြင်ကွင်းထဲသို့ သွေးစွန်းနေသော အဖြူရောင်သစ်ပင်ကြီးတစ်ခု ဝင်ရောက်လာသည်။
“ဟင်”
သူမကို မယုံသည့်အတွက် သူ ထွက်သွားခြင်း ဖြစ်နိုင်တာကြောင့် စိတ်အချဉ်တော့ ပေါက်သွားမိသည်။သို့သော် သူ့ဒဏ်ရာတွေက ပြင်းထန်နေသဖြင့် ဝေးဝေးကို ထွက်မသွားနိုင်လောက်ပေ။
ရိုစီနာ ဒူးထောက်ထိုင်လိုက်ပြီး ရှဥ့်တွေကို မေးလိုက်သည်။
"သူဘယ်သွားလဲ သိလား"
ရှဥ့်များသည် တစ်ကောင်ကို တစ်ကောင်ကြည့်ကာ ခေါင်းယမ်းပြကြသည်။
စိတ်ပျက်သွားသော ရိုစီနာ သည် လက်ကို ဆန့်ထုတ်လိုက်ရာ လေထဲတွင်ဝဲပျံနေသော ငှက်တစ်ကောင်သည် သူမ လက်ကောက်ဝတ်ပေါ်သို့ ညင်သာစွာ ဆင်းသက်လာသည်။
"မင်း သိရင် လမ်းပြပေးနိုင်မလား"
ငှက်ငယ်သည် ရိုစီနာ ၏ လက်ကောက်ဝတ်တွင် နား၍ ခေါင်းတဆတ်ဆတ် ငြိမ့်ပြကာ အတောင်ပံ စခ,တ်လိုက်သည်။ ဖြည်းညှင်းစွာ ပျဲတက်သွားသော ငှက်ကလေးကို လိုက်လာသည့် ရိုစီနာ သည် ခဏအကြာတွင် မောပန်းနွမ်းနယ်နေပုံရသော ထိုလူ့ကို ရှာတွေ့သွားသည်။
သူသည် ရိုစီနာ ကို ကြည့်ပြီး သရဲတစ္ဆေမြင်ရသလို လန့်ပျာသွားကာ နှုတ်ခမ်းများ ပွင့်ဟလာကြတော့သည်။
"ခင်ဗျားကို ကျွန်တော် ပြောထားသားပဲ…ပြန်လာပါမယ်လို့"
"ဘယ်လိုဖြစ်ပြီး….."
ရိုစီနာ ပြန်လာလိမ့်မည်ဟု သူ မထင်ထားတာကြောင့် အလွန်အံ့ဩသွားပုံရသည်။
သူမ အိတ်ကို ချလိုက်သည့်အခါ၊ ထိုလူက နားမလည်သလိုဖြစ်နေပြီး မေးလာသည်။
"မင်းဒီကိုဘယ်လိုလုပ် ရောက်လာတာလဲ"
ယခုနေရာသည် စောစောက နေရာနှင့် တော်တော်ဝေးသော်လည်း ရိုစီနာ သူ့ကို အချိန်သိပ်မကြာခင်မှာပင် ရှာတွေ့ခဲ့သည်။
"နည်းလမ်း ရှိတယ်လေ"
သူမ က ရှင်းပြမည့်အစား အိတ်ကို သာ မွှေနှောက်ရှာဖွေလိုက်သည်။ထို့နောက် ဆေးဆိုင်မှဝယ်လာသော ပတ်တီးနှင့် ဆေးများကို ယူကာ သူ့အနား တိုးလိုက်သည်။
"ပေး…ခင်ဗျား လက်ကို"
စောစောကနှင့်မတူဘဲ သူက အသာတကြည်ပင် လက်ပေးလေသည်။
ထို့နောက် ရိုစီနာ သည် ဆေးဗူးထဲမှ ဆေးယူလိုက်ပြီး ထိုလူ၏ ခြေလက်များကို ပွတ်သုတ်ပေးလိုက်သည်။ ထိုအခါ ခါးသက်သော အနံ့တစ်ခုက သူမ နှာခေါင်းထဲအထိ တိုးဝင်လာရသည်။
ဓားဒဏ်ရာကို ကုသနေသည့် ရိုစီနာ က မဆင်မခြင်ပင် ချက်ချင်း သူ၏ ဘယ်ဘက်လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်သည်။
“အား”
ညည်းတွားသံလေးကြောင့် အံ့အားသင့်သွားပြီး လက်ကို လွှတ်လိုက်သည်။ သူမ သူ့လက်ကောက်ဝတ်ကို ကြည့်လိုက်တော့လည်း အသားမှာ နီရဲတွတ်နေသည်။
"နာလို့လား"
“ရပါတယ်”
သူက ပြောပြီး ခေါင်းယမ်းလိုက်သည်။
ရိုစီနာ သည် သူ့လက်ကောက်ဝတ်ကို ငုံ့ကြည့်ကာ ခပ်တင်းတင်း ဆုပ်ကြည့်လိုက်သည်။ထိုအခါ သူ့ပါးစပ်ထောင့်များ တုန်လှုပ်လာလေသည်။
နာကျင်နေတာကိုတော့ ဘယ်လိုမှ ဟန်ဆောင်လို့ မရပေ။
ထို့နောက်ရိုစီနာ သည် ထိုလူ၏ လက်ကောက်ဝတ်ကို ဂရုတစိုက် ပတ်တီးစည်း ပေးလိုက်သည်။ သူမသည် ဆရာဝန်မဟုတ်တာကြောင့် ဘယ်နေရာမှာ ပတ်တီးစည်းရမှန်း အသေးစိတ် မသိပေ။
"မနက်ဖြန် ရွာကို သွားပြီး ဆေးခန်းပြတာ ပိုကောင်းမယ်ထင်တယ်"
ထိုလူက ခေါင်းခါသည်။
တင်းတင်းစေ့ထားသော သူ့နှုတ်ခမ်းကို ကြည့်ပြီး ပြောမည်လည်းမထင်တာကြောင့် ရိုစီနာ ထိုအကြောင်းကို ဆက်မပြောတော့ပေ။
'သူ့မှာ အကြောင်းပြချက်ရှိတယ်ထင်တယ်... သူက ရာဇဝတ်သားများလား'
"လက်နှစ်ဖက် မြှောက်လိုက်ပါဦး"
ရိုစီနာသည် ပတ်တီးကို ကိုင်လိုက်ပြီး သူ့နောက်ကျောကို သိုင်းဖက်ထားသည်။ သူ၏ တောင့်တင်းခိုင်မာသော ရင်ဘတ်ဆီ သူမ တိုးသွား သည်နှင့်အမျှ အေးမြချိုအီသော ရနံ့တစ်ခုက သူမ နှာသီးဖျားအထိ တိုးဝင်လာသည်။
ထိုရနံ့သည် ပဲ့တင်သံ တောထဲကို စဝင်လာတုန်းက သူမ ရခဲ့သည့် အနံ့လေးပင်။ထို့ကြောင့် တောပန်းပင်များ၏ ရနံ့နှင့် ခြောက်သွေ့သည့် လေထုတွေ လွှမ်းခြုံထားသော တောထဲတွင် တိတ်ဆိတ်နေရပြီး သူ့ကိုယ်သင်းနံ့မှာလည်း တစ်မျိုးလေးဖြစ်နေ၍ သူ့ရင်ခွင်ထဲ သူမ ရောက်သွားသလို ခံစားလိုက်ရသည်။
သူမသည် ယခင်က ယောက်ျားတစ်ယောက်နှင့် ဤမျှလောက် မရင်းနှီးခဲ့ဖူးပေ။ ထို့ကြောင့်လားမသိ၊သူမ သိချင်စိတ်ဖြစ်လာ၍ ထိုလူ့ မျက်နှာကို အသာ မော့ကြည့်လိုက်သည်။သွေးစိုနေသော ဆံပင်များမှာ သွေးခြောက်သွားသဖြင့် သူ့ မျက်နှာကို ရှင်းရှင်းလင်းလင်း ပထမဆုံးအကြိမ် မြင်လိုက်ရသည်။
သူမ၏ မျက်လုံးကို ပထမဆုံးဖမ်းစားလိုက်သည်က သူ၏ ခပ်စိပ်စိပ် မျက်တောင်တွေအောက်က အပြာရောင်မျက်ဝန်းများ ဖြစ်ပေတော့သည်။
စောစောက တစ်ချိန်လုံး တင်းမာနေခဲ့သော အပြာရင့်ရောင် မျက်လုံးများသည် ယခုတော့ ကြည်လင်ပြတ်သားလာသလိုရှိသည်။
ဝေဒနာပါ သက်သာသွားတာကြောင့် ထင်သည်၊ သူ့မျက်နှာမှာ ပိုမိုကြည်လင်လာ၏။ ဒဏ်ရာများအောက်ရှိ ဖြူစင်သန့်ရှင်းသော သူ့အသားသည် လူငယ်လေးတစ်ယောက်လို ဖြစ်နေသော်လည်း ချောမွေ့ပြောင်လက်သော မေးရိုးနှင့် ထူးခြားသော မျက်နှာကျက ယောက်ျားရင့်မာ တစ်ယောက်ဖြစ်ကြောင်း ပြသနေသည်။
ဤမျက်နှာထားရှိသော ဘုရားသခင်သာ ရှိလျှင် လူတိုင်း ဘာသာတရားကို အရင်ကထက် ပိုမို ယုံကြည်လာကြမည်ဟု သူမ ထင်မိသည်။
ရိုစီနာ သူ့ကို ခဏမျှ စွဲလန်းသွားမိ၍ ငေးကြည့်နေတာကြောင့် ထိုလူက ခေါင်းငုံကာ တိုးတိုးလေးပြောလေသည်။
"ဘာလဲ"
ရိုစီနာ ချက်ချင်းဆိုသလို အသိဝင်လာပြီး ခေါင်းယမ်းလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ၊ သူသည် ဒဏ်ရာ ဆိုးဆိုစရွားရွား ရသွားခဲ့ခြင်း ဖြစ်သည်။
မဟုတ်မှလွဲရော ဓားပြအုပ်စုက တိုက်ခိုက်ခဲ့တာလား…
"ခင်ဗျားက ဘယ်လိုလုပ် ဒဏ်ရာ ရသွားတာလဲ"
ထိုလူ၏ ပခုံးများ တုန်လှုပ်သွားသဖြင့် ရိုစီနာ က ပတ်တီးကို ခဏရပ်ထားပြီး သူ့အား စိုက်ကြည့်နေမိသည်။
"ခင်ဗျား တိုက်ခိုက်ခံခဲ့ရတယ် မဟုတ်လား"
တုန်လှုပ်နေသော သူ့ မျက်လုံးများကို မြင်လိုက်ရတော့ သူမ၏ မှန်းဆချက် မှန်သည်ဟု ထင်နေသော ရိုစီနာ က ပြုံးပြီး ဆက်ပြောသည်။
“ဒီတောထဲမှာ ဓားပြတွေ ရှိတယ်”
ရိုစီနာ ၏ စကားကြောင့် သူ ကြောင်သွားပုံရသည်။ထို့နောက် ထူးဆန်းသော စိတ်သက်သာမှုတစ်ခုက သူ့မျက်နှာတွင် လာထင်ဟပ်ရသော်လည်း ရိုစီနာ မမြင်လိုက်ရပေ။
သူမက သူ့ရင်ဘတ်ပေါ်တွင် ပတ်တီးကို စည်းထားပေးသည်။သူ၏ တောင့်တင်းလှသော ကိုယ်ခန္ဓာသည် သူမ၏ ပိန်ပိန်ပါးပါး ကိုယ်ခန္ဓာနှင့် ယှဥ်ရက်စရာတောင် မရှိပေ။
သူမ သူ့ကိုထိလိုက်တိုင်း သူ့ကြွက်သားတွေ တုန်လှုပ်သွားသည်။
ရိုစီနာ သည် ယောက်ျားသားများ၏ ကိုယ်လုံးတီး ခန္ဓာကိုယ်ကို တစ်ခါမှ မမြင်ဖူးတာကြောင့် သူ့ခန္ဓာကိုယ်အား ကြည့်ကာ စိတ်ထဲက သဘောကျနေမိတော့သည်။
ပတ်တီး စည်းပေးနေသော ရိုစီနာ၏ လက်ချောင်းများသည် သူ့ခန္ဓာကိုယ်ပေါ် တစ်စတစ်စ ပြေးလွှားနေသည်။ သူမ လက်ချောင်းတွေက သူ့ခန္ဓာကိုယ်ကို ထိလိုက်တိုင်း သူ့ပခုံးသားများ အနည်းငယ် တုန်ရီသွားသလိုပင်။
သူသည် ရိုစီနာ အား မျက်နှာထားတင်းတင်းဖြင့် ကြည့်နေသည်။သူ့ကြည့်ရသည်မှာ အရင်က ဘယ်သူ့ဆီကမှ ယခုလို ဂရုအစိုက်မခံခဲ့ရသလို ဇဝေဇဝါပုံ ပေါက်နေတော့သည်။
"ဘာလို့ ငါ့ကို ကုပေးနေတာလဲ"
“အဲ့ဒါပြောပြမယ်”
သူမ သည့်ထက် ပိုရိုးသားဖို့ မဖြစ်နိုင်တာကြာင့် မရိုးမသား ဖြေရပေမည်။ထို့အပြင် သူမ ကိုယ်တိုင်ကလည်း ဘာကြောင့် ကုပေးနေမိမှန်း မသိပေ။
"ခင်ဗျားက...သိပ် ထူးဆန်းတယ်"
"မင်းရောပဲ"
ရိုစီနာ ပြန်ပြုံးပြလိုက်သည်။စံအိမ်ကြီးမှာ နေတုန်းက ဤအကြောင်းကို အများကြီး ကြားခဲ့ရသော်လည်း သူစိမ်းတစ်ယောက်က ထိုသို့ ပြောလာလိမ့်မည်ဟု မမျှော်လင့်ထားပေ။
နှစ်ယောက်ကြားမှာ လေတိုးသံကသာ ကြီးစိုးလာသည်။
“…..”
သူမ အေးအေးဆေးဆေး ဆက်ပြီး ကုပေးနေချိန်၌ သူ့လက်ကို ငုံ့ကြည့်မိသည်။
“အားလုံးပြီးပြီ”
ထိုလူက သူမစကားကို သတိမထားမိဘဲ ဝမ်းနည်းနေသလိုမျိုးကြီး ဖြစ်နေသည်။သို့သော်လည်း မကြာခင်မှာပင် တည်ငြိမ်သည့် အမူအရာ ပြန်ပေါ်လာသည်။
ပတ်တီးစည်းနေသော ရိုစီနာ ကတော့ သတိမထားမိလိုက်။
"သပ်သပ်ရပ်ရပ်တော့ တတ်နိုင်သလောက် စည်းထားပေးတာပဲ"
ရိုစီနာ ပတ်တီးကို သေချာစစ်ကြည့်သည်။ကြည့်ရဆိုးသော်လည်း ယခုမှ လုပ်ဖူးသူတစ်ယောက် အနေနှင့်တော့ အဆိုးကြီး မဟုတ်ပေ။ ထို့နောက် သူမသည် ရွာမှဝယ်လာသော အဝတ်အစားများကို ထုတ်ကာ သူ့အား ပေးလိုက်သည်။
"ကျွန်တော် ခင်ဗျား နာမည်ကို သိခွင့်ရှိမလား"
" ရာဟန်”
ရိုစီနာ က မှုန်ကုပ်ကုပ်နှင့် မကြည့်တကြည် ဖြစ်နေသော သူ့ကို ပြုံးပြလိုက်သည်။
"ကျွန်တော်နာမည်က လီဒန် ပါ"
လီဒန် ဆိုသော အမည်သည် သာမာန်လူတစ်ယောက် မှည့်လေ့မှည့်ထရှိသည့် အမည်ဖြစ်ပြီး သူမ ခရိုင်တွင်ရှိစဉ်ကတည်းက ထိုနာမည်ကိုသာ အသုံးပြုခဲ့သည်။
“လီဒန်…”
ရာဟန် သည် ရိုစီနာ ၏ နာမည်ကို ရေရွတ်လိုက်သည်။
ထို့နောက် ရာဟန် က အဝတ်အစားတွေ လဲနေတာကြောင့် သူမ သည် ချောင်းတစ်ချက်ဟန့်ကာ မြေပြင်ပေါ်က ပွစာကျဲနေသော ပစ္စည်းများကို ကောက်ယူလိုက်၏။
ထို့နောက် သူမ မတ်တပ် ရပ်လိုက်သောအခါ သူ့မျက်လုံးများသည် ခေတ္တမျှ တုန်လှုပ်သွားသည်။
"မင်း သွားတော့မှာလား"
ရိုစီနာ ရာဟန် ကို ငုံ့ကြည့်မိသည်။
အကြောင်းပြချက်မရှိဘဲ တုံ့ဆိုင်းသွားသော ရိုစီနာသည် တစ်ဆက်တည်း ကောင်းကင်ကို မော့ကြည့်လိုက်ရာ တောမီးလောင်ထားသလို နီရဲနေပြီဖြစ်သည်။ မကြာခင် လုံးဝမှောင်သွားမည်ဖြစ်၍ ညမအိပ်ခင် အနားယူဖို့ နေရာရှာရပေမည်။
ရိုစီနာ က ပြန်မဖြေသောအခါ ရာဟန် ၏ မျက်နှာသည် တဖြည်းဖြည်း တင်းမာလာသည်။
“အား”
ရိုစီနာ သည် ညည်းတွားသံကြောင့် သူ့ဘက် လှည့်ကြည့်လိုက်သည်။
ရင်ဘတ်ထဲအထိ အပူတွေတက်လာသလို ရာဟန် ခံစားနေရသည်။ နာကျင်မှုတွေ ပြန်ပေါ်လာသည့်အခါ သူ့နဖူးမှာ တွန့်ကုပ်သွားတော့သည်။
"နာလို့လား"
ရာဟန် သည် ဒဏ်ရာခံစားနေပုံဖြင့် ခေါင်းညိတ်ပြလိုက်သောအခါ ရိုစီနာ အိတ်ကို ပြန်ချထားလိုက်ရသည်။
မပြောနိုင်လောက်အောင်ပဲ နာနေတာလား… သူမ ပတ်တီးစည်းတာ မှားသွားလို့လား…
သူမ ရာဟန် ကို အံ့ဩတကြီး ကြည့်နေမိသည်။
ထို့နောက် ရာဟန်က သူ့ရင်ဘတ်ကို ဖိကိုင်ထားကာ ရိုစီနာ ကို မော့ကြည့်ပြီး တိုးတိုးလေး ပြောသည်။
"ငါနဲ့ ခဏနပေါဦး"
Xxxxxx