အပိုင်း ၇
Viewers 15k

Chapter 7


ရာဟန် သည် အိပ်ပျော်နေသော လီဒန် ကို ငုံ့ကြည့်လိုက်သည်။ သူမသည် ရာဟန် ဘေးတွင် အိပ်နေခြင်းဖြစ်သည်။သူ့လက်ချောင်းများက လီဒန် ကိုယ်ပေါ်ရှိ အမှတ်နီနီလေးများကို တယုတယ ပွတ်သပ်နေမိလေသည်။ကျန်ခဲ့သည့် အမှတ်အသားတွေကို ကြည့်ရုံနှင့် သူ့ရင်ထဲ ကြည်နူးရသည်။သူတို့ဆက်ဆံရေးမှာ မြန်ဆန်လွန်းလှသော်လည်း သူနောင်တမရခဲ့ပေ။ ယင်းအစား သူ ကျေနပ်နေမိပြီး သူမသည် အလွန်ချစ်စရာကောင်းသည်ဟုပင် ထင်မိသည်။


သူက လီဒန် ၏ ဆံပင်တိုတို လေးများကို ထိလိုက်ပြန်သည်။ သူမ ဆံပင်တွေကို သူ့လက်ချောင်းတွေကြားမှာ ပွတ်သပ်ကိုင်လိုက်တိုင်း သူမအား  အပိုင်ရထားသူ တစ်ယောက်လို ခံစားရသည်။


ထို့နောက် ရာဟန် စိတ်မထိန်းနိုင်ဘဲ လီဒန် ၏ ပါးပြင်မွှေးမွှေးကို နမ်းလိုက်မိသည်။ နွေးထွေးသော သူမ ပါးပြင်ကို ထိတွေ့လိုက်သောအခါ သူ့ရင်ဘတ်က တဆတ်ဆတ်တုန်ခါလာသည်။ ပူလောင်နေသော ရင်ဘတ်ကြီးကို အေးချမ်းစေချင်သောကြောင့် စောစောက သူမကို နမ်းခဲ့သော်ငြားလည်း ယခုတော့ သူမ၏ ချစ်စရာကောင်းနေမှုကို တောင့်မခံနိုင်တော့ပေ။


မသိစိတ်ထဲက အလိုလိုပြုံးနေမိသော ရာဟန် သည် စောင်ကို အနည်းငယ် ဆွဲတင်လိုက်သည်။ထို့နောက် လီဒန် ၏ပါးပြင်ကို ညင်သာစွာထိပြီး အပြင်ကို လှမ်းကြည့်လိုက်၏။မနက် မိုးမလင်းခင် လူသေအလောင်းများကို အစဖျောက်ရမည် ဖြစ်သည်။ 


ထို့နောက် ရာဟန် က သူ၏ ရေစိုအဝတ်အစားတွေကို ချွတ်လိုက်ပြီး အစက ဝတ်ထားသည့် သွေးပေအဝတ်များကို ကောက်ကိုင်လိုက်၏။ ဘယ်လိုပင်ဖြစ်ဖြစ်၊ လီဒန် ‌ဂရုတစိုက် ငှားပေးခဲ့သည့် အဝတ်များကို မညစ်ပတ်စေချင်ပေ။ သူ အိမ်ထဲက ထွက်လာတော့ မိုးဖွဲဖွဲကျနေပြီး လေကောင်းလေသန့်လည်း ရနေသည်။ဖြူဖွေးသော သစ်ပင်များပေါ်က ရေစက်များကို တိုက်ခတ်လာသော လေနုအေးသည် ပေါ့ပါးလန်းဆန်းမှု အပြည့်ရှိသည်။ ယခုအချိန်အထိ တစ်ဘဝလုံး သူ ရှာနေခဲ့သည့် အလင်းရောင်ကို တွေ့လိုက်ရသောကြောင့် ထိုကဲ့သို့ လန်းဆန်းနေရခြင်းလည်း ဖြစ်နိုင်သည်။


ထို့နောက် ရာဟန် သည် လူသေအလောင်းများရှိရာကို လျှောက်လာခဲ့သည်။အလောင်းများသည် တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာတွင် ရှိနေသည်။ သူနှင့် ရန်သူတို့၏ ဓားများဖြင့် ကြုံရာခုတ်ဖြတ်ပစ်မိသော သစ်ပင်ကြီး ၅ပင်သည် အတုံးအရုန်း မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည်။ကံကောင်းစွာနှင့်၊ မနေ့က မိုးရွာထားတာကြောင့် သွေးတွေ အားလုံးနီးပါး မျောပါသွားခဲ့၏။ 


ရာဟန် အလောင်းတွေကို ဘယ်မှာထားရမှန်း စဉ်းစားနေမိသည်။ အကြာကြီးစဉ်းစားပြီးမှ ချုံပုတ်ထူထူများကို တွေ့သွားတာကြောင့် အလောင်းတွေကို ရွှေ့လိုက်သည်။ လူသေအလောင်း ၅လောင်းကို ရွှေ့ရသည်မှာ အတော်လေး ခက်ခဲသော်လည်း လီဒန် ရန်ပြုခံရမှာနှင့် စာလျှင် တော်သေးသည်။


 "ဒါမှမဟုတ် မကောင်းဆိုးဝါးကို မသတ်ရတာကပဲ ကံကောင်းသလား" 


အကယ်၍ သူသာ မကောင်းဆိုးဝါးတစ်ကောင်ကို သတ်ပုတ်ခဲ့ရမည်ဆိုလျှင် ခန္ဓာကိုယ်အရွယ်အစား ကြီးမားသောကြောင့် အလောင်းဖျောက်လို့ရမည်မထင်ပေ။ ပတ်​ဝန်းကျင်​ကို သေချာအစအနဖျောက်နေရသဖြင့် အချိန်တော်တော်  ကြာသွားလေသည်။


ထို့နေညက် ရာဟန် သည်  တစ်ယောက်တည်း နေနေရမည့် လီဒန် ကို ပြန်သတိရသွား၍ အိမ်ကို အမြန်ပြေးလာခဲ့သည်။ သူ့ခြေလှမ်းတွေက ပိုမြန်လာပြီး အိမ်နှင့် ပိုနီးလေလေ နှလုံးခုန်လေလေပင်။ အချိန်တိုလေးအတွင်းမှာပင် သူမ မျက်နှာကို မြင်ချင်လှပြီဖြစ်သည်


ရာဟန် သည် အိမ်အပြင်ဘက်တွင် အဝတ်အစားလဲပြီးနောက် သစ်သားတံခါးကို ဖွင့်လိုက်သည်။ထို့နောက် သူ့ဓားကိုချလိုက်ပြီး သူမ အိပ်ပျော်နေသလားဟု တွေးကာ ကုတင်ကို လှမ်းကြည့်လိုက်သည်။


သို့သော် ကုတင်ပေါ်မှာ ဘယ်သူမှမရှိတော့။


 “……” 


ရာဟန် ကုတင်ကို စိုက်ကြည့်ရင်း သူ့မျက်နှာထား တင်းမာသွားသည်။သူမ ထွက်သွားပြီလား ဟု တွေးပြီး ဘေးပတ်ပတ်လည်ကို လှမ်းကြည့်သော် သူမအိတ်ကို အခန်းထောင့်မှာ မတွေ့တော့။ တဒုန်းဒုန်းနှင့် သူ့နှလုံးခုန်သံတွေ မြန်လာရ၏။


ရာဟန် သည် အခန်းထဲမှ အမြန်ထွက်သွားပြီး နေရာတိုင်းကို လှည့်ပတ်ကြည့်လိုက်သည်။ အဖြူရောင်သစ်ပင်များနှင့် ပြည့်နေသည့် တောထဲမှာ ဘာအရိပ်အယောင်မှ မတွေ့ရချေ။ ငှက်ကလေးများ၏ တေးဆိုသံက ပဲ့တင်ထပ်နေကာ ရာဟန် တစ်ယောက်တည်း ရပ်နေပြီးမှ သူ့ စိတ်အတွေ ပြန်သတိလည်လာရသည်။ သူမ ဝေးဝေး မသွားနိုင်သောကြောင့် ယခု လီဒန် ကိုရှာပြီး ဆွဲထားမှရတော့မည်။


ကမ္ဘာကြီးပြိုလဲသွားသလို အမူအရာနှင့် ရပ်နေသည့် ရာဟန် မှာ ချက်ချင်း မဆင်မခြင်‌ တောထဲကို ပြေးသွားခဲ့သည်။ တောအုပ်ကို ဖြတ်ပြေးလာရင်း လီဒန် ၏ အမည်ကို အော်ခေါ်နေမိသည်။သူ့အသားများကို သစ်ပင် အကိုင်းအခက်များ အခြစ်ခံရမှန်းတောင် မသိလိုက်ဘဲ သူမအား အရူးအမူးရှာနေခဲ့သည်။ 


သို့သော် နေ့လယ် နေပူခေါင်ခေါင်အထိ လီဒန် ၏ ခြေရာကိုတောင် ရှာမတွေ့နိုင်ခဲ့ပေ။ နေဝင်ချိန်ရောက်သော် ရာဟန် သည် သစ်တောအလယ်တွင်သာ ရှိနေခဲ့သည်။လီဒန် ကို သူ လက်လှမ်းမမီတော့ကြောင်း ဝန်ခံရပေတော့မည်။


 “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…”


သူ့အသံက တဆတ်ဆတ်တုန်နေ၏။ ခေါင်းကို တစ်ခုခုနှင့် အရိုက်ခံရသလို မိုက်ကနဲမိုက်ကနဲလည်း ဖြစ်နေသေးသည်။သူမ ယခုလို ပျောက်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။


ရာဟန် သည် ကတုန်ကယင် သူ့ရင်ဘတ်ကို ထိထားလိုက်သည်။ အတိအကျ ပြောရလျှင် မနေ့က သူမ စည်းပေးထားသော ပတ်တီးသည် သူ့ရင်ဘတ်တွင် ခိုင်မြဲစွာ ချည်နှောင်ထားဆဲဖြစ်သည်။ထို့နောက် သူသည် ဟင်လင်းပြင်ထဲ စိုက်ကြည့်ကာ ခေါင်းကို ငုံ့ထားမိသည်။ ဆိုးရွားပြီး မဟုတ်တရုတ် စိတ်ကူးစိတ်သန်းများနှင့် စိုးရိမ်ပူပန်မှု အမျိုးမျိုးတို့က သူ့စိတ်ထဲ ရောက်လာသည်။


မနေ့က သူ ကြိုက်သလိုလုပ်လို့ ထွက်ပြေးသွားတာလား…ဒါမှမဟုတ် လုပ်ကြံသတ်ဖြတ်သူတွေကို သူမ မြင်သွားလို့လား…ဒါမှမဟုတ် သူ့ရင်ထဲက ဆိုးရွားတဲ့ ခံစားချက်တွေကို သူမ သတိထားမိခဲ့လို့လား…


ရာဟန် မျက်နှာ ပျက်သွားသည်။ နောင်တရစရာတွေက အများကြီးပင်။ 


သူသာ လူဆိုးမဟုတ်ခဲ့ရင်....


 အသက်ရှုနည်းကို မေ့သွားသလိုပင် သူ ကောင်းကောင်းအသက်မရှူနိုင်တော့။


သူမသည် ရာဟန် အတွက် အသက်ရှု နေရသည့် အကြောင်းပြချက်ခြင်းနှင့် သူ့ဘဝကို ကယ်တင်ခဲ့သူပင်ဖြစ်သည်။ သူမနှင့် ပတ်သက်သည့် အရာအားလုံးကို အစွဲအလမ်းကြီးနေခဲ့သော်လည်း သဲလွန်စတောင် မထားခဲ့ဘဲ အခုတော့ ထွက်ပြေးသွားသည်။ 


ခြောက်သွေ့နေသော မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်။ 


ရာဟန် သူဘာမှ မလုပ်နိုင်ဘူးဆိုတာ သိလိုက်ရသည်။ သူ့မှာ လီဒန်ကို ရှာရန် ခွန်အားနှင့် ငွေကြေးလည်း မရှိပေ။ အင်ပါယာကြီးထဲတွင် လီဒန်အမည်ရှိ အမျိုးသမီးတစ်ဦးကို ရှာတွေ့ရန် သူ့အတွက် မဖြစ်နိုင်ပေ။ သူ့မျက်ရည်များက မြေပြင်ပေါ်အထိ စီးကျလာသည်။ မျက်ရည်များသည် သူမ မရှိတော့သည့်အတွက် နာကြည်းမှုနှင့် စိတ်ဆင်းရဲမှုတို့၏ သက်သေဖြစ်သည်။ 


အချိန်အတော်ကြာ ခေါင်းငိုက်စိုက်ကျနေသော ရာဟန် သည် ခေါင်းကို ဖြည်းဖြည်းချင်း ပြန်မော့လိုက်သည်။ စိတ်ပျက်အားငယ်မှုတွေနှင့် ပြည့်နှက်နေသည့် သူ့မျက်လုံးများက မီးတောက်များလို ပြာလဲ့လဲ့ပင်။


 ***


ဧကရာဇ် ဘားမန်း အော်ဘီ ဟာဘက် မှာ ပြဿနာဖြစ်နေလေသည်။ အင်ပါယာထဲမှာ ပေါ်လာသည့်မကောင်းဆိုးဝါးအရေအတွက် တိုးလာတာကြောင့်ပင်။ သူသည် မကောင်းဆိုးဝါးများကို အနိုင်ယူရန် သူရဲကောင်းများကို အမိန့်ပေးခဲ့သော်လည်း သူရဲကောင်းတို့လည်း မစွမ်းဆောင်နိုင်ပေ။အဘယ်ကြောင့်ဆိုသော် သာမန်လူသားများသည် မကောင်းဆိုးဝါးများကို မကိုင်တွယ်နိုင်သောကြောင့်ဖြစ်သည်။ တစ်ကယ်တမ်းတွင်လည်း မကောင်းဆိုးဝါးတွေကို အနိုင်ယူဖို့ နည်းလမ်းမရှိပေ။မကောင်းဆိုးဝါးများကို ဖယ်ရှားဖို့ ရွေးချယ်ခံရသူများမှာ ဟာဘက် ၏ တော်ဝင်မိသားစုများ ဖြစ်သည်။


ဟာဘက် အင်ပါယာကို နတ်ဘုရားများ၏ အင်ပါယာဟု လူသိများကြသည်။ တော်ဝင်မိသားစု အားလုံးသည် နတ်သွေးများဖြင့် မွေးဖွားလာခဲ့ကြပြီး မြင့်မြတ်သော လူသားများဖြစ်သည်။ သို့ရာတွင်၊ မျိုးဆက်များ ပေါင်းစပ်သွားသည်နှင့်အမျှ မြင့်မြတ်သောအသွေး သည် အားနည်းလာကာ နောက်သားစဉ် မြေးဆက်များမှာ နတ်တန်ခိုးအနည်းငယ်ဖြင့်သာ မွေးဖွားလာကြသည်။ ကံကောင်းစွာပင်၊ ယခု အိမ်ရှေ့စံမင်းသားသည် နတ်ဘုရားများ၏ ထူးခြားသောတန်ခိုးရှိသူဖြစ်သည်။သို့သော် သူတစ်ယောက်တည်း မကောင်းဆိုးဝါးများစွာကို ကိုင်တွယ်ဖြေရှင်း၍ မရချေ။ ထို့ကြောင့် တော်ဝင်နန်းတော်သည် မကောင်းဆိုးဝ အရေအတွက် တိုးလာသည်ကို စောင့်ကြည့်ရန်မှတပါး ရွေးချယ်စရာမရှိပေ။


 "ဒါဆို မင်းက ငါ့သားလား"


ဘားမန်း သည် သူ့ကို ခပ်တည်တည်  ကြည့်နေသည်။ ယခု သူ့ရှေ့မှ သူငယ်မှာ အခုမှ ပထမဆုံးမြင်ဖူးသည့် တတိယမြောက်သား ဖြစ်နေသည်။ ဘားမန်း သည် သူ၏ တရားမဝင်သားဟု ဆိူလာသူကို ကြည့်နေသည်။တော်ဝင်မိသားစုဝင်တစ်ဦးအဖြစ် သက်သေပြရန် လုံလောက်သည့် ရွှေရောင်ဆံပင်နှင့် အပြာရောင်မျက်လုံးတို့ကို ပိုင်ဆိုင်ထားသူဖြစ်သည်။ မျက်လုံးမှိတ်ထားရုံဖြင့်ပင်စိတ်ထဲက ခံစားနိုင်သော နတ်တန်ခိုးကြောင့် ဤသူငယ်သည် သူ့သွေးသားရင်းချာဖြစ်ကြောင်း ကြွေးကြော်နေလေသည်။


ဘားမန်း  အတိတ်ကို ခဏလောက် ပြန်တွေးကြည့်မိသည်။ ဟိုးအရင်တုန်းက တောနာ်မှ အုပ်ချုပ်သူ၏ သမီးကို သူ သိမ်းပိုက်ခဲ့ဖူးသည်။ထိုညမှာပင် သူမ ထွက်ပြေးသွားတာကြောင့် သူ တစ်ညလုံး လိုက်ရှာခဲ့ရဖူးသည်။သို့သော် သူမမှာ ကိုယ်ဝန်ရှိလိမ့်မည်ဟု မမျှော်လင့်ထားပေ။


 "ဒါကို ငါဘယ်လိုယုံရမှာလဲ" 


ဤသူငယ်သည် သူ့သားဖြစ်ကြောင်း ယုံကြည်ပြီးသား ဖြစ်သော်လည်း ဘားမန်း က အေးစက်စွာပင် ပြောလိုက်သည်။


"ဒါကသက်သေပါ" 


သူက သက်သေခံ တံဆိပ်ပြားတစ်ခုကို ထုတ်ပြလိုက်၏။ဤတံဆိပ်ပြားကို ဘားမန်း က ထိုမိန်းမပျိုအား ပေးခဲ့ခြင်းဖြစ်သည်။


 "မင်းရဲ့ နာမည်က"


 " ရာဟန် ပါ" 


သူ့လေသံက ယဉ်ကျေးသော်လည်း မျက်နှာထားက တည်တံ့နေသဖြင့်   ဘားမန်း ပြုံးချင်သွားရသည်။


"မင်းအခု ငါ့ဆီလာရတဲ့ အကြောင်းရင်းကဘာလဲ" 


"ကျွန်တော် အရှင်မင်းကြီးနဲ့ အပေးအယူ လုပ်ချင်ပါတယ်"


ရာဟန် သည် ဘားမန်း အား ဖခမည်းတော်ဟု မခေါ်ပေ။ ဘားမန်း ကလည်း ထိုသို့ မခေါ်သည့်အတွက် ဘယ်လိုမှ ပြန်မပြောလိုက်ချေ။


 “အင်း "


"ဒီရက်ပိုင်း အရှင်မင်းကြီးက မကောင်းဆိုးဝါးတွေ အတွက်နဲ့ စိတ်ဒုက္ခရောက်နေတယ်လို့ ကျွန်တော် ကြားပါတယ်"


အဓိကအချက်ကို ပြောလိုက်သည်နှင့်  ဘားမန်း မျက်မှောင်ကြုတ်လိုက်သည်။ထို့နောက် ဘားမန်း က  ဆက်ပြောရန် ခေါင်းညိတ်ပြလိုက်သည်။


"ကျွန်တော် မကောင်းဆိုးဝါးတွေကို ချေမှုန်းပေးပါ့မယ်" 


"မင်းကလား"


"ကျွန်တော် အင်ပါယာကို လှည့်ပတ်သွားလာပြီး မကောင်းဆိုးဝါးတွေ အများကြီးကို သတ်ခဲ့ပါတယ်…ကျွန်တော့် အစွမ်းကို စမ်းသပ်ချင်တယ်ဆိုရင် ကျွန်တော် မကောင်းဆိုးဝါးတွေကို ဒီယူလာပေးပါ့မယ်"


ရာဟန် ၏ မျက်နှာသည် ငြိမ်သက်နေသော်လည်း ထိတ်လန့် နေပုံရသည်။လျစ်လျူရှုထားပုံ ပေါက်သော်လည်း သူ့ရင်ထဲက စိတ်ပျက်အားငယ်မှုကို ဘုရင်မင်းမြတ် ရိပ်စားမိသည်။သူ၏ စိတ်အားထက်သန်မှုက သူ့ခြေဖဝါးကို လျက်ခိုင်းလျှင်တောင် လျက်မည်ထင်ရသည်အထိ စိတ်အားထက်သန်နေတော့သည်။


"ဒါဆို မင်းဘာလိုချင်လဲ"


 "ကျွန်တော့်ကို အာဏာပေးပါ"


ဘားမန်း သည် သူ၏ ပြင်းထန်သော မျက်လုံးများကို မြင်လိုက်ရတာကြောင့် မေးစေ့ကို ပွတ်သပ်လိုက်သည်။ ဤမြင့်မြတ်သော စွမ်းအားရှိသးသည့် ရာဟန် မကောင်းဆိုးဝါးများကို သတ်နိုင်စွမ်းရှိပေသည်။ ထို့အပြင် သူ့လက်ထဲမှာလည်း မကောင်းဆိုးဝါးများကို အရှုံးမပေးဘဲ တိုက်ခိုက်နိုင်သည့် လက်နက်တစ်ခု(ဓား)ရှိနေသည်။


"ကောင်းပြီ" 


သဘောတူညီချက်ကို သေသေသပ်သပ် နိဂုံးချုပ်ပြီးနောက် ဘားမန်း သည် ထိုင်ခုံမှ ထလိုက်သည်။ ထို့နောက် ရာဟန် အနား ဖြတ်သွားစဉ် သူက တိုးတိုးလေးပြောလိုက်သည်။ 


“ဒီလေးရက်အတွင်း မင်းကို မင်းသားတစ်ပါးအဖြစ် ကြေငြာမယ်…ငါ့ သား…"


****


ရိုစီနာ သည် ဆေးခန်းထဲမှ ထွက်လာခဲ့သည်။ ဆရာဝန်ပြောခဲ့သည့် စကားသည် သူမ နားထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။ 


- ဂုဏ်ယူပါတယ် …မင်းမှာ ကိုယ်ဝန်ရှိနေပြီ


ရိုစီနာ  သူမ၏ ကိုယ်ဝန်ကိစ္စနှင့် ပတ်သက်ပြီး ရင်ထဲ ရှုပ်ထွေးနေမိသည်။ ပထမဆုံးအကြိမ် လိင်ဆက်ဆံလိုက်ရုံနှင့်ပင် ကလေးရသွားခြင်းမှာ အံ့အားသင့်စရာပင်။


 "ကိုယ်ဝန်ရှိနေတာလား" 


သူမကိုယ်သူမ ရေရွတ်နေသော ရိုစီနာ ခြေလှမ်းရပ်တန့်သွားသည်။ အကယ်၍ သူမမှာ အမှန်တကယ် ကိုယ်ဝန်ရှိနေပါက၊ ကလေး၏ ဖခင်မှာ ရာဟန် ဖြစ်ကြောင်း သေချာသည်။သို့သော်လည်း သူမ သူ့ဆီကနေ ထွက်ပြေးလာခဲ့ပြီဖြစ်သည်။ သူမသည် သူနှင့် ထပ်မပတ်သက်ရန် ကိုယ့်ကိုယ်ကို ကတိပေးကာ ခိုးထွက်ခဲ့သည်။သို့သော်လည်း မမျှော်လင့်ထားသည့် ကိစ္စတစ်ခုက သူမ၏ ခြေကျင်းဝတ်ကို ဖမ်းဆုပ်ထား၏။ 


ရိုစီနာ ဗိုက်ကို ပွတ်သပ်လိုက်သည်။ ဤအထဲမှာ အသက်တစ်ချောင်းရှိနေမှန်း သူမ မယုံနိုင်သေး။သူမ မျက်နှာ ပျက်ယွင်းသွားကာ ရေရွတ်လိုက်သည်။


 "ငါ ဖျက်ချပစ်သင့်တယ် မဟုတ်လား....." 


ဤနေရာမှာပဲ အခြေချနေထိုင်တော့မည်ဖြစ်သည့် သူမအတွက် ကလေးကို တစ်ယောက်တည်း ပြုစုပျိုးထောင်လို့ မရ‌ပေ။ ဘယ်သူမှ မသိဘဲ တိတ်တိတ်လေး မွေးပြီး ကလေးက ကြီးပြင်းလာလျှင်တောင် ဖခင်တစ်ယောက် မရှိသည့်အတွက် ခံစားရပေမည်။ နိုင်ငံရပ်ခြားတွင် ဖခင်မဲ့မိသားစုမှ မွေးဖွားလာသော ကလေးသည် တခြားကလေးများကြား ခွဲခြားဆက်ဆံခံရမည်မှာ ထင်ရှားသည်။


ရိုစီနာ သည် ရာဟန် အကြောင်းကို တွေးကြည့်လိုက်မိသည်။ သူမကို ကြည့်ကာ ပြုံးနေသော သူ့မျက်နှာက သူမ ရင်ထဲကွက်ကွက်ကွင်းကွင်း ရှိနေဆဲပင်။


သူသာ သိရင် ဘာပြောမလဲ… ကလေးကို ဖျက်ချဖို့ ပြောမှာလား…ဒါမှမဟုတ် မွေးခိုင်းမှာလား…


ရိုစီနာ  စိုးရိမ်စိတ်များစွာဖြင့် ဆက်လျှောက်လာမိသည်။ ကောင်းကင်ယံမှ နေမင်းကြီးသည် မိုးကုက်စက်ဝိုင်းပေါ် မေးတင်နေပြီး ဆည်းဆာရောင်သည် သူမ မျက်နှာပေါ်သို့ အရိပ်တစ်ခုလို ဖြာကျလာသည်။ 


နောက်ဆုံးတွင် ကမ်းစပ်သို့ ရောက်လာသောအခါ ရိုစီနာ သည် လှိုင်းလုံးကြီးများကို ငေးကြည့်နေမိသည်။ နေဝင်ချိန်၌ ပင်လယ်ရေသည် အထူးငြိမ်သက်နေလေသည်။ ခရီးစဉ်တစ်လျှောက်လုံး လမ်းဖြတ်သွားရင်း သူမ မြင်ဖူးသည့် ပင်လယ်ကြီးပင် ဖြစ်သော်လည်း ယနေ့မှ ထူးခြားနေသည်။တစ်ချိန်က သူမ မိသားစုနှင့်အတူ ပင်လယ်ကို လာချင်ခဲ့ဖူးသည်။သို့သော်လည်းတစ်ခါမှ မရောက်ဖူးခဲ့။ ယခင်တုန်းက သူမ၏ ပျော်ရွှင်ခဲ့ဖူးသော မိသားစုကို မရေမတွက်နိုင်အောင် တမ်းတခဲ့ဖူးသည်။ညီညွတ်ပြီး ပျော်စရာကောင်းသော မိသားစုဘဝကို သူမ ပိုင်ဆိုင်ချင်သည်။ သို့သော်လည်း သူမ  ဆန္ဒအတိုင်း မဖြစ်လာခဲ့ပေ။ အဖေဖြစ်သူက စောစောသေသွားပြီး အမေနှင့် ညီမလေးကည်း သူမကို လူတစ်ယောက်နှင့် ပေးစားဖို့ လျှို့ဝှက်စီစဉ်ခဲ့ကြသည်။ 


ရိုစီနာ သည် အိမ်ကြီးမှ ထွက်သွားခဲ့ပြီးနောက်မှ ပင်လယ်ကြီးကို တစ်ယောက်တည်း ကြည့်နေသည်။ 


ရိုစီနာ ရင်ဘတ်ကို ကိုင်ထားမိသည်။သူမ ရင်ထဲမှာ ရင်ခုန်သံတွေကြားရသော်လည်း ဗိုက်ထဲက ကလေးလေးကတော့ သိပ်မခုန်ရှာသေး။


ထို့နောက် ရိုစီနာ ၏ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်။ကလေးကို ထည့်တွက်ပြီး ဖျက်ချပစ်ရမည်ဟု ပြောခဲ့သော်လည်း တစ်ကယ်တမ်းတော့ သူမကြောင့်သာ ဖြစ်ပေသည်။အဘယ်ကြောင့်ဆိုသော် ကလေးအတွက် သူမ တာဝန်ယူနိုင်မည်ဟု မသေချာသောကြောင့်ဖြစ်သည်။သို့သော်လည်း ဤကလေးက သူ့မအတွက် မိသားစုဝင်အသစ် ဖြစ်လာမည်။ကလေးကို ဖျက်ဖျပစ်လိုက်လျှင် သူမ တစ်သက်လုံး နောင်တစိတ်တို့နှင့် ရှင်သန်သွားရနိုင်သည်။


ကလေးအတွက် ကောင်းမွန်သည့် မိသားစုဘဝကို ပေးနိုင်မလားဆိုတာ သူမ မသိပေမယ့်လည်းပေါ့....


ထို့နောက် ရိုစီနာ သည် နေဝင်ချိန်ကို ကြည့်ရင်း ညည်းညူလိုက်သည်။ 


"မေမေတို့ အစွမ်းကုန် ကြိုးစားကြရအောင်"