Chapter 15
"လက်ထပ်မယ်…"
လက်ထပ်မည် ဆိုသော စကားကြောင့် ရိုစီနာ ခေါင်းရှုပ်သွားရသည်။ သူမစိတ်ထဲတွင်လည်း ရွေးချယ်စရာ တစ်ခု ရုတ်တရက် ပေါ်လာသည်။ သူမ လည်ချောင်းမှာလည်း သဲများနှင့် ပြည့်နေသလို တင်းကျပ်လာ၏။
ရိုစီနာ ထိုသို့ ရေရွတ်ပြီး ခြေတစ်လှမ်း နောက်ပြန်ဆုတ်သွားသည်။
“လက်ထပ်မယ် ဆိုပါလား… ရယ်စရာကောင်းလိုက်တာ"
ရာဟန် သည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ မေးလိုက်သည်။
"ဒါဆို ကလေးကို ထားခဲ့ချင်တာလား"
သူက ခေါင်းကို အနည်းငယ်စောင်းပြီး မေးလိုက်သောအခါ ရိုစီနာ တံတွေးတစ်ချက်မျိုချလိုက်သည်။
သူမ ကလေးကို ချန်ထားခဲ့ရမှာလား…
စိတ်ကူးလိုက်ရုံနှင့် သူမ နှလုံးသားတစ်ခုလုံး ပေါက်ကွဲလုမတတ် ဖြစ်သွားရသည်။ တစ်ချက် တွေးကြည့်လိုက်ရုံနှင့်၊ အီလီယန်၏ အနာဂါတ်သည် သူမ၏ တစ်ကိုယ်ကောင်းဆန်မှု တို့နှင့်အတူ ဖုံးလွှမ်းနေတော့သည်။ သူ နိုးလာတာနှင့် ရုတ်တရက်ကြီး အမေဖြစ်သူ ပျောက်သွားမှန်း သိပါက တုန်လှုပ်ခြောက်ခြား နေပေလိမ့်မည်။
ထို့အပြင်၊ အီလီယန် သည် တခြားရွယ်တူကလေးချင်းများနှင့် နှိုင်းယှဉ်ပါက ဖွံ့ဖြိုးမှု နှေးကွေးသူဖြစ်သည်။ထို့ကြောင့် အပြင်လူတွေကလည်း သူ့ကို ကြင်ကြင်နာနာဆက်ဆံကြမည်မထင်။
အီလီယန်…
သူ့ကို နာမည်ပေးသည့်အချိန်ကစပြီး အီလီယန် ဟာ ရိုစီနာ ၏ အရာအားလုံးဖြစ်လာခဲ့သည်။ သူမကိုယ်တိုင်ကလည်း ကမ္ဘာပေါ်ရှိ အခြားသူများထက် အီလီယန် ကို ပိုချစ်ပါ့မည်ဟု ကတိပြုခဲ့သည်။စည်းစိမ်းဥစ္စာများ အလျှံအပါယ်နှင့် မထားနိုင်လျှင်တောင် မချို့တဲ့အောင် ထားမည်ဟုလည်း ယတိပြတ် ဆုံးဖြတ်ထားသည်။ထို့ကြောင့် သူမ၏ အနာဂတ်သည် အီလီယန် ဘဝနှင့် လုံးဝ ထပ်တူကျနေသည်။
ဒါကြောင့် သူမ မပါဘဲ သူ တစ်ယောက်တည်း ဒီနေရာမှာ ဘယ်လိုလုပ် ရှင်သန်နိုင်ပါ့မလဲ…
သူမ အီလီယန် ကို တစ်ချက် ကြည့်လိုက်သည်။ အိပ်ပျော်နေသော ကလေး၏ မျက်နှာသည် ယခင်ကထက် ပို၍ အေးချမ်းနေသည်။
ထို့နောက် အီလီယန်ကို ထိလိုက်သောအခါ နွေးထွေးမှုတစ်ခုက သူမဆီ ကူးစက်လာသည်။
အီလီယန် ၏ လက်ကိုထိနေသော ရိုစီနာ သည် တဖြည်းဖြည်း မတ်မတ်ပြန်ထိုင်လိုက်သည်။ထို့နောက် သူမရှေ့က ရာဟန် ကို ရင်ဆိုင်လိုက်သည့်အခါ အမှန်တရားက သူမရင်ကို ထပ်ပြီး လာထိသွား၏။အိမ်ထောင်ရေးသည် သူမ အတွက် အရာအားလုံးကို ပြောင်းလဲစေလိမ့်မည်။ ထို့အပြင် အာစတေးနီယား သို့မပြန်နိုင်ဘဲ၊မူယာမာယာ များသော မင်းမျိုးမင်းနွယ်ထဲသို့ ပြန်ဝင်ရပေလိမ့်မည်။ထို့အပြင် သူမသည် တော်ဝင်မိသားစု၏ မိခင်တစ်ယောက်နှင့် ဇနီးသည် တစ်ယောက်အဖြစ် တာဝန် ကျေပွန်ရတော့မည်ဖြစ်သည်။
ရိုစီနာ ရင်ထဲတွင် ခံစားချက်ပေါင်းစုံက ဆောင်းလေညှင်းလို လွှမ်းခြုံထားလေသည်။ယခု သူမသည် မိသားစုကို ဖျက်ဆီးပြီး သူမ အဖေကို သတ်ပစ်ခဲ့သည့် တော်ဝင်မိသားစုနှင့် လက်ထပ်ရပေတော့မည်။သို့သော် ထိုအိမ်ထောင်ရေးမှာလည်း အချစ်ကြောင့်မဟုတ်ဘဲ တာဝန်နှင့် တည်ဆောက်ထားသည့် မိသားစုတစ်ခုပင်။
“အမေ…”
ရိုစီနာ သည် အိက်ချင်မူးတူးသံဖြင့် ပြောနေသည့် အီလီယန် ၏ အသံကြောင့် တစ်ဖက်လှည့်လိုက်မိသည်။ အီလီယန် သည် သူ့အိပ်မက်ထဲတွင် သူမကို ရှာနေပုံပေါ်ပြီး ခံစားချက်များ ပြင်းထန်နေတာကြောင့် သူ့လက်ချောင်းများက တွန့်လိမ်နေသည်။
ရိုစီနာ ပါးစပ်အဟောင်းသား ဖြစ်သွားရပြီး များမကြာမီ သူမ အသက်ရှူပါကြပ်လာရတော့သည်။
ထို့နောက် အီလီယန်၏ လက်ချောင်းထိပ်များသည် တဖြည်းဖြည်း တည်ငြိမ်လာပြီး ပြည်လည် တည်ငြိမ်သွားတော့သည်။သူမ ဖြည်းဖြည်းချင်း အပေါ်ပြန်မော့လိုက်ရာ သူမကို ငုံ့ငြည့်နေသော ရာဟန်၏ မျက်လုံးများနှင့် ဆုံသွားလေသည်
ရိုစီနာ သည် အပြင်ပန်းက တည်ငြိမ်နေသော်လည်း စိတ်ထဲက သိသိသာသာ တုန်လှုပ်နေမိသည်။ထို့နောက် သူမ ရာဟန် ကို တည့်တည့်ကြည့်ရင်း ဆုံးဖြတ်ချက်ချလိုက်သည်။
"ကောင်းပြီ…ကျွန်မတို့လက်ထပ်ရအောင်"
ရိုစီနာ ၏ အဖြေကို ကြားလိုက်သောအခါ မာကျောခက်ထန်နေသော သူ့မျက်လုံးများက ပျော့ပြောင်းနူးညံ့သွားသည်။ သို့သော်လည်း သူ မပြုံးနိုင်ခင်မှာပင် သူမ စကားဆက်ပြောလိုက်သည်။
“အဲဒီအစား ကျွန်မ ပြောစရာရှိတယ်"
"ပြောပါ"
ရာဟန် က သူမ လုပ်ချင်တာမှန်သမျှ လုပ်ပေးမည်ဆိုသည့် သဘောနှင့် ခေါင်းညိတ်လိုက်သည်။ စည်းကမ်းများကို မပြောမီ သူမ အသက်ဝအောင် ရှူလိုက်သေး၏။
"ကျွန်မ ပြောမယ့်စကားက…”
ရာဟန် သည် ရိုစီနာ စကားကို ပျော်ရွှင်စိတ်ဖြင့် စောင့်နေခဲ့သော်လည်း သူမအဖြေက သူ မျှော်လင့်ထားသည်ထက် အတိုင်းအဆမရှိ ကျော်လွန်သွားခဲ့သည်။
"ကွာရှင်းပေးဖို့ပါပဲ"
ရာဟန် သည် နားကြားများလွဲလေသလားဟု တွေးကာ သူမအား ဇဝေဇဝါ စိုက်ကြည့်နေသော်လည်း နောက်ထပ်ပြောလိုက်သည့်စကားက သက်သေပင်။
"ကလေးကြီးလာရင် ကျွန်မတို့ လမ်းခွဲကြမယ်"
ရာဟန် သည် ရုပ်တုတစ်ခုလို တောင့်တင်းနေပြီး အတန်ကြာမှသာ စကားပြောနိုင်သွားသည်။
"ဘာကိုဆိုလိုတာလဲ"
"ကြားတဲ့အတိုင်းပဲ"
ရိုစီနာ သူ့ကို တည်ငြိမ်စွာ မော့ကြည့်လိုက်သည်။
ရာဟန် သည် သူမ၏ ခံစားချက်ကင်းမဲ့သော မျက်လုံးများကို မြင်လိုက်သောအခါ ခေတ္တမျှ အသက်ရှူ ရပ်တန့်သွားလေသည်။
"ဘာပဲဖြစ်ဖြစ် ကျွန်မတို့က တစ်ယောက်နဲ့တစ်ယောက် သဘောကျလို့ လက်ထပ်တာမဟုတ်ဘူးလို့ သတိပေးထားတာပါ"
သူမ စကားကြောင့် ရာဟန် ပုခုံးနှစ်ဖက်စလုံး ဆတ်ကနဲ လှုပ်ခါသွားလေသည်။ သူ့မှာ စကားပြောစရာတွေ အများကြီး ရှိသော်လည်း ဘာပြောရမှန်းမသိတော့။သို့သော် သူပြောအံ့ဆဲဆဲတွင် ထွက်လာသော ရိုစီနာက ထပ်ပြောလိုက်ပြန်သည်။
"ကျွန်မ ရှင့်ကို မချစ်ဘူး"
နောက်ဆုံး ရာဟန် ဘာမှ ပြောချိန်မရှိတော့ဘဲ ပါးစပ်ကို ပိတ်ထားရလေတော့သည်။
စကားပြောနေစဉ် ရိုစီနာ ၏ အကြည့်စူးစူးတို့သည် တဖြည်းဖြည်း လျော့ပါးလာသည်။ ထို့နောက် သူမက ကြမ်းပြင်ကို ငုံ့ကြည့်ရင်း တုန်တုန်ယင်ယင်နှင့် ပြန်ပြောလေသည်။
"အဲ့ဒီတုန်းက မှားသွားခဲ့တာ…”
နှစ်ယောက်သား ခေတ္တမျှ တိတ်ဆိတ်သွားသည်။ထို့နောက် အတန်ကြာမှ ရာဟန် က သူ့စိတ်ခံစားချက်တွေကို ထိန်းထားသလိုမျိုး အကြာကြီး နှုတ်ဆိတ်နေပြီး ထပ်မေးလိုက်သည်။
"တစ်ကယ်ပဲ မှားတာလား"
"ဟုတ်တယ်”
ရိုစီနာ ၏ အဖြေကိုကြားသောအခါ သူ အသက်ရှုကြပ်သွားသည်။ ထို့နောက် ရှေ့တိုးပြီး အနားကို ကပ်ကာ ဆက်ပြောလေ၏။
"ကောင်းပြီလေ…ကိုယ်လည်း ပြောစရာရှိတယ်"
ရိုစီနာ သည် ခေါင်းမော့လိုက်သည်နှင့် ရာဟန် ၏ မျက်လုံးများကို မြင်တွေ့ရသည်။လန်းဆန်းနေသော သူ၏ အပြာရောင် မျက်လုံးများသည် ပို၍ နက်မှောင်သွားသလိုပင်။
"ကျေးဇူးပြုပြီး အရမ်းချစ်ကြတဲ့ လင်မယားတွေလို ဟန်ဆောင်ပေးပါ"
မထင်မှတ်ထားသော စကားကြောင့် ရိုစီနာ အံဩသွားသည်။ ရာဟန် လက်က သူမ၏ လက်ကောက်ဝတ်ကို ညင်သာစွာ ဆုပ်ကိုင်ထားသည်။ ထိုအခါ အနည်းငယ်အေးစက်စက် ဖြစ်နေသော သူ့လက်သည် သူမ အသားကိုတိုက်ရိုက်လာထိလေ၏။
"တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြသလို ဟန်ဆောင်ပေးနော်"
ယခုဆို သူမတို့နှစ်ယောက်က ပို၍ပင် နီးကပ်လာလေပြီ။ သူ့နှုတ်ခမ်းများက သူမနှုတ်ခမ်းဆီ နီးကပ်လာပြီး သူ့အသံတိုးတိုးက သူမ နားထဲကို စိမ့်ဝင်သွားလေ၏။
"ဘာလိဘာလို့လဲဆိုတော့ ကိုယ်လည်း တတ်နိုင်သလောက် ဖခင်ကောင်းတစ်ယောက်ဖြစ်ချင်လို့ပါ"
ရိုစီနာလည်း ရှက်စိတ်ကြောင့် ထူပူနေပြီး ခေါင်းညိတ်ပြလိုက်သည်။
သို့သော် လိုချင်သည့်အဖြေကို ရသွားသည့် ရာဟန် ကမူ တစ်ချက်ကလေးမှတောင် မပြုံးတော့။ဤသည်ကို ရိုစီနာ တစ်စက်မှ မရိပ်မိရှာပေ။
***
ထရီအက် သူရဲကောင်းများ…
လွန်ခဲ့သော ခုနစ်နှစ်က ထိုအဖွဲ့ကို ဘီလူးများ နှိမ်နင်းရန်အတွက် အထူး အဖွဲ့အဖြစ် လူဦးရေနည်းနည်းဖြင့်သာ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ သူတို့ အဖွဲ့သည် စနစ်တကျ လှုပ်ရှားကြသည့် သာမန် သူရဲကောင်းတွေနှင့် မတူကြဘဲ တစ်ဦးချင်းသာ လှုပ်ရှားကြပြီး တစ်ဦးချင်းစီကလည်း အတတ်တစ်မျိုးဆီ ကျွမ်းကျင်ကြသည်။
သူတို့အဖွဲ့သည် မကောင်းဆိုးဝါးများကို သတ်ရန် အင်ပါယာတစ်လျှောက် ခရီးထွက်ခဲ့ကြပြီး မကောင်းဆိုးဝါးများကြောင့် ထိခိုက်ခဲ့သော ရွာများကို ကူညီခဲ့ကြသည်။
အဖွဲ့ ဖွဲ့စည်းပြီးနောက် မကြာမီပင်၊ ထရီအက် သူရဲကောင်းများ သည် အင်ပါယာတစ်ခွင်လုံး၌ ကျော်ကြားမှုရရှိခဲ့သည်။ အိမ်ရှေ့စံ ဇီဂရစ် က မကောင်းဆိုးဝါးများကို အနိုင်ယူရန် အသက်ကိုစတေးပြီး ထရီအက် သူရဲကောင်းများကို ဦးဆောင်ခဲ့ကြောင်း တော်ဝင်မိသားစုက ကြေငြာထားလေသည်။ထို့ကြောင့်၊ တော်ဝင်မိသားစုအပေါ် ပြည်သူများ၏ သစ္စာစောင့်သိမှုမှာ ပိုမိုကြီးထွားလာပြီး အိမ်ရှေ့စံလည်း ပို၍ ကျော်ကြားလာခဲ့သည်။သို့သော်လည်း အမှန်တရားကိုတော့ လျှို့ဝှက်ထားကြသည်။အမှန်မှာ၊ ထရီအက် သူရဲကောင်းများ၏ ခေါင်းဆောင်သည် တတိယမင်းသား ရာဟန် ဟာဘက် ဖြစ်ပေသည်။
"အား… သေတော့မယ်"
ဦးထုပ်ကို ချွတ်လိုက်သော ရယ်ဗင် သည် ဆိုဖာပေါ် မရောက်မီ လမ်းတစ်ဝက်မှာ လဲကျသွားသည်။
"ငါကတော့ တစ်နေ့လုံး နတ်ဆိုးတွေနဲ့ တိုက်ခိုက်ရတာ သိပ်ပျော်တာပဲ"
ရယ်ဗင် စကားကို ဆံပင်စည်းနေသော အိုင်းဆက် က ပြန်ဖြေလိုက်သည်။
"မင်း အပိုမပြောနဲ့"
“ဘယ်မှာ အပိုပြောလို့လဲ…အခုတော့ မတိုက်ရဘဲ ငါတို့ မြို့တော်အထိ မအိပ်ဘဲ လမ်းလျှောက်လာကြတာမလား”
အချို့သော သူရဲကောင်းများသည် ရယ်ဗင် ငြီးတွားလိုက်သည်ကို သဘောတူကြပြီး ခေါင်းညိတ်လိုက်ကြသည်။ ရယ်ဗင် ပြောသည့်အတိုင်း သူရဲကောင်းများသည် မြို့တော်ကို ရက်အတော်ကြာ အနားယူခြင်းမရှိပဲ အရောက်လာခဲ့ကြသည်။
ဤသည်မှာလည်း ရာဟန် ၏အမိန့်ကြောင့်ဖြစ်သည်။ ဒေသခံမြို့တစ်မြို့ဆီမှ သတင်းရရှိပြီးနောက် ရာဟန် သည် မြို့တော်သို့ အမြန်လာပြီး အမျိုးသမီးတစ်ဦးကို ရှာဖွေရန် အမိန့်ပေးခဲ့သည်။ ထို့ကြောင့် ထရိအက် သူရဲကောင်းများသည် မြို့တော်ကိုလှည့်ပတ်သွားကာ မစားရ၊မအိပ်ဘဲ ဆံပင်အနီရှိသော အမျိုးသမီးတစ်ဦးကို ရှာဖွေခဲ့ကြသည်။
သူတို့သည် ရာဟန် ထုတ်ထားသော ပထမဆုံးအမိန့်ကို မေ့ထား၍မရပေ။
- အင်ပါယာကိုလှည့်ပတ်ပြီး မရရအောင် သူမကိုရှာကြ…
ခုနစ်နှစ်တာ ကာလအတွင်း ရာဟန် လိုက်ရှာနေသည့် အမျိုးသမီးသည် သေဆုံးသွားပြီဖြစ်ကြောင်း အားလုံး သံသယရှိ နေကြသည်။ သို့သော်လည်း သံသယမျှသာဖြစ်ပြီး သေသလား၊ရှင်သလား ဘယ်သူမှ သေချာမသိပေ။
ရာဟန် ၏ မယိမ်းယိုင်သောသဘောထားမှာ ခုနစ်နှစ်ကြာသွားခဲ့သည်။သူသည် ဘုရင်မင်းမြတ်၏ အမိန့်ကို လိုက်နာဆောင်ရွက်နေရင်းပင် သူမကို အဆက်မပြတ် ရှာဖွေနေခဲ့သည်။ ဆံပင်နီနှင့် အမျိုးသမီးတစ်ဦးကို မြင်လျှင် သို့မဟုတ် လီဒန် ဟူသောအမည်ကို ကြားပါက၊ သူလုပ်စရာရှိတာကို ရပ်ပြီး ထိုနေရာကို ချက်ချင်း လိုက်လာမတတ်ပင်။လည်ပင်းကို ဓားတစ်ချောင်း လာစိုက်လျှင်တောင် ရှောင်မသွားနိုင်လောက်အောင် ရာဟန် ဟာ သူမအတွက် မျက်စိကန်းနေခဲ့သည်။ သူ့ပုံသဏ္ဍာန်သည် တိရစ္ဆာန်ဗီဇသာ ကျန်ရှိတော့သော သားရဲနှင့်တူနေလေသည်။
ရာဟန် ၏အမိန့်ကို နှစ်ပေါင်းများစွာ ထမ်းဆောင်လာခဲ့သော သူရဲကောင်းများသည် အကျင့်တစ်ခုလို စွဲမြဲသွားအောင်ပင် လိုက်ရှာနေခဲ့ရတာကြောင့် နောက်ဆုံးတွင် သူမကို တွေ့ရှိသွားသည်။
သူတို့အားလုံး တိတ်ဆိတ်သွားကြပြီး မနေ့က ကိစ္စကို ပြန်တွေးနေကြသည်။ထိုစဥ် ရယ်ဗင် က တိတ်ဆိတ်မှုကို ဖြိုခွင်းပြီး စကားစလာသည်။
"ခေါင်းဆောင်ရဲ့မျက်နှာကို မင်းမြင်ပြီးပြီလား"
လူတိုင်းက ခေါင်းညိတ်ပြကြသည်။
“ငါတောင် ရင်တွေနာလာတယ်…မကောင်းဆိုးဝါးတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့သူက ရုတ်တရက်ကြီး မျက်ရည်တွေကျနေတာ မယုံနိုင်စရာပဲ"
ရယ်ဗင် သည် သူ၏ဆံပင်ရှည်များကို ပွတ်သပ်နေရင်း ပြောလိုက်သည်။ ထို့နောက် တိတ်ဆိတ်နေသော ခရေယယ်က စကားတစ်ခွန်း ထပြောလိုက်သည်။
"မနေ့တုန်းက ငါတို့သိထားတဲ့ တတိယမင်းသားနဲ့ မတူတာတော့အမှန်ပဲကွ"
"ဟုတ်ပါ့…ချက်ချင်းကြီး ဒူးထောက်လိုက်ရတယ်လို့… ငါ တွေးတောင်တွေးမကြည့်ဖူးဘူး"
အားလုံးကလည်း ခေါင်းဆောင်အပေါ် စာနာစိတ်ဖြင့် ယိုဖိတ်နေကာ တစ်ယောက်ပြီးတစ်ယောက် ပြောလာကြသည်။ အမှန်တစ်ကယ်၊ သူရဲကောင်းများ ထင်မြင်နေသည့် ရာဟန် ၏ပုံစံမှာ သွေးအေး၊ ရက်စက်ကြမ်းကြုတ်သော မကောင်းဆိုးဝါးသတ်သမား တစ်ယောက်ပင်။သို့သော် ယခုမူကား ကြောက်စရာကောင်းသော ရာဟန် ကို ထိန်းချုပ်မည့်သူ တစ်ဦးရှိနေပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူရဲကောင်းများသည် သက်ပြင်းကိုယ်စီချလိုက်သည်။ ယခု သူမကို တွေ့ပြီဖြစ်တာကြောင့် အရာအားလုံး ပြီးဆုံးသွားပါစေတော့ဟုသာ မျှော်လင့်နေကြသည်။
"စကားမစပ်၊ ငါတို့ဆိုရင် ဆုတွေ ဘွဲ့တွေ ရထားတာပဲ… ဒါပေမယ့် ငါတို့ဘာလို့ဒီကိုရောက်လာရတာလဲ"
"အင်း…ဟုတ်တော့ဟုတ်တယ်…ဒါပေမယ့် ဘယ်တတ်နိုင်မလဲလေ…ခေါင်းဆောင်က သူမကို ရှာဖို့ အမိန့်ပေးထားတာကိုး…အဲ့ဒီတော့ မကောင်းဆိုးဝါးတောင် မသတ်အားတော့ဘူး…ချက်ချင်း မြို့တော်ကို သတင်းရလို့ လာရတော့တာပေါ့"
ခရေယယ် ၏စကားကြောင့် အိုင်းဆက် က သက်ပြင်းချလိုက်ပြီး ညည်းညူလိုက်သည်။ လက်ရှိတွင် သူရဲကောင်းများသည် မင်းသား၏ နန်းတော်အား တာဝန်ချိန် သုံးချိန်ခွဲ၍ စောင့်ကြပ်ကြပြီး တာဝန်ကျသူများမှ လွဲ၍ တခြားသူများသည် ထရိအက် သူရဲကောင်းများ ၏ ယာယီနေအိမ်တွင် စုရုံးနေကြရမည်။
အချိန်အကြာကြီး အနားယူလို့မရတာကြောင့် သူတို့ ကံကြမ္မာကိုသာ ယိုးမယ်ဖွဲ့ရပေတော့မည်။
အားလုံး စကားစမြည်ပြောနေစဉ် ရယ်ဗင် သည် ထိုင်နေရာမှ မတ်တပ်ထလိုက်သည်။
ထို့နောက် အိုင်းဆက် ကလည်း ဘေးကို လှမ်းကြည့်ကာ မေးသည်။
"ဘယ်သွားမလို့လဲ"
"သူမကို အနိုင်ကျင့်ကြတဲ့ လူတွေကို သွား တွေ့မလို့"
ထိုအခါမှ မနေ့က ရိုစီနာ ကို ဆွဲခေါ်လာသည့် လူကြီးတွေကို အိုင်းဆက် လည်း အမှတ်ရသွားသည်။ ထိုသူများအား မကောင်းဆိုးဝါးများကို သော့ခတ်ထားလေ့ရှိသည့် မြေအောက်ခန်းထဲတွင် ပိတ်လှောင်ထားခြင်း ဖြစ်သည်။
"မင်းရော လိုက်မလား"
"ငါက ပရော်ဖက်ရှင်နယ် တစ်ယောက်ကွ…အလုပ်ကြီးတွေပဲ လုပ်တယ်…အသေးအဖွဲတွေ မလုပ်ဘူး"
ရယ်ဗင် ပြုံးပြီး ပခုံးတွန့်လိုက်သည်။
“သူမရဲ့ လက်ကောက်ဝတ်ကို ကိုင်ထားတဲ့ လက်တစ်ချောင်းစီ တစ်ချောင်းစီ တိုင်းကို ဖြတ်ပစ်ဖို့ ခေါင်းဆောင်က ပြောထားလို့ကွ"
ရယ်ဗင် ၏ စကားကြောင့် သူရဲကောင်းများအားလုံး မျက်နှာများ ဖြူဖျော့သွားရသည်။ နှိပ်စက်ညှဉ်းပန်းမည်ဟု ဆိုသည့်အတွက် ရယ်ဗင် နောက်ကို လိုက်မည့်သူ မရှိသည်မှာ သေချာသည်။
ရယ်ဗင် သည် ခေါင်းဆောင်းကို ၀တ်နေစဉ် ခုံတစ်ခုပေါ်၌ အေးအေးဆေးဆေး အနားယူနေသော အဲဆစ် သည် မတ်တက်ထရပ်လိုက်သည်။
စောစောက ဘာမှဝင်မပြောဘဲ ရုတ်တရက်ကြီး ထရပ်လိုက်တာကြောင့် သူတို့အားလုံး အဲဆစ် ကို ကြည့်နေကြသည်။
ရာဟန်သည် သူတို့အား အမိန်သစ်တစ်ခု ချမှတ်လိုက်ပြီဖြစ်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့လည်း ခေါင်းဆောင်ရဲ့ အမိန့်အသစ်ကို အားလုံးကြားပြီးပြီ မဟုတ်လား”
ထို့ကြောင့် အဲဆစ် က ခေါင်းဆောင်၏ အမိန့်အသစ်ကို အသံတိုးတိုးဖြင့် ရေရွတ်ပြလိုက်သည်။
"အခုကစပြီး 'သူမကို ကာကွယ်ဖို့ မင်းတို့ အစွမ်းကုန်ကြိုးစားပါ' တဲ့လေ "