အပိုင်း ၆
Viewers 13k

Chapter 6


တော်ဝင်သွေးဟု အသိအမှတ်ပြုထားသည့် ဘုရင်မင်းမြတ်၏ တရားမဝင်သားတော် ရာဟန် ဟာဘက် သည် ယခုအချိန်အထိ လျှို့ဝှက်ထားဆဲ ဖြစ်သည်။ဘုရင်မင်းမြတ်နှင့် တစ်ညတာ ကုန်ဆုံးခဲ့သော ရာဟန် ၏ မိခင်သည် မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားသည်။ သို့သော် သူမသည် ဘုရင်မင်းမြတ်၏ ရင်သွေးဖြစ်ကြောင်း ဘုရင်မင်းမြတ်အား ဖွင့်မပြောခဲ့ပေ။ နောက်ဆုံးတွင် အပျိုစင်ဖြစ်ပြီး ကိုယ်ဝန်ရှိလာရတာကြောင့်  မိသားစုကလည်း  နှင်ထုတ်ခဲ့သည်။ထို့ကြောင့် သူမသည် အင်ပါယာထဲတွင် မီးဖွားဖို့ရာမဖြစ်နိုင်တာကြောင့် တိုင်းတစ်ပါးတွင် ရာဟန် ကို မွေးဖွားခဲ့ရသည်။


ရာဟန် 14နှစ် သားအရွယ်၌ သူမ မသေခင်လေးမှာပင် အဖေဖြစ်သူ၏ နာမည်ကို ထုတ်ပြောပြလေသည်။ သို့သော် ရာဟန် သည် နန်းတော်ထဲသို့ လာရောက် လည်ပတ်ခြင်းမရှိသလို ဘယ်သူ့ကိုမှ လည်း ဘုရင့်သားတော်ဖြစ်ကြောင်း မပြောခဲ့ပေ။ ရာဟန်သည် အမေဖြစ်သူက သူ့ဖြစ်တည်မှုကို လျှို့ဝှက်ထားရသည့် အကြောင်းရင်းတစ်ခု ရှိရမည်ဟု ထင်ထားခဲ့သည်။


ထို့နောက် မိခင်ကို သင်္ဂြိုဟ်ပြီး အင်ပါယာတစ်ဝိုက် လှည့်လည်သွားလာနေရာ ကိစ္စတစ်ခုဖြစ်သွားခဲ့သည်။ ရာဟန် သည် တော်ဝင်မိသားစုဝင်တစ်ယောက် ဖြစ်ကြောင်း ကောလာဟလများ စတင်ပျံ့နှံ့လာခဲ့ခြင်း ဖြစ်သည်။ 


ထို့ကြောင့် ရာဟန် ထွက်ပြေးသွားသော်လည်း တော်ဝင်သွေးသားတစ်ဦးက တော်ဝင်မြို့တော်ထဲသို့ တိတ်တဆိတ် ဝင်ရောက်နေပြီဟု ကောလာဟလများ ထွက်ပေါ်ခဲ့သည်။


ကောလဟလကို ပထမဆုံးကြားလိုက်ရသူမှာ ဘုရင်မ ဖြစ်ပြီး သူမကလည်း ချက်ချင်းပင် ရာဟန် ကိုသတ်ရန် လူသတ်သမားများ အမြန်စေလွှတ်လိုက်သည်။


ရာဟန် သည်  လူသတ်သမားများစွာကို သတ်ဖြတ်ခဲ့ရသည်။ သို့သော် သူ ထိုလူသတ်သမားများကို သတ်လေလေ၊သူကိုယ်တိုင်က အင်ပါယာ၏ အပြင်ဘက်ရောက်လေလေဖြစ်သည်။


သူ၏ ဆင်ခြင်တွေးတောနိုင်စွမ်းတို့သည် တစ်စတစ်စ အရိုင်းဆန်လာပြီး  သူ သတိပြန်ဝင်လာလိုက်တိုင်း သူ့ပတ်ဝန်းကျင်မှာ အမြဲတမ်း သွေးစက်များဖြင့် ပြည့်နှက်နေခဲ့သည်။ ထိန်းမရသော သူ့ကိုယ်သူ တစ်ခါတစ်လေ ကြောက်မိသော်လည်း ရာဟန် သည် လူသတ်ပစ်ရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။ 


လုပ်ကြံသတ်ဖြတ်သူများသည် ဆက်တိုက် သူ့နောက်လိုက်ကြသဖြင့် ရာဟန် သည် ပဲ့တင်သံ သစ်တောထဲသို့ ဝင်ပြေးခဲ့ရသည်။ သူ့အကြံက တောထဲမျှားခေါ်ပြီး လူသတ်သမားများကို လက်စဖျောက်ပစ်ရန်ဖြစ်သည်။ရင်ထဲက ဖြစ်ချင်သော ဆန္ဒများ အားကောင်းလာသည်နှင့်အမျှ လုပ်ရဲကိုင်ရဲစိတ်တွေဖြစ်ပေါ်လာပြီး ရာဟန် ဓားကို ကျစ်ကျစ်ပါအောင် ဆာက်ထားမိလေသည်။


အချိန်အတော်ကြာမှ သူ သတိပြန်ဝင်လာရာ အခြေအနေက လက်လွန်သွားပြီဖြစ်သည်။ထို့ကြောင့် ရာဟန် လည်း လူသတ်သမားများ၏ အလောင်းများ ရှိရာနေရာမှ ထွက်ပြေးခဲ့လေသည်။


ထိုမှသာ လူသတ်လိုက်ရတာကြောင့် ဆူပွက်နေသော သွေးသားတို့သည် ငြိမ်းအေးသွားရသည်။ဤအတိုင်းသား ဆက်သွားနေလျှင် သူ၏ ဆင်ခြင်တုံတရားတို့ လုံးဝပျက်စီးရ ချေတော့မည်။


"အဆင်ပြေရဲ့လား"


ချိုသာသောအသံ ရှိသည့် တစ်စုံတစ်ယောက်က ရာဟန် ၏ ပခုံးပေါ် လက်တင်ကာ မေးလိုက်သည်။


ချက်ချင်းပင် စောစောက အသက်ရှုကျပ်နေရသော ရာဟန် မှာ ချက်ချင်း အမောပြေသွားတော့သည်။သူ့ပခုံးပေါ်မှ လက်တစ်ဖက်မှာ ပူလောင်နေသော သူ့ခန္ဓာကိုယ်ကို ငြိမ်သက်စေပြီး ရင်ဘတ်အောင့်ခြင်းမှာလည်း သက်သာသွားရသည်။သူ သတိပြန်ဝင်လာသည်နှင့် တစ်ပြိုင်နက်၊ ပခုံးပေါ်မှ လက်ကလေးသည် လွှတ်ချတော့မလိုဖြစ်သွား၍ သူ အမြန်ဖမ်းဆုပ်လိုက်ရသည်။ထိုလက်က‌လေးသည် သူ ဟိုးချောက်အနက်ကြီးထဲ ရောက်မသွားစေရန် ဆွဲထားပေးသော ကယ်တင်ခြင်း အလင်းရောင်နှင့်တူပေ၏။ 


သူက အလောတကြီး လက်ကိူ ဖမ်းဆုပ်လိုက်သောကြောင့် လက်ပိုင်ရှင်ကလည်း ငြိမ်နေသည်။ ထိုလက်ကလေးထဲတွင် သူ့အဆုတ်ထဲသို့ မှုတ်ထုတ်လိုက်သော လန်းဆန်း‌စေသည့် စွမ်းအင်တစ်ခု ရှိနေပုံရသည်။ နူးညံ့နွေးထွေးသော လက်ကလေးသည် ရာဟန် အတွက် အနားယူရာနေရာ တစ်ခုလိုပင်။


မကြာမီ သူ့ခန္ဓာကိုယ်မှာ ငြိမ်သက်သွားပြီး သွေးခုန်နှုန်းလည်း ပုံမှန်ပြန်ဖြစ်သွားသည်။ ထို့အပြင် တိရိစ္ဆာန်များလို ဆင်ခြင်နိုင်စွမ်းမရှိ၊ အရိုင်းဆန်ပြီး အပျက်သဘောဆောင်သည့် ခံစားချက်များအားလုံး ပျောက်ကွယ်သွားကာ သူ့ရင်ထဲမှာ ငြိမ်းချမ်းသွားသည်။ယခုလို ကယ်တင်ခြင်း လက်ကလေးကိူ သူ တစ်ခါမှ မတွေ့ဖူးပေ။ ဤလက်ကလေးသာ သူ့အနားရှိနေပါက သူ ဘာမဆို ရင်ဆိုင်နိုင်လောက်သည်။


ရာဟန် သည် သူ့ရှေ့တွင် ရပ်နေသော ကောင်လေးကို ကြည့်နေသည်။ ဆံပင်တိုတိုနှင့် နီရဲနေသည့် မျက်လုံးတွေက သူ့မျက်လုံးကို အရင်ဆုံး ဖမ်းစားသွားသည်။ သူ့ပုံစံမှာ ဘာမှ ထူးထူးခြားခြား မရှိသော်လည်း ရာဟန် ကတော့ စိတ်ဝင်စားနေမိသည်။ ကမ္ဘာပေါ်က အလင်းတွေအားလုံး ကောင်လေးအပေါ်ကို ကျရောက်နေသလို လင်းထွက်နေသည်။


 "ကျွန်တော် ရွာကိုသွားပြီး လိုအပ်တာတွေယူ ချေဦးမယ်"


ရာဟန် သူ့စကားကြောင့် မသိစိတ်ထဲကနေ စိတ်ပျက်သွားမိသည်။ သူ့ကို ဤနေရာမှာ ထားခဲ့ချင်တာကြောင့် ပေးလိုက်သော ဆင်ခြေသက်သက်ဟု ထင်လိုက်မိသည်။ သူဘယ်တော့မှပြန်လာမှာမဟုတ်ဘူးဆိုတာ ရှင်းပေသည်။


ရာဟန် သည် ထွက်သွားပြီဖြစ်သော ကောင်လေးကို စိုက်ကြည့်နေမိသည်။သူ ယခုမှ မရစဖူး၊နောင်တစိတ်တို့ရကာ စိတ်ပျက်နေမိသည်။ ရာဟန် သည် သစ်ပင်ကို မှီ၍ သူ့လက်ဖဝါးကို စိုက်ကြည့်နေမိသည်။


 သူ့လက်ဖဝါးတွေကတော့ နွေးထွေးဆဲ။


 “ဟူး…”


အသက်ကို ပြင်းပြင်းရှုသွင်းရင်း ရာဟန် သူ့ကိုယ်သူ ဖြည်းညှင်းစွာ မတ်တတ်ထရပ်လိုက်သည်။သူ ဤအတိုင်း နေလို့မရတော့။ ကောင်လေး ပြန်မလာတော့တာ သေချာနေသဖြင့် သူ့ကိုစောင့်နေလို့လည်း အသုံးမဝင်ပေ။ ယခုအချိန်တွင် ဘုရင်မ၏ လူများသည် သူ့အလောင်းကို တောနင်း ရှာဖွေနေကြပေလိမ့်မည်။ 


ရာဟန် သည် သစ်ပင်များကြားတွင် လဲပြိုနေသော သူ့ကိုယ်သူ မနည်းကုန်းထလိုက်၏။


 သူ ဘယ်လောက်ကြာကြာ လမ်းလျှောက်ခဲ့ရလဲ…


စောစောက ရာဟန်မှာ မောပန်းနွမ်းနယ်ပြီး သစ်ပင်တစ်ပင်ရှေ့မှာ လဲကျသွားရသည်။ဤအတိုင်းသာဆိုလျှင် သူ မိုးချုပ်တာတောင် တောထဲက ထွက်နိုင်မှာမဟုတ်ပေ။ ထိုစဉ် သူသည် လေဟာပြင်ထဲကို လွတ်လွတ်လပ်လပ် ငေးကြည့်ရင်း အဖြူရောင်သစ်ပင် များကြားမှတဆင့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။ သူ့ခြေလှမ်းလှမ်းသံကလည်း အိပ်မက်တစ်ခုလို ယောင်ဝါးဝါး ထွက်လာနေသည်။ လူတစ်ဦးနှင့် တစ်ဦး နီးကပ်လာသည်နှင့်အမျှ ထိုလူ၏ ပုံသဏ္ဌာန်သည် ရှင်းလင်းလာသည်။


စောစောက ကောင်လေး ပြန်လာမည်ဟု မထင်ထားတာကြောင့် သူ တော်တော်လေး အံ့ဩသွားရသည်။ ရာဟန် စိတ်ထဲတွင် ကောင်လေး လမ်းမှားပြီး ပြန်ရောက်လာသလားဟု တွေးနေမိလေသည်။


 "ကျွန်တော် ပြန်လာမယ်လို့ ပြောထားရဲ့သားနဲ့"


သူ့ခေါင်းထဲမှာ ပြည့်နှက်နေသည့် အတွေးတွေက ထိုစကားတစ်ခွန်းတည်းနှင့် ရှင်းရှင်းလင်းလင်း ပျောက်သွားရသည်။ကောင်လေးက သူ့အတွက်နှင့် ရွာထဲကို တစ်ကယ်သွားခဲ့ခြင်းပင်။သူ အံ့အားသင့်သွားပြီး လက်ချောင်းထိပ်များပါ တဆတ်ဆတ်တုန်ကာ နှလုံးခုန်သံလည်း ဆူညံလာသည်။


ထို့နောက် ဆေးကုသပေးနေသည့် ကောင်လေးက သူ့ကိုယ်သူ လီဒန် ဟု မိတ်ဆက်ပေးလေသည်။


လီဒန် ၏အမည်ကို  စိတ်ထဲက ထပ်ခါတလဲလဲခေါ်နေမိသော ရာဟန် သည် ကောင်လေး၏ မျက်နှာကို ကြည့်လိုက်သည်။ ကြည်လင်သော သူ့အပြုံးသည် လှပလွန်းသဖြင့် သူ့ရင်ထဲက ဆိုးရွားသော ခံစားချက်များ ငြိမ်သက်သွားရသည်။သူ တစ်ဆက်တည်းပင် လီဒန် နှင့်ပတ်သက်သည့် အရာအားလုံးကို ဟန်တောင်မဆောင်နိုင်ဘဲ ခြုံငုံကြည့်လိုက်သည်။ 


ယောက်ျားလေး တစ်ယောက်အတွက် သိပ်ကို သေးသွယ်လွန်းသော လည်တိုင်၊ဒဏ်ရာကို ပတ်တီး စည်းပေးသော လက်ကလေးများ၊ မျက်လုံးအိမ်နီနီလေးများ၊မျက်တောင်မွှေး ကော့ပျံပျံ များနှင့် နှုတ်ခမ်းဖူးဖူးလေးများသည် သာမာန်ဟု ထင်ရသော်လည်း သူ့စိတ်ထဲတွင် အင်မတန် ထူး‌ခြားနေသည်။


သူ့ကို တစ်ခါမှ မတွေ့ဖူးတာ သေချာပေမယ့် ဘာလို့ ဒီကောင်လေးက သူ့စိတ်ကို ဒီလောက် ဆွဲဆောင်နေရတာလဲ… သူတို့ အစတည်းက အတူတူရှိနေခဲ့သလို ဘာလို့ ခံစားနေရတာလဲ…


အချိန်အတော်ကြာ စဉ်းစားပြီးသော်လည်း သူ့ရင်ထဲက ခံစားချက်နှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း ကောက်ချက်မချနိုင်သေးပေ။


ဆေးကုပေးပြီးသောအခါ လီဒန် က ပြန်သွားဖို့ ပြင်လိုက်တာကြောင့် ရာဟန် ထိတ်ပြာသွားရသည်။ဤအတိုင်း သူ့ကို ထားမသွားစေချင်ပေ။အနည်းဆုံး သူ့ရင်ထဲက ခံစားချက်၏ အဖြေများကို ရှာဖွေချင်သေးသည်။သို့သော်လည်း သူ အတင်အကျပ်ဖိအားပေးပြီ အနားမှာ နေခိုင်းလိုက်လျှင် ကောင်လေး လည်း ကြောက်လန့်ထွက်ပြေးသွားနိုင်သည်။ ထွက်ပြေးသွားလျှင် သူလည်း လိုက်မဖမ်းနိုင်ပေ။


လူသားချင်း ကိုယ်ချင်းစာနာစိတ်ဖြင့်ပင် ကောင်လေးကို ဆွဲထားချင်သည်။ထိုသို့ ကြံပြီးသောအခါ  နောက်ဆက်တွဲ အစီအစဉ်များမှာ သဘာဝကျကျ ခေါင်းထဲက ထွက်လာတော့သည်။


ထို့ကြောင့် အစီအစဉ်အတိုင်း ရာဟန် သည် နေမကောင်းဖြစ်ဟန်ဆောင်ကာ တတ်နိုင်သမျှ ပုံပျက်ပန်းပျက် ညည်းတွားပစ်လိုက်သည်။


ထိုအခါ လီဒန် လည်း လန့်ဖျပ်သွားသဖြင့် ရာဟန် ထိုအခွင့်အရေးကို လက်လွတ်မခံခဲ့ပေ။ သူက တတ်နိုင်သမျှ သနားအောင် ညည်းပြကာ လီဒန်ကို ပြောလိုက်သည်။


 "ငါနဲ့ ခဏနပေါဦး" 


*** 


ရာဟန် နှင့် လီဒန် တို့သည် ညဘက်မရောက်ခင်လေးတင် လူသူကင်းမဲ့သည့် နေရာ၌ သစ်သားအိမ်ကလေး တစ်လုံးကို ရှာတွေ့သွားရသည်။သူတို့စကားစမြည်ပြောပြီး သိပ်မကြာခင်မှာ လီဒန် အိပ်ပျော်သွားလေသည်။


သူ အိပ်ပျော်သွားပြီးနောက် ရာဟန် သည် အိပ်ရာပေါ်မှ ထလာပြီး လီဒန် ကို ငုံ့ကြည့်လိုက်သည်။ ကောင်လေးမှာ စောစောက ဖိုသီဖတ်သီဖြစ်နေသော  အဝတ်အစားများကို လဲပစ်လိုက်တာကြောင့် သန့်ပြန့်နေကာ ဘယ်လိုပင်ကြည့်ကြည့် မိန်းမတစ်ယောက်လို ထူးခြားလှပနေ၏။ မနက်ဖြန်ကျလျှင် ဘယ်လိုပြောပြီး ဆင်ခြေပေးရမှန်းမသိသဖြင့် သူ့မျက်နှာကို ကြည့်ပြီး သက်ပြင်းချလိုက်မိ၏။


ပြတင်းပေါက် အပြင်ဘက်တွင် မိုးသည်းထန်စွာ ရွာသံကို ဆက်တိုက်ကြားရပြီး မကြာမီ သူလည်း အိပ်ရာပေါ်ပြန်လှဲနေလိုက်သည်။ ထို့နောက် အိပ်‌မပျော်သေးတာကြောင့် ပြန်ထလာပြီး ပြတင်းပေါက် အနားမှာ ရပ်လိုက်သည်။ပြတင်းပေါက်မှ အခန်းထဲ ဝင်လာသည့် လေးညှင်း၏ အေးစက်မှုက သူ့ကျောရိုးထဲကို ထိုးဖောက်ဝင်သွား၏။


ရာဟန် ဓားကို ချက်ချင်းဆွဲကိုင်လိုက်သည်။ ဤည ကောင်းကောင်းအိပ်မပျော်ရတော့ဟု သူ့စိတ်ထဲ ထင်နေမိလေသည်။


ထို့နောက် သူ သစ်သားအိမ်လေးထဲမှ ထွက်လာပြီး ဤနေရာမှ တတ်နိုင်သမျှ ဝေးဝေးသို့ လှည့်ပတ်သွားကြည့်သည်။ရန်သူသာ ရောက်လာပါက လီဒန် အန္တရာယ်ဖြစ်သွယးမှာစိုးတာကြောင့် ဖြစ်သည်။


ထိုစဉ် အဖြူရောင်သစ်ပင်တွေကို ဖြတ်ပြေးသံကို ကြားရပြီး ကြွေကျနေသည့် သစ်ရွက်ခြောက်တွေပေါ်  ဖြတ်နင်းလာသော ခြေသံများကို မိုးသံတွေနှင့် ရောထွေးကာ အတိုင်းသား ကြားရလေသည်။


တစ်ခြားတစ်ဖက်တွင်၊ မျက်နှာဖုံးစွပ်ထားသော ယောက်ျားသားများသည် ရာဟန် နောက်ကို အပြင်းအထန် လိုက်နေသည်။


ရာဟန်လည်း သတိထမိသွားကာ အိမ်လေးနှင့် ဝေးရာဆီ အတင်းပြေးတော့သည်။ သူတို့သည် တောအုပ်ကို အကြာကြီး ဖြတ်လျှောက်ပြီးနောက် မြေကွက်လပ်တစ်ခု တွေ့လိုက်ရသည်။ 


မလွတ်မြောက်နိုင်တော့မှန်း သိလိုက်ရ၍ ရာဟန် ခြေလှမ်းကို ရပ်လိုက်သည်။


လူသတ်သမားများကလည်း အခွင့်အရေးကို လက်လွတ်မခံဘဲ သူ့ဆီ တစ်ပြိုင်နက် ပြေးလာကြသည်။ များပြားလှသော ဓားရှည်များသည် မုန်တိုင်းတစ်ခုလို ရာဟန် ဆီ ဦးတည်လာကြသည်။


သို့သော် ရာဟန် သည် အရာအားလုံးကို စွန့်လွှတ်လိုက်သကဲ့သို့ မလှုပ်မယှက် ရပ်နေသည်။ထို့နောက် သူ့အသားကို ဓားနှင့် ထိတော့မည့် အချိန်မှသာ ဆောင်ဓားကို အမြန်ဆွဲထုတ်လိုက်သည်။


ထို့နောက် ရာဟန် ၏ အနက်ရောင်ဓားသည် ဓားအားလုံးကို ဘက်ပေါင်းစုံမှ တချွင်ချွင် ဝင်တိုက်ပစ်တော့သည်။ မမျှော်လင့်ထားသော သူ၏ ဓား‌ရေးကျွမ်းကျင်မှုကြောင့် စိတ်ရှုပ်နေသော လူသတ်သမားများသည် ကြောက်လန့်ပြီး ရပ်လိုက်ကြသည်။


ရာဟန် ကလည်း အခွင့်အရေးကို လက်လွှတ်မခံဘဲ သူ့ရှေ့မှ လူသတ်သမားကို ခုတ်သတ်လိုက်သည်။ခွန်မြနေသော ရာဟန် ၏ ဓားရှည်ကို မြင်လိုက်ရသည့် ကျန်လူသတ်သမားများမှာ အတင်းအသက်လုပြေးလေတော့သည်။


 "အား" 


ရာဟန် ၏ ဦးခေါင်းကို ပစ်မှတ်ထားသည့် လူသတ်သမားသည် ရာဟန်၏ ဓားချက်ဖြင့် ဝမ်းဗိုက်ကို ထိုးဖောက်မိပြီး လဲကျသွားသည်။ ကျဆုံးသွားသည့် လူသတ်သမား နောက်မှာ နောက်ထပ်လူသတ်သမားတစ်ယောက် ထပ်ထွက်လာပြီး ရာဟန် ကို ဓားနှင့် ထိုးလိုက်သည်။ နောက်ထပ်လူသတ်သမား ပြေးလာသည်ကို ဓားသွားမှတစ်ဆင့် မြင်လိုက်ရသော ရာဟန်သည် ဓားချင်းပိတ်တားလိုက်ပြီး ထိုသူ၏ ခေါင်းကို အမြန်ဖြတ်လိုက်သည်။


***


မြေပြင်ပေါ်နှင့် ရာဟန် ၏ မျက်နှာတစ်ပြင်လုံးတွင် သွေးများ ဖြန်းကနဲ စီးကျလာသည်။ သူ့ဓားနှင့် လူသတ်သမားတွေကို ခုတ်ပစ်လိုက်တိုင်း ရင်တွေ တဒိန်းဒိန်းခုန်လာတတ်သည်။ ထို့အပြင် ကျေနပ်ဂုဏ်ယူ‌သော ခံစားမှုတစ်ခုကလည်း သူ့တစ်ကိုယ်လုံးကို  ပူလောင်လာစေသည်။ ရန်သူများကို သတ်ပစ်ပြီးတိုင်း သူ့ခြေလက်များသည် တဖျင်းဖျင်းဖြစ်လာကာ စိတ်ထဲကလည်း ကျေနပ်သွားရသည်။


ယခင်က အသက်ကို ကာကွယ်ရန် ကိုင်ဆောင်ထားသော ဓားသည် ယခုတော့ လူသတ်ဖို့သာ ရည်ရွယ်ထားသလိုဖြစ်နေပေပြီ။ စောစောက သူ့မျက်လုံးများမှာ ကောင်းကင်ကြီးလို ပြာနေရာမှ ယခုတော့ နက်မှောင်ပြောင်လက်နေသည်။


 “ဟား…”


ရာဟန် သည် လူသတ်သမားအားလုံးကို သတ်ပြီးမှသာ သက်ပြင်းချပြီး မတ်မတ် ရပ်လိုက်သည်။ စောစောက လူသတ်ထားပြီးဖြစ်၍ သတ်စရာလူမရှိတော့သော ဓားမှာ သွေးများ စိုရွှဲနေသည်။ 


ထိုအချိန်တွင် သူ့ရင်ထဲက တဆစ်ဆစ် နာကျင်ကိုင်ခဲမှုကို သတိပြုမိသည်။


 ဤအတိုင်းသာ ဆိုလျှင် သူ လူသတ်သမားလုံးလုံး ဖြစ်ပေတော့မည်။


ချက်ချင်း ရာဟန် ရင်ထဲကို အကြောက်တရားကြီးက လွှမ်းခြုံသွားပြီးဘယ်တော့မှ မလွတ်မြောက်နိုင်တော့သော ရေအိုင်ထဲကျသွားသလို ခံစားနေရ၏။


ရာဟန် သည် ကတုန်ကယင် အိမ်ဘက် ပြန်လျှောက်လာသည်။တဆစ်ဆစ် ကိုက်နေသည့် ခေါင်းကိုက်ဝေဒနာကလည်း သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်။တစ်ယောက်ယောက်ကို မျှော်လင့်မိသော်လည်း သူ့ကို ဘယ်သူမှ ဂရုမစိုက်ကြပေ။ အေးစက်လှသော လေညှင်းကသာ သူ့ဘေးမှာရှိသည်။


ယခု သူသည် လူသားဆိုသည့် စိတ်ထားကလေးဖြစ်သည့် ကြိူတစ်မျှင်လေးသာ ရှိနေသည်။ဤကြိုးကို လွှတ်လိုက်ရင် အိမ်‌ထဲကို ပြေးဝင်ပြီး အိပ်ပျော်နေသည့် လီဒန် ကိုတောင် သတ်ပစ်မိနိုင်သည်။


“!” 


ထိုစဉ် နွေးထွေးသော လက်တစ်ဖက်က မိုးစက်များကြားမှ ရောက်လာပြီး သူ့ပါးကို လာထိသည်။ထိုအခါ တုန်လှုပ်နေသော ခန္ဓာကိုယ်သည် ချက်ချင်းရပ်သွားကာ တစ်နေရာရာမှ လေးညှင်းတစ်ခု တိုက်ခတ်လာသလို လန်းဆန်းသွားတော့သည်။


ပူနွေးသောခေါင်းသည် အေးလာသည်နှင့်အမျှ မှုန်ဝါးနေသော အမြင်အာရုံကလည်း ကြည်လင်ပြတ်သားလာသည်။ ရာဟန် ဖြည်းညှင်းစွာ မော့ကြည့်လိုက်ရာ ရှေ့မှာ ရပ်နေသည့် ကောင်လေးတစ်ယောက်ကို တွေ့လိုက်သည်။ဤသည်မှာ လီဒန် ဖြစ်လေသည်။


လုံးလုံးမငြိမ်းသေးသော ရင်ထဲက မီးကြောင့် ရေငတ်လာရပြီး ရာဟန် သည် လီဒန် ကို အလိုလို ပွေ့ဖက်မိလျက်သား ဖြစ်သွားရသည်။သူတို့ ရင်ဘတ် အချင်းချင်း ထိကပ်နေတာကြောင့်ရင်ခုန်သံကလည်းထိန်းမရတော့ပေ။ 


ထိုစဉ် သူတို့ လက်မောင်းသားနှစ်ခု ထိလိုက်သည့်အခါ ဆင်ခြင်တုံတရားက တဖြည်းဖြည်း ပြန်နေရာယူလာသည်။


သို့သော် ပူလောင်နေသော သူ့ခန္ဓာကိုယ်သည် လီဒန် ကိုသာ ဆက်လက် တောင့်တနေခဲ့သည်။ 


ရာဟန် ကိုယ့်ကိုယ်ကို ရပ်တန့်ရမည်ဟု သိနေသော်လည်း လီဒန်ကို တိုးဖက်ကာ အဖန်ဖန် ပွေ့ဖက်နမ်းရှုံ့‌မိနေတော့သည်။


သူမ နှုတ်ခမ်းကလည်း သဲကန္တာရထဲက ရေထက် ပိုချိုတာမို့ သူပိုပြီး တောင့်တနေမိသည်။


လီဒန် ၏နှုတ်ခမ်းကို တောင့်တနေမိသော ရာဟန်သည် မကြာမီ လီဒန်ကို အခန်းထဲ ခေါ်သွားလိုက်သည်။ 


ထို့နောက် လီဒန်ကလည်း ရေစိုအဝတ်ကိုတောင် မလဲတော့ဘဲ ရာဟန် ခေါ်ရာနောက်ကို မငြင်းဘဲ လိုက်လာ၍ အိပ်ရာပေါ် လှဲချလိုက်လေသည်။