Chapter 10
"အင်ပါယာရဲ့ ဆေးဘက်ဆိုင်ရာနယ်ပယ်က ဒီမှာထက် အများကြီး ပိုအဆင့်မြင့်တယ်လေ…အဲ့ဒါကြောင့် သူ့ကို ကုသပေးနိုင်တဲ့သူ ရှိနိုင်ပါတယ်"
ဆရာဝန် စကားကို ကြားပြီးနောက် ရိုစီနာ မျက်နှာထား တင်းမာသွားသည်။ သေချာသည်က၊ ဆရာဝန်ပြောသလိုပင် အင်ပါယာမှာ ဆေးဘက်ဆိုင်ရာနယ်ပယ်၌ ပိုအဆင့်မြင့်ပြီး ဆရာဝန်အရေအတွက်လည်း ပိုများပေ၏။
သို့သော်လည်း ရိုစီနာ သည် ဤနေရာ၌ အခြေချပြီးကတည်းက အင်ပါယာသို့ ပြန်သွားရန် တစ်ခါမှ မတွေးခဲ့ဖူးပေ။ သူမ သေသွားလျှင်တောင် ဤ နေရာမှာပဲသေပြီး ခေါင်းချမည်ဟု ကတိပြုပြီးဖြစ်သည်။
ရိုစီနာ သည် မလှုပ်မယှက်ဖြစ်နေသော အီလီယန် ကို ကြည့်လိုက်သည်။ အီလီယန် သည် မိဘနှစ်ဦး၏ ချစ်ခြင်းမေတ္တာကြောင့် မွေးဖွားလာသော ကလေးမဟုတ်ပေ။ တစ်ညတာ ဖြစ်သွားခဲ့သော အမှားတစ်ခုကြောင့် သူ မွေးလာရတာဖြစ်ပြီး ထိုနေ့ကတည်းက ကလေးအဖေကို မတွေ့ရတော့ပေ။ မည်သို့ပင်ဆိုစေ၊ ရိုစီနာ သည် အီလီယန် ကိုမွေးဖွားခဲ့သောကြောင့် ဘယ်သောအခါမှ နောင်တမရခဲ့။ အီလီယန် ကို ပထမဆုံးအကြိမ် တွေ့ရသည့် ခံစားချက်နှင့် ယခုအချိန်အထိ အီလီယန် ပေးခဲ့သော ပျော်ရွှင်မှုတို့သည် သူမအတွက် အဖိုးမဖြတ်နိုင်ပေ။
အီလီယန် သည်သာ ရိုစီနာ အတွက် အရာအားလုံး ဖြစ်သည်။ ယခု သူမသည် အီလီယန် မရှိဘဲ အသက်မရှင်နိုင်တော့ပေ။ တည်ကြည်ခိုင်မာသော မျက်နှာထားဖြင့် ရိုစီနာ က မဆိုင်းမတွ ရေရွတ်လိုက်သည်။
"ငါ အင်ပါယာကို ပြန်တော့မယ်"
***
ရိုစီနာ သည် အင်ပါယာသို့သွားတော့မည်ဟု ဆုံးဖြတ်ပြီးနောက် တစ်ရက်တည်းနှင့် သေချာပြင်ဆင်ပြီးဖြစ်သည်။
"ညီမတို့ သားအမိ ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ကြပါစေ"
မဒမ် အယ်လီဆာ သည် ရိုစီနာ ကို လက်ကိုင်ပုဝါအား ဝှေ့ယမ်း၍ ရေရွတ်ပြောလိုက်သည်။ သင်္ဘောပေါ်မတက်မီ ရိုစီနာ သည် မဒမ် အယ်လီဆာတို့မိသားစုအား ကျေးဇူးတင်ကြောင်းဖော်ပြသည့်အနေနှင့် ခေါင်းကို လေးလေးစားစား ငုံ့ထားလေသည်။ အကယ်၍ သူမတို့မိသားစု၏ အကူအညီမရခဲ့လျှင် သူမလည်း ယခုလို အင်ပါယာသို့ ပြန်လမ်းရှိမည် မဟုတ်ပေ။
လှေပေါ်တွင် ရိုစီနာ သူမ ရင်ခွင်ထဲက အီလီယန် ကိုငုံ့ကြည့်လိုက်သည်။ စာရွက်တစ်ရွက်လို ဖြူဖွေးသော ပါးပြင်လေးအတွက် သူမ အလွန်ဝမ်းနည်းမိသည်။ တစ်လလောက် လှေစီးရမည်ဖြစ်၍ အီလီယန် တောင့်ခံနိုင်ပါ့မလားဟုလည်း ပူမိသည်။ထို့နောက် သူမလည်း အီလီယန် ကို ပို၍ တင်းကျပ်ကျပ်ပွေ့ထားကာ ဆုတောင်းနေမိသည်။
'ကျေးဇူးပြုပြီး အီလီယန် ကို ကျွန်မဆီကနေ မခေါ်သွားပါနဲ့'
မကြာခင်မှာပင် သင်္ဘောထွက်သွားသည့် အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ သင်္ဘောသည် ရှေ့ကို ရွေ့လျားလာသည်နှင့်အမျှ အာစတေးနီယား နယ်မြေသည် တဖြည်းဖြည်း ဝေးကွာသွားရသည်။ နေရောင်ပြန်ဟပ်နေသည့် ရွှေရောင် သဲမြေကြောင့် ရွှေကျွန်းဟု ခေါ်ခြင်းဖြစ်နိုင်ပေသည်။ လှပသောတိုင်းပြည်ကြီးကို စိုက်ကြည့်နေသော ရိုစီနာ က ရေရွတ်လိုက်သည်။
"ကျွန်မ ပြန်လာလို့ရမလားဟင်"
ရိုစီနာ သည် တဖြည်းဖြည်း သေးငယ်လာသည့် တိုင်းပြည်ကြီးကို ကြည့်ရင်း နှုတ်ခမ်းကို ကိုက်ထားလိုက်မိသည်။ ယခုတော့ သူမတို့ အင်ပါယာကို အမှန်တစ်ကယ် ပြန်လာကြကြောင်း ရင်ထဲ ခံစားလို့ရလာ၏။မနေ့ကတည်းက အီလီယန် ကို ကယ်တင်နိုင်မည်ဟု ထင်ထားသည်။
ရိုစီနာ သည် သူမ မှတ်ဉာဏ်တွင် မြှုပ်နှံအစဖျောက်ထားသော အင်ပါယာကို ပြန်သတိရမိသည်။
သူမ မွေးဖွားကြီးပြင်းရာ မြို့စားမင်း အိမ်ကြီး၊ သူမနှင့်အတူအမြဲရှိနေသည့် မိသားစုဝင်များနှင့် ကြီးကျယ်ခမ်းနားသော လူ့အဖွဲ့အစည်းများ…
အမှတ်ရစရာများစွာ တွေးတောပြီးအဆုံးတွင် ရာဟန် ၏ မျက်နှာကို သတိရလာသည်။
“……”
သူ့အကြောင်း တွေးရင်း စိတ်တွေ ထုံကျင်လာသည်။ နာကျင်မှုတွေ ဝင်လာတာကြောင့် ရိုစီနာ အသက်ပြင်းပြင်းရှူလိုက်မိသည်။ ယခုဆို ရာဟန် သည် ထိုနေ့ကို လုံးလုံး မေ့သွားပေလိမ့်မည်။ ဘာလိုပင်ဖြစ်ဖြစ်၊ ညတွင်းချင်း ဖြစ်သွားတာဖြစ်၍ ဘယ်သူမဆို မေ့သွားမည်သာ။ယခုတော့ အချိန်တွေကုန်လွန်နေပြီ။ သူလည်း တခြားမိန်းမတစ်ယောက်ကို လက်ထပ်ပြီးသား ဖြစ်နိုင်သည်။ သူသည် ဧကရာဇ်မိသားစုမှ ဆင်းသက်လာသူ ဖြစ်တာကြောင့် သူလက်ထပ်သည့် မိန်းကလေးမှာ ရာထူးဂုဏ်သိမ်ပေါများနိုင်ပြီး သားသမီးများလည်း ထွန်းကားနေရော့မည်။
ထိုသို့တွေးနေသော ရိုစီနာ ၏ မျက်နှာပေါ်တွင် ခါးသီးမှုများ ရှိနေသည်။ သူမ စိတ်ထဲဘာကြောင့် လေးလံနေမှန်းမသိ။
ထို့နောက် ရိုစီနာ သည် အီလီယန် ၏ ခေါင်းကို အသာကိုင်ထားကာ မျက်လုံးကို မှိတ်ထားလိုက်တော့သည်။
***
အာစတေးနီယား မှထွက်ခွာပြီး တစ်လခန့်အကြာတွင် ရိုစီနာ သည် အင်ပါယာထဲသို့ လုံခြုံစွာဝင်ရောက်နိုင်ခဲ့သည်။ အီလီယန် မှာ မနိုးလာသေးသော်လည်း ပိုလည်းဆိုးမလာခဲ့ပေ။
ရိုစီနာ သည် ဆိပ်ကမ်းမှ ရထားလုံးတစ်စီးကို ငှားခဲ့ပြီး အနီးနားရှိ မြို့ကြီးတစ်မြို့ဆီကို ဦးတည်သွားလိုက်သည်။ အကောင်းဆုံး ဆရာဝန်တွေစုထားသည့် အင်ပါယာဖြစ်တာကြောင့် အီလီယန် ၏ ရောဂါကကို သူတို့ သိကြပေလိမ့်မည်။လျင်မြန်စွာ သွားနေသော ရထားလုံးသည် မြို့ကြီး၏ မုခ်တံခါးဝတွင် ရပ်တန့်သွားသည်။ လုံခြုံရေးအရ စစ်ဆေးကြပုံရသည်။
ရိုစီနာ ဦးထုပ်ကို ဆွဲချလိုက်သည်။ ယခုတစ်ခါတော့ သိပ်လည်း ရုပ်ဖျက်မထားပေ။သူမကို ဘယ်သူမှ မှတ်မိမှာ မဟူတ်ဘူးဟု တွက်ထားတာကြောင့်ပင်။ခဏကြာတော့ ရထားလုံးကို လက်ဖြင့် ညင်သာစွာ ပုတ်သံကြားရပြီး တံခါးကိုလည်း တစ်ယောက်ယောက်က ဆွဲဖွင့်လာသည်။
"စစ်ဆေးရပါမယ်"
အစောင့်တွေက ထိုင်နေသည့် ရိုစီနာ အား ပြောလိုက်သည်။
"ကျေးဇူးပြုပြီး ဦးထုပ်ကို ချွတ်ပါ"
ချက်ချင်းပင် တုံ့ဆိုင်းနေသော ရိုစီနာ သည် ဦးထုပ်ကို အသေအချာ ချွတ်လိုက်သည်။ဦးထုပ်ထဲ လိပ်ထည့်ထားသော အနီရောင်ဆံပင်များက သူမ ပခုံးပေါ် ပြေကျသွားသည်။ အနီရောင်ဆံပင်ပိုင်ရှင်များသည် အင်ပါယာထဲမှာ သိပ်မရှိကြတာကြောင့် အစောင့်တွေအံ့ဩသွားပုံရသည်။
"နောက်ဆုံးအနေနဲ့ ID ကို စစ်ဆေးခွင့်ပြုပါ"
ရိုစီနာ သည် အာစတေးနီယားမှ အပြေးအလွှား ထွက်လာရသောကြောင့် တံဆိပ်အတုလုပ်၍မရခဲ့ပေ။ထို့အပြင် သူမသည် မြို့စားမင်း အက်စတာရော့ မိသားစု တံဆိပ်ပြားကို ယူလာခဲ့သော်လည်း ပြလိုက်ပါက စစ်ဆေးရေးဂိတ်သို့ ချက်ချင်းခေါ်ဆောင်သွားမည်ဖြစ်သည်။ထိုအခါ ၇နှစ်ကြာ ပျောက်ဆုံးနေခဲ့သော မြို့စားမင်း၏ သမီးကြီး ပေါ်လာလိမ့်မည်။
ထို့နောက် ရိုစီနာ က စိတ်တိုတိုနှင့် အိတ်သေးလေးကို ထုတ်ပြီး သူတို့ကို ပေးလိုက်သည်။
"သိပ်မများပေမယ့် လက်ခံပေးပါ"
အစောင့်တွေက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အိတ်ကို ယူလိုက်သည်။ သူတို့ အိတ်ကိုဖွင့်လိုက်သောအခါ လက်တစ်ချောင်းခန့်ရှိ ရွှေတုံးတစ်တုံးကို တွေ့လိုက်ကြသည်။ထိုအခါ သူတို့လည်း ပါးစပ်အဟောင်းသားနှင့် ချောင်းတဟွတ်ဟွတ် ဆိုးနေကြတော့သည်။
“အဟမ်း…ရပါပြီ…တံဆိပ်ပြားလည်း ကြည့်ပြီးပြီမို့ ဝင်လို့ရပါပြီ"
ရိုစီနာ သည်လည်း ခေါင်းကိုပြန်ငုံ့ကာ ရထားလုံးပေါ် ပြန်တက်လိုက်သည်။
အင်ပါယာသည် အကျင့်ပျက်ခြစားမှု များပြားနေသည်ဟု သူမ ထင်ထားသော်လည်း ယခုလို လာဘ်ထိုးခြင်းကိုအလွယ်တကူ လက်ခံမှန်း သူမ မသိခဲ့ပေ။
ရိုစီနာ သည် ခါးသီးစွာဖြင့် ပြတင်းပေါက်အပြင်ကို လှမ်းကြည့်လိုက်သည်။ ဤသည်မှာ အိပ်မက်ထဲတွင်သာ မြင်ဖူးသော အင်ပါယာ၏ မြင်ကွင်းဖြစ်သည်။ အချိန်အတော်ကြာပြီးနောက်တွင်ပင်၊ များစွာပြောင်းလဲခြင်းမရှိသော ရှုခင်းများသည် ရိုစီနာ အား ဝမ်းပန်းတသာ ကြိုဆို နေလေသည်။
မြို့ထဲရောက်လာသောအခါ ရိုစီနာ က ရထားလုံးအငှားခကို ပေးချေပြီး အီလီယန် ကို ကုန်ပိုးလိုက်၏။ အခုကစပြီး ဆရာဝန် ရှာရတော့မည်ဖြစ်သည်။ ကလေးငယ်ကို ကုန်းပိုးပြီး လှည့်ပတ်သွားနေသော အမျိုးသမီးငယ်တစ်ဦးကို လူအများက အထူးအဆန်းသဖွယ် ဝိုင်းကြည့်လိုက်ကြသည်။ သူမလည်း ထိုအကြည့်များကို လျစ်လျူရှုကာ ဒေသခံ ဆရာဝန်များဆီကို သွားလိုက်သည်။ သို့သော် မျှော်မှန်းချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်စွာပင် ဆရာဝန်များသည် စိတ်ရှုက်ဟန်ဖြင့် ခေါင်းကိုသာ ခါပြနေကြတော့သည်။
နေဝင်ချိန်ရောက်သည်အထိ ရိုစီနာ လည်း မျှော်လင့်ချက်အပြည့်ဖြင့် အခြားဆရာဝန်များကို ရှာဖွေနေတော့သည်။
"ဒီရောဂါအကြောင်း မသိပါဘူး"
ရိုစီနာ သည် ဆရာဝန်၏ အဖြေကြောင့် ခေါင်းငုံ့သွားမိသည်။ မျှော်လင့်ချက် ရောင်ခြည်တစ်ခုမှတောင် မရှိတော့သလို ဖြစ်ကာ ဟိုးချောက်နက်ကြီးထဲ ပစ်ချခံလိုက်ရသလို ဖြစ်နေတော့သည်။
"ခင်ဗျား… မြို့တော်က ဆရာဝန်ဆီ သွားဖူးလား"
"မြို့တော်"
“ဟုတ်တယ်…အထင်ရှားဆုံး ဆရာဝန်တွေက မြို့တော်မှာပဲ ရှိတာ”
“အာ”
ရိုစီနာ ပါးစပ်အဟောင်းသားပင်။ ဆရာဝန်ပြောတာလည်း မမှားပေ။မြို့တော်က အလွန် စည်ကားပေသည်။ထို့ကြောင့် မြို့တော်တွင် ဆေးဘက်ဆိုင်ရာနည်းပညာများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်မှာ ထင်ရှားသည်။ မျှော်လင့်ချက်ပြန်ရလာသော ရိုစီနာ သည် အီလီယန် ၏ အေးစက်စက် လက်တစ်ဖက်ကို ဆုပ်ကိုင်ထားလိုက်သည်။ အီလီယန် ကို ကယ်တင်နိုင်ခဲ့လျှင် သူမလည်း ပျော်ရွှင်စွာဖြင့် ဘဝခရီးကို လျှောက်လှမ်းနိုင်မည်ဖြစ်သည်
ထို့နောက် ရိုစီနာ သည် တည်းခိုခန်းတစ်ခုကို သွားလိုက်သည်။ယခုချက်ချင်း မြို့တော်ကို သွားချင်သော်လည်း နောက်ကျပြီး ပင်ပန်းနေပြီဖြစ်သည်။
ရိုစီနာ သည် အီလီယန် ကို အိပ်ယာပေါ်တွင် လှဲသိပ်လိုက်ပြီး ကြည့်လိုက်သည်။ အီလီယန် သည် လွန်ခဲ့သော တစ်လခန့်ကတည်းက မျက်လုံးမဖွင့်ရသေးပေ။ သေမင်းခေါ်သွားသလို အိပ်ပျော်နေသော အီလီယန် သည် အသက်ကို တိုးတိုးမျှင်းမျှင်း ရှူနေရှာသည်။
"ငါ အနည်းဆုံးတော့ ရောဂါကိုတော့ သိချင်သေးတယ်"
အီလီယန် ၏ ခေါင်းကို ပွတ်နေသော ရိုစီနာ သည် အလွန်ဆာလောင်နေသည်။ နောက်မှ သူမသ ယနေ့ တစ်နေကုန် ဘာမှ မစားရသေးတာကို သတိရသွားသည်။
နာကျင်ကိုက်ခဲနေသော ရိုစီနာ မတ်တတ်ထလိုက်သည်။ အားရစရာဖြစ်လာမည့် မနက်ဖြန်အတွက် တစ်ခုခုစားတာက ပိုကောင်းမည်ထင်သည်။ သူမ အောက်ထပ်သို့ ဆင်းလာသောအခါ စားသောက်ဆိုင်၌ လာရောက် စားသောက်ကြသော ဖောက်သည်များဖြင့် စည်ကားနေသည်။
ရိုစီနာ ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းထားပြီး ထောင့်တစ်နေရာမှာ ထိုင်နေလိုက်သည်။ အော်ဒါမှာပြီးသည်နှင့် သူမ ဘေးမှာ ထိုင်နေသူတွေ၏ အသံကို ကြားလာရ၏။
"အဲ့ဒါ မင်းကြားလား… တတိယမင်းသားရဲ့ အကြာင်း'
"တတိယမင်းသား…သူက ရူးနေတာမလား"
အင်ပါယာ ပြည်သူများအတွက် တော်ဝင်မိသားစု၏ ဇာတ်လမ်းသည် အာလူးပူပူလို အမြဲအာရုံစိုက်ခံရသည်။ သူတို့သည် ဘုရင်မင်းမြတ်အပေါ် သစ္စာစောင့်သိသောကြောင့် တော်ဝင်မိသားစုနှင့်ပတ်သက်သော ဇာတ်လမ်းကို အလွန်စိတ်ဝင်စားသူများ ဖြစ်သည်။ အထူးသဖြင့် အိမ်ရှေ့စံသည် အင်ပါယာတစ်လျှောက်လုံးက မကောင်းဆိုးဝါးမျိုးစုံကို နှစ်အတော်ကြာ နှိမ်နှင်းပြီးကတည်းက တော်ဝင်မိသားစု၏ အရှိန်အဝါမှာ ပြောင်းလဲသွားခဲ့သည်။ တော်ဝင်မိသားစုသည် ကြီးကျယ်မြင့်မြတ်ပြီး လူတိုင်း၏လေးစားမှုကို ခံယူကြသူများ ဖြစ်လာရသည်။
သို့သော်လည်း တော်ဝင်မိသားစုမှာ ပစ်ချက်တစ်ခုတော့ရှိသည်။အဘယ်ကြောင့်ဆိုသော် တော်ဝင်အမှိုက်ဟုခေါ်သော တတိယမင်းသားကြောင့်ဖြစ်သည်။ လွန်ခဲ့သောနှစ်အနည်းငယ်က တတိယမင်းသားသည် အရူးရောဂါ ထနေသောကြောင့် ရဲတိုက်ထဲတွင် ပိတ်ထားခံရပြီး သရဲတစ္ဆေလို နေထိုင်ခဲ့ကြောင်း သူမ ကြားသိခဲ့ရသည်။ ရိုစီနာ သည် တတိယမင်းသားနှင့်ပတ်သက်သော ကောလာဟလများကို ပထမဆုံးကြားသောအခါ၊ မဆီမဆိုင် ရာဟန် လားဟု တွေးမိသည်။ အကြောင်းမှာ တတိယမင်းသားစည် ရိုစီနာ နှင့် ရာဟန် တို့ တွေ့ပြီးနောက်ပိုင်းမှ တော်ဝင်မိသားစုထဲ ဝင်လာတာကြောင့်ဖြစ်သည်။
သို့သော်လည်း ကောလဟာလတွေအရတော့ ရာဟန် ဟုတ်မည်မထင်ပေ။တတိယမင်းသားမှာ ရုပ်ဆိုးသည်ဟု ပြောသံကြားပြီး ရာဟန်ကမူ ရိုစီနာ မြင်ဖူးသမျှ ယောက်ျားထဲမှာ အလှပဆုံးလူသားပင်ဖြစ်သည်။ ရာဟန် သည် တတိယမင်းသား ဖြစ်ခဲ့လျှင်လည်း သူမကို မေ့ပြီး ရှေ့ဆက်လျှောက်မည့် သူဖြစ်သည်။
“မြို့တော်ရဲ့အလယ်မှာလေ တတိယမင်းသားကို တွေ့လိုက်တဲ့လူရှိတယ် ဆိုပြီး ကြားတယ်"
ရိုစီနာ သည် အကြောင်းပြချက်မရှိဘဲ အသက်ရှုကြပ်သွားမိသည်။ တော်ဝင်မိသားစု အကြောင်းကို ကြားလိုက်တိုင်း သူမ ပုခုံးတွေ သိသိသာသာ တောင့်တင်းသွားရသည်။အကြောင်းမှာ ရာဟန်ကို ဖျတ်ကနဲ တွေးလိုက်မိခြင်းကြောင့် ဖြစ်သည်။
"တတိယမင်းသားဆိုတာ အဲ့ဒီလူက ဘယ်လိုလုပ် သိတာလဲ…ကောလဟာလ တွေကတော့ ပေါပါရဲ့…ဒါပေမယ့် သူ့မျက်နှာကို ဘယ်သူမှ ကောင်းကောင်းမမြင်ဖူးဘူး”
“သူ့ဆံပင်ကို ကြည့်ရင် သိတာပဲ…ပြီးတော့ သူ့အနားက လူတွကလည်း အရှင့်သားလို့ခေါ်တယ်တဲ့"
“အင်း အဲ့ဒါကတော့…”
နားထောင်နေသူက ခေါင်းကုတ်လိုက်သည်။ ထို့နောက် မျက်နှာချင်းဆိုင် ထိုင်နေသူက ညည်းညူလိုက်သည်။
“သူ တစ်ခုခုကို ဟန်ဆောင်ထားတာ ဖြစ်နိုင်တယ်… အဲ့ဒီ အရှက်မရှိတဲ့ ကောင် ဘာပဲလုပ်လုပ်……"
"ရှူး"
တစ်ဖက်လူက ရှူးကနဲ လုပ်ပြလိုက်၍ သူလည်း ပါးစပ်ကို လက်နှင့် အုပ်ထားလိုက်၏။တည်းခိုခန်းက ဘယ်လောက်ပင် သေးငယ်နေပါစေ၊ တော်ဝင်မိသားစု၏ အတင်းအဖျင်းကို ပြောဖို့ မသင့်ပေ။ တတိယမင်းသားသည် တော်ဝင်မိသားစုကို အရှက်ကွဲစေသူ ဖြစ်ပြီး အရူးဖြစ်နေသော်လည်း၊ သူသည် အင်ပါယာမိသားစုဝင်တစ်ဦးသာ ဖြစ်၏။သူတို့လည်း အခုမှ ကြောက်သွားဟန်ဖြင့် ဘေးဘီကို ဝေ့ဝဲကြည့်လိုက်ကြသည်။ သို့သော်လည်း အားလုံးက အချင်းချင်း စကားပြောရင်း အလုပ်ရှုပ်နေလေသည်။ထိုအခါမှ နှစ်ယောက်သား စိတ်အေးလက်အေးနှင့် စကားလမ်းကြောင်းလွှဲလိုက်ကြသည်။
"စကားမစပ်၊ ဒီရက်ပိုင်း မြို့တော်မှာ သူရဲကောင်းတွေ အများကြီး ခြေရှုပ်နေကြတယ်လို့ ကြားတယ်…ဘာဖြစ်တာလဲ"
“အဲဒါတော့ မသိဘူး… နိုင်ငံတော် သစ္စာဖောက်မှုတွေများနေလို့ ရာဇ၀တ်ကောင်ကို ရှာနေတာ ဖြစ်မယ်"
တိတ်တဆိတ်နားထောင်နေသော ရိုစီနာ သည် သူတို့စကားများကိုလည်း ဆင်ခြင်သုံးသပ်မိသည်။ သူရဲကောင်းများ လှည့်လည်သွားလာနေသဖြင့် မြို့တော်တွင် အကြာကြီးနေရန် အဆင်မပြေပေ။ အရင်ကလိုမျိုး ယောက်ျားတစ်ယောက်လို ၀တ်ဆင်ချင်သော်လည်း သူမတွင် အီလီယန် ရှိသောကြောင့် ခက်ခဲပေသည်။ မည်သို့ပင်ဆိုစေ၊ သူမတို့သည် သားအမိ ပုံစံသာပေါက်နေမှာဖြစ်၍ သိပ်လည်း လူမသိလောက်ပေ။
ရိုစီနာ သည် အကြောင်းပြချက်မရှိသည့် စိုးရိမ်မှုများကို မျိုသိပ်ထားလိုက်သည်။ ဘယ်လိုပင်ဖြစ်ဖြစ်၊ သူမကို လူတိုင်းမေ့နေကြပေရော့မည်။ထို့ကြောင့် သိပ်လည်း စိတ်ပူမနေဘဲ အေးအေးဆေဆေးသာ ကျော်ဖြတ်နိုင်ပေသည်။