Chapter 11
ရိုစီနာ သည် ဦးထုပ်ကြီးကြီးကို ဆောင်းကာ မြို့တော်၏ လမ်းမအတိုင်း လျှောက်လာခဲ့သည်။ ၇နှစ်အတွင်း အင်ပါယာသည် ဤမျှပြောင်းလဲသွားမည်ဟု သူမ မထင်ခဲ့ချေ။ အဆောက်အဦးများနှင့် ပြည်သူများ၏ ဖက်ရှင်စတိုင်လ်က အများကြီး ပြောင်းလဲသွားသည်။ ထို့ကြောင့် ရိုစီနာ သည် အတိတ်မှလာသူ အချိန်ခရီးသွား တစ်ယောက်လိုဖြစ်နေသည်။
ရိုစီနာ သည် သွားလာနေသည့် ပြည်သူများကို လိုက်မေးကြည့်ရာ ဆရာဝန်တစ်ယောက်ကို တွေ့သွားခဲ့သည်။ သို့သော် ထိုဆရာဝန်ကလည်း ရောဂါကို ခွဲခြားရန် ခက်ခဲတာကြောင့် တခြားနေရာကို လွှဲပေးလိုက်သည်။
ရိုစီနာသည် အီလီယန် ကို ပွေ့ကာ ဆေးခန်းထဲမှ ထွက်လာပြန်သည်။ဆရာဝန်ပေးသော အဖိုးတန် ဆေးစာရွက်ကို ကိုင်ကာ လမ်းပေါ်ပြန်ထွက်လာခဲ့သည်။ လမ်းဘေးဝဲယာမှာလည်း အတော်လေးကို စတိုင်ကျသည့် လူအများက ဟိုဒီသွားလာနေကြ၏။
သူမ လူကြားထဲမှာ တိုက်မလဲအောင် သတိထား လျှောက်လာခဲ့သည်။ထိုစဉ် အဝေးမှ မြင်းခွာသံများကို ကြားရသည်။ ရိုစီနာလည်း လန့်ပြီး နံရံကို ပြေးကပ်လိုက်ရာ ချက်ချင်းဆိုသလို မြင်းစီးသူရဲ နှစ်ယောက်က သူမ ဘေးမှ ဖြတ်ကျော်သွားတော့သည်။
ရိုစီနာ နေရာတွင် ရပ်လိုက်ပြီး သူတို့နောက်ကျောကို လှမ်းကြည့်လိုက်သည်။ တစ်ခဏချင်း နှလုံးခုန်သံတွေ ပိုမြန်လာပြီး အမျိုးအမည်မသိသော စိုးရိမ်ပူပန်မှုတစ်ခု ဝင်လာရသည်။
“ဒီရက်ပိုင်း မြို့တော်မှာ သူရဲကောင်းတွေ အများကြီးတွေ့တယ်…"
မိန်းမကြီးတစ်ဦးသည် သူရဲကောင်းများ ပျောက်ကွယ်သွားပြီးနောက် ညည်းညူနေလေသည်။
“သူတို့ ရာဇဝတ်ကောင်ကို လိုက်ရှာကြတာမလား"
"ဖြစ်နိုင်တယ်"
"တစ်ကယ်လား…ပြီးတော့ မြို့တော်တဝိုက်မှာလည်း မကောင်းဆိုးဝါးတွေ ရှိနေလို့ လုံခြုံရေးတွေ တိုးထားတယ်လို့ ကြားတယ်”
သူတို့အချင်းချင်း ထင်ကြေးတွေ အများကြီးပေးနေသော်လည်း ဘယ်သူမှ သေချာမသိကြပေ။
"ဘာပဲဖြစ်ဖြစ် မြို့တော်ကတော့ ထူးဆန်းနေပြီ"
ထို့နောက် မိန်းမများသည် အနီးနားရှိ စတိုးဆိုင်တစ်ခုထဲကို ဝင်သွားကြသည်။
ရိုစီနာ ထိုအမျိုးသမီးများ၏ နောက်တွင် ရပ်ကာ အကြောင်းပြချက်မရှိဘဲ ဦးထုပ်ကို ထပ်ပြီး ငိုက်စိုက်ဆွဲဆောင်းလိုက်သည်။ သူရဲကောင်းများသည် အဘယ်ကြောင့် မြို့တော်ကို ကင်းလှည့်နေကြမှန်း မသိသော်လည်း သတိထားခြင်းက အမှားမရှိပေ။ သူမလည်း မမျှော်လင့်ဘဲ အစစ်အဆေးခံရနိုင်သည်။ လာဘ်ပေးလာဘ်ယူ ကိစ္စများသည် သူရဲကောင်းများအတွက် အလုပ်မဖြစ်နိုင်သောကြောင့် တတ်နိုင်သမျှ ရှောင်ရှားရပေမည်။
"ငါ တိုင်းပြည်ကို အမြန်ပြန်ချင်နေပြီ"
အီလီယန် ကို ကုန်းပိုးထားရင်း သူမ ရေရွတ်မိသည်။
ထို့နောက် ရိုစီနာ လမ်းပေါ်ပြန်လျှောက်လာသည်။ အီလီယန် ကို ကုန်းပိုးထားရတာကြောင့် နားနေရသဖြင့် သူမ မျှော်လင့်ထားသည်ထက် နောက်ကျမှ ဆေးခန်းသို့ ရောက်သွားသည်။
ရိုစီနာ ဆေးခန်းရှေ့တွင် ရပ်ကာ အဆောက်အဦးကို မော့ကြည့်လိုက်သည်။ အဆောက်အဦး၏ အပြင်ဘက်တွင် ဘယ်လောက်ကြာအောင် ရပ်နေမိမှန်း မသိတော့။သူမ အထဲကို ဝင်လိုက်သည်နှင့် သစ်သားထိုင်ခုံရှည် တစ်ခုပေါ်တွင် လူအနည်းငယ် ထိုင်နေတာကို တွေ့ရသည်။
ထို့နောက် ရိုစီနာ သည် လျှောက်လွှာဖောင် ရယူရန် ရောက်လာသော ဝန်ထမ်းတစ်ဦးအား လွှဲပြောင်းစာကို ပေးလိုက်သည်။
"အိုး…အစ်မက ဆရာ ဂျေဆန် လွှဲပေးလိုက်တာပဲ… ခဏစောင့်ပါဦးနော်"
ဝန်ထမ်းတွေလည်း အထဲကို လျှောက်သွားရာ ရိုစီနာ သည် ထိုင်ခုံတစ်လုံးမှာ ထိုင်ပြီး ခဏ အနားယူလိုက်သည်။စောင့်နေသူများ အများအပြားရှိသောကြောင့် အချိန်ကြာနိုင်သော်လည်း အနည်းဆုံးတော့ ဆရာဝန်နှင့် ပြသနိုင်မည်ဖြစ်သည်။
သူမ ဘယ်လောက်ကြာကြာ စောင့်နေခဲ့ပါလိမ့်…
အတန်ကြာမှ အစောပိုင်းက စာကိုယူသွားသောဝန်ထမ်းသည် ရိုစီနာ နာမည်ကို ခေါ်လိုက်သည်။ ရိုစီနာ လည်း ထိုဝန်ထမ်းနောက်ကို လိုက်သွား၏။ ထို့နောက် ဆရာဝန်ရုံးခန်းထဲမှာ အသက်ကြီးကြီး ဆရာဝန်တစ်ယောက် ထိုင်နေတာကို တွေ့ရသည်။
ရိုစီနာ သည် ဆရာဝန်၏ ရုံးခန်းထဲကို ဝင်လာပြီး အီလီယန် အား ကုတင်ပေါ်လှဲသိပ်လိုက်သည်။
"ဘာဖြစ်တာလဲ…"
သူသည် အီလီယန် ကို အံ့သြစွာကြည့်ကာ ပြောလိုက်သည်။
"တောင်းပန်ပါတယ်…ဒါပေမယ့် ကျွန်တော် သူ့ကို မကုနိုင်ဘူး"
ထိုစကားများသည် ရိုစီနာ ကို ရိုက်ချသလိုပင်။
“ဒီကလေးကို ဘယ်ဆရာဝန်မှ ကုသပေးနိုင်မယ် မထင်ဘူး… သေပြီထင်တယ်"
ထိုစကားကို ကြားလိုက်ရသောအခါ ရိုစီနာ ၏ မျက်နှာမှာ ဖြူဖျော့သွားရတော့သည်။သူမသည် တိုင်းပြည်မှ ထွက်ခွာပြီး မြို့တော်သို့ တက်လာခဲ့ရခြင်းမှာ မျှော်လင့်ချက်ကြောင့်သာ ဖြစ်သည်။ သို့သော် ဆရာဝန်သည် သူမ၏ တစ်ခုတည်းသောမျှော်လင့်ချက်အား ဓားမြှောင်တစ်ချောင်းနှင့် ထိုးဆွပစ်လိုက်သလိုပင်။
"ဘယ်လိုလုပ်ပြီး ရှင် ပြောရက်တာလဲ…"
ရိုစီနာ ငိုပြီး ရန်ထောင်လိုက်သောအခါ ဆရာဝန်က အေးစက်စွာပြောသည်။
"ငါ ဘာမှလုပ်ပေးလို့ မရဘူး…ထွက်သွားပါ"
သူသည် ရိုစီနာ နှင့် အီလီယန် ကို ပလိပ်ရောဂါ ဝေဒနာရှင်များလို ရွံရွံရှာရှာကြည့်နေ၏။ ထိုအခါ ဝန်ထမ်းတွေကလည်း ရိုစီနာ ကို ချက်ချင်း ဆွဲထုတ်လိုက်ကြသည်။ ထို့ကြောင့် ရိုစီနာ မှာ ထွက်သွားဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့။ သူမ အဆောက်အဦးထဲမှ ဆင်းလာစဉ် လောင်မြိုက်နေသော နေအပူရှိန်သည် သူမကို မညှာမတာ ရိုက်ခတ်သွားသည်။ သူမတစ်ကိုယ်လုံး မြှားဖြင့် အပစ်ခံရသလိုမျိုး နာကျင်နေတော့သည်။ သူမ မျက်ရည် မသုတ်ဘဲ အကြိမ်ကြိမ် အခါခါ ငိုရှိုက်လိုက်သည်။ တွင်းနက်ကြီးထဲ ကျသွားသလိုပင်၊ မျက်စိထဲမှာလည်း အရာအားလုံး မည်းမှောင်နေတော့သည်။
အချိန်အတော်ကြာအောင် ရပ်နေပြီးနောက် ရိုစီနာ သည် ဦးတည်ရာမဲ့ ဆက်လျှောက်လာမိသည်။ထိုစဉ် အဝေးကနေ မြင်းခွာသံတွေ ကြားလိုက်ရသည်။ ရိုစီနာ လည်း မြင်းကို ရှောင်လိုက်ရာ လူတစ်ယောက်ကို တိုက်မိပြီး လဲကျသွားမလို ဖြစ်သွားသည်။
"အား…ဘာလဲ"
လူထွားကြီးတစ်ယောက်က ရိုစီနာ ကို ရှုံ့မဲ့ပြီး ငုံ့ကြည့်နေသည်။
သူမလည်း ကိုယ်ကို ပြန်မတ်လိုက်သည်။
"တောင်းပန်ပါတယ်"
ရိုစီနာ အမြန်တောင်းပန်လိုက်သည်။ သူမသည် တတ်နိုင်သမျှ အာရုံအစိုက်မခံချင်တာကြောင့် ကိစ္စမြန်မြန်ပြီးသွားဖို့သာ မျှော်လင့်သည်။ သို့သော်လည်း လူထွားကြီးက လက်ခံချင်ပုံမရချေ။
"မင်းက တောင်းပန်စကားလေးပြောပြီး ထွက်သွားတော့မှာလား"
ထိုလူက ရိုစီနာ မျက်နှာကို သေချာကြည့်လိုက်သည်။မျက်နှာကို လုံအောင်ဖုံးထားသည့် ဦးထုပ်အောက်မှာ နီရဲနေသည် နှုတ်ခမ်းဖူးဖူးတွေကို သူ မြင်နေရသည်။
"ငါ့ကို တိုက်မိတဲ့အတွက် မင်း လျော်ကြေးပေးသင့်တယ်"
"ဘာ…"
စကားမဆုံးခင်မှာပင် ထိုလူသည် ရိုစီနာ ၏လက်မောင်းကို ဆုပ်ကိုင်ထားလိုက်သည်။ ထိုလူက အားဖြင့် အတင်းအကြပ် ဆုပ်ကိုင်လိုက်သောအခါ သူမ လက်များ တုန်ရီလာရသည်။ဤအတိုင်းသာဆိုလျှင် ကျောပေါ်က အီလီယန်လည်း ပြုတ်ကျသွားနိုင်သည်။
ထိုလူက ရိုစီနာကို သေချာကြည့်နေသည်။ ထို့နောက် သူမ နောက်ကျောပေါ်ရှိ ကလေးအား တစ်ချက်ကြည့်ကာ ဘေးတွင် ရပ်နေသော လူများကို ခေါင်းညိတ်ပြလိုက်သည်။ထိုအခါ လူထွားကြီး နှစ်ယောက်သည် သူမ အနားကို လာပြီး အီလီယန် ကို ကိုင်လိုက်သည်။
အီလီယန် ကို လာထိတာကြောင့် ရိုစီနာ ထိတ်လန့်နေမိလေသည်။
"ရှင်တို့ကို ပိုက်ဆံပေးပါ့မယ်..."
"ငါတို့ ပိုက်ဆံ မလိုဘူး…မင်း ငါတို့နဲ့ လိုက်ခဲ့မလား"
ထို့နောက် သူက ယုတ်မာသော အပြုံးဖြင့် ရေရွတ်လိုက်သည်။
"ကစားဖို့ဆိုရင် ကလေးမလိုဘူးလေ"
ချက်ချင်း၊ထိုလူက အီလီယန် ကို မြေကြီးပေါ် ပစ်ချလိုက်လေသည်။
အီလီယန် သည် မြေကြီးပေါ်မှာ နှစ်ပတ်လောက် လှိမ့်သွား၍ ရိုစီနာ ရင်ကွဲမတတ် အော်ဟစ်လိုက်သည်။
"အီလီယန်"
ရိုစီနာ ၏ စိတ်ပျက်လက်ပျက် ဖြစ်နေသော အသံကျယ်ကြီးကို ဘယ်သူမဆိုကြားနိုင်သော်လည်း ဘယ်သူမှ မကူညီခဲ့ပေ။ အဖမ်းခံရမှာကို စိုးရိမ်သောကြောင့် အားလုံးက နေရာမှ ထွက်ခွာသွားကြသည်။
ရိုစီနာ သည် မြေကြီးပေါ် ကျသွားသော အီလီယန် အနားကို လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး သွားလိုက်သည်။
"လာ…တိတ်တိတ်ဆိတ်ဆိတ် ရှိတဲ့နေရာမှာ သွားပြီး ပျော်ရအောင်"
သူတို့က ရိုစီနာကို ဝိုင်းဖမ်းလိုက်ကြသည်။ ရိုစီနာမှာ အားရှိသလောက် ရုန်းကန်သော်လည်း ထွားကြိုင်းလှသော ယောက်ျားသားများကို မနိုင်ရှာပေ။
ထို့နောက် သူမကို ထိုလူများကလမ်းကြားထဲသို့ ဆွဲသွင်းလိုက်တာကြောင့် သူမလည်း တုန်ယင်မောဟိုက်လာရသည်။ထို့နောက် အီလီယန် လေးသည် သူမ၏ အမြင်အာရုံထဲမှ တဖြည်းဖြည်း မှိန်ဖျော့သွားသည်။
'ကျေးဇူးပြုပြီး ကယ်ကြပါ...'
သူမ မျက်ရည်တွေ ပါးပြင်ပေါ် စီးကျလာချိန်မှာပင် မြင်းခွာသံများ ကြားလိုက်ရသည်။
ထိုအခါ ရိုစီနာ ကို ဆွဲခေါ်နေသော လူများကလည်း ရပ်လိုက်ကြ၏။သူမသည် ပြေးလာနေသော မြင်းများကို တွေ့လိုက်ရသည်။ထိုမြင်းပေါ်တွင် အပြာရောင် ယူနီဖောင်းနှင့် အနီရောင် ယူနီဖောင်း ဝတ်ထားသည့် သူရဲကောင်းများ စီးနင်းလာကြသည်။ သူရဲကောင်းများက မြင်းကိုယ်စီဖြင့် အနားတိုးလာသည်နှင့်အမျှ ထိုလူများ၏ မျက်နှာမှာ ဖြူဖျော့သွားလေသည်။ သို့သော် ရိုစီနာကို လွှတ်ဖို့တောင် မတွေးကြသေး။ ထို့နောက် အဝေးမှ ပြေးလာသော
သူရဲကောင်းများသည် ရိုစီနာ နှင့် ထိုလူများကို ဝိုင်းထားကြသည်။ သူရဲကောင်းများသည် သူတို့၏ ဓားရှည်များကို တစ်ညီတစ်ညွတ်တည်း ဆွဲထုတ်ကာ ထိုလူများ၏ လည်မျိုကိုချိန်ရွယ်လိုက်ကြ၏။
"ကျွန်တော်တို့ ဘာမှမလုပ်ပါဘူး..."
"ကျေးဇူးပြုပြီး အသက် ချမ်းသာပေးပါ"
သူတို့က ယခုတော့ ကြောင်သူငယ်ပမာ ကြောက်ရွံ့ပြီး ခွင့်လွှတ်ဖို့ တောင်းပန်လိုက်ကြ၏။ရိုစီနာ သည် သူမ လက်ကို ဆုပ်ကိုင်ထားသည့် ခွန်အားများ အားနည်းသွားသဖြင့် ထိုလူများကို အမြန်တွန်းထုတ်လိုက်သည်။ ထို့နောက် သူမသည် အီလီယန် လဲကျသွားသည့်နေရာကို အလိုလိုရောက်သွားတော့သည်။
သူရဲကောင်းများသည် ရိုစီနာနှင့် အီလီယန်ကို ကြည့်ပြီးစိတ်မကောင်းဖြစ်သွားဟန်ရှိသည်။
ထို့နောက် ရိုစီနာသည် အီလီယန် ကိုးပွေ့ချီလိုက်မှ စိတ်သက်သာရာရသွားသည်။ထို့နောက် မျက်ရည်များကို လက်ဖမိုးနှင့် ပွတ်သုတ်လိုက်ပြီး စစ်ဆေးရေးဂိတ်သို့ အခေါ်မခံမီ သူမ အမြန်ထွက်သွားရမည်ဟု တွေးမိသည်။
ထိုအချိန်မှာပင်…
အဝေးမှ အားကောင်းမောင်းသန် စီးနင်းလာသော ခွာသံများကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။ နားထဲသို့ စိမ့်ဝင်သွားသော အသံကြောင့် ပတ်ဝန်းကျင်ရှိ သူရဲကောင်းများသည် တညီတညွတ်တည်း လမ်းရှင်းပေးလိုက်ကြသည်။
ရိုစီနာ လည်း မသွားသေးခင် ဘာမှန်းညာမှန်း သိချင်မိတာကြောင့် အနားလာနေသော မြင်းကို ကြည့်လိုက်သည်။ ပြောင်လက် တောက်ပသော အနက်ရောင်အမွှေးများရှိသော မြင်းတစ်ကောင်သည် တစ်ဟုန်ထိုး ပြေးလာနေသည်။
လင်းထိန်နေသော နေရောင်ကြောင့် မျက်လုံးမဖွင့်နိုင်ဖြစ်နေသော ရိုစီနာ အပေါ် အရိပ်ကြီးတစ်ခု ဖုံးလွှမ်းသွားသည်။ အလင်းရောင် မှိန်ဖျော့သွားသောအခါမှ သူမ မျက်လာံးဖွင့်ကြည့်လိုက်ရာ မြင်းပေါ်က အမျိုးသားတစ်ဦးကို သူမ တွေ့လိုက်ရသည်။
ရိုစီနာ သူ့ကို တည့်တည့်ပင် စိုက်ကြည့်နေမိ၏။ နေရောင်ကဲ့သို့ တောက်ပနေသော ရွှေရောင်ဆံပင်၊ နှင်းခဲများလို ဖြူဖွေးသော မျက်နှာ၊ သန်မာသော လက်များရှိသူဖြစ်သည်။
ထိုသူမှာ ရာဟန် ဖြစ်ပေတော့၏။