Chapter 9
အာစတေးနီယားနိုင်ငံ သည် ရွှေအမြောက်အမြားထွက်သော နိုင်ငံတစ်ခုဖြစ်သည်။ထိုဂုဏ်ပုဒ်ကို သက်သေပြထားသည့်အတိုင်းပင် အာစတေးနီယား သို့ရောက်လာပါက ရွှေကို မည်သည့်နေရာတွင်မဆို တွေ့မြင်နိုင်သည်။ ရွှေကို တင်ပို့ပြီး ချမ်းသာလာသော်လည်း အာစတေးနီယား သည် တခြားနိုင်ငံများနှင့် အဆက်အဆံမရှိဘဲ ပိတ်ထားသည့် နိုင်ငံဖြစ်သည်။
နိုင်ငံအများအပြားသည် တစ်ချိန်က အာစတေးနီယား ကို ကျူးကျော်ဝင်ရောက်ခဲ့သော်လည်း ထင်သလောက် ခရီးပေါက်ခဲ့ပေ။အကြောင်းမှာ ဘက်ပေါင်းစုံက ပင်လယ်ဝိုင်းနေသည့် ကျွန်းနိုင်ငံဖြစ်၍ လှိုင်းပြင်းတာကြောင့် သင်္ဘောကြီးတွေ ချဉ်းကပ်ဖို့ ခက်ခဲခြင်းကြောင့်ပင်။
လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာက ဟာဘက် အင်ပါယာသည် အာစတေးနီးယားနှင့် သံတမန်ဆက်ဆံရေးထူထောင်ရန်လည်း အခြိမ်းခြောက်ခံရပြီး စစ်ကြေညာခြင်းခံခဲ့ရဖူးသည်။ထို့ကြောင့် အင်ပါယာအတွက် ရှုံးနိမ့်မှုဖြစ်ခဲ့ရသည်။ကုန်းမြေအများစုဖြင့် ဖွဲ့စည်းထားသော အင်ပါယာသည် အာစတေးနီယား၏ ရေတပ်တပ်ဖွဲ့များကို အနိုင်မယူနိုင်ခဲ့ပေ။
အမှန်တစ်ကယ်တွင်၊ အာစတေးနီယား နိုင်ငံတော်သည် လုံးဝပိတ်ထားသည် မဟုတ်ချေ။ အာစတေးနီယား ပြည်သူ မဟုတ်သူများ ရွှေ့ပြောင်းနေထိုင်၍ ရသော်လည်း အခက်အခဲရှိပေသည်။ပထမဆုံးအချက်မှာ အာစတေးနီယား ဘာသာစကားကို တတ်ကျွမ်းထားရပေမည်။ သို့သော်လည်း အာစတေးနီးယား ဘာသာစကားက အရမ်းခက်ခဲ့သည့် အတွက် တစ်ချို့က အရှုံးပေးလိုက်ကြသည်။ ဒုတိယအချက်မှာ အာစတေးနီယား သို့ရွှေ့ပြောင်းနေထိုင်သူများသည် ဆယ်ရက်အတွင်း နေစရာ ရှိရမည်ဖြစ်သည်။ လူအများစုသည် နယ်ခံလူတစ်ယောက်ကိုမှ မသိတာကြောင့် နေထိုင်ခွင့်ရရန် ခက်ခဲလှပြီး ရွှေ့ပြောင်းနေထိုင်ရန် လက်လျှော့ရသည်က များသည်။
ထိုအထဲမှာ ရိုစီနာ ကမူ ကံကောင်းလှသည်။ သူမသည် ငယ်စဉ်ကတည်းက အာစတေးနီယား ဘာသာစကားကို ကိုယ့်ဘာသာကိုယ် သင်ကြားခဲ့သူဖြစ်ပြီး ဤနိုင်ငံကို ရောက်လာသောအခါ မြို့ဝန်မင်းတစ်ဦး၏ မိသားစုတွင် အလုပ်တစ်ခုရခဲ့သည်။ယခု ထိုအကြောင်းကို ပြန်တွေးလိုက်တိုင်း သူမ တော်တော်ကံကောင်းသည်ဟု ယူဆမိလေသည်။ထို့အပြင် မြို့ဝန်မင်းဆီမှာ အလုပ်တစ်ခုရခဲ့သည်မှာလည်း ကံကောင်းပေသည်။
မင်းဆွေမင်းမျိုးများနှင့် ခင်မင်ရင်းနှီးသော မြို့ဝန်မင်း ဇနီးမောင်နှံသည် အင်ပါယာ အကြောင်းကို လေ့လာချင်သည်ဟု သူမအား ပြောလာတာကြောင့် အလုပ်ခန့်ခဲ့ခြင်းဖြစ်သည်။
"ဒါဆို ဒီနေ့အတန်းအတွက် ဒါပါပဲ"
ရိုစီနာ စာအုပ်ကို ပြန်ပိတ်လိုက်သောအခါ အေးအေးဆေးဆေး စာသင်နေသော ကောင်မလေးမှာ စိတ်မကောင်းဖြစ်သွားဟန် ရှိသည်။ ဤမိန်းကလေးမှာ မြို့ဝန်မင်း ၏ အငယ်ဆုံးသမီးလေး ကေလာဟီလစ် ဖြစ်သည်။ ရိုစီနာ အာစတေးနီယားကို ပထမဆုံးရောက်တုန်းက သူမသည် ကလေးလေးသာ ရှိသေးသော်လည်းအခုတော့ မိန်းမပျိုတစ်ယောက်ဖြစ်နေပေပြီ။
"ဆရာမ…အင်ပါယာအကြောင်း ပြောပြပါဦး"
မျှော်လင့်ထားသည့်အတိုင်း အင်ပါယာအကြောင်း စကားစ,လာသဖြင့် ရိုစီနာ ရယ်မိသည်။
ကေလာ သည် သူမ၏ မိဘများလိုပင် ဟာဘက် အင်ပါယာကို စိတ်ဝင်စားသူဖြစ်သည်။ သမိုင်းဘာသာနှင့် အပြုအမူ(manners) များကို သင်ကြားရတာ မလုံလောက်သလိုပင်၊ သူမသည် အင်ပါယာနှင့် ပတ်သက်သည့် အကြောင်းများကို ပြောပြရန် ရိုစီနာ ကို အမြဲတောင်းဆိုတတ်လေသည်။
"အင်း…ဆရာမ ဒီနေ့ ချိန်းထားတဲ့ ကိစ္စ တစ်ခု ရှိတယ်"
"ဟုတ်လား"
ရိုစီနာက ပြုံးပြီး ငြင်းလိုက်သောအခါ ကေလာ မျက်လုံးပြူးသွားသည်။
"ဒါပေမယ့် မနက်ဖြန်ကျလည်း ဆရာမ မလာရသေးဘူးလေ"
ကေလာ က ရှုံ့မဲ့နေသော မျက်နှာဖြင့် ညည်းညူလိုက်ရာ ရိုစီနာ ဆွံ့အသွားရသည်။ အနည်းဆုံးတော့ သူမသည် အကျဉ်းချုံးသာ ပြောပြချင်မိသော်လည်း ကေလာက အတင်းမေးတော့မှာကို သူမ စိတ်ထဲက သိနေ၏။
“အိုး ဆရာမ… ခဏနေပါဦး"
ရိုစီနာ စိတ်ပူနေသည့်ကိစ္စကို ရိပ်မိသွားသည့်အခါ ကေလာ က အလျင်စလို တားပြီး မေးမည်ပြုလိုက်သည်။
တစ်ချိန်တည်းမှာပင် တံခါးခေါက်သံ ထွက်ပေါ်လာသည်။ ကေလာ နှင့် ရိုစီနာ သည် တံခါးဘက်သို့ လှည့်ကြည့်လိုက်ရာ အခန်းထဲသို့ လူတစ်ယောက် ဝင်လာသည်။ဝင်လာသူမှာ မုတ်ဆိတ်မွေးကို သပ်သပ်ရပ်ရပ် လုပ်ထားသော မြို့ဝန်မင်း ဟီလစ် ဖြစ်သည်။
"အဟမ်း …ကေလာ. အပြင်ကနေ အသံတွေကြားနေရတယ်"
"အဖေ"
ကေလာ က ထိုင်ခုံပေါ် ထိုင်နေရာမှ ခုန်ဆင်းလိုက်ပြီး ရှက်ရွံ့စွာဖြင့် ဆင်ခြေပေးလိုက်သည်။
"ဟီးဟီး… မရည်ရွယ်ပါဘူး"
မြို့ဝန်မင်း ဟီလစ် ကလည်း ပြုံးပြီး ရိုစီနာ ဘက်လှည့်ကြည့်လိုက်သည်။ မျက်လုံးချင်း ဆုံမိသောအခါ ရိုစီနာ သည် သူမ လက်ကို ရင်ဘတ်ပေါ်တင်ကာ အာစတေးနီယား စတိုင်လ်ဖြင့် ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
" မတွေ့တာကြာပြီနော်.. မြို့ဝန်မင်း"
"ဟုတ်တယ်…မတွေ့တာကြာပြီနော်…မစ္စ"
မြို့ဝန်မင်း က ပြုံးပြီး ပြန်ဖြေလိုက်၏။သူသည် သူ့မိန်းမ အယ်လီဆာ လိုပင် ယဉ်ကျေးပျူငှာသူဖြစ်သည်။
မြို့ဝန်မင်း ၏နံဘေးကို တွယ်ကပ်နေသော ကေလာ က ညည်းညူရင်း ပြောလိုက်သည်။
"အင်ပါယာအကြောင်း စိချင်လို့ ဆရာမကို ပြောနေတာ အဖေရဲ့"
"အင်ပါယာရဲ့ အကြောင်း…ကျွန်တော်လည်း ကြားချင်မိပါတယ်…မစ္စ"
မြို့ဝန်မင်း ဟီလစ်သည်လည်း Kayla လိုပင် မျှော်လင့်ချက်များ ပြည့်နှက်နေသည့် အသံဖြင့် ပြောလိုက်သည်။
"ဒီတစ်ခါ လက်ဖက်ရည်သောက်တဲ့ အခါကျရင် အဲ့ဒီအကြောင်း နည်းနည်း ထပ်ကြားချင်ပါတယ်…အဆင်ပြေရဲ့လား"
မြို့ဝန်မင်း မိသားစုသည် ဟာဘကါ အင်ပါယာကို အလွန်စိတ်ဝင်စားပြီး အင်ပါယာအကြောင်း ဟောပြောရန် လစဉ် ရိုစီနာကို လက်ဖက်ရည်သောက် ဖိတ်ကြားတတ်သည်။ မြို့ဝန်မင်း သည် တော်ဝင်မိသားစု၏ ဆွေမျိုးတော်စပ်သူဖြစ်ပြီး ထင်ရှားသောပုဂ္ဂိုလ်တစ်ဦးဖြစ်သောကြောင့် အချို့သော မှူးမတ်များသည်လည်း အင်ပါယာကို အာရုံစိုက်လာကြသည်။ ရလဒ်အနေနှင့်၊ သေးငယ်သည့် လက်ဖက်ရည်သောက်ပွဲကနေ ရုတ်တရက် လူများပြီး ပိုကြီးလာလေ၏။
"တောင်းပန်ပါတယ်…ကျွန်မ ဒီနေ့ အီလီယန် နဲ့ ပျော်ပွဲစားသွားမလို့ပါ"
"အိုး…ဘယ်တတ်နိုင်ပါ့မလဲလေ"
ရိုစီနာ က ရှင်းပြသောအခါ မြို့ဝန်မင်း ကလည်း ချက်ချင်းလက်ခံခဲ့သည်။ ကေလာ ကသာ အခြေအနေကို နားမလည်နိုင်ဖြစ်နေတော့သည်။
"မနက်ဖြန်မှ ပျော်ပွဲစားထွက်လို့မရဘူးလား"
"ကေလာ…ဆရာမလည်း သူ့မိသားစုနဲ့ အတူနေချင်မှာပေါ့"
မြို့ဝန်မင်း က သူမကို ဖြောင်းဖြနေစဉ် ရိုစီနာ သည် ကေလာ ခေါင်းကို အားနာနာဖြင့် ခပ်ဖွဖွပုတ်လိုက်သည်။
"တောင်းပန်ပါတယ်… ကေလာ…ဒီအစား မနက်ဖြန် ညီမအတွက် ပန်းသီး ပိုင်မုန့် လုပ်ပေးမယ်"
"တစ်ကယ်လား"
ကေလာ က ဝမ်းသာအားရ အော်ပြောလိုက်သည်။ ပန်းသီးပိုင်မုန့်သည် ကေလာ အကြိုက်ဆုံးအစားအစာဖြစ်သည်။ထို့နောက် ကေလာ က လက်ပြနှုတ်ဆက်ပြီး နောက်တစ်ခါကျလျှင် အများကြီး ပြောပြဖို့ တောင်းဆိုနေတော့သည်။
သားအဖနှစ်ယောက် နှုတ်ဆက်ပြီးနောက် ရိုစီနာ လည်း ကိုယ်တိုင် နှုတ်ဆက်စကား ပြောပြီးနောက် မြို့ဝန်မင်း ၏အိမ်မှ ထွက်ခွာသွားခဲ့သည်။
အိမ်မပြန်မီ ရိုစီနာ သည် ဈေးနားတွင် ရပ်ကာ ကုန်ခြောက်ဈေးဝယ်လိုက်သည်။ နှစ်ပေါင်းများစွာ ဈေးလာဝယ်နေတာကြောင့် ဈေးသူ၊ဈေးသားများက သူမကို တရင်းတနှီးနှုတ်ဆက်ကြသည်။ အစပိုင်းမှာတော့ မြို့ဝန်မင်း က သူမကို အလုပ်ပေးထားသော်လည်း သိပ်မခင်မင်ကြပေ။ ယခုတော့ တော်တော်လေး ခင်မင်နေကြပြီဖြစ်သည်။ လူအနည်းစုကမူ သူမကို ယခုထိ မကြည်ကြသေးသော်လည်း သူမ ဂရုမစိုက်ပေ။
သို့ဖြင့်၊ ရိုစီနာ သည် အစားအသောက်များ ချက်ပြုတ်ရန် ပါဝင်ပစ္စည်းများနှင့် အီလီယန် အကြိုက်ဆုံးပန်းသီးဖျော်ရည်ကို စျေးတွင်ဝယ်ပြီး အိမ်ပြန်ခဲ့သည်။
"မန်း"
တံခါးကိုဖွင့်လိုက်ရာ အိမ်ရှေ့တံခါးနားမှာ အရုပ်တွေနှင့် ကစားနေသည့် အီလီယန် က အမြန်ပြေးလာသည်။
"သား အရမ်းကို ကြိုးစားပြီး ဆော့နေတာပါလား"
“အဟင်း”
အီလီယန် က ခေါင်းညိတ်ရင်း ပြုံးပြလိုက်သည်။
"မေမေ နည်းနည်းနောက်ကျသွားတယ်မဟုတ်လား…တောင်းပန်ပါတယ်…အလုပ်ရှုပ်နေလို့"
"ရ…ရပါတယ်…မေမေရဲ့"
အီလီယန် က အသံကို တမင်တိုးတိုးလေးပြောပြီး ခေါင်းညိတ်ပြလိုက်သည်။ သူသည် နည်းနည်းကလေးဆန်သော်လည်း အတော်လေး ကျိုးနွံရိုသေတာကြောင့် ရိုစီနာ ချစ်စနိုး သူ့ခေါင်းကို ပုတ်လိုက်သည်။
သူမ အမြဲတွေးထားသလိုပင်၊ အီလီယန် သည် တခြားကလေးများနှင့် မတူပေ။မဖွံ့ဖြိုးသေးသော ကလေးများသည် စကားကို လက်လွတ်စပယ်ပြောတတ်ခြင်း၊တစ်ခုခုကို အလိုလိုနေရင်း မကျေမနပ်ဖြစ်တတ်ကြောင်း သူမ သိထားသည်။သို့သော်လည်း အီလီယန် ကမူ လိမ္မာယဉ်ကျေးပြီး မိဘအပေါ် အများကြီး သိတတ်သူဖြစ်၏။
ထို့နောက် ရိုစီနာ သည် မီးဖိုချောင်ထဲဝင်ကာ အစားအသောက်များ ပြင်ဆင်လိုက်သည်။ သစ်သားခြင်းတောင်းထဲတွင် ဝက်ပေါင်ခြောက်၊ ဒိန်ခဲနှင့် သစ်သီးများ ပြည့်အောင် ထည့်ထားလိုက်သည်။ ပြင်ဆင်ပြီးနောက် ရိုစီနာ သည် အီလီယန် လက်ကိုဆွဲကာ အိမ်မှထွက်လာခဲ့သည်။
သူမတို့ အိမ်နားက တောအုပ်ထဲမှာ ရေအိုင်သေးသေးလေး တစ်ခုရှိ၏။ယနေ့တော့ ပျော်ပွဲစားထွက်သည့်အနေဖြင့် အရသာရှိသော နေ့လည်စာ စားကြမည်ဖြစ်သည်။
အီလီယန် သည် ပျော်နေပုံရသဖြင့် သီချင်း တသီသီ ညည်းလာခဲ့သည်။သူဆိုနေသည်မှာ သူ့ကို ချော့သိပ်နေကျ ကလေးသီချင်းတစ်ပုဒ်ပင်။ရေကန်နားရောက်သောအခါ နှစ်ယောက်သား ပစ္စည်းများကို ချလိုက်သည်။ အေးမြသောလေက တိုက်ခတ်လာပြီး အီလီယန် ၏ရွှေရောင်ဆံပင်များကို ရှုပ်ပွသွားစေသည်။
ရိုစီနာ သားဖြစ်သူကို တိတ်တဆိတ် စိုက်ကြည့်လိုက်သည်။
ပုံမှန်မဟုတ်သော ရွှေရောင်ဆံပင်၊ မျက်လုံး၊မျက်ခုံး နှင့် လှပသော မျက်နှာထား…
သူမသည် အီလီယန် ကိုကြည့်နေရင်း ရာဟန်ကို ကြည့်နေရသလိုမျိုး ကြည်လင်ပြတ်သားလာသည်။ အီလီယန် သည် ရာဟန် ၏ကလေးဖြစ်ကြောင်း တွေ့သည့်လူ မည်သူမဆိုပြောနိုင်သည့်အထိ ရာဟန် နှင့်တူနေသည်။ ရိုစီနာ နှင့် တူသည်မှာ မျက်လုံးနီနီလေးများပင်ဖြစ်သည်။
"နေ့လည်စာစားရအောင်"
ရိုစီနာ သည် သစ်သားခြင်းတောင်းကို ဖွင့်လိုက်ရာ မွှေးပျံ့သောရနံ့တို့သည် ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားရသည်။ သူမသည် အီလီယန် အတွက် အသားညှပ်ပေါင်မုန့်ကို သပ်ရပ်စွာ လှီးဖြတ်ထားပေးလိုက်သည်။
ထို့နောက် အီလီယန် သည် ဟိုဟိုဒီဒီ ကြည့်လိုက်ရင်း အသားညှပ်ပေါင်မုန့်ကို စားလေတော့သည်။
"ကောင်းလား"
“အဟင်း… ကောင်း…ကောင်းတယ်”
အီလီယန် က ပါးစပ်နား တစ်ဝိုက်မှာ ပေါင်မုန့်များ ပေကျံနေရင်း အားရပါးရပြုံးပြလေသည်။
အီလီယန် သည် ဗိုက်ပြည့်အောင် စားပြီးနောက် ရိုစီနာ ပေါင်ပေါ်တွင် တက်ထိုင်နေခဲ့သည်။ ထို့နောက် အိမ်မှယူလာသော စာအုပ်ကို ကောက်ကိုင်လိုက်သည်။ တော်တော်ထူသည့် ပုံပြင်စာအုပ်တစ်အုပ်ပင်။ အီလီယန်သည် စာအုပ်ဖတ်ရတာ အတော်လေး ကြိုက်ရှာ၏။
အီလီယန် က ပြုံးရင်း စာအုပ်ကို ဖွင့်လိုက်သည်။ မကြာမီ လေထဲတွင် သူမအသံက တိုးတိုးလေး ပျံ့သွားကာ သစ်ကိုင်းများပေါ်တွင် နားနေသော ငှက်များက တေးသွားသီလိုက်ကြသည်။ တောအုပ်ထဲမှာ ပုန်းနေသည့် သမင်နှင့် ရှဥ့်တွေကလည်း ရိုစီနာ နှင့်၊ အီလီယန် ကို ချောင်းကြည့်နေကြတော့သည်။ ရိုစီနာ သည် ပုံပြင်စာအုပ်၏ နောက်ဆုံးအခန်းကို ဖတ်ပြီးသောအခါ၊ အီလီယန် က သူမ လက်နှစ်ဖက်ကို ဆွဲခေါ်လိုက်သည်။
"သား…သားတို့ ရေကန်ကို အတူတူကြည့်ကြမလား"
သူမလည်း အစာကြေအောင် လမ်းလျှောက်ချင်မိသည်။
"မေမေနဲ့ သားနဲ့ ဘယ်သူအရင်ရောက်လဲ ဆိုတာ ကြည့်ရအောင်"
ပြောပြီးသည်နှင့် အီလီယန်က အရင်ထွက်သွားသည်။ ထို့နောက် ဖြူဖွေးနုဖတ်သော ခြေထောက်များက ခြေတစ်လှမ်း လှမ်းလိုက်ပြီဖြစ်သည် ။ နောက်ကျနေသော ရိုစီနာ သည် အီလီယန် နောက်ကို အသာအယာ လိုက်လာခဲ့သည်။သားအမိနှစ်ယောက်ကလည်း သိပ်မကွာပေ။
ထို့နောက် အီလီယန် သည် ရေကန်သို့ ပထမဆုံးရောက်သွား တော့သည်။ထိုစဉ် လိပ်ပြာတစ်ကောင်လို ပြေးလွှားနေသည့် ခန္ဓာကိုယ်သေးသေးလေးမှာ ချက်ချင်း ရပ်သွားပြီး လဲကျသွားတော့သည်။
"အီလီယန်"
ရိုစီနာ ထိတ်လန့်သွားပြီး အီလီယန် ကိုယ်လေးကို ပွေ့ထူလိုက်တော့သည်။ မျက်လုံးမှိတ်ပြီး မလှုပ်မယှက်ဖြစ်နေသော အီလီယန် ကိုကြည့်ရင်း သူမ မျက်နှာသည်လည်း ဖြူဖျော့သွားခဲ့သည်။ ပါးပြင်လေးများ အမြဲနီနေတတ်သော အီလီယန် သည် ယခုတော့ ရေခဲရိုက်ထားသလို နှုတ်ခမ်းများမှာ ပြာတာနေတော့သည်။ သူ့လက်ကို ကိုင်ကြည့်လိုက်သောအခါ မျက်လုံးများ ကောင်းစွာ မဖွင့်နိုင်သော အီလီယန်မှာ တစ်ချက် ပါးစပ်ဟသွားပြီး အအေးဓာတ်က ထောင်းကနဲထွက်လာကြ၏။
ရိုစီနာ သည် အီလီယန် ကို ရင်ခွင်ထက် ပွေ့ဖက်ထားမိသည်။ ထိုအချိန်တွင် သူ့မျက်နှာမှာ ပြာနှမ်းလာပြီး သေလုမျောပါးဖြစ်နေတော့သည်။ထို့နောက် သူမလည်း သားဖြစ်သူကို ပွေ့ကာ ဒုန်းစိုင်းပြေးတော့သည်။
"အ…အမေ…."
ထိုစဉ် မျက်လုံးဖွင့်လိုက်သည့် အီလီယန် က ရိုစီနာ ကို ခေါ်နေ၏။ထိုအခါ သူမလည်း ပြေးနေရာမှရပ်လိုက်ပြီး ကလေး၏ မျက်နှာကို သေချာကြည့်လိုက်သည်။ထို့နောက် အီလီယန် သည် သူ့မျက်လုံးဝိုင်းဝိုင်းများကို မှိတ်ထားလိုက်ပြန်သည်။
တောထဲက ချက်ချင်းထွက်သွားသည့် ရိုစီနာ က အီလီယန် ကို ဆရာဝန်ဆီ ခေါ်သွားခဲ့သည်။သို့သော်၊ဆရာဝန်ကလည်း သူမအား အေးအေးဆေးဆေး အနားယူဖို့ ပြောပြီး၊ ကလေးမှာ ဘာရောဂါမှ မရှိပါဘူးဟု ပြောနေလေသည်။
သို့သော် ထိုနေ့ကစပြီး အီလီယန် မှာ မကြာခဏ မေ့လဲသွားတတ်သည်။ လမ်းပေါ်မှာ လမ်းလျှောက်ရင်း လဲကျချင်လည်း ကျတတ်သလို၊ ထိုင်နေချိန်မှာတောင် လဲကျသွားတတ်သည်။လဲကျသည့် အကြိမ်ရေ တိုးလာသည်နှင့်အမျှ ရိုစီနာ သည် နာမည်ကြီးဆရာဝန်တွေအားလုံးနှင့် လိုက်ပြလေသည်။
ရိုစီနာ ဘယ်လောက်ပင် ကြိုးစား၊ကြိုးစား၊ ဆရာဝန်များက ရောဂါမရှိကြောင်းသာ ပြောနေတော့သည်။
"မဖြစ်နိုင်ဘူး"
ရိုစီနာ သည် စိတ်ပျက်အားငယ်မှုအပြည့်ဖြင့် အီလီယန် ကို ပွေ့ဖက်ထားသည်။ အီလီယန် ကို ဘယ်ဆရာဝန်မှ မကုသနိုင်သည့်အတွက် ရူးမတတ် ခံစားနေရလေသည်။ထို့အပြင် မနေ့ညနေကပဲ ကောင်းသော ညနေခင်းပါ ဟု ပြောနေရှာသည့် အီလီယန်မှာ ဘယ်လောက်မှမကြာလိုက်၊ထပ်မေ့လဲသွားပြန်သည်။ပုံမှန်အားဖြင့် သူသည် တစ်နာရီအတွင်း အိပ်ရာက နိုးလာတတ်သော်လည်း၊ယနေ့တော့ နေ့တစ်ဝက်ခန့်ကြာသည်အထိ မျက်လုံးမဖွင့်သေးပေ။
ရိုစီနာ သည် ချက်ချင်း နောက်ဆုံးလက်ကျန်ဆရာဝန်ဆီ သွားလိုက်သည်။ ထိုဆရာဝန်ငယ်ငယ်က အီလီယန် ကို အိပ်ရာပေါ်မှာ လှဲစေလိုက်ပြီး သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်သည်။
ရိုစီနာ သည် မျှော်လင့်ချက်အပြည့်ဖြင့် ဆရာဝန် စမ်းသပ်နေသည်ကို စိတ်ရှည်ရှည် စောင့်နေတော့သည်။
"တောင်းပန်ပါတယ်...ဒါပေမယ့် ဒီလိုရောဂါမျိုး တစ်ခါမှ မတွေ့ဖူးဘူး"
ရိုစီနာ ကြမ်းပြင်ပေါ် အရုပ်ကြိုးပြတ် လဲကျသွားလေ၏။ထိုစကားတွေက အီလီယန် ၏ရောဂါကို ဘယ်သူမှ မကုသနိုင်ဘူးလို့ ဆိုလိုလိုက်ခြင်းပင် ဖြစ်သည်။
ရိုစီနာ သည် ကျည်ဆန်ကဲ့သို့ နာကျင်စေသော စကားလုံးများကြောင့် ကောင်းကင်ပြိုကျသလိုမျိုး ခံစားရကာ ရင်ဘတ်အောင့်လာသည်။
ဒီလိုမျိုး ဆက်ပြီးကြည့်နေဖို့ကလွဲပြီး သူမမှာ ရွေးချယ်စရာမရှိတော့ဘူးလို့ ဆိုလိုတာလား…
'အီလီယန် ကို ဆုံးရှုံးရရင်...'
"ဒါပေမယ့် နည်းလမ်းတော့ ရှိကောင်းရှိနိုင်ပါတယ်"
ဆရာဝန်၏ အသံကြောင့် ရိုစီနာ မော့ကြည့်လိုက်မိသည်။
"ခင်ဗျား အင်ပါယာကို သွားပြီး ဆေးသွားကုရင်ပေါ့"