အပိုင်း ၁၃
Viewers 15k

Chapter 13


ထာရှာ အယ်လိုအာ ဟာဘက် သည် အင်ပါယာ၏ တစ်ဦးတည်းသော ဂုဏ်ထူးဆောင် ဘုရင်မဖြစ်သည်။ သူမသည် အယ်လိုအာ မြို့စား၏ တစ်ဦးတည်းသော သမီးဖြစ်ပြီး မွေးကတည်းက ဘုရင်မဖြစ်လာရန် မျှော်လင့်ခြင်းခံခဲ့ရသည်။သူမကလည်း အားလုံး၏ မျှော်လင့်ချက်ကို မဆန့်ကျင်ဘဲ၊ အိမ်ရှေ့စံမင်းသား ဘားမန်း အော်ဘီ ဟာဘက် နှင့် လက်ထပ်ခဲ့သည်။ 


နှစ်အနည်းငယ်အကြာတွင် ဘုရင်မင်းမြတ် ထီးနန်းစွန့်ခွာသွားသောအခါ၊ ဘားမန်း သည် ထီးနန်းတက်ခဲ့ပြီး ထာရှာ သည်လည်း ဘုရင်မဖြစ်လာခဲ့သည်။ အချစ်မရှိသော နိုင်ငံရေး ဆန်သည့် အိမ်ထောင်ရေးတစ်ခုမျှသာ ဖြစ်သော်လည်း သူမ ဘဝမှာ ငြီးငွေ့စရာ မရှိပေ။ ထို့အပြင် ဘုရင်မ ရာထူးအတွက် လည်း သူမထက် ပိုသင့်တော်သည့် အမျိုးသမီး မရှိခဲ့ပေ။


ထာရှာ သည် သူမ တာဝန်အပေါ် သစ္စာရှိသူဖြစ်သည်။ နန်းတော်၏ ဘုရင်မအဖြစ် နိုင်ငံတော် အုပ်ချုပ်မှု စည်းကမ်းကို ချမှတ်ခဲ့သူဖြစ်သည်။သို့သ်ောလည်း အရာအားလုံး ပြီးပြည့်စုံနေသည့် သူမမှာ ပြဿနာတစ်ခုရှိ၏။ဤသည်မှာ သားသမီးမထွန်းကားခြင်းပင်။


ထာရှာ သည် ပြီးပြည့်စုံသောဘုရင်မ ဟူသည့် ဂုဏ်ပုဒ်ကို မစွန်းထင်းစေလိုပေ။ သူမ ဒေါသစိတ်ကို ပြေပျောက်ဖို့အတွက် လုပ်ချင်တာမှန်သမျှ လုပ်ရမည်ဖြစ်သည်။‌ထို့နောက် သူမသည် အင်ပါယာ ဘုရားကျောင်းဆောင်တွင် သုံးနှစ်ကြာ ဆုတောင်းပြီး နောက်ဆုံးတွင် ရင်သွေးလေးကို ရရှိခဲ့သည်။


ဤသို့ဖြင့် ထာရှာ သည် ဧကရာဇ်မင်းမြတ်၏ ဇနီးအဖြစ် သူမ တာဝန်ကိုဖြည့်ဆည်းပေးခဲ့သည်။ သူမ၏ နောက်ဆုံးပန်းတိုင်မှာ သားတော်ကလေး နန်းတက်နိုင်ရန်ဖြစ်သည်။သို့သော်လည်း အရာအားလုံး ပြီးပြည့်စုံချိန်မှာပင်၊သူမ သတင်းတချို့ ကြားခဲ့ရသည်။ 


တော်ဝင်သွေးပါသော ကလေးတစ်ယောက်သည် ရွာငယ်လေးတစ်ခုတွင် ပေါ်လာခြင်းပင်။ သူသည် ဘုရင်မင်းမြတ်၏ တရားမဝင် ကလေးဖြစ်သည်။ 


ထာရှာ သည် ဘုရင်မင်းမြတ် မသိအောင် လူသတ်သမားများကို လျှို့ဝှက်စေလွှတ်ကာ ထိုကောင်လေးကို သတ်ပစ်ရန် အမိန့်ပေးခဲ့သည်။ သို့သော်လည်း မအောင်မြင်ဘဲ အဆုံးတွင် လူသတ်သမားများ၏ အလောင်းများသာ ပြန်ရခဲ့သည်။ ချောက်ကမ်းပါး အစွန်းတွင် ရောက်နေသော ထာရှာ သည် တရားမဝင် ကလေးအား သတ်ပစ်ရန် သူမ ဘဝတစ်ခုလုံး ပုံအောထားခဲ့သည်။


သို့သော် တရားမ၀င် ကလေးသည် နောက်ဆုံးအချိန်အထိ အသက်ရှင်ကျန်ရစ်ခဲ့ပြီး တော်ဝင်နန်းတော်အထိပါ ရောက်လာခဲ့သည်။ထို့နောက် ဘုရင်မင်းမြတ် ဘားမန်း က သူ့ကို သားတော်အဖြစ် ကြေငြာခဲ့သည်။ 


ထိုကိစ္စကြောင့်၊ စိတ်မရှည်နိုင်ဖြစ်နေသည့် ထာရှာ သည် ဘားမန်း နှင့် သီးသန့်တွေ့ဆုံရန် တောင်းဆိုခဲ့သည်။ 


ဘားမန်း ကလည်း သူမ ရောက်လာလိမ့်မည်ဟု ကြိုတွေးထားသလိုပင် အေးအေးဆေးဆေး စကားပြောသည်။ 


- ကိုယ်တို့ သဘောတူညီချက်တစ်ခုလုပ်ထားတယ်…


- သဘောတူညီချက် ဆိုတာ ဘာကိုဆိုလိုတာလဲ…


- သူက မကောင်းဆိုးဝါးတွေကို တိုက်ဖို့ အင်ပါယာထဲထဲ သွားမယ်လို့ ပြောတယ် 


ထာရှာ သည် ဘားမန်း ပြောသည့်စကားကြောင့် စိတ်ထဲအမျက်ထွက်ရလေသည်။


ယခုအခါတွင် မကောင်းဆိုးဝါးများသည် အင်ပါယာအတွက် အကြီးမားဆုံး ပြဿနာဖြစ်နေသည်။ လွန်ခဲ့သည့် ၁၀နှစ်ကမူ အရေအတွက် သိပ်မများသော်လည်း  မကြာသေးမီနှစ်များအတွင်း သိသိသာသာ တိုးများလာကာ အင်ပါယာကို ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်စေခဲ့သည်။ 


အိမ်ရှေ့စံ ဇီဂရစ် သည် မကောင်းဆိုးဝါးများကို အနိုင်ယူရန် လေ့လာခဲ့သေးသော်လည်း ရလဒ်မှာ မကောင်းပေ။ ထို့အပြင် မကြာသေးမီကပင် မကောင်းဆိုးဝါးတစ်ကောင်ကြောင့် ဒဏ်ရာရရှိသွားတာကြောင့် နန်းတော်ကို ချက်ချင်း ပြန်ခေါ်ခဲ့ရသည်။


_ပြီးတော့ အောင်မြင်ခဲ့ရင် အိမ်ရှေ့စံလုပ်တယ်လို့ မင်း ပြောချင်ပြောလို့ရတယ်…


ဘားမန်း က နှစ်သိမ့်လိုက်သည်။


ဒါဆို သူ့သဘောက တရားမ၀င်သားကို အသိအမှတ်ပြုချင်လို့ မဟုတ်ဘဲ သူမ မာနကို ကာကွယ်ဖို့လား…ဒါမှမဟုတ် အိမ်ရှေ့စံမင်းသားရဲ့ အာဏာစက် တည်နေအောင်လား…


ရင်ထဲက  ဝေဒနာက ကြာရှည်မခံတော့။နောက်ဆုံးတွင် ထာရှာ သည် ဘားမန်း ၏ ကမ်းလှမ်းမှုကိုလက်ခံခဲ့ရသည်။


 7 နှစ်ဟူသော အချိန်ကာလ ကုန်ဆုံးသွားပြီဖြစ်သည်။


ထာရှာ သည် ရာဟန် ကိုအမြဲတမ်းစောင့်ကြည့်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ကွယ်ရာတစ်မျိုး၊ ရှေ့တစ်မျိုး ဖြစ်နေမှာ စိုးတာကြောင့်ပင်။သို့သော် ရာဟန် သည် ပြဿနာတစ်စုံတစ်ရာမရှိဘဲ ဘားမန်း ၏အမိန့်ကိုသာ သစ္စာရှိရှိ ဖြည့်ဆည်းခဲ့သည်။


ရာဟန် သည် မကောင်းဆိုးဝါးများကို အနိုင်ယူရန် အင်ပါယာတစ်ဝိုက် လှည့်လည်သွားလာနေစဉ် ကောလဟလများစွာ ပျံ့နှံ့ခဲ့ရသည်။ တတိယမင်းသားက အရူးဆိုသည့် သတင်းနှင့် ရုပ်ဆိုးသော မင်းသား စသည်ဖြင့် မကောင်းသော ကောလဟလများ ထွက်ခဲ့ဖူးသည်။ထို့အပြင် ကောလဟာလများမှာ ပျောက်ကွယ်မသွားဘဲ ပိုပိုပြီး အားကောင်းလာရ၏။ အကြောင်းမှာ သူကိုယ်တိုင် လူလုံးတစ်ခါမှ ထွက်ပြတာကြောင့်ဟုပင် ဆိုရပေမည်။


"နန်းတော်ကို သူ ပြန်ရောက်လာမယ်ဆိုတာ ငါမယုံနိုင်ဘူး..." 


နန်းတော်၏ နောက်ဖေးတစ်နေရာတွင် ထိုငိပြီး လက်ဖက်ရည်သောက်နေသော ထာရှာ က မျက်မှောင်ကြုတ်ပြီး ရေရွတ်လိုက်သည်။


 "နတ်ဆိုးတွေကို အမဲလိုက်ရင်း သေသွားရမှာ" 


ချောမွတ်သော နှုတ်ခမ်းများမှ ဆူးနှင့်တူပြီး အဆိပ်ပြင်းလှသော အမုန်းစကားများ ထွက်လာသည်။ 


ထာရှာ က ပြောရင်းဆိုရင်း လက်ဖက်ရည်ကို မော့သောက်လိုက်ပြီး  စားပွဲပေါ်ရှိ စာတစ်စောင်ကို တစ်ချက်ကြည့်လိုက်သည်။ဤစာသည် စောစောက အစေခံ ယူလာသည့် စာဖြစ်၏။


စာရေးသူမှာ ဟိုးအရင်က သူမ နှင်ထုတ်ခဲ့သည့် တော်ဝင်သမားတော် ဟောင်း၏ စာဖြစ်သည်။


အဲ့သည်ကတည်းက ရာဟန် သေသွားဖို့ကောင်းသည်။အသက်ပြင်းလှသော ရာဟန် သည် ယခုထိ အသက်ရှင်နေသေးသည်။


ထိုသမားတော်ကလည်း သူအမအတွက် သိပ်အရေးမကြီးတာကြောင့်  လက်ဖက်ရည်သောက်ပြီးမှပဲ ဖတ်ကြည့်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။ဤအချိန်က သူမ လက်ဖက်ရည်ကို ဇိမ်ခံသောက်ရမည့် အချိန်ဖြစ်၏။


ထိုစဉ် တိတ်ဆိတ်နေသော အိမ်နောက်ဖေး၌ တစ်စုံတစ်ယောက် ပြေးလာနေသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ 


“ဘုရင်မကြီး…  ပြဿနာတော့ တက်ပြီ" 


အစေခံ တစ်ယောက်သည် အူးရားဖားယား ပြေးလာရင်း သူမရှေ့တွင် ရပ်လိုက်သည်။ထာရှာ ကလည်း လက်ဖက်ရည်ခွက်ကို ပြန်ချပြီး စကားပြောခွင့်ပြုစည့်အနေဖြင့် မေးဆတ်ပြလိုက်သည်။


“အဲ့ဒါ… တော်ဝင်နန်းတော်ရဲ့ တံခါးမကြီးထဲကို ရထားလုံး တစ်စင်း ရောက်လာတယ်… အဲ့ဒါ တတိယမင်းသားရဲ့ ရထားပါ"


 "ဘာ"


ထာရှာ က လက်ဖက်ရည်ခွက်ကို ဆောင့်ချလိုက်ရာ ခွက်ကလေးမှာ ကွဲကြေသွားတော့သည်။ လက်ဖက်ရည် များက စားပွဲပေါ်  ဖိတ်စင်ကုန်သော်လည်း သူမတို့နှစ်ယောက်လုံး ဂရုမစိုက်အားပေ။


ထာရှာ က အစေခံ စကားကို ပြန်စဉ်းစားကြည့်သည်။ ယခုအချိန်အထိ ရာဟန် သည် နန်းတော်၏ ပင်မတံခါးပေါက်မှ မလာရောက်ဖူးသေးပေ။သူသည် ကြွက်တစ်ကောင်လို အနောက်တံခါးမှသာ အမြဲဝင်ထွက်သွားလာသူဖြစ်သည်။


အစေခံ၏ စကားမဆုံးသေးမှန်းသိသဖြင့် ထာရှာ က ခေါင်းညိတ်လိုက်သည်။ 


"ဆက်ပြော"


 “ပြီးတော့… သူက ကောင်မလေး တစ်ယောက်နဲ့ ကောင်လေးတစ်ယောက်ပါ ခေါ်လာတယ်"


အစေခံစကားကြောင့် ထာရှာ ဒေါဖောင်းကာ နေရာမှ ထထွက်သွားတော့သည်။


 *** 


အရှိန်ပြင်းပြင်း ပြေးနေသည့် ရထားလုံးသည် တော်ဝင်နန်းတော်၏ ပင်မတံခါးပေါက်ကို ရောက်သောအခါ  အရှိန်လျော့လိုက်သည်။


နန်းတော်ထဲက ရှုခင်းများက သူမ မျက်လုံးကို ဖမ်းစားလိုက်သော်လည်း ရိုစီနာ မျက်နှာထား တင်းထားဆဲ ဖြစ်၏။ နန်းတော်ထဲကို သူမဘာသာသူမ ဝင်လာရလိမ့်မည်ဟု ဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့ဖူးပေ။သူမ အပြင်ကို လှမ်းကြည့်လိုက်ရာ အပြင်လူတွေက သူမတို့ ရထားလုံးကို စိုက်ကြည့်နေကြသည်။ ထို့အပြင် မင်းမျိုးမင်းနွယ်တွေလို ၀တ်ဆင်ထားကြသော အစေခံများ သရဲမြင်ရသလို ထိတ်လန့်နေကြသည်။ သူမတို့ ရထားလုံးသည် သိပ်လည်းမဆန်းပြားပါဘဲ ဝိုင်းအုံကြည့်နေကြသဖြင့် သူမ ဇဝေဇဝါဖြစ်နေတော့သည်။


တရွေ့ရွေ့ ရွေ့လျားနေသော ရထားလုံးသည် အချိန်အတော်ကြာအောင် ပြေးလာပြီးမှ လမ်းတစ်ခုထဲကို ဝင်လာသည်။ 


တော်ဝင်နန်းတော်သည် အလွန်ကြီးမားသောကြောင့် ရာဟန် ၏ နန်း‌ဆောင်ကို ရှာဖွေရန် အချိန်အတော်ကြာသွားသည်။ ရထားပေါ်မှာလည်း တစ်ယောက်မှ စကားမပြောကြပေ။ခဏကြာတော့ ရထားလုံးလည်း ရပ်သွား၏။


ရာဟန် သည် ရထားပေါ်မှ ပထမဆုံးဆင်းပြီး ရိုစီနာ ကို လက်ကမ်းပေးလိုက်သည်။


သို့သော် ရိုစီနာက လက်ပြန်မပေးခဲ့။


 "ကလေးကို က်ိုယ် ပွေ့မယ်" 


“ရပါတယ်" 


ပြတ်ပြတ်သားသား ငြင်းလိုက်တာကြောင့် ရာဟန် သည် သူမ လက်သေးသေးကို စိုက်ကြည့်နေသည်။  ယခုအချိန်အထိ သူမ ငြင်းနေသော်လည်း ယခုတစ်ခါတော့ ငြင်းခွင့်ရှိမည်မဟုတ်ပေ။


 "ကလေးကြည့်ရတာ အဆင်ပြေပုံမရဘူး" 


ကလေးကို ပွေ့ထားရတာကြောင့် ချီတုံချတုံဖြစ်နေသော ရိုစီနာ သည် နောက်ဆုံးတွင် အီလီယန် အား သူ့လက်ထဲ ထည့်ပေးလိုက်သည်။


သူတို့နှစ်ယောက် ဦးတည်ရာက မြက်ခင်းပြင်‌ရှေ့က နန်းတော်ငယ်လေးပင်။


ရိုစီနာ လှည့်ပတ်ကြည့်လိုက်သည်။ ဤနေရာသည် ဥယျာဉ်တစ်ခုလိုပင်၊ထိန်းသိမ်းမှု ညံ့ဖျင်းပြီး ကြွေကျနေသော အရွက်ကြွေများကလည်း နေရာတိုင်းတွင် ပြန့်ကျဲနေသည်။


ချုံပုတ်ထဲက ပွင့်နေသော နှင်းဆီရိုင်းပန်းများသည် မြင့်မြတ်ကြော့ရှင်းသော တော်ဝင်မိသားစု၏ ပုံသဏ္ဍာန်နှင့် လုံးဝ မလိုက်ဖက်ပေ။ အဆောက်အဦးကလည်း ဟောင်းနွမ်းနေပြီး ဆေး‌တောင်မှိန်နေလေပြီ။


စောစောကမြင်ခဲ့ရသည့် ရောင်စုံနန်းတော်ကြီးတွေနှင့် အခု သူမ ရှေ့က နန်းတော်တို့မှာ တော်တော်ကြီး ကွာခြားနေကြသည်။


ရိုစီနာ သည် ရာဟန် ၏ နောက်ကျောပြင်ကို ခဏ စိုက်ကြည့်လိုက်သည်။ ဤနေရာသည် တော်ဝင်မိသားစုဝင်များ နေသည့် နေရာထက် အစေခံတန်းလျားနှင့် ပိုတူနေသည်။


"ဒါက..." 


"ဒါ ကိုယ့်ရဲ့ သီးသန့်နန်းတော်ပဲ" 


ရာဟန် က ပြောပြောဆိုဆို နန်းတော်ထဲ ဝင်သွားသော်လည်း သူ့ကို ဘယ်သူကမှ လာမနှုတ်ဆက်ကြချေ။ထို့နောက် သူသည် ညစ်ပတ်နေသော စင်္ကြံတွင် အကြာကြီး လမ်းလျှောက်ပြီးနောက် ရပ်လိုက်သည်။


 ရိုစီနာလည်း လိုက်ရပ်ကာ သူ့ကို ကြည့်လိုက်မိသည်။ 


"ဒီမှာ"


တံခါးဖွင့်လိုက်လျှင် လှပသည့် အခန်းငယ်လေးတစ်ခု ပေါ်လာသည်။ အခန်းထဲမှာတော့ ပရိဘောဂအများကြီးမရှိ၊ ကုတင်ကြီးတစ်လုံးနှင့်စားပွဲခုံတစ်ခု မျှသာ ရှိသည်။


အီလီယန် ကို ကုတင်ပေါ်သိပ်ပြီးနောက် ရာဟန် သည် တစ်ခုံတည်းရှိသော ထိုင်ခုံကို ထုတ်ပြီး ရိုစီနာ ရှေ့မှာ ထားလိုက်သည်။ သူ ဘာမှ မပြောသော်လည်း ဘာကိုဆိုလိုမှန်း သူမနားလည်သည်။ သို့သ်ောလည်း ထိုင်ခုံမှာ မထိုင်ဘဲ လှည့်ပတ်ကြည့်ရှုပြီး မေးလိုက်သည်။


"ဆရာဝန်က ဘယ်တော့လာမှာလဲ" 


"ဆရာဝန်မရှိဘူး"


 "ဒါဆို ရှင်က ဘာလုပ်တာလဲ…"


ရိုစီနာ သူ့ကို အံ့သြတကြီး မော့ကြည့်လိုက်သည်။ 


သို့သော် ရာဟန် က  ဘာမှမပြောဘဲ သူ့ဝတ်ရုံထဲမှ ဖန်ပုလင်းသေးသေးလေးတစ်ခုကို ဆွဲထုတ်လိုက်သည်။ အပြာနုရောင် တောက်နေသော ဖန်ပုလင်းထဲတွင် ပွက်ပွက်ဆူနေဟန် ရှိသော အရည်များရှိသည်။ 


ထို့နောက် ရာဟန် သည် ဖန်ပုလင်းကို ကိုင်ထားပြီး အီလီယန် အနားကို တိုးလာ၏။ ထို့နောက် လက်ဖြင့် အီလီယန်၏ ပါးစပ်ကလေးကို ဟကာ ဆေးရည်များ လောင်းချလိုက်သည်။‌


ထိုအခါ လူသေတစ်ယောက်လို အိပ်ပျော်နေသော အီလီယန် သည် ပထမဆုံးအကြိမ် လှုပ်ရှားလာပြီး ဆေးရည်ကို မျိုချလိုက်လေသည်။


ရိုစီနာ သည် အသက်မရှူနိုင်ဖြစ်နေရာမှ နောက်ဆုံးတော့ အသက်ရှူလို့ရသွား၏။


“အီလီယန်…”


သူမ ချက်ချင်းပင် ကုတင်ရှေ့တွင် ဒူးတုပ်ထိုင်ပြီး အီလီယန်၏ ပါးပြင်ကို ပွတ်သပ်လိုက်သည်။ထို့နောက် သွေးမရှိသလို ဖြူဖျော့နေသော ပါးပြင်မှာ တဖြည်းဖြည်း နီရဲလာသည်။  အီလီယန် အခြေအနေကောင်းမွန်လာသည့် ရိုစီနာ စိတ်သက်သာရာရသွား၏။


ထို့ကြောင့် အီလီယန် မေ့လဲပြီးနောက်ပိုင်းကတည်းက ယခုမှ သူမ ပထမဆုံး ပြုံးနိုင်သွားသည်။


“……” 


ရာဟန် သည် မျက်မှောင်ကြုတ်ထားကားကာ ရိုစီနာ ကို စိုက်ကြည့်နေသည်။တစ်ကယ်တမ်းတွင်၊သူမ အပြုံးကြောင့် သူ့ရင်ထဲက တစ်ချက် လှုပ်ခါသွားကာ ငေးကြည့်နေခြင်း ဖြစ်လေသည်။


 "ကျေးဇူးအများကြီး တင်ပါတယ်…"


အီလီယန် လက်ကို ကိုင်ထားသည့် ရိုစီနာ သည် ခေါင်းမော့လာပြီး ရာဟန် အား ကျေးဇူးတင်စကားဆိုသည်။  


“သူ အပြည့်အဝ မသက်သာသေးဘူး…  အခြေအနေကို စောင့်ကြည့်ဖို့ လိုတယ်” 


"ဒါနဲ့ အီလီယန် ကို ဘာတိုက်လိုက်တာလဲ" 


ရိုစီနာ က ဖန်ပုလင်းကို ကြည့်ပြီး မေးလိုက်၏။


" ကိုယ်သောက်တဲ့ဆေးပဲ" 


သူဘာကိုဆိုလိုတာလဲ… သူသောက်တဲ့ဆေး‌ဆိုတာက…


ရိုစီနာ ကြည့်ရသည်မှာ ဇဝေဇဝါဖြစ်နေပုံရ၍ ရာဟန် အဖြေပေးလိုက်သည်။ 


"ကလေးရဲ့ရောဂါက ကိုယ့်အမေကနေစတဲ့ ရှားပါးရောဂါပဲ" 


“အို… ဘုရား…ဘုရား” 


ထိုအခါမှပဲ ဆရာဝန်တွေက ဘာကြောင့် ခေါင်းခါနေလိုက်မှန်း သိလာရသည်။အဘယ်ကြောင့်ဆိုသော် မည်သူမှ မခံစားဖူးသော ရောဂါဖြစ်တာကြောင့်ပင်။ 


"ဒါက မျိုးရိုးကြောင့်ပါ… ဒါလည်း ပါတာပေါ့… ဒါပေမယ့် ကံကောင်းတာက တော်ဝင်သမားတော်က ဒီဆေးနဲ့ ကိုယ့်ကို ကုပေးနိုင်ခဲ့တယ်"


သူက ဖန်ပုလင်းအလွတ်ကို သူမအားပြလိုက်သည်။ သပ်သပ်ရပ်ရပ် ရှိသော ဖန်ပုလင်းသည် အပြာရောင် ဖြစ်နေသေးသည်။ 


ရာဟန် သည် ဖန်ပုလင်းကို ကုတင်ဘေးက စားပွဲပေါ်ကို ဒေါက်ကနဲမြည်အောင်  တင်လိုက်သည်။ ထို့နောက် ရိုစီနာ အနားကို တိုးလာ၏။


“ဒီရောဂါမျိုး တစ်ခါမှ မကြားဖူးဘူး” 


ရိုစီနာ က ခပ်တည်တည်ဖြစ်အောင် ကြိုးစားရင်း ပြောလိုက်သော်လည်း သူက ခြေလှမ်းမရပ်သေး။ နှစ်ယောက်သား အတော်လေး နီးကပ်လာပြီး အေးမြသော ရနံ့က သူမ စိတ်အာရုံကို ဖုံးလွှမ်းထားလေတော့သည်။ထို့နောက် ရာဟန်က တိုးတိုးလေး ပြောလိုက်လေတော့သည်။


 "ဒါတောင်မှ သူက ကိုယ့်သားမဟုတ်ဘူးလို့ ပြောချင်သေးလား"