Chapter 12
ဒုန်း ဒုန်း
သူမ၏ နှလုံးသားတစ်ခုလုံးသည် မြေပြင်ပေါ် ကျသွားတော့သည်။ တစ်ခဏချင်းမှာပင် ပတ်ဝန်းကျင်က အသံတွေအားလုံး ဘာမှမကြားရတော့ဘဲ သူမ အိပ်မက်မက်နေသလို ခံစားရသည်။ သူ့ကို မော့ကြည့်ရင်း အသက်ရှုဖို့ မေ့သွားရ၏။
ရာဟန် သည်လည်း ဇက်ကြိုးကို ကိုင်ထားရင်း ရိုစီနာ ကို စိုက်ကြည့်နေသည်။ အဝေးကို လှမ်းကြည့်လိုက်လျှင် သူမ ပျောက်သွားမှာ စိုးသဖြင့် မျက်လုံးမခွာနိုင်ရှာပေ။
သူမ ရင်ဆိုင်လိုက်ရသော အပြာရောင်မျက်လုံးများတွင် မတွေးဝံ့လောက်အောင် များပြားသော ခံစားချက်များစွာ ပါဝင်နေသည်။မျက်လုံးချင်းဆုံမိသောအခါ ရပ်တန့်သွားသည်ထင်သော သူမ နှလုံးသားသည် ယခုတော့ ပြန်လှုပ်လာချေပြီ။ ထို့နောက် ပေါက်ထွက်တော့မလို လှုပ်ခါနေတော့သည်။
နောက်ဆုံးတွင် ရာဟန် သည် မြင်းပေါ်မှ ခုန်ဆင်းလာသည်။ သူ့အင်္ကျီ၏ အောက်ဖျားအနားလေးက ရိုစီနာ မျက်လုံးကိုတောင် ပုတ်ခတ်မိသွားသည်။
ထို့နောက် ရာဟန် သည် အနားကို တိုးလာလေသည်။သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း၊ သူမ စိတ်ထဲတွင် ကမ္ဘာတစ်ခုလုံးတုန်လှုပ်သွားသလို ဖြစ်နေရသည်။
ထို့နောက် သူက သူမ ရှေ့မှာ ရပ်လိုက်သည်။
“!”
ထို့နောက် ဒူးထောက်ထိုင်ချလိုက်လေသည်။
သူ၏ အပြာရောင် မျက်လုံးများသည် ရိုစီနာ ၏ အနီရင့်ရောင် မျက်လုံးများနှင့် အကြည့်ချင်း အားပြိုင်နေကြလေသည်။လွန်ခဲ့သော ခုနစ်နှစ်ကလို ဖြစ်နေသော မျက်လုံးများနှင့် ရင်ဆိုင်ရသောအခါ ရိုစီနာ တုန်လှုပ်သွားရသည်။ အချိန်တွေ အများကြီး ကြာသွားပြီဖြစ်သော်လည်း ထိုနေ့ကို ပြန်ရောက်သွားသလို ခံစားရသည်။ထို့အပြင် ပတ်ဝန်းကျင်ရှိ တိတ်ဆိတ်ငြိမ်သက်မှုက ကြောက်စရာကောင်းအောင် ပြင်းထန်လှပေသည်။
ရိုစီနာ ဘာပြောရမှန်းမသိ။သူမ ဘာကိုမှ မစဉ်းစားနိုင်တော့ဘဲ တစ်ယောက်ယောက်က သူမ ခေါင်းကို ထိန်းချုပ်ထားသလိုပင်။
"ကိုယ် မင်းကို လိုက်ရှာနေခဲ့တာ"
ခြောက်ကပ်သော အသံတစ်ခု ထွက်ပေါ်လာသည်။
သူ့စကားကြောင့် ရိုစီနာ ရင်ဘတ်တစ်ခုလုံး ထုံကျင်လာသည်။ ရာဟန်သည် အရာအားလုံးကို မေ့ထားပြီး ကောင်းကောင်းနေနေတော့မည်ဟု သူမ ထင်ထားသော်လည်း သူမကို ယခုထိ မှတ်မိနေလိမ့်မည်ဟု ထင်မထားမိပေ။စကားတစ်ခွန်းမှ မပြောဘဲ သူ ထွက်ပြေးသွားခဲ့သည့်နေ့ကို ပြန်သတိရလာကာ သူမရင်ထဲက အပြစ်တင်စိတ်များ ပြည့်လျှံလာသည်။ သူနှင့် တွေ့လိုက်တိုင်း ခံစားချက်တွေ အများကြီး ပေါ်လာသော်လည်း နောက်ဆုံးကျန်ခဲ့တာက ကြောက်ရွံ့မှုပင်ဖြစ်၏။
သူမကိုယ်သူမ မထိန်းနိုင်တော့ဘဲ ထိုနေ့ကို ပြန်သတိရသွားမိသည်။အတိတ်က အဖြစ်သနစ်တို့က အတိတ်မှာကျန်ခဲ့လေပြီ။ယခု သူမမှာ သူမကိုယ်တိုင် ကာကွယ်ရမည့် မိသားစုရှိသည်။
ခဏကြာတော့ ရိုစီနာ သူ့ကို ကြည့်ပြီး စကားပြန်ပြောလိုက်သည်။
"ကျေးဇူးပြုပြီး လမ်းဖယ်ပေးပါ"
ယခု သူနှင့် ပြောနေလို့လည်း ဘာမှထူးလာမည်မဟုတ်ပေ။ယခုတော့ သူမ လက်ထဲတွင်ရှိသည့် အီလီယန် ကသာ အရာအားလုံးထက် ဦးစားပေး နံပါတ်တစ်ပင်။
ထို့နောက် သူ့မျက်နှာကို မကြည့်ဘဲ လှည့်ထွက်သွားလိုက်သည်။
“……”
ရာဟန် သည် သူ့ဘေးမှ ဖြတ်သွားသော ရိုစီနာကို ကြည့်ရင်း သူမရင်ခွင်ထဲက အရာကို ကြည့်လိုက်မိသည်။ထိုအခါ သူမ ရင်ခွင်ထဲမှ ကလေးငယ်လေးသည် သူ့မျက်လုံးများကို ဖမ်းစားထားလေသည်။ ကလေး၏ ဆံပင်သည် နေရောင်ထိုးထားသဖြင့် အဖြူရောင်ဖြစ်လုနီးပါး ရွှေရောင်တောက်ပနေသည်။သူ့ကို မြင်လိုက်ရသောအခါ ရာဟန် မျက်လုံးများ ပြူးသွားလေသည်။
ရာဟန် သည် ကလေးကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။ ကလေးသည် မျက်လုံး မှိတ်ထားသော်လည်း သူနှင့် တစ်ပုံစံတည်း တူနေသည်။သူ ကလေးကို အတန်ကြာ စကြည့်အပြီးမှာ ငြိမ်နေနိုင်ဘဲ စကားစ,လိုက်၏။
"သူက ကိုယ့် ကလေးလား"
သူ့အမေးကြောင့် သူမ နှလုံးသားက တဆတ်ဆတ်တုန်လာပြန်သည်။ သူမ၏ နှလုံးခုန်သံသည် ဒရမ်တီးဝိုင်းတစ်ခုလို ကျယ်လောင်စွာ ထွက်ပေါ်လာပြီး သွေးကြောများမှတဆင့် ခုန်ပေါက်သွားသည်။
ရိုစီနာ တုံ့ဆိုင်းသွားပြီး ချက်ချင်းပြန်မဖြေမိ။ အီလီယန် ကသာ ရာဟန် ၏ကလေးဖြစ်ကြောင်း ဝန်ခံလိုက်လျှင် အီလီယန် ကို တော်ဝင်မိသားစုထံ ပေးလိုက်ရမည်ဖြစ်သည်။တော်ဝင်မိသားစုကြောင့် သူမ အဖေကို ဆုံးရှုံးခဲ့ရသည့် အတွက် အီလီယန် ကို ထည့်မပေးလိုက်နိုင်ပေ။
စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သော ရိုစီနာ က သူ့ကို မော့ကြည့်ပြီး ပြန်ဖြေလိုက်သည်။
"မဟုတ်ဘူး…သူက ရှင့်သား မဟုတ်ဘူး"
သို့သော်လည်း သူမ အဖြေက ဘာမှ မပြောင်းလဲသွားပေ။ ဤလမ်းပေါ်ရှိလူတိုင်း ဘယ်သူမဆို အီလီယန် မှာ ရာဟန် နှင့်တူကြောင်း အတပ် ပြောနိုင်ပေသည်။
ရာဟန် က မျက်လုံးချင်းမဆိုင်သည့် ရိုစီနာ ကို ကြည့်ရင်း ကတုန်ကယင်ဖြင့် စကားဆိုလာ၏။
"ဘာလို့ မဟုတ်ဘူးလို့ ပြောတာလဲ… သူက မင်းနဲ့ရတဲ့ ကိုယ့်သားပဲ"
ရိုစီနာ သူ့မျက်နှာကို နာကျည်းစွာ စိုက်ကြည့်လိုက်၏။သူမ သည် ကလေးအဖေ၏ သရုပ်မှန်ကို သူ့တစ်သက်တာလုံး လျှို့ဝှက်ထားရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။
ဒါပေမယ်... သူတို့ ဘာလို့ ဒီလိုမျိုးကြီး လာဆုံရတာလဲ…
ရိုစီနာ နှုတ်ခမ်းတွေ ခြောက်ကပ်သွားရသည်။
အီလီယန် ကသာ သူ့ကလေးဖြစ်ကြောင်း ဝန်ခံလိုက်ရင် သူ ဘယ်လို ပြောမလဲ…တော်ဝင်မိသားစုထဲကို ဝင်ချင်လို့ ကလေးမွေးခဲ့တာလို့ စွပ်စွဲရင် ဘယ်လိုလုပ်မလဲ…
သို့မဟုတ်လည်း၊ ကလေးကို ယခုလို နေမကောင်းဖြစ်အောင် လုပ်မိသည့်အတွက် သူမအား စိတ်ဆိုးသွားနိုင်သည်။ဘယ်လိုပင်ဖြစ်ဖြစ်၊ရလဒ်ကတော့ မကောင်းနိုင်ပေ။ သူမ အီလီယန် ကို အဆုံးရှုံးမခံနိုင်ပေ။
"ရှင် မှားနေပြီ"
ရာဟန် သည် ရိုစီနာ စကားကြောင့်မျက်စိကို စုံမှိတ်ထားလိုက်သည်။ထို့နောက် သူက အီလီယန် ကို သေချာကြည့်နေပြီးမှ ကလေး၏ ဆံပင်ကို အသာသပ်တင်ပေးလိုက်သည်။
"မင်း သူ့ကို ဒီလိုမျိုးထားလိုက်ရင် ဘယ်တော့မှ နိုးလာမှာမဟုတ်ဘူး"
“…..”
ရိုစီနာ မော့ကြည့်လိုက်တော့ တည်ကြည်လေးနက်သော သူ့အကြည့်တွေကို တွေ့လိုက်ရသည်။
ထို့နောက် ရာဟန် က အီလီယန် ၏ ခေါင်းကလေးကိုပွတ်သပ်ရင်း ရိုစီနာ အား စိုက်ကြည့်ကာ တိုးတိုးလေးပြောလိုက်သည်။
"ကိုယ် သူ့ကို ဘယ်လိုကုရမလဲ သိတယ်"
မမျှော်လင့်ထားသော စကားများကို ကြားလိုက်ရသောအခါ ရိုစီနာ ပါးစပ်အဟောင်းသားဖြစ်သွား၏။
သူမနဲ့ တွေ့ခဲ့တဲ့ ဆရာဝန်တွေက ရောဂါအတွက် ကုသဆေးမရှိဘူးလို့ ပြောပေမယ့် သူက ဘယ်လိုလုပ်ပြီး သိတာလဲ… သူမကို လိမ်ဖို့ကြိုးစားနေတာလား…ဒါမှမဟုတ် တစ်ကယ်ပြောနေတာလား…
သူမ ဘာကိုယုံရမှန်း မသိတော့။သို့သော်လည်း အမှန်အတိုင်း ပြောရလျှင် သူမမှာ ရွေးချယ်စရာမရှိတော့ချေ။ အခွင့်အရေးသည် မည်မျှပင် သေးငယ်ပါစေ၊ သူမပိုင်ဆိုင်သော အရာအားလုံးကို လောင်းကြေးထပ်ရပေမည်။
ရိုစီနာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရာ လက်ချောင်းများကပါ တုန်ယင်နေတော့သည်။
"ကျေးဇူးပြုပြီး ကျွန်မကို ပြောပြပါ"
.......
ရထားလုံး တစ်ခုလုံး တိတ်ဆိတ်နေသည်။
ရိုစီနာ သည် ပြတင်းပေါက်မှ အပြင်ဘက်ကို လှမ်းကြည့်ကာ ဒူးပေါ်ရှိ အီလီယန် အား ပွတ်သပ်နေသည်။ သူမ၏ မျက်လုံးများသည် အပြင်ဘက်သို့ လှမ်းကြည့်နေသည့်တိုင်၊ စိတ်အာရုံက ဘေးချင်းကပ်လူအား အာရုံစိုက်နေခမိ၏။စောစောက ဖြစ်ပျက်ခဲ့သည်ကို သူမ ပြန်သတိရသွားသည်။ ယခုမှ ရုတ်တရက် တွေ့ခြင်းဖြစ်သော်လည်း ရာဟန် သည် အီလီယန် ၏ရောဂါကို သိကြောင်းနှင့်၊ လူအနည်းငယ်သာ ကုသနိုင်သော ရောဂါဖြစ်ကြောင်း ဆိုသည်။
ရထားလုံးကလေးသည် မြို့တော်၏ အကြီးဆုံး လမ်းမကြီးကို ဖြတ်သန်းသွားသည်။ မရေမတွက်နိုင်သော လူအများက သူမတို့ ရထားလုံးကို ဝိုင်းကြည့်ကြသည်။
ဤသို့ဖြင့်၊ရထားလုံးကလေးသည် မြို့တော်ထဲအထိ ဝင်သွားတာကြောင့် ရိုစီနာ မှာ မသိမသာ ပူနွေးလာသည်။ သူမ ထူးဆန်းသလို ခံစားနေရပြီး မသွားသင့်သည့် နေရာကို သွားနေသလိုပင်။ သို့သော်လည်း အီလီယန် ကိုသာ ကယ်တင်နိုင်မည်ဆိုလျှင် သူမ ဘယ်နေရာကိုမဆို ပျော်ပျော်ရွှင်ရွှင် လိုက်လာမည်ဖြစ်သည်။ဆရာဝန်က မီးတွင်းထဲမှာ ရှိနေလျှင်တောင် သူမ အပြုံးမပျက်နေနိုင်သည်။
ရိုစီနာ ပြတင်းပေါက်မှတစ်ဆင့် ရောင်ပြန်ဟပ်နေသည့် ရာဟန်ကို အသေအချာ ကြည့်လိုက်မိသည်။ သူ အများကြီး ပြောင်းလဲသွားခဲ့၏။ဟိုးတုန်းကလို စုတ်ပြဲနေသော အဝတ်အစားများ ဝတ်မထားတော့ဘဲ၊ဈေးကြီးပေးရမည့် ဝတ်စုံနှင့် အံကိုင်ဖြစ်နေသော တောင့်တင်းသည့် ပုခုဲးပြင်ကျယ်ကြီးများကို သူမ ပထမဆုံးသတိထားမိသည်။ ထို့အပြင် သူ အရပ်လည်း ရှည်လာသည်။ သူ အများကြီးပြောင်းလဲသွားသော်လည်း တစ်ချို့အရာတွေက အရင်အတိုင်းပင်ဖြစ်သည်။ ပျားရည်လို ရွှေဝါရောင် တောက်ပသော ဆံပင်များ နှင့် သူမကိုစိုက်ကြည့်တတ်သော သူ၏ အပြာရောင် မျက်ဝန်းများကလည်း အရင်အတိုင်းပင်။သူမက စိတ်ဆိုးပြီး တစ်ဖက်လှည့်သွားလျှင်တောင် သည်းကြီးမည်းကြီး ကြည့်ခဲ့သည့် မျက်လုံးများပင် ဖြစ်၏။
တစ်ကယ်တမ်းတွင် သူမ ထွက်ပြေးခဲ့သော်လည်း ရာဟန် ကို ဘယ်တုန်းကမှ မေ့မရခဲ့ပေ။ ထိုစိတ်ကြောင့်လားမသိ၊တစ်ခါတစ်ရံ ထူးဆန်းသောအိပ်မက်များက သူမကို ခြောက်လှန့်တတ်သည်။ ထိုအိပ်မက်များထဲတွင် သူမ သည် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ရာဟန်ကို အခါခါ ပွေ့ဖက်ထားသည်။ သူမ ၏ ခန္ဓာကိုယ်ကို သူ့လက်ချောင်းများဖြင့် ပွတ်သပ်သည့်အချိန်များ ရှိခဲ့ဖူးပြီး၊တစ်ခါတစ်လေ သူမကို သူက မလွှတ်တမ်းဖက်ထားတတ်လေသည်။ အိပ်မက်တစ်ခုမှန်း သိသာသော်လည်း အိပ်ရာနိုးလာလျှင် သူမကိုယ်တိုင် ကွက်ကွက်ကွင်းကွင်း ခံစားရပြီး အမှန်တစ်ကယ် ပွေ့ဖက်ခံရသလို ဖြစ်နေခဲ့သည်။ထို့အပြင် ရာဟန် သည် သူမ အကြိုက်ဆုံးနေရာကိုလည်း ကောင်းစွာသိသည်။ ထို့နောက် အိမ်မက်လည်း ပြီးသွားပြီး နိုးလာသောအခါ သူမသည် မိခင်ကို ဆုံးရှုံးလိုက်ရသည့် ကလေးတစ်ယောက်လို ဝမ်းနည်းပြီး ငိုကြွေးနေခဲ့သည်။နောက်ဆုံးမှာတော့ သူမ တစ်ယောက်တည်း ဝမ်းနည်းစွာ နိုးထလာခဲ့ရသည်ချည်းပင်။ရလဒ်အနေနှင့် သူမသည် ရာဟန် ကို ပြန်တွေ့ရမှာ ကြောက်သွားသည်။ သူမ ကိုယ်ပိုင်ဘဝကို ဆုံးရှုံးပြီး အပယ်ခံ ဖြစ်သွားမှာကိုလည်း စိုးရွံ့သည်။သူနှင့်လည်း မပတ်သက်ချင်တော့။
ပြတင်းပေါက်မှ တစ်ဆင့် ရာဟန် ကိုကြည့်နေသော ရိုစီနာ သည် သူ့ဘက် လှည့်လိုက်သည်။ ထိုအချိန်တွင် ရာဟန် နှင့် သူမ မျက်လုံးချင်း ဆုံသွားရသည်။ အပြာရောင် မျက်လုံးများသည် ကြည်လင်သော ကောင်းကင်ကြီးကဲ့သို့ သန့်ရှင်းနေ၏။ သို့သော် ထိုမျက်လုံးများသည် မိုးရွာသည့်နေ့ကလို အလိုမကျပုံပေါက်နေသည်။
ရိုစီနာ သည် သူ့အကြည့်ကို မခံနိုင်သဖြင့် မျက်လုံးမှိတ်ထားလိုက်သည်။
စိတ်မသက်မသာ ဖြစ်နေရသော ရိုစီနာ သည် ရထားလုံးပေါ် ရောက်ကတည်းက ပထမဆုံး အကြိမ်နှင့် စကစလိုက်သည်။
"ရှင် တစ်ခုခုပြောချင်နေတာ မဟုတ်ဘူးလား"
ထို့နောက် မထင်မှတ်သည့် စကားတစ်ချို့ ထွက်သွားသည်။
"အင်း…ကိုယ်နဲ့နေဖို့ အဆင်မပြေဘူးလား"
ရိုစီနာ သည် ဆွံ့အသွားရသည်။သူ့အတွက်ကတော့ သူဖြစ်ချင်တာ၊သူလုပ်ချင်တာကို မရရအောင် ပြောဆိုခိုင်းစေခြင်းသည် အဆန်းမဟုတ်ပေ။ထို့နောက် ကျစ်ကျစ်ပါအောင် ဆုပ်ထားသည့် သူမ လက်သီးကို ဖြေလျှော့လိုက်သည်။ သူမ နှလုံးသားကို ပေါက်ကွဲသွားစေမည့် စကားကို သူ တော်တော်ပြောချင်နေပုံရသည်။ သူမ နှုတ်ခမ်းကို ကိုက်ထားကာမှ ဒေါသကို ကောင်းစွာ ထိန်းနိုင်ခဲ့သည်။ထို့နောက် ပွင့်ပွင့်လင်းလင်းပင် ဖြေလိုက်၏။
“အင်း"
ယခင်အချိန်ကို ပြန်သွားဖို့မဖြစ်နိုင်ကြောင်း ယတိပြတ်ငြင်းဆိုလိုက်သည့် အနေနှင့် စည်းတစ်ကြောင်းတားလိုက်သည်။
“……”
ရာဟန် သည် နောက်ထပ်မေးခွန်းများ ထပ်မမေးဘဲ နှုတ်ဆိတ်နေသည်။ ထို့နောက် ရိုစီနာ၏ လက်ကောက်ဝတ်ကို တစ်ချက်ကြည့်လိုက်သည်။ တစ်ယောက်ယောက်က သူမ လက်ကောက်ဝတ်ကို ပြင်းထန်စွာ ဆုပ်ကိုင်ထားတာကြောင့်ထင်သည်၊လက်ကောက်ဝတ်မှာ အညိုအမည်းစွဲနေ၏။သူ ထိုသို့တွေးမိပြီး မျက်မှောင်ကြုတ်လိုက်သော်လည်း ရိုစီနာ မမြင်လိုက်ပေ။
"ဘယ်လောက်ဝေးဝေး သွားရမှာလဲ"
"ရောက်ခါနီးပြီ"
သူပြောသည့်အတိုင်းပင်၊ နေရောင်အောက်တွင် တောက်ပနေသော အဆောက်အအုံကြီးဆီ နီးကပ်လာလေပြီ။
ရိုစီနာ သည် ခမ်းနားထည်ဝါသော အဆောက်အအုံကြီးကို မြင်လိုက်ရသောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ဤအဆောက်အအုံကြီးသည် ဆေးခန်းထက် ဇိမ်ခံအိမ်ကြီးနှင့် ပိုတူသည်။ မဟုတ်သေး၊နန်းတော်ကြီးနှင့် ပိုတူလှသည်။
မြို့တော်မှာ ဒီလောက်ကြီးတဲ့ နန်းတော်ရှိသလား…
ရိုစီနာ အံ့အားသင့်သွားကာ ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်သည်။ မြင့်မားလွန်းလှသော ရွှေရောင်နံရံကြီးများနှင့် အပြာရောင်ခေါင်မိုးကို အတိုင်းသား မြင်နေရသည်။ထို့နောက် ရိုစီနာ ဘယ်နေရာမှန်း သိသွားတာကြောင့် မျက်နှာထား တင်းသွားရ၏။
“ဒီနေရာက …”
ရိုစီနာ အံ့သြနေသော်လည်း တစ်ဖက်တွင်ထိုင်နေသော ရာဟန် က အေးအေးဆေးဆေး ပြန်ဖြေသည်။
"အဲ့ဒါ တော်ဝင်နန်းတော်ပဲလေ"