Chapter 4
ရိုစီနာ သည် သယ်လာသော အိတ်တွေအားလုံးကို ချလိုက်သည်။ နေမ၀င်ခင်မှာပင် တည်းခိုစရာနေရာ ရှာတွေ့ခဲ့တာကြောင့် ကံကောင်းသည်ဟု ဆိုရမည်။
သူမ သစ်သားအိမ် ငယ်ကလေးထဲကို လှည့်ပတ်ကြည့်လိုက်သည်။ အချိန်အတော်ကြာအောင် နေသူမရှိသလိုဖြစ်နေပြီး ပိုင်ရှင်မရှိတာကြောင့် မျက်နှာကျက်မှာ ပင့်ကူအိမ်များဖြင့် ဖုံးလွှမ်းထားပြီး ပြတင်းပေါက်နှင့် ကြမ်းပြင်မှာလည်း ဖုန်တသောသောပင်။
သူမ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ဟောင်းနွမ်းနေသော ပျဉ်ပြားများဆီက တကျွီကျွီ မြည်သံကို ကြားနေရသည်။ နံရံနှင့် ကြမ်းပြင်တို့သည် မိုးရွာပြီးချိန်၌ ဖြစ်နေသော သစ်ပင်များကဲ့သို့ သစ်သားရေ စိုနံ့ထွက်နေလေသည်။
ထို့နောက် ရိုစီနာ သည် မီးဖိုထဲသို့ ထင်းခြောက်များ ထည့်ထားလိုက်သည်။မကြာမီ မီးတောက်လာလိမ့်မည်ဟု မျှော်လင့်ထားသော်လည်း ထင်သလိုဖြစ်မလာချေ။ သူမလည်း ဆောင့်ကြောင့် ထိုင်ချပြီး ခြောက်သွားအောင် ထင်းစိုများကို ပွတ်နေစဉ် ရာဟန် က အနားရောက်လာပြီး မီးမွှေးပေးလိုက်တော့သည်။သူ မွှေးလိုက်သည်နှင့် ချက်ချင်း ထင်းစိုပုံကြီးမှာ မီးစွဲသွားတော့သည်။ မီးတောက်များသည် အေးစက်သော လေထုကို ခြောက်သွားစေပြီး အမှောင်ထုကိုပင် ဝါးမျိုပစ်လိုက်သည်။
အခန်းထဲမှာလည်း လင်းလာသဖြင့် ရိုစီနာ ဘေးဘက်ကို တစ်ချက်ကြည့်လိုက်သည်။ ဓားသွားကဲ့သို့ ချွန်မြလှသော နှာတံနှင့် ချောမွတ်နေသော သူ့ မေးရိုးခိုင်ခိုင်ကို သူမ မြင်နေရသည်။
ထင်းတွေကို ဝါးမျိုချနေသည့် မီးတောက်သံ တဖျစ်ဖျစ်နှင့်အတူ သူ၏ မျက်တောင်ဖျား ပေါ်မှာလည်း မီးရောင်တို့ တောက်ပနေလေသည်။
ရိုစီနာ သည် ဤနေရာနှင့် သူ့မျက်နှာကလေးမှာ မလိုက်ဖက်ဟု တွေးမိကာ သက်ပြင်းချလိုက်မိသည်။ထို သနားကမားမျက်နှာလေးကြောင့်လည်း သူက သူမနှင့် နေချင်ပါသည်ဆိုတာကြောင့် ခေါ်လာခဲ့ခြင်းပင်။
မနက်မိုးလင်းရင် ပိုအေးလာမှာမို့ ရိုစီနာ သည် သာမာန်စောင် ခပ်ပါးပါးကို ထုတ်လိုက်သည်။ထို့နောက် နှစ်ယောက်သား မီးဖိုရှေ့မှာ ပြန်ထိုင်လိုက်ကြသည်။
မီးတောက်များကို စိုက်ကြည့်နေတုန်း ရာဟန် က စကားစ,လာသည်။
"ဒီလိုအိမ်လေးကို ဘယ်လိုလုပ် ရှာတွေ့တာလဲ"
“တိရစ္ဆာန်တွေကို မေးလိုက်တာ"
ရိုစီနာက ထင်းခြောက်ကို မီးဖိုထဲထည့်ကာ ပေါ့ပေါ့ပါးပါး ဖြေလိုက်သည်။
"ဘယ်လို"
သူမ စကားမှားသွားသလိုပင် သူက မျက်လုံးကြီးပြူးပြီး သူမအား ကြည့်နေတော့သည်။
ရိုစီနာ က ပေါ့ပေါ့ပါးပါး ပခုံးတွန့်ပြလိုက်သည်။
"ကျွန်တော်က နောက်တာပါ"
သူမ ဘယ်လိုပင်ပြောပြော ယုံမည်မထင်ပေ။သူမလည်း ငယ်ငယ်လေးကတည်းက ပြုစုစောင့်ရှောက်ပေးခဲ့သည့် အိမ်အကူတစ်ယောက်ကို ရိုးသားစွာပြောခဲ့သေးသည်။သို့သော် အိမ်အကူကလည်း သူမ စကားကို မယုံကြည်ပေ။ထို့ကြောင့် သူမလည်း တိရိစ္ဆာန်များနှင့် ရှေ့မှာတင် စကားပြောပြလိုက်ရာ အိမ်အကူမိန်းမမှာ ကြောက်ရွံ့ထိတ်လန့်နေတော့သည်။ထိုအချိန်မှစ၍ သူမသည် ထိုအကြောင်းအား ဘယ်သူ့ကိုမှ မပြော တော့ပေ။
ခဏလောက် ငြိမ်သက်နေသည့် ရာဟန် က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
"ဒါဆို မင်းငါ့ကို စောစောတွေ့တာက တိရစ္ဆာန်တွေရဲ့ အကူအညီကြောင့်ပေါ့… အဲ့အကောင်တွေကို ကျေးဇူးတင်ရမယ် "
သူက လေးလေးနက်နက်ကြီး ပြောလိုက်တာကြောင့် ရိုစီနာ ရယ်ချင်စိတ်ဖြစ်သွားသော်လည်း မရယ်မိအောင် ထိန်းထားမိသည်။ထို့နောက် သူမ မတ်တပ်ထလိုက်ကာ ဗီရိုထောင့်မှာ ချိတ်ထားသည့် အိပ်ယာခင်းကို ယူပြီး ကုတင်ပေါ် တင်လိုက်၏။ဤအိမ်ကလေးမှာ ကျဉ်းကျပ်သော်လည်း အပြင်မှာ အိပ်တာထက်တော့ ပိုကောင်းပေသည်။
"ခင်ဗျား ဒီမှာ အိပ်လို့ရတယ်…ကျွန်တော် ကြမ်းပြင်ပေါ်မှာ အိပ်မယ်"
ရိုစီနာ သည် ဒဏ်ရာရထားသည့် သူ့ကို ကြမ်းပြင်ပေါ်တွင် မအိပ်စေချင်တာကြောင့် ကုတင်ကို ပုတ်ရင်း ပြောလိုက်သည်။
ထို့နောက် သူလည်း မီးဖိုရှေ့မှာထိုင်နေရာမှ ထလာတော့သည်။ သူသည် အရပ်ရှည်ပြီး ခန္ဓာကိုယ်ကလည်း ကြီးမားတာကြောင့် သူ့အရိပ်ကြီးက အခန်းထဲမှာ ပြည့်နေသည်။ထို့နောက် သူက ကုတင်ပေါ် တက်ထိုင်ကာ ကြမ်းပြင်ပေါ်တွင် အိပ်ရန်ပြင်ဆင်နေသော ရိုစီနာ ကို စိုက်ကြည့်နေလေသည်။
"ကြမ်းပြင်ကအေးတယ်…ဒီပေါ်မှာ ငါတို့ အတူတူအိပ်ကြမလား"
"မဟုတ်ဘူး…ရပါတယ်"
သူမက ယောက်ျားတစ်ယောက်အဖြစ် ၀တ်စားရုပ်ဖျက် ထားသည်ကို တစ်ချက်မှ မမေ့မလျော့အောင် ထိန်းထားသည်။ သူမသည် ကြမ်းပြင်ပေါ်မှာ လှဲအိပ်နေရင်း မျက်နှာကျက်ကို မော့ကြည့်လိုက်သည်။ လေတိုက်သည့်အခါတိုင်း မျက်နှာကျက်မှ တကျိကျိ မြည်နေ၍ တော်တော်နှင့် အိပ်ပျော်မည်မဟုတ်ပေ။ အချိန်အတော်ကြာပြီးနောက် ရိုစီနာ သည် တိတ်ဆိတ်မှုကို ဖယ်ရှားပစ်ရန် မေးခွန်းတစ်ခု အမြန် ပြောချလိုက်ရသည်။
"ခင်ဗျားက ဘယ်ကလဲ"
“ဟေလာ”
ဟေလာ သည် အင်ပါယာ၏ မြောက်ဘက်အကျဆုံး ဒေသဖြစ်သောကြောင့် မကြာခဏ နှင်းကျတတ်ပြီး ကြောက်စရာ သတ္တဝါများ မကြာခဏ ပေါ်လာတတ်ကြောင်း သူမ ကြားသိဖူးသည်။သူနေသည့် ဟေလာ မှ ယခု အင်ပါယာ၏ တောင်ဘက်အလယ်ပိုင်းကို ရောက်ရန် တစ်လခန့် အချိန်ယူရမည်ဖြစ်သည်။
"ခင်ဗျား ခရီးထွက်နေတာလား"
“မဟုတ်ဘူး”
"ဒါဆို…ဘာလာလုပ်တာလဲ"
သူမက ထိုသို့မေးလိုက်ရာ ရာဟန် အကြာကြီး နှုတ်ဆိတ်နေ၍ မဖြေချင်မှန်း သူမလည်း နားလည်ပေးလိုက်သည်။
"မဖြေချင်ရင်လည်း ရပါတယ်"
သူမတို့သည် မကြာခင် လမ်းခွဲတော့မှာမို့ မေးနေစရာလည်း မလိုပေ။
ရိုစီနာ သည် ကြမ်းပြင်ပေါ် တစ်ဖက်စောင်း၍ အိပ်လိုက်သည်။ ခဏအကြာတွင် ကုတင်မြည်သံ တကျွိကျွိကို ကြားလိုက်ရလေသည်။
အိပ်ယာမှ ငုတ်တုတ်ထထိုင်လိုက်သော ရာဟန်၏ အရိပ်သည် ရိုစီနာ အပေါ် ဖုံးလွှမ်းသွားသည်။သူက ရိုစီနာကို ငုံ့ကြည့်ရင်း သက်ပြင်းချကာ အသံတိတ်သွားသည်။
"ငါ့အသက်ကို ငါ ကယ်ဖို့ ထွက်ပြေးနေရတာ"
အမှောင်ထဲတွင် လင်းလက်တောက်ပနေပြီး ကုတင်ပေါ်ကနေ ငုံ့မိုးကြည့်နေသော သူ့မျက်လုံးများကို တွေ့လိုက်ရတာကြောင့် ရိုစီနာ အံ့အားသင့်သွားရသည်။ မီးတောက်များလို တုန်ခါနေသော သူ့မျက်လုံးထဲတွင် ခံစားချက်များစွာ ပါ၀င်နေသည်။သို့သော် ရိုစီနာ ထိုခံစားချက်များကို လုံးဝနားမလည်နိုင်ရှာ။
ရာဟန် သည် မျက်လုံးကို ဖြည်းညှင်းစွာ မှိတ်ပစ်လိုက်သည်။
ရိုစီနာ နွမ်းလျနေသော သူ့မျက်နှာကို မြင်ရသောအခါ သူမ အံ့အားသင့်မိသည်။
"အခုတော့ အားလုံးအဆင်ပြေသွားမှာပါ"
ထိုစကားသည် ရာဟန် နှင့် သူမတို့နှစ်ယောက်လုံး အတွက် ရည်ညွှန်းသည့်စကားဖြစ်သည်။
ရာဟန် သည် ရိုစီနာ စကားကိုကြားသော် အသာ ပြုံးလိုက်၏။
မှိန်ဖျသော လရောင်အောက်တွင် ထွက်ပေါ်လာသော သူ့အပြုံးသည် ရိုစီနာ အား ဖမ်းစားနေတော့သည်။သူမသည် တစ်နေရာတည်းတွင် အချိန်အကြာကြီး စိုက်ကြည့်နေတာကြောင့် အမြင်အာရုံများ မှုန်ဝါးလာရကာ နှလုံးခုန်သံလည်းမြန်လာလေသည်။ပထမဆုံး သူမဆီကို ထူးဆန်းသော အာရုံတစ်ခုက ဒုန်းစိုင်းပြေးလာ နေသလိုမျိုးဖြစ်ကာ သူမ ရင်ထဲ ဘာကြောင့်မှန်းမသိ၊တုန်ယင်နေမိသည်။ဤအတိုင်းဆိုလျှင် သူမ တော်တော်နှင့် အိပ်ပျော်မှာမဟုတ်တာကြောင့် အတင်းအိပ်ရန် ကြိုးစားရတော့သည်။
"ကောင်းသောညပါဗျာ"
တိုးလျသော သူမ အသံက သူတို့နှစ်ယောက်ကြားရှိ တိတ်ဆိတ်မှုကို ဖုံးလွှမ်းသွားသည်။
*****
ရိုစီနာ နိုးလာပြီး မျက်လုံးကို အားယူဖွင့်ကြည့်လိုက်သည်။ သူမ ဘယ်အချိန်က အိပ်ပျော်သွားမှန်း မသိတော့ပေ။မှောင်နေသေးသောကြောင့် မိုးလင်းမှ ထမည်ဟု စိတ်ကူးကာ တစ်ခါပြန်အိပ်လိုက်သည်။
သူမ နိုးလာသောအခါ မိုးသံ၊လေသံတို့အား ကြားလိုက်ရသည်။ ထို့ကြောင့် သူမလည်း ငုတ်တုတ်ထထိုင်လိုက်ကာ ပြတင်းပေါက်အပြင်ဘက်ကို ချောင်းကြည့်လိုက်လျှင် ပြတင်မှန်ချပ်၌ မိုးရေများ တဖွဲဖွဲ စီးဆင်းလာသည်ကို သူမ တွေ့လိုက်ရသည်။တခဏချင်းပင် မိုးသံ၊လေးသံ တချုန်းချုန်းကလည်း ပိုကျယ်လောင်လာတော့၏။
ရိုစီနာ သည် ပြတင်းပေါက်အပြင်ကို စူးစူးဝါးဝါး စိုက်ကြည့်ပြီးနောက် သူမ အကြည့်က ကုတင်ပေါ်ကို ရွေ့သွားသည်။ အိပ်ရာကုတင်သည် ဘယ်သူမှ မအိပ်ထားသလိုမျိုး လူမရှိ ဖြစ်နေသည်။အပြင်မှာလည်း မိုးရွာနေသဖြင့် သူ ထွက်သွားတာတော့ မဟုတ်တန်ရာ။
ရိုစီနာ ခဏ ထိုင်နေပြီး တံခါးကို ကြည့်ကာ စောင့်နေသော်လည်း တံခါး ပွင့်မလာခဲ့ပေ။
"သူတစ်ကယ် ထွက်သွားတာလား"
ရိုစီနာ အိပ်ရာမှထကာ တံခါးမှ ချောင်းကြည့်လိုက်ရာ အော်ဟစ်သံတစ်ခု ကြားလိုက်ရ၏။ ချက်ချင်းပင် သူမသည် အိမ်ရှေ့တံခါးဆီ လျှောက်သွားလိုက်သည်။ မိုးနှင့်လေပြင်းကြောင့် အိမ်ရှေ့တွင် ရေများအိုင်ထွန်းနေတော့သည်။
ရိုစီနာ သည် အိမ်ရှေ့တံခါးဝတွင် ရပ်ကာ မိုးရေထဲ လှည့်ပတ်ကြည့်နေမိသည်။ မနက်မိုးလင်းပြီ ဖြစ်သော်လည်း တောအုပ်တစ်ခုလုံး မိုးမှုန်များသာ အုံ့ဆိုင်းမှိုင်းပျနေ၏။ သစ်ပင်ဖြူများသည်လည်း မိုးရေစက်များကျသည့်အခါတိုင်း လှုပ်ခါနေပြီး မိုးရေကို ကြိုဆိုနေကြသည်။ မီးခိုးရောင်တိမ်တိုက်များ ကြားတွင် ပုန်းကွယ်နေသော ဖြူဖျော့ဖျော့လမင်းကြီးသည် အဖြူရောင်မြူခိုးမြူငွေ့များနှင့် မိုးမှုန်များကြား ထွက်ပြူနေတော့သည်။
ထိုစဉ် နောက်ထပ် တောထဲမှ နာကျင်စွာ အော်လိုက်သော ညည်းတွားသံကို သူမ ကြားလိုက်ရလေသည်။ သူမသည် အမှောင်ထဲက အသက်ပြင်းပြင်းရှုသံကိုလည်း ရှင်းရှင်းလင်းလင်း ကြားနေရ၏။ရိုစီနာ သည် အသံလာရာဘက်ကို စိုက်ကြည့်ရင်း မသိစိတ်က ရှေ့ကို ခြေတစ်လှမ်း လှမ်းလိုက်မိသည်။ထိုအခါ မိုးဖွဲဖွဲလေးသည် သူမ၏ ပခုံးပေါ် ကျလာသဖြင့် ဆံပင်၊ မျက်နှာနှင့် အဝတ်အစားများမှာ စိုစွတ်စပြုလာတော့သည်။
သို့သော်လည်း ရိုစီနာ ခြေလှမ်းမရပ်ဘဲ ရှေ့တိုးလာစဉ် မိုးသံထဲ၌ နစ်ဝင်နေသည့် သူ၏ အသက်ရှုသံပြင်းပြင်းနှင့် ပြိုလဲနေသော ရာဟန် ကို သူမ တွေ့လိုက်ရသည်။ သူ့ပါးစပ်ကလည်း မြူခိုးများ တဖွားဖွား ထွက်နေကာ ဓားတစ်လက်ကို ကိုင်ထားသည်။မမျှော်လင့်ဘဲ သူမကို တွေ့လိုက်ရတာကြောင့် တော်တော်လန့်သွားပုံပေါ်သည်။
ပြူးတူးပြဲတဲဖြစ်နေသည့် သူ့ပုံစံက တော်ရိုင်းတိရစ္ဆာန်အလား ရိုစီနာအား ခြောက်လှန့်နေတော့သည်။ သူမသည် အန္တရာယ်ရှိနိုင်သည်ကို သိထားသဖြင့် ရာဟန် ကို လှမ်းခေါ်လိုက်သည်။
ထိုအခါ ရာဟန်သည် သူ့မျက်လုံးထဲတွင် အမည်တပ်မရသော ခံစားတို့ ရစ်ဝဲနေလျက် သူမကို မော့ကြည့်လာသည်။ အမှောင်ထဲတွင် ပေါ်လွင်နေသော ရာဟန် ၏ မျက်လုံးများသည် အပြာရောင်ရင့်ရင့်များဖြစ်သည်။ သူမနှင့် ပထမဆုံးတွေ့စဥ်ကလည်း ယခုလို အပြာရင့်ရောင် မျက်လုံးများပင်ဖြစ်သည်။ ညကောင်းကင်ကဲ့သို့ မည်းမှောင်နေသော သူ၏ အပြာရောင် မျက်လုံးများမှ ထွက်လာသော ရောင်ဝါမှာ လူသားတစ်ယောက်လိုမဟုတ်ပေ။ရိုစီနာ ကသာ သူ့ကို တစ်ချက်သွားထိလိုက်လျှင် သူမ သေချာပေါက် ပြာဖြစ်သွားနိုင်ပေသည်။
ရိုစီနာ သည် ရာဟန် ၏ပါးကို အသေအချာ ထိကိုင်လိုင်သည်။ ထိုအခါ အေးစက်သော သူ့ပါးပြင်များ တုန်ခါသွားရကာ အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်သည်။ထို့နောက် စောစောက ရက်စက်ကြမ်းကြုပ်ပြီး စိုးရိမ်ထိတ်လန့်နေသော ခံစားချက်တို့ မှာ ချက်ချင်းဆိုသလို သူ့မျက်နှာပေါ်တွင် မရှိတော့ဘဲ လက်ထဲကဓား ကလည်း မြေပြင်ပေါ် ချွင်ကနဲ ချော်ကျသွားသည်။
ထို့နောက် ရာဟန်က သူ့ပါးပြင်ကို လာထိသော ရိုစီနာ ၏လက်ပေါ် သူ့လက် ထပ်ပြီး ထွေးဆုပ်ထားလိုက်သည်။ သူမ၏ လက်ကို ထိရုံမျှဖြင့် ကျေနပ်ပုံမရသော ရာဟန် သည် ချက်ချင်း ရိုစီနာ အား အတင်းအကျပ် ပွေ့ဖက်လိုက်သည်။
ပွေ့ဖက်ခံထားရသော ရိုစီနာ သည် ပေါက်ကွဲတော့မည် ထင်ရသည့် သူ့နှလုံးခုန်သံကို အတိုင်းသား ကြားနေရတော့၏။
ထိုစဉ် မိုးသံကလည်း သားကောင်တစ်ကောင်အား ကိုက်ဝါးပစ်လိုက်သလို ပိုမို အားကောင်းလာသည်။
ရိုစီနာ ၏ ကျောကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားသည့် ရာဟန် သည် မရပ်သေးဘဲ ရေစိုနေသော သူမ၏ အင်္ကျီအဝတ်အစားများပေါ် လက်တစ်ဖက်ဖြင့် ကျူးကျော်နယ်ချဲ့လာသည်။ သူ့လက်ချောင်းက သူမ အသားကို တစ်ချက်ထိလိုက်တိုင်း ပူလွန်းတာကြောင့် သူမ ခပ်တိုးတိုး ညည်းမိသည်။
သို့သော် ရိုစီနာ သူ့ကို မတွန်းဘဲ သူ့ပါးကိုသာ ထပ်မံသွားထိလိုက်၏။
'ငါ ဘာဖြစ်နေတာလဲ'
သူမ ခေါင်းတွေ ရှုပ်သွားပြီး စိတ်ထဲလည်း ဘာမှ မဆင်ခြင်နိုင်တော့ပေ။ သူမ၏ ကျိုးကြောင်းဆီလျော်စွာ တွေးခေါ်နိုင်စွမ်းသည် နောက်ဆုတ်ရန် အချိန်မနှောင်းသေးကြောင်း သတိပေးနေသည်။ သို့သော်လည်း ရိုစီနာ မှာ သူ့လက်ထဲကနေ ရုန်းထွက်မရချေ။ထို့အပြင် သူ့ပါးကို လက်နှစ်ဖက်ဖြင့် ကိုင်ထားကာ နမ်းချင်စိတ်တောင် ဖြစ်နေတော့သည်။ သူမ၏ စိတ်အာရုံများ အားလုံးမှာ သူ့အပေါ်တွင်သာ ရှိနေလေသည်။
ရိုစီနာ ဤခံစားချက်ကို ဘယ်လိုအမည်တပ်ရမှန်း မသိတော့။ သူ့ကိုကြည့်ရုံမျှဖြင့် သူမရင်ထဲ စူးကနဲစူးကနဲ ဖြစ်နေရသည်။ဤသို့ဖြင့် သူမ စိတ်ထဲက ကျိုးကြောင်းဆီလျော်စွာ တွေးခေါ်နိုင်စွမ်း နှင့် ဗီဇစိတ်တို့ လွန်ဆွဲခဲ့ကြသည်။ သူမ စိတ်က ရှေ့ဆက်မတိုးရန် သတိပေးနေသော်လည်း သူမ ခန္ဓာကိုယ်မှာ သူ့ကို ဆွဲခေါ်နေပြီဖြစ်သည်။
ရာဟန် သည် ရိုစီနာ ၏လည်ပင်းတွင် သူ့မျက်နှာကို အပ်ထားလျက်ရှိသည်။
ရိုစီနာ ကလည်း သူ့အသက်ရှုသံနှင့်အတူ တစ်သားတည်းဖြစ်သွားအောင် ပြိုင်တူ အသက်ပြင်းပြင်းရှူလိုက်သည်။ ထိုအခါ ချမ်းစိမ့်စိမ့် ထွက်သက်က သူမ ၏ လည်ပင်းနောက်ဘက်ကို ကျရောက်လာသည်။
“လီဒန်”
ရိုစီနာ ၏ နာမည်အရင်းကို သူ ခေါ်လိုက်သောအခါ သူမ ခေတ္တမျှ သတိပြန်လည်လာသလို ဖြစ်သွားရ၏။
သူက ချက်ချင်းပင် သူမကို သူ့ဆီ ဆွဲခေါ်သွားသော်လည်း ဤအခြေအနေမှာသိပ်ကို ဆန်းကြယ်ပြီး နောက်ဆုတ်ဖို့သင့်ကြောင်း သူမ သိလိုက်ရသည်။
သူမ အသိစိတ်ဝင်လာပြီး ရာဟန် ကို အသာအယာ တွန်းထုတ်လိုက်သည်။သို့ သော်လည်း သူကတော့ သူမ ဆန္ဒနှင့်မတူဘဲ တစ်သက်လုံး မလွှတ်တော့မည်ပုံနှင့် အတင်းအကြပ် ပွေ့ဖက်ထားတော့သည်။သူ ထိတွေ့လိုက်သော သူမ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းသည် ထူပူနေပြီး အချိန်မရွေး အရည်ပျော်သွားနိုင်သည်။
ထို့နောက် ရာဟန် သည် ရိုစီနာ ၏ ရေစိုနေသော ဆံပင်ကို နောက်လှန်လိုက်ပြီး သူ့မျက်နှာကလည်း သူမအနားကို တဖြည်းဖြည်း တိုးကပ်လာသည်။ စိုစွတ် အေးစက်သော နှုတ်ခမ်းများက သူမ နှုတ်ခမ်းကို ထိလိုက်သောအခါ ရိုစီနာ သူ့အင်္ကျီကို အတင်းအကြပ် ဆုပ်ကိုင်ထားမိလေသည်။
ဤသို့ဖြင့် မိုးရေထဲမှာ နှစ်ယောက်သား တစ်ယောက်နှုတ်ခမ်းကို တစ်ယောက် မလွှတ်တမ်း ခဲထားကြတော့သည်။
Xxxxx