Chapter 8
"မန်း" (အမေ ဟုခေါ်ခြင်းဖြစ်)
ရိုစီနာ က ကလေးလေးကို လှည့်ကြည့်လိုက်သည်။သူမရှေ့မှာ လက်ထဲတွင် ပုံပြင်စာအုပ်တစ်အုပ် ကိုင်ထားသည့် ကောင်လေးတစ်ယောက် ရပ်နေလေသည်။
"အီလီယန်"
ရိုစီနာ က သူ့နာမည်ကို ခေါ်လိုက်သည့်အခါ ကလေးက တောက်ပစွာ ပြုံးပြသည်။ သူ့အဖေနှင့်တူသည့် အီလီယန် က နတ်သားလေးလို ချစ်စရာကောင်းပြီး သူပြုံးတိုင်း ရိုစီနာ ပြုံးမိရ၏။
ရိုစီနာ သည် အီလီယန် ၏ပါးပြင်ကို ခပ်ဖွဖွလေး ပွတ်သပ်လိုက်သည်။ ရွှေရောင်တောက်နေသော ဆံပင်နှင့် စူးရှရှမျက်လုံးများက လွန်ခဲ့သော ၇နှစ်က သူမနှင့် တွေ့ခဲ့သည့် ယောက်ျားတစ်ယောက်ကို သတိရစေသည်။
"မေမေ ဖတ်ပြရမှာလား"
အီလီယန် က ခေါင်းညိတ်လိုက်သည်။ ရိုစီနာ သည် ရွယ်တူများထက် လူကောင်သေးသော အီလီယန် ကို သူမ ပေါင်ပေါ်ပွေ့တင်လိုက်သည်။
ထို့နောက် ပုံပြင်စာအုပ်ကို ရိုစီနာ ဖတ်ပြလေသည်။ ကလေးများအတွက် ပုံပြင်စာအုပ်ကို ခြောက်နှစ်သားများ ဖတ်ရလွယ်အောင် စကားလုံးတွေနှင့်ရေးထားသည်။
ရိုစီနာ စိတ်ထဲမှ သက်ပြင်းတစ်ချက်ချလိုက်သည်။ လမစေ့ဘဲမွေးခဲ့သည့် အီလီယန် မှာ ရွယ်တူတွေထက် ဖွံ့ဖြိုးမှုနှေးကွေးပြီး စကားပြော နောက်ကျခဲ့သူဖြစ်သည်။ထို့ကြောင့် သူမသည် ကလေးနှင့် အချိန်ဖြုန်းပေးချင်သော်လည်း၊ မှူးမတ်တစ်ဦး၏ မိသားစုတွင် နေ့ခင်းဘက်တွင် ဆရာမအဖြစ် အလုပ်လုပ်ရသောကြောင့် အတူဆော့ရန် အခက်အခဲများစွာရှိပေသည်။ ထို့ကြောင့် သူမမှာ အီလီယန် အတွက် အမြဲဝမ်းနည်းနေခဲ့ရသည်။
“အရွက်အောက်မှာ အိပ်ပျော်နေတဲ့ ပိုးကောင်တစ်ကောင်က နိုးလာတော့ ထပြီး တွားသွားနေတယ်ကွဲ့"
သူမ ပုံပြင်ဖတ်ပြသောအခါ၊ အီလီယန် ၏ မျက်နှာသည် စိတ်ဝင်တစား ဖြစ်လာသည်။ ရိုစီနာ က သူ့ခေါင်းနောက်စေ့ကို ကြည့်ပြီး ပြုံးမိသည်။ ထင်ထားသည့်အတိုင်း၊ကလေးများသည် ကလေးသာ ဖြစ်သည်။
"အဲ့ဒီအချိန်မှာ တောထဲမှာ သူ့သူငယ်ချင်းတွေ ကစားနေတာလေ"
ရိုစီနာ သည် စာအုပ်ထဲမှ စာကြောင်းများကို ပြောင်းဖတ်ပြလိုက်သည်။သူမသည် ပုံပြင်စာအုပ်တစ်ချို့ကို ဖတ်ပြပြီးနောက် ယခုဆို တော်တော်ကျွမ်းနေပြီဖြစ်သည်။
"အဲ့ဒီအချိန်မှာပဲ သိမ်းငှက်တစ်ကောင် ရောက်လာပြီး သူ့သူငယ်ချင်းတစ် ကောင်ကို သုတ်သွားတယ်"
ရိုစီနာ ပြောလိုက်သောအခါ အီလီယန်က စိတ်လှုပ်ရှားစွာ အော်လိုက်လေသည်။ထို့နောက် ရိုစီနာ ရင်ခွင်ထဲ ခေါင်းငုံ့ထားတော့သည်။
“သား…ကြောက်...ကြောက်"
"ဘာမှမဖြစ်ဘူး…မေမေ ရှိတယ်လေ"
ရိုစီနာ က သူ့ကို ခပ်ဖွဖွ ပွေ့ဖက်ထားရာ အီလီယန် မှာ ကြည်ကြည်နူးနူး ပြုံးနေတော့သည်။ ကြည်လင်ပြတ်သားသော သူ့အပြုံးကို ကြည့်ပြီး သူမ နှလုံးသားတစ်ခုလုံး အရည်ပျော်သွားသည်။
မကြာမီ ပုံပြင်များအားလုံးကိုဖတ်ပြီး သွားသောအခါ အီလီယန် သည် အခြားစာအုပ်တစ်အုပ်ယူရန် စာအုပ်စင်နားကို သွားလိုက်သည်။
ဒေါက် ဒေါက်...
ရိုစီနာ သည် အိမ်ရှေ့တံခါးခေါက်သံကြောင့် မတ်တပ်ထရပ်လိုက်သည်။ တံခါးကိုဖွင့်လိုက်ရာ ပိုးထည်ဝတ်စုံဝတ်ထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက် ရပ်နေသည်ကို တွေ့ရသည်။
"မဒမ်… အယ်လီဆာ"
ရိုစီနာ မျက်လုံးပြူးသွားရကာ ထိုအမျိုးသမီး၏ နာမည်ကို ရေရွတ်မိလေသည်။
မဒမ် အယ်လီဆာ သည် ရိုစီနာ အကြွေးယူထားသော မြို့ဝန်မင်း၏ဇနီးဖြစ်သည်။ ထို့အပြင် အာစတေးနီယား နိုင်ငံကို သူမ ရောက်လာစဉ်က အခြေချနေထိုင်ရန် ကူညီခဲ့သူလည်းဖြစ်သည်။ယခုဆို ရိုစီနာ နှင့် မြို့ဝန်ကတော် အယ်လီဆာ တို့သည် အတော်လေး ရင်းနှီးနေပြီဖြစ်သည်။
"ကျေးဇူးပြုပြီး…အထဲကို ဝင်ပါဦး"
ရိုစီနာ က တံခါးကို ကျယ်ကျယ်ဖွင့်ပေးလိုက်ရာ မဒမ် အယ်လီဆာ လည်း အထဲကို ဝင်လာသည်။ အစေခံ တစ်ယောက်မှ မပါဘဲ တစ်ယောက်တည်း လာသည့် မဒမ် အယ်လီဆာ က ပုဝါကို ဆွဲခြုံလိုက်ပြီး ပြောလိုက်လေသည်။
"အင်ပါယာထဲက လူတစ်ယောက်ဆီက သတင်းရထားတယ်…ညီမရဲ့"
အင်ပါယာဆီမှ သတင်းအသစ် ကြားလာတိုင်း သူမသည် ရိုစီနာ ဆီ အရင် လာပြောတတ်သည်။
ရိုစီနာသည် သူမအနားမှာ ခဏရပ်ပြီး မီးဖိုခန်းထဲ အမြန်သွားလိုက်သည်။ သူမကို တစ်ခုခုနှင့် ဧည့်ခံရန် ပြင်ဆင်ရတော့မည်ဖြစ်သည်။ထို့နောက် ဗီရိုထဲက ဧည့်သည်လာလျှင် တည်ရန်အတွက် ဝယ်လာသည့် လက်ဖက်ခြောက်ရွက်ကိုယူကာ လက်ဖက်ရည် ဖျော်လိုက်သည်။
သူမ မီးဖိုချောင်ထဲကထွက်လာပြီး လက်ဖက်ရည်ခွက်ကို ချပေးလိုက်ရာ မဒမ်အယ်လီဆာက လက်ဖက်ရည်၏ မွှေးရနံ့ကြောင့် နှစ်သက်သွားပုံပေါ်သည်။
ရိုစီနာ သူမကို တစ်ချက်ကြည့်လိုက်သည်။ သူမ ဝတ်ထားသည့် လည်ဆွဲသည် ဟာဘက် အင်ပါယာတွင် ရေပန်းစားသော ဒီဇိုင်းတစ်ခုဖြစ်သည်။ မြို့ဝန်ကတော် အယ်လီဆာ သည် အမြင်မကျယ်သော တခြား မှူးမတ်များနှင့်မတူဘဲ တခြားနိုင်ငံများအကြောင်းကို စိတ်ဝင်စားသူ ဖြစ်သည်။ သူမသည် ယခုကဲ့သို့ ပိတ်သိမ်းရေးမူဝါဒကို စွဲကိုင်နေမည့်အစား အခြားနိုင်ငံများနှင့် သံတမန်ဆက်ဆံရေး ထူထောင်ရန် အခိုင်အမာ တောင်းဆိုရာတွင် ပါဝင်နေသူတစ်ဦးလည်း ဖြစ်သည်။ထိုမျှမကသေး၊ သူမသည် ဟာဘက် အင်ပါယာကို အထူးစိတ်ဝင်စားပြီး ရိုစီနာ ဆီလာလည်ပြီး အင်ပါယာ အကြောင်းကို နားထောင်လေ့ရှိသည်။
ရိုစီနာသည် ထောင့်တွင် ထိုင်ကာ သူမအား စိုက်ကြည့်နေသည့် အီလီယန် ကို လှမ်းကြည့်လိုက်သည်။နောက်ထပ် ပုံပြင်စာအုပ်တစ်အုပ်ကို ကိုင်ထားသည့် အီလီယန် သည် ရိုစီနာ စကားကို အသာရပ်ပြီး စောင့်နေလေသည်။ သူမကို ဘယ်တော့မှ စိတ်ပျက်အောင်မလုပ်ဖူးသည့် အီလီယန် မှာ ချီးကျူးစရာ ကောင်းသလို တစ်ခါတစ်ရံ အားလည်းအားနာရသည်။
ထို့နောက် ရိုစီနာ သည် အီလီယန် အနားကို သွားပြီး သူ့ဆံပင်ကို အသာ ပွတ်သပ်ပေးလိုက်သည်။
ထိုအခါ အီလီယန်က သူမကို မော့ကြည့်လာသည်။
"အီလီယန်… အမေ အလုပ်များတော့မယ်ထင်တယ်…အိမ်နောက်ဖေးမှာ ကစားမလား"
ထိုအခါ အီလီယန် သည် အနည်းငယ် မှုန်ကုပ်ကုပ်ဖြင့် ခေါင်းညိတ်ပြသည်။
"ညစာကို သားကြိုက်တဲ့ ကြက်စွပ်ပြုတ် လုပ်ကျွေးမယ်နော်"
"ဟုတ်…ဟုတ်ကဲ့"
ရိုစီနာ သည် အီလီယန်၏ သိတတ်မှုကို အနည်းငယ် မှင်တက်သွားရသော်လည်း ပြုံးပြလိုက်သည်။
“လိမ္မာလိုက်တဲ့ ငါ့သား"
ရိုစီနာ က အီလီယန် ပါးကို နမ်းလိုက်သည့်အခါ အီလီယန် ပြုံးနေလေသည်။
အီလီယန် ထွက်သွားသောအခါ သူမ မဒမ် အယ်လီဆာ ဘေးတွင် ဝင်ထိုင်လိုက်သည်။
မဒမ် အယ်လီဆာက လက်ဖက်ရည်သောက်ပြီးနောက် စားပွဲပေါ် ခွက်ပြန်ချထားလိုက်၏။
“လွန်ခဲ့တဲ့ သုံးလလောက်က သတင်းတွေက အရမ်းကို စိတ်ဝင်စားစရာကောင်းတယ်…ညီမရဲ့"
ရိုစီနာ မတ်မတ်ထိုင်ကာ နားစွင့်နေမိသည်။ထို့နောက် မာဒမ် အယ်လီဆာ က သူမကြားလာသော သတင်းကို တိုးတိုးလေး ပြောပြလိုက်သည်။
“ဟာဘက် အင်ပါယာရဲ့ မြောက်ဘက် ဟေလာ ဒေသမှာလေ ဧရာမ မကောင်းဆိုးဝါးကြီးတစ်ကောင် ပေါ်လာပြီး လူဒါဇင်နဲ့ချီပြီး အစားခံရလိုက်တယ်တဲ့”
'ဟေလာ' ဟူသော စကားကြောင့် ရိုစီနာ တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားရသည်။၇နှစ်ကျော်ခဲ့ပြီ ဖြစ်သော်လည်း ထိုနာမည်က သူ့မျက်နှာကို သတိရစေသည်။
(- ခင်ဗျားက ဘယ်ကလဲ…
_ဟေလာ)
ဟေလာ သည် ရာဟန် လာခဲ့သည့်ပြည်နယ်တစ်ခုဖြစ်သည်။
ထို့နောက် ရိုစီနာ သည် ခပ်ဆွေးဆွေးဖြစ်နေသော သူမ မျက်နှာအမူအရာကို အမြန်ပြင်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
"ဒါပေမယ့် မကောင်းဆိုးဝါး သေတဲ့နေ့မှာပဲ အိမ်ရှေ့စံကို နန်းတော်ထဲမှာ ထိုင်နေတာ မြင်လိုက်ရတယ်တဲ့"
"နန်းတော်ထဲမှာ အိမ်ရှေ့စံက ရှိနေတယ်…ဒါပေမယ့်မကောင်းဆိုးဝါးက သေသွားတာလား"
အတော် ထူးဆန်းပေသည်။
ဟေလာ မှ အင်ပါယာမြို့တော်သို့ အနည်းဆုံး နှစ်လခွဲကြာအောင် ခရီးသွားရသည်။ အိမ်ရှေ့စံသာ မှော်ပညာမတတ်ပါက ထိုသို့မဖြစ်နိုင်ပေ။
"ဒါကြောင့် ကောလဟာလတွေ ထွက်လာတာပေါ့"
လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်သော အယ်လီဆာ က ထပ်ပြောသည်။
"ပြီးတော့ တတိယမင်းသားကို ဘယ်သူမှ သေသေချာချာ မမြင်ဖူးဘူးတဲ့...ကြည့်ရတာ သူက ရူးနေတာထင်တယ်"
ရိုစီနာ လည်း တတိယမင်းသားအကြောင်း သိထားသည်။ လွန်ခဲ့သောနှစ်အနည်းငယ်က၊ တတိယမင်းသားကြောင့် ဟာဘက် အင်ပါယာကြီး ဇောက်ထိုးဖြစ်ခဲ့ရသည်။ ဘုရင်မင်းမြတ်၏ တရားမဝင်သားတော် တတိယမင်းသားသည် အရွယ်ရောက်နေခါမှ လူရှေ့ထွက်လာတာကြောင့် အငြင်းပွားဖွယ်ကိစ္စကြီး ဖြစ်ခဲ့ရသည်။ သို့ရာတွင် တတိယမင်းသားသည် တော်ဝင်လက္ခဏာအားလုံးဖြင့် ဖွားမြင်လာသူဖြစ်ပြီး ဘုရင်မင်းမြတ်ကိုယ်တိုင်က တရားဝင် ဝန်ခံလိုက်တာကြောင့် အနှောင့်အယှက်များ လျင်မြန်စွာ ငြိမ်သက်သွားခဲ့သည်။
နောက်ပိုင်းတွင် တတိယမင်းသားသည် ကောလဟာလမျိုးစုံကို သယ်ဆောင်လာသူ ဖြစ်တော့သည်။ အကျော်ကြားဆုံးမှာ သူက ရူးနေသဖြင့် ကိုယ့်ကိုယ့်ကို မထိန်းနိုင်ဘဲ နန်းတော်ထဲတွင်လည်း သူ့ကို သိပ်မတွေရ ဆိုသည့် ကောလဟလပင် ဖြစ်တော့သည်။
ရိုစီနာ သည် တတိယမင်းသားအကြောင်း သူမ ကြားခဲ့သည့် သတင်းများကို ပြန်တွးကြည့်ရင်း ခဏချင်း အတွေးများကို ပြန်ဖျက်လိုက်သည်။
မဒမ် အယ်လီဆာ သည် အင်ပါယာအကြောင်း အဓိက ပြောပြသူလည်းဖြစ်သည်။ သူမသည် အသေးအဖွဲဇာတ်လမ်းများမှ မှူးမတ်များ၏ သီးသန့်ကိုယ်ပိုင်ဘဝအထိ အစုံအစိ သိထားသည်။ထို့အပြင် သူမ ဆီကနေ ရိုစီနာ သိချင်သည့် ကိစ္စတော်တော်များများလည်း ထွက်လာတတ်တာမို့ သူမ အာရုံစိုင်ပြီး နားထောင်နေမိသည်။
"အိုး…ပြီးတော့ မြို့စားမင်း အက်စတာရော့ တို့မိသားစုလေ…သူတို့က သားမက်ကို ရာထူး ဆက်ခံခွင့်ပေးလိုက်တယ်တဲ့"
ကောင်းကောင်း နားထောင်နေသော ရိုစီနာ သည် သူမ စကားကြောင့် ပုခုံးမှာ ဆတ်ကနဲဖြစ်သွားရသည်။ မြို့စားမင်း အက်စတာရော့ မိသားစုသည် ရိုစီနာ၏ ကိုယ်ပိုင်မိသားစုပင် ဖြစ်လေသည်။
သားမက်ဆိုသည်မှာလည်း ယခု လောလောဆယ် လူကြားထဲ ပြန်တိုးနိုင်ဖို့ ထုတ်သုံးလိုက်သော လက်နက်တစ်ခု ဖြစ်ပေမည်။
ရိုစီနာ သည် ညီမလေး၏ မင်္ဂလာပွဲသို့ မတက်ရောက်နိုင်သည့်အတွက် ရင်ထဲက ခါးသီးနေခဲ့သည်။ မင်္ဂလာပွဲအကြောင်းကို ကြားကြားချင်း သူမ တုန်လှုပ်ခြောက်ခြားခဲ့ရပြီး သူတို့နှစ်ယောက်အား မုန်းတီးနေမိသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဝမ်းနည်းစိတ်တို့ မရှိတော့ပေ။ မသေခင် သူတို့ကို တွေ့နိုင်ဖို့ဆိုသည်မှာ အင်ပါယာကို ပြန်မလာမချင်း ဖြစ်နိုင်မည် မထင်။
ရိုစီနာ သည် မိသားစုဝင်များကို သတိရသွားတာကြောင့် ခေါင်းယမ်းပစ်လိုက်သည်။ယခုလောလောဆယ်တော့ အီလီယန် က သူမအတွက် ပိုအရေးကြီးပေသည်။
***
အီလီယန် သည် တံခါးကို ပိတ်ပြီး လှည့်ထွက်သွားသည်။ အပြင်ကို လှမ်းကြည့်လိုက်ရင်း စောစောက တောက်ပနေသည့် သူ့အပြုံးတွေ ပျောက်ကွယ်သွားရသည်။
“ဟင်း…..”
အမေဖြစ်သူမှာ အားလပ်ရက် မရတာ ကြာနေပြီမို့ တတ်နိုင်သမျှ သူမနှင့် အတူတူရှိနေဖို့ ကြိုးစားသော်လည်း ဖိတ်မထားသည့် ဧည့်သည်တစ်ယောက် ရောက်လာသည်။သူ့စိတ်ထဲက မလိုလားသော ဧည့်သည်မှာ ရိုစီနာ နှင့် ခင်မင်သော မဒမ် အယ်လီဆာ ဖြစ်တာကြောင့် အီလီယန် အရှုံးပေး ထွက်လာခဲ့ရသည်။
အီလီယန် သည် စိတ်ညစ်သွားသဖြင့် ခြံအစွန်းရှိ သစ်ပင်အောက်တွင် ထိုင်နေမိသည်။
လှပသော သစ်ပင်ကြီးသည် အေးမြသောအရိပ်ကိုလည်း ဖန်တီးပေးသည်။
ထို့နောက် သူ့အကြိုက်ဆုံး ပုံပြင်စာအုပ်ကို လွှင့်ပစ်လိုက်ကာ ဖွက်ထားသော သစ်သားသေတ္တာကိုဖွင့်၍ အခြားစာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်သည်။ ဤစာအုပ်သည် ကလေးများဖတ်ဖို့ မလွယ်ကူသော်လည်း သူကတော့ ထပ်ခါထပ်ခါ ဖတ်ပြီးသွားပြီဖြစ်သည်။
တစ်ကယ်တမ်းတွင် ကလေးဖတ် ပုံပြင်တွေဟာ ကလေးဆန်သည်ဟု အီလီယန် ထင်မိသည်။သို့သော် အမေဖြစ်သူကို အတင်းပူဆာပြီး အဖတ်ခိုင်းရခြင်းမှာ သူမ ရင်ခွင်ထဲတွင် အေးဆေးထိုင်လို့ရတာကြောင့်ဖြစ်သည်။ထို့ကြောင့် စောစောက မိန်းမကြီး ပြန်သွားလျှင်လည်း နောက်ထပ် နှစ်အုပ်လောက် အဖတ်ခိုင်းဦးမည်ဖြစ်သည်။
လေညှင်းသည် ဖြည်းညှင်းစွာ တိုက်ခတ်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံး စာရွက်လှန်သံ တဖျပ်ဖျက်ကိုသာ ကြားနေရသည်။ထိုစဉ် စာအုပ်အလယ် ရောက်သောအခါ အဝေးကနေ အသံထွက်လာသည်။
"အဲ့ဒါ စကားထစ်တဲ့ အီလီယန် ပဲကွ"
ခြံစည်းရိုးဘေးကနေ ကလေးများက အီလီယန် ကို အော်ပြောနေကြသည်။
ထိုစကားများကို အီလီယန် ခဏခဏ ကြားဖူးသည်။ထို့ကြောင့် သူတို့ကို လစ်လျူရှုပြီး စာအုပ်ကိုသာ ဆက်ဖတ် နေလိုက်သည်။ထိုငတုံး ကလေးတွေနှင့် စကားပြောရတာ သက်သက်အချိန်ဖြုန်းခြင်းသာ ဖြစ်သည်။
"မင်း ငါတို့ကို မကြားချင်ယောင်ဆောင်နေတာလား"
"သူ ငါတို့ ပြောတာကို မကြားရဘူးထင်တယ်"
"သူက အလကား ငတုံးပါကွာ"
အော်ဟစ်ဆူညံသံများ နှင့်အတူ ကလေးများက သူ့ကို စပြီး ကျီစယ်ကြသည်။ သို့သော် အီလီယန် က ခွေးဟောင်နေသလိုသာ သဘောထားပြီး မသိသလိုနေဆဲပင်။
“ဒါပေမယ့် သူ့အမေကတော့ မိုက်တယ်ကွ… အရမ်း လှတယ်”
အမေဟူသော စကားကိုကြားသောအခါ အီလီယန် စာအုပ်ကို အသံမြည်အောင် ပိတ်ပစ်လိုက်သည်။ ထို့နောက် ထိုင်နေရာမှ ထလာသောအခါ ကလေးများ ကြောင်သွားသည်။ အီလီယန်သည် သူတို့ထက် လူကောင်သေးသော်လည်း ဝုန်းကနဲ ထရပ်လိုက်တာကြောင့် ကလေးတွေ ကြောက်သွားကြခြင်း ဖြစ်၏။
"ဘယ်သူ ပြောတာလဲ"
ထက်မြက်စူးရှသော သူ့အသံကို ကြားရသောအခါ ကလေးတွေအားလုံး လန့်ကုန်ကြသည်။
"အရိုက်မခံချင်ရင် မြန်မြန်ပြောလိုက်”
စကားကို သွက်သွက်လက်လက် မပြောတတ်သည့်ကလေးတစ်ယောက်က ယခုတော့ အော်ဟစ်၍ ပီပီသသ ပြောနေလေသည်။
"မင်း…မင်း စကားကောင်းကောင်း မပြောတတ်ဘူး မဟုတ်လား"
အီလီယန် သည် ခဏမျှ တိတ်ဆိတ်သွားသည်။ အမှန်က၊သူ့အမေ အနားမှာ ရှိလျှင် တမင်တကာ စကားထစ်ချင်ယောင် ဆောင်ထားခြင်းဖြစ်သည်။သူ စကားထစ် ချင်ယောင်ဆောင်လိုက်လျှင် သူ့အမေက စာအုပ်တစ်အုပ် ဖတ်ဖတ်ပြတတ်တာကြောင့်ဖြစ်သည်။
" ပြောတတ်တော့ ဘာဖြစ်လဲ"
အီလီယန် က ယုံကြည်မှုရှိရှိ ပြန်ဖြေလိုက်သောအခါ ကလေးများ အံ့ဩသွားကြသည်။
ထို့နောက် အီလီယန် က မဝံ့မရဲ ရပ်နေကြသည့် ကလေးတွေကို ပြန်ပြောမည်ပြုစဉ်-
"အီလီယန်"
နောက်မှ အမေဖြစ်သူ၏ အသံကြောင့် အီလီယန်၏ ခန္ဓာကိုယ်သည် အေးစက်တောင့်တင်းသွားရသည်။သူ စဉ်းစားချိန်မရဘဲ စာအုပ်ကို ပစ်ချပြီး ရိုစီနာ ဆီကို ပြေးသွားတော့သည်။
“မန်း.."( အမေ )
ကလေးတွေကို အေးစက်စွာ စိုက်ကြည့်နေသော စောစောက မျက်လုံးတွေက အခုတော့ မျက်ရည်များထွက်နေလေပြီ။
"အီလီယန်"
ရိုစီနာ အံ့ဩနေပြီး အီလီယန် ကို ပွေ့ချီထားလိုက်သည်။ထို့နောက် ခြံစည်းရိုးပေါ်မှာ ရပ်နေကြသည့် ကလေးတွေကို ကြည့်လိုက်သည်။
သူ့ထက် အသက်ကြီးသော ကလေးများက ခြံစည်းရိုးတစ်ဖက် ကနေပြီး စနောက် နေတာကြောင့် အီလီယန် လန့်နေခြင်းဟု သူမ ထင်သွားသည်။
"ဘာမှမဖြစ်ပါဘူးသားရဲ့"
ရိုစီနာ က အီလီယန် ကျောပြင်ကို အသာပုတ်ပေးလိုက်၏။ သူမ ရင်ခွင်ထဲတွင်ရှိသော အီလီယန် သည် ရှိုက်ကြီးတငင် ငိုနေပြီး တစ်ဖက်ကို လှည့်လိုက်သည်။ထို့နောက် မျက်ရည်ကျနေသော သူ့မျက်လုံးများသည် ကလေးများကို စူးစူးဝါးဝါး စိုက်ကြည့်နေတော့သည်။
အီလီယန် ၏ ကြောက်စရာကောင်းသော မျက်နှာထားကြောင့် ကလေးများမှာ ပါးစပ်အဟောင်းသား ဖြစ်နေတော့သည်။