Chapter 14
အခန်းထဲမှာ သူမ တစ်ယောက်တည်း ကျန်နေသဖြင့် ရိုစီနာ ဟိုဒီလှည့်ပတ်ကြည့်နေရာမှ ကုလားထိုင်ပေါ်က စောင်ဆီ အကြည့်ရောက်သွားသည်။ ဤစောင်ကို ရာဟန် က ပေးခဲ့ခြင်းဖြစ်သည်။ထိုအချိန်မှာပင် သူမ မျက်လုံးထဲတွင် ထိုနေ့က အမှတ်တရများ လင်းလက်လာပြီး ရာဟန် နှင့် အတူခြုံခဲ့သည့် စောင်စုတ်ကို အမှတ်ရနေမိသည်။သူမ ခေါင်းတစ်ချက် ယမ်းလိုက်သည်။ သို့သော်လည်း သူမ စိတ်ထဲတွင် ပြည့်နှက်နေသည့် တစ်ခုတည်းသော အတွေးများသည် ရာဟန် နှင့် ဆက်စပ်နေတော့သည်။ ထို့နောက် စောစောက သူ ပြောခဲ့သည့်စကားကို ပြန်သတိရမိသည်။
(- ဒါတောင်မှ သူက ကိုယ့်သားမဟုတ်ဘူးလို့ မင်းပြောချင်သေးလား… )
ရိုစီနာ ထိုမေးခွန်းကို မဖြေနိုင်။ ငြင်းဖို့လည်း အဓိပ္ပါယ်မရှိမှန်း သူမ သိနေတာကြောင့်ပင်။ သို့သော်လည်း ရာဟန် က အဖြေကို အတင်းအကျပ် မတောင်းရှာပေ။ သူမ အဖြေကို စောင့်နေပြီးမှ အဖြေမရသဖြင့် စကားတစ်ခွန်းမှ မပြောဘဲ အခန်းထဲက ထွက်သွားခဲ့၏။
တစ်ယောက်တည်းကျန်ခဲ့သည့် ရိုစီနာ မှာ ကလေးကိုသာ အချိန်အကြာကြီး ကြည့်နေခဲ့သည်။ သက်တောင့်သက်သာရှိရှိ အိပ်ပျော်နေသော အသက်ရှုသံက အခန်းထဲ တိုးဝင်လာသည်။ အီလီယန် ၏ ရွှေဝါရောင်ဆံပင်ပျော့အိအိကို သူမ ထိလိုက်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် သူ့ကို ငုံ့ကြည့်နေမိသည်။ထိုစဉ် ဆုံးပါးသွားပြီဖြစ်သော သူမ ဖခင်၏ အသံက နားထဲ ရောက်လာသည်။
(-တော်ဝင်မိသားစုနဲ့တွေ့ရင် သမီး ထွက်ပြေးပေတော့
- အဖေ့ကို ကတိပေးပါ ရိုစီနာ…)
'အဖေ တစ်ခုခု သိသွားလို့များလား'
ကမ္ဘာကြီးထဲမှာ မရှိတော့သည့် ဖခင်တစ်ယောက်အကြောင်း သူမ အမှတ်ရနေမိပြီး အပြစ်စိတ်တွေ ပြည့်လျှံနေတော့၏။ယခုတော့ သူမသည် တော်ဝင်မိသားစုနှင့် တွေ့ဆုံရုံသာမက တော်ဝင်မိသားစု၏ ရင်သွေးကိုလည်း မွေးဖွားခဲ့ပြီဖြစ်သည်။ နောက်ဆုံးတွင် ဖခင်ဖြစ်သူနှင့် ထားခဲ့သော ကတိမတည်နိုင်ခဲ့ပေ။
ရိုစီနာ စိတ်ပျက်အားငယ်ချင်းများနှင့် တစ်ဖက်လှည့်ပြီး အခန်းတံခါးကို တစ်ချက်ကြည့်လိုင်မိသည်။ အီလီယန် သည် နှစ်ရက်အတွင်း သတိပြန်လည်လာမည်ဟု ရာဟန်က ပြောပြီး ထွက်သွားခဲ့သည်။
"ငါ ဘာလုပ်သင့်လဲ…"
ရာဟန် သည် အီလီယန် က သူ့ကလေးဖြစ်ကြောင်း ယုံကြည်နေပုံရသည်။ တော်ဝင်မိသားစု၏ သွေးသားကို အမွေဆက်ခံခဲ့သော အီလီယန် သည် ဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင်ရနိုင်သည်။ရာဟန်ကလည်း အီလီယန်မှာ သူ့သားဖြစ်ကြောင်း ဘယ်သူ့ကိုမှ ပြောပြထားမည် မဟုတ်တာကြောင့် သူမ၊ သူနှင့် တိုက်ရိုက် ဆွေးနွေးရပေမည်။ထိုသို့ ပြော၍မှ ပြဿနာကို မဖြေရှင်းနိုင်လျှင် ထွက်ပြေးဖို့ စဉ်းစားရပေမည်။
ရိုစီနာ သည် နှုတ်ခမ်းကို ခါးသီးစွာကိုက်ထားလိုက်သည်။ ဟိုးအရင်တုန်းကလို သူရဲဘောကြောင်စွာ ထွက်ပြေးဖို့မသင့်သော်လည်း အီလီယန် ကို မစွန့်လွှတ်နိုင်ပေ။ အီလီယန် ကိုသာ လက်လွှတ်လိုက်ရလျှင် သူမ ဘဝမှာ ဘာမှ မကျန်တော့။
ပထမဆုံးအနေနှင့် နန်းတော်မှာ ဝေးလံခေါင်သီသည့် အရပ်မှာရှိတာကြောင့် သားအမိနှစ်ယောက် ထွက်သွားနိုင်ဖို့ အပေါက်တစ်ခုရှိကို ရှိရပေမည်။ အီလီယန် ပြန်လည် ကောင်းမွန်လာသည်အထိ စောင့်ပြီး သူမသည် နန်းတော်၏ ပထဝီဝင် အနေအထားကို အလွတ်ကျက်ရမည် ဖြစ်သည်။
“အင်း….”
"အီလီယန်"
အိပ်ပျော်နေစဉ် အီလီယန်က ညည်းတွားလိုက်သဖြင့် ရိုစီနာ အမြန်ထသွားလိုက်သည်။သို့သော်၊ အီလီယန် သည် အသက်ကို တိုးတိုးရှူနေပြီး လုံးလုံး မနိုးလာသေး။ သို့သော်လည်း အချိန်အတော်ကြာပြီးနောက်မှ အီလီယန် ၏ အသံကိုကြားလိုက်ရသည့်အတွက် သူမ စိတ်သက်သာရာရသွားသည်။
ရိုစီနာ သည် သူ့လက်သေးသေးလေးကို ကိုင်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်လိုက်၏။ ပတ်ဝန်းကျင်သည် ကောင်းကင်ယံတွင် ကန့်လန့်ကာ များ တပ်ဆင်ထားသကဲ့သို့ မှိန်ဖျော့အုံ့မှိုင်းနေသည်။သူမလည်း သည်မှာပဲ အိပ်ရမည်ဖြစ်သည်။
စောင်အားလုံးကို အီလီယန် အား ခြုံပေးထားသော ရိုစီနာ သည် အအေးဒဏ်ကို မခံနိုင်တာကြောင့် နောက်ဆုံးတွင် ကလေးနှင့်အတူ စောင်တစ်ထည်တည်း ခြုံလိုက်သည်။စောင်တစ်ထည်တည်း အတူ ခြုံထားပြီး နွေးထွေးကာ သက်တောင့်သက်သာ ရှိလှတာကြောင့် ရိုစီနာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။။
***
နောက်တစ်နေ့ မနက်တွင် ရိုစီနာမှာ နိုးလာကတည်းက အီလီယန် ၏ ရောဂါအခြေအနေကို စစ်ဆေးရသေးသည်။ ကံကောင်းစွာနှင့်၊အခြေအနေ အများကြီးတိုးတက်လာသည်။
ခဏကြာတော့ ရိုစီနာ ထိုင်ခုံပေါ်မှာ သတိရှိရှိ ထိုင်နေလိုက်သည်။ တစ်ယောက်ယောက်တော့ ပေါ်လာတန်ကောင်းရဲ့ဟု မျှော်လင့်မိသောါလည်း ဘယ်သူမှ မပေါ်လာကြသေးပေ။သူမလည်း တဖြည်းဖြည်း ဗိုက်ဆာလာတာကြောင့် တုံ့ဆိုင်းသွားရသည်။
သူမသည် အီလီယန် ကို ဤထူးဆန်းသောနေရာတွင် တစ်ယောက်တည်းထားခဲ့၍မရပေ။ သူမ ဘာလုပ်ရမလဲ ဆိုသည်ကို စဉ်းစားနေချိန်မှာပင် တံခါးခေါက်သံကြားရ၏။
ရိုစီနာ အံ့အားသင့်စွာဖြင့် တံခါးကို လှမ်းကြည့်လိုက်သည်။
"ကိုယ် ဝင်လို့ရမလား"
ရာဟန်၏ အသံက နူးညံ့ချိုသာ နေသည်။သူမ ဘာမှပြန်မဖြေတာကြောင့် သူ့ဘာသာသူ တံခါးလက်ကိုင် လှည့်လိုက်သံကို ကြားရသည်။
တံခါးပွင့်လာသောအခါ ရာဟန် သည် အခန်းထဲ ဝင်လာသည်။ မနေ့ကလို ယူနီဖောင်းနှင့် မဟုတ်ဘဲ သပ်ရပ်သော ပေါ့ပေါ့ပါးပါးရှိသည့် ၀တ်စုံကို ၀တ်ဆင်ထားသည်။ ထို့နောက် သူ့လက်ထဲမှာလည်း စားစရာတွေ ပြည့်နေသည့် ဗန်းကို ကိုင်ထားတာကြောင့် အခန်းထဲတွင် မွှေးရနံ့များဖြင့် သင်းပျံ့နေတော့သည်။
"ကိုယ် မနက်စာ ယူလာပေးတာ"
ရိုစီနာ သည် သူကိုယ်တိုင် အစားအသောက်များ ယူလာမည်ဟု မမျှော်လင့်ထားတာကြောင့် အံ့ဩသွားရသည်။
"ဘာလို့ အစေခံတွေကို မခိုင်းတာလဲ..."
ရာဟန်သည် ရိုစီနာ ကို နူးနူးညံ့ညံ့ ကြည့်နေပြီးမှ တိုးတိုးလေးပြန်ဖြေ၏။
"အင်း…ကိုယ့်မှာ အစေခံရယ်လို့မှ မရှိတာ အကုန် ကိုယ်တစ်ယောက်တည်း လုပ်တာ"
သူ့မှာ အစခေံတောင် မရှိဘူးလား…
ရိုစီနာ ပါးစပ်အဟောင်းသားဖြစ်ရချေ၏။သူမ နေထိုင်ခဲ့ဖူးသော မြို့စားမင်း စံအိမ်ကြီးတွင်ပင် အစခေံများ ရှိသည်။ သူမ မိသားစုအတွက် ငွေရေးကြေးရေး အခက်အခဲတွေ ကြုံလာစဥ်ကတောင်မှ အစေခံတွေ အများကြီးရှိသေးသည်။
မင်းမျိုးမင်းနွယ်တွေထက် တော်ဝင်မိသားစုက ခြွေရံသင်းပင်းနဲ့ ပိုနေကြတာမဟုတ်လား…
ထိုသို့ တွေးကြည့်တော့ ရာဟန် ၏ ကိုယ်ပိုင်နန်းတော်က နည်းနည်းတော့ ထူးဆန်းနေသည်။ အပြင်ပိုင်းမှာ ညစ်ပတ်နေပြီး အတွင်းပိုင်းကလည်းလူနေစရာ နေရာတစ်ခုလို့ပင် သတ်မှတ်၍မရပေ။ ပရိဘောဂအနည်းငယ်သာရှိပြီး၊အက်ကွဲနေသော နံရံနှင့် လေတဟူးဟူး တိုးနေသော အခန်းတစ်ခုသာရှိသည်။
တော်ဝင်မိသားစုမှာ ရာဟန် က ဘယ်လိုဖြစ်လို့ ဒီလိုနေနေရတာလဲ…
ထိုကဲ့သို့ ထီးနန်းဆက်ဆံ ခံထိုက်သော တော်ဝင်မိသားစုဝင်များကို ဘုရင်မင်းမြတ်ကိုယ်တိုင်က မုန်းတီးနေသလားမသိ။
နှစ်ယောက်သား တိတ်ဆိတ်ပြီးနောက် ရိုဆီနာသည် ရာဟန် ကိုင်ထားသည့် ဗန်းကို ယူလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
သူမက ကျေးဇူးတင်စကား ပြောပြီး သူ့ကို မော့ကြည့်လိုက်ရာ ပြုံးကြည့်နေသည့် ရာဟန်နှင့် မျက်လုံးချင်း ဆုံမိတော့သည်။ အောက်သို့ အနည်းငယ် ကွေးသွားသော သူ့မျက်လုံးများသည် သူမအား ဆွဲဆောင်နေသလိုရှိ၏။
ရိုစီနာ သတိဝင်လာမှ ခေါင်းကို တစ်ဖက်လှည့်ပစ်လိုက်သည်။ဗန်းကို ပေးပြီး ရှက်ကိုးရှက်ကန်း လုပ်နေပုံက သူပိုင်သည့် နန်းတော် မဟုတ်သလိုပင်။
"ကလေးရဲ့ အခြေအနေကို ကိုယ် ကြည့်လို့ရမလား"
ရိုစီနာ က ခေါင်းညိတ်ပြသဖြင့် ရာဟန် ကုတင်နားကို ကပ်သွားသည်။
ထို့နောက် သူက အီလီယန် ကို ကြည့်လိုက်ပြီး ဖန်ပုလင်းကို ထုတ်ကာ အီလီယန် ၏ နှုတ်ခမ်းပေါ်သို့ ဆေးတစ်စက် နှစ်စက် ချလိုက်သည်။
"မနက်ဖြန်လောက်ဆို မျက်လုံးဖွင့်တော့မှာပါ"
ထိုစကားကြောင့် ရိုစီနာ လည်းရင်ဘတ်ကို ဖွဖွဖိထားရင်း စိတ်သက်သာရာရသွားသည်။ ခဏကြာသည်အထိ သူတို့နှစ်ယောက်ကြား တိတ်ဆိတ်မှုတို့ လွှမ်းမိုးသွားရသည်။
ရာဟန် သည် ရိုစီနာ နှင့် မျက်နှာချင်းဆိုင်တွင် အသာရပ်နေတော့သည်။ သူ ထွက်သွားအောင် သူမက တမင်စောင့်နေသော်လည်း သူကတော့ မသိဟန်ဆောင်ကာ နေရာတွင်ပင် ရပ်နေခဲ့သည်။ သူမလည်း အတန်ကြာ ကြောင်ကြည့်နေပြီးမှ အနားကထိုင်ခုံကို လက်ညှိုးထိုးပြလိုက်သည်။သူ့ပုံစံကြောင့် အီလီယန် နှင့် ပတ်သက်သည့် ကိစ္စကို ဖြေရှင်းချင်နေသည်ဟု သူမ ထင်မိ၏။
"ထိုင်ပါ"
“အင်း မလိုပါဘူး”
ရာဟန်က ငြင်းလိုက်ခြင်းမှာ ရိုစီနာ ၏ နေရာကို လုမယူလိုကြောင်း ပြောခြင်းဖြစ်သည်။သူမကလည်း နှစ်ခါပြောမနေတော့ဘဲ အစားအသောက်ဗန်းကို စားပွဲပေါ်တင်လိုက်သည်။ ထို့နောက် သူနှင့် နောက်တစ်ကြိမ် မျက်နှာချင်းဆိုင်လိုက်ရင်း စကားကို စောင့်နေသော်လည်း သူက တော်တော်နှင့် မပြောသေးပေ။
"ဒီလိုပြောရတာ ရှက်စရာကောင်းမှန်းသိပေမယ့်... ရှင့်ကို မေတ္တာရပ်ခံချင်ပါတယ်"
သူက မပြောသဖြင့် သူမကသာ ပြောရပေတော့မည်။
"ပြောပါ"
"ကျွန်မ အီလီယန် ကို စောင့်ရှောက်ပါရစေ"
“……”
ရာဟန် မျက်မှောင်ကြုတ်လိုက်သည်။ သူ မျှော်လင့်ထားသည့် စကားမျိုးမဟုတ်တာကြောင့် ခါးသီးမှုက သူ့မျက်လုံးပြာပြာထဲကို ဖြတ်ဝင်သွားခဲ့သည်။
“ဆိုလိုတာက…. မင်းထွက်သွားတော့မှာလား"
ရိုစီနာ ခေါင်းကို အသာအယာ ညိတ်ပြလိုက်သည်။ အီလီယန် က သူ့သွေးသားဖြစ်ကြောင်း ရာဟန်သာ ဘယ်သူ့ကိုမှ ပြောပြထားခြင်းမရှိပါက သူမလည်း အာစတေးနီယား တိုင်းပြည်သို့ ပြန်လာပြီး ကလေးနှင့်အတူ ပျော်ရွှင်စွာနေထိုင်သွားနိုင်သည်။သူ ခဏစဉ်းစားပြီးနောက် သူ့မျက်လုံးတွေ အေးစက်မာကျောသွားသော်လည်း ရိုစီနာ မမြင်လိုက်။
"ခက်တော့ ခက်နေပြီ"
သူ့အဖြေကြောင့် ရိုစီနာ လည်း မျက်နှာထားတင်းလာကာ နှုတ်ခမ်းကို ကိုက်ထားမိလေသည်။သူနှင့် ပြောဆိုပြီး ကျိုးကြောင်းဆီလျော်သော သဘောတူညီချက် ရရှိရန် သူမ ကြိုးစားခဲ့သော်လည်း ယခုတော့ ထိုသို့မဟုတ်နိုင်တော့ပြီ။
"မနေ့က နန်းတော်ထဲကို ဝင်လိုက်တာနဲ့ မင်းနဲ့ ကလေးရဲ့ အကြောင်းကို တော်ဝင်မိသားစုက သိသွားပြီ"
တစ်ရက်သာ ရှိသေးသော်လည်း တော်ဝင်မိသားစုက သူမတို့အကြောင်း သိနေပြီဆိုတာ မယုံနိုင်စရာ ကောင်းလှသည်။အီလီယန် သည် တော်ဝင်သွေးသားတစ်ဦးဖြစ်ကြောင်း သိသွားပါက သူတို့ အီလီယန်ကို လက်လွှတ်ကြမည်မဟုတ်ပေ။
ထို့နောက် ရာဟန် သည် တုန်လှုပ်နေသော ရိုစီနာ ကို ငုံ့ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။
"မင်း ထွက်သွားချင်ရင် မင်းဧကရာဇ်နန်းတော်ထဲက ထွက်လို့ရတယ်…ဒါပေမယ့်…. ကလေးကတော့ အပြင်ထွက်လို့ မရတော့ဘူး”
စကားလုံးတိုင်းသည် သူမ တစ်ကိုယ်လုံးရှိ ခွန်အားများအား စုပ်ယူသွားသလို ခံစားလာရသည်။ ယခုအချိန်မှစ၍ တော်ဝင်နန်းတော် ရှိလူတိုင်းသည် အီလီယန် ကို စိတ်ဝင်စားပြီး စောင့်ကြည့်နေကြတော့မည်ဖြစ်သည်။
သူတို့ ဒီကနေ ရုန်းထွက်နိုင်လောက်အောင် ကံကောင်းခဲ့ရင်တောင် ဘယ်လောက်ကြာကြာ လွတ်မြောက်နိုင်မှာလဲ…
သူမသည် အင်ပါယာတစ်ခုလုံးမှာ တော်ဝင်မိသားစုက အလိုရှိသူ တစ်ဦးဖြစ်လာမည်ဖြစ်ပြီး အာစတေးနီယာ တိုင်းပြည်သို့ မရောက်မီ အဖမ်းဆီးခံရမည်မှာ ထင်ရှားသည်။
ရာဟန် သည် သူမ မျက်နှာပျက်နေသည်ကို မြင်လိုက်ရသဖြင့် သူမ၏ အားနည်းချက်ကို တူးဆွလိုက်သည်။
"မင်းတစ်ယောက်တည်း ထွက်သွားရင် ဒီကလေးက ကိုယ့်ရဲ့ တရားမဝင် ကလေးဖြစ်သွားမှာနော်"
ရိုစီနာ ဘာမှပြန်မပြောနိုင်။ သူမသည် အင်ပါယာအတွင်းရှိ တရားမ၀င်ကလေးများအပေါ် လူအများက မည်သို့ ပြုမူဆက်ဆံကြသည်ကို ကောင်းစွာသိထားသည်။ ယခု အီလီယန်၏ အနေအထားဆိုလျှင် မင်းသားတစ်ပါးအဖြစ် အသိအမှတ်ပြုခံရဖို့ နေနေသာသာ၊သာမာန် လူတစ်ယောက်လိုတောင် ဆက်ဆံကြမည်မထင်ပေ။
တုန်လှုပ်နေသော ရိုစီနာ ၏ မျက်လုံးများကို ကြည့်ရင်း ရာဟန် က သူမအနားတိုးကာ ဆက်ပြောလိုက်သည်။
"ကျေးဇူးပြုပြီး ရွေးပေးပါ"
ခဏကြာသော် နူးညံ့သိမ်မွေ့သောအသံက ရိုစီနာ ၏ လည်ပင်းရှေ့တွင် လာရိုက်ခတ်လေသည်။
"ဒီမှာ ကလေးကို တစ်ယောက်တည်း ထားခဲ့မှာလား..."
အနည်းငယ် အောက်ချထားသော ရွှေမျက်တောင်များက တဖျတ်ဖျတ်ခတ်နေပြီး ရိုစီနာကို စူးစိုက်ကြည့်နေတော့သည်။
"ဒါမှမဟုတ် ကိုယ့်ကို လက်ထပ်ပြီး ကလေးနဲ့နေမှာလား"