Chapter 16
ထိတ်လန့်စရာကောင်းသည့် ကောလဟာလများမှာ တော်ဝင်နန်းတော်တစ်လျှောက် ပျံ့နှံ့ခဲ့သည်။ သရဲတစ္ဆေနှင့် တူသော တတိယမင်းသားသည် အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ယောက်ကို နန်းတော်သို့ ခေါ်ဆောင်လာခဲ့သည့် အကြောင်းဖြစ်သည်။
"မဖြစ်နိုင်ဘူး"
“တတိယမင်းသားရဲ့နန်းတော်ထဲကို အမျိုးသမီးနဲ့ ကလေးတစ်ယောက်ကို ခေါ်လာတယ်လို့ နင့်ကို ဘယ်သူကပြောတာလဲ”
အဝတ်လျှော်ရန် အဝတ်များသယ်လာသည့် အိမ်အကူတစ်ယောက်က နောက်ဖေးတံခါးဆီကို သွားနေရင်း တိုးတိုးလေးပြောလိုက်သည်။
“တတိယမင်းသားက သူ့နန်းတော်ထဲမှာ တစ်ယောက်တည်း ပိတ်နေပြီး ဘယ်တော့မှ ထွက်မလာဘူးလေ…ဒါပေမယ့် ရုတ်တရက်ကြီး သူ့မှာ ကောင်မလေး ရှိသွားတာလား"
တင်းတိပ်များရှိသော အိမ်အကူက မယုံကြည်နိုင်စွာဖြင့် ညည်းတွားလိုက်သည်။ သူမ ပြောသလိုပင်၊တတိယမင်းသားကို လူအနည်းငယ်ကသာ မြင်ဖူးကြသည်။ထို့အပြင် မျက်လုံးဖွင့်ကြည့်၍ မဖြစ်နိုင်လောက်အောင်ပင် ရုပ်ဆိုးသူဖြစ်တာကြောင့် ပေါ်မလာကြောင်း ကောလဟလများ ရှိနေသည်။
ဒါပေမယ့် မင်းသားမှာ မိန်းမနဲ့ ကလေးတစ်ယောက်ရှိတယ်ဆိုပါလား… ကောင်းကင်ကနေ ပြုတ်ကျလာတာလား
"တခြား ကလေးတစ်ယောက်နဲ့ မှားမြင်တာများလား"
"မဟုတ်ဘူး…ကလေးလေးက သေချာပေါက် တော်ဝင်မိသားစုထဲကပဲ….ကြည့်တာနဲ့သိတယ်"
တခြား အစေခံ၏ စကားကြောင့် လူတိုင်း ပါးစပ်ပိတ်သွားကြသည်။ တတိယမင်းသားကို ဘယ်လိုမိန်းမမျိုးက လှည့်စားလိုက်သလဲဟု တွေးကာ သူတို့ အံ့သြနေကြသည်။
ဘယ်လိုပဲ ငွေမက်၊အာဏာမက်သည်ပဲထား၊ ရုပ်ဆိုးသည့် အရူးကောင် တတိယမင်းသားရဲ့ ရင်သွေးလေးကို ဘယ်လိုစိတ်ထားနဲ့ မွေးလိုက်တာလဲ…
"သူမက တော်ဝင်မြို့တော် ကလား"
"အင်း…သူတို့က ရထားလုံးနဲ့ ဝင်လာတယ်လို့ ကြားတယ်"
ဆိုလိုသည်က သူမသည် တော်ဝင်မြို့တော်မှ မဟုတ်ဘဲ အပြင်လူတစ်ယောက်ဟု ဆိုခြင်းဖြစ်သည်။ထိုစဉ် အသာ နားထောင်နေသူ လူတစ်ယောက်က မေးလိုက်ပြန်သည်။
"ဒါဆို ကလေးက ဘာဖြစ်သွားမှာလဲ"
“သူတို့ လက်မထပ်ရင် တတိယမင်းသားလိုပဲ တရားမဝင်ကလေး ဖြစ်သွားမှာပေါ့"
တရားမ၀င်ကလေးတစ်ယောက်အနေဖြင့် တော်ဝင်မိသားစု၏ ချောင်ထဲသို့ တစ်ချိန်ချိန်၌ တွန်းပို့ခံရမည်ဖြစ်သည်။
တတိယမင်းသား အကြောင်းပြောနေကြစဉ် အစေခံတစ်ယောက်က လူတစ်ယောက်ကို မြင်လိုက်သဖြင့် ခေါင်းကို ငုံ့ထားလိုက်၏။ထိုအခါ တော်ဝင်နန်းတော်ရှိ အခြားအစေခံများကလည်း ခေါင်းကို တညီတညွတ်တည်း ညွတ်လိုက်ကြသည်။ကြည့်ရသည်မှာ ရာထူးကြီးသူ တစ်ယောက် ဖြတ်သွားတော့မည်ထင်သည်။ သူတို့ အတင်းအဖျင်း ပြောနေကြစဉ် လူမိသွားသဖြင့် မျက်စိမျက်နှာပျက်နေရှာသည်။ထို့နောက် အရင်ဦးဆုံး ခေါင်းငုံ့လိုက်သည့် အစေခံက ခေါင်းမော့လာပြီး ပတ်ကြည့်လိုက်သည်။
"သူသွားပြီ"
"ဘယ်သူလဲ"
နောက်ထပ် အစေခံတစ်ယောက်ကလည်း အလွန် သိချင်ပုံဖြင့် မေးလိုက်သည်။ အများအားဖြင့်၊ ဤလမ်းကို မှူးမတ်များ သို့မဟုတ် တော်ဝင်မိသားစုဝင်များက အသုံးမပြုကြပေ။
"မသိဘူး… ဒါပေမယ့် ရွှေရောင်ဆံပင်နဲ့ဆိုတော့ သူက တော်ဝင်မိသားစုထဲက ဖြစ်ပုံရတယ်”
သူမ၏ မျက်လုံးများက စောစောက ပျောက်သွားသော လူနောက်သို့ လိုက်ကြည့်ကာ ရေရွတ်နေလေသည်။
"ဒါပေမယ့် သူက အရမ်းချောတာပဲ"
"သူက အိမ်ရှေ့စံမင်းသားလား"
“မဟုတ်ဘူး”
သူမ ခေါင်းခါလိုက်သည်။ သူမသည် တော်ဝင်နန်းတော်တွင် 10 နှစ်ကြာနေထိုင်ခဲ့သူဖြစ်တာကြောင့် အိမ်ရှေ့စံမင်းသား၏ မျက်နှာကို သူမ မမှတ်မိနိုင်စရာ အကြောင်းမရှိပေ။သူမတို့ အားလူံ အချိန်အတော်ကြာ ပဟေဠိ ဖြစ်ပြီးနောက် သူသည် တော်ဝင်မိသားစုဝင် တစ်ဦး ဖြစ်မည်ဟုသာ ကောက်ချက်ချနိုင်ခဲ့သည်။ဤသို့ဖြင့် သူတို့လည်း စကားစမြည်ပြောရင်း အဝတ်လျှော်ခန်းထဲကို ပြန်သွားကြလေသည်။
***
နောက်ဖေး တံခါးသို့သွားရာ လမ်းတွင် ရာဟန် သည် အော်ဟစ်ပြောဆိုနေသော အစေခံများ၏ အသံကို ကြားလိုက်ရသည်။များသောအားဖြင့်၊ သူမတို့ ပြောနေကြသည့် ကိစ္စများကို သူ တစ်စွန်းတစ်စသာ ကြားရတတ်သော်လည်း ယခုတစ်ခါတော့ ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။သူမတို့သည် ရိုစီနာ နှင့် အီလီယန် အကြောင်းပြောနေကြခြင်းပင်။
ရာဟန် က အစေခံများ၏ အပြုအမူကို သဘောကျနေသဖြင့် သူထွက်လာလျှင် စကားစပြတ်သွားမှာစိုးတာကြောင့် အသာရပ်ပြီးစောင့်နေလေသည်။ ကောလဟာလတွေ ပြန့်နှံ့သွားပြီး လူတိုင်း သိသွားသည့်အခါ ရိုစီနာ လည်း လွတ်မြောက်ဖို့ လမ်းစရှိတော့မှာ မဟုတ်ချေ။
ထို့နောက် ရာဟန် သည် သူလျှောက်လာခဲ့သည့်လမ်းကို ပြန်ကြည့်လိုက်သည်။ ထို့နောက် ရိုစီနာ တည်းခိုရာ သူ့နန်းတော်ကို စိုက်ကြည့်မိသည်။
၇ နှစ်ဆိုသော ကာလသည် သူ့အတွက် ငရဲတမျှ ခံစားခဲ့ရသည်။ သူမကို ဆုံးရှုံးပြီးကတည်းက တော်ဝင်နန်းတော်ထဲကို သူကိုယ်တိုင် ဝင်လာခဲ့တာကြောင့် သူလည်း မင်းသားဖြစ်လာသည်မှာ ၇နှစ်ရှိပြီဖြစ်သည်။
ရာဟန် သည် ဘုရင်မင်းမြတ်အတွက် ခွေးတစ်ကောင်လို အလုပ်လုပ်ခဲ့သည်။ သူသည် မကောင်းဆိုးဝါးများကို အနိုင်ယူရန် အင်ပါယာကို လှည့်ပတ်ခဲ့ပြီး တော်ဝင်မိသားစုအား ဆန့်ကျင်သူများကို တိတ်တဆိတ် သုတ်သင်ရှင်းလင်းခဲ့သည်။ထို့အပြင် ဘုရင်မင်းမြတ်၏ အမိန့်အတိုင်း တော်ဝင်မိသားစုဝင်အဖြစ် တရားဝင်အခမ်းအနားများသို့ တစ်ခါမှ မတက်ရောက်ခဲ့ပေ။ထို့ကြောင့်လည်း၊ ဘုရင်မင်းမြတ်သည် ရာဟန် ကို အာဏာပေးအပ်ခဲ့ပြီး အင်ပါယာအတွင်းရှိ အကောင်းဆုံး သူရဲကောင်းအချို့ကို စုဆောင်းပြီး တပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းပေးခဲ့သည်။
အင်ပါယာ တစ်ဝိုက်တွင် ထိုကဲ့သို့ လေ့လာရေးခရီးများ သွားရောက်ခဲ့သည့်အတွင်း ရာဟန် သည် ရိုစီနာ ကို ဘယ်သောအခါမှ မမေ့ခဲ့ပေ။မကောင်းဆိုးဝါးများ တိုက်ခိုက်ခံရ၍ သသူ သေသွားပြီလားဟု တွေးတွေးပြီး အတော်လေး စိတ်ခြောက်ခြားခဲ့ရသည်။
ရာဟန် သည် အချိန်အတော်ကြာအောင် နောင်တရနေခဲ့သည်။ ထိုအမျိုးသမီး ပျောက်သွားကတည်းက နေ့ရက်တိုင်းသည် မိမိကိုယ်ကို ပြန်လည်သုံးသပ်ပြီး ကုန်ဆုံးခဲ့၏။
သူ ပိုပြီး ကြင်နာခဲ့ရပေမည်၊သူမကို ကြမ်းကြမ်းတမ်းတမ်း မပြုမူသင့်ပေ၊ သူမ အိပ်ပျော်နေစဥ် တစ်ယောက်တည်း ထားမသွားသင့်ပေ။ထိုနောင်တစိတ်တို့က သူ့ကို ဝါးမျိုသွားတော့သည်။ထို့ကြောင့် သူသည် ရိုစီနာကို ဇွတ်အတင်းလိုက်ရှာခဲ့သည်။သို့သော်လည်း သူမဟာ မီးခိုးငွေ့တစ်ခုလို ပျောက်ကွယ်သွားတာကြောင့် ဘယ်လိုမှ ရှာမတွေ့ပေ။၇ နှစ်တာကာလအတွင်း သူသည် မျှော်လင့်ချက်များ ထပ်ခါတလဲလဲ ဆုဲးရှုံးခဲ့ရပြီး အကြိမ်ပေါင်း မရေမတွက်နိုင်အောင် စိတ်ပျက်ခဲ့ရသည်။ အချိန်တွေ အများကြီးကုန်သွားသဖြင့် အတွေးတစ်ခုက သူ့စိတ်ကို ရုတ်တရက်လွှမ်းမိုးသွားခဲ့သည်။ထိုအတွေးမှာ ၊သူမသည် အင်ပါယာထဲတွင် ရှိမနေဆိုသည့် အတွေးပင်။ ထိုညက သူ အင်မတန် စိတ်လွတ်နေတာကြောင့် အမြင်မှားသွားခြင်း ဖြစ်နိုင်ပြီး လီဒန် ဆိုသည့် အမျိုးသမီးသည် ဤကမ္ဘာပေါ်တွင် ရှိမနေခြင်းဖြစ်ရမည်။ထိုသို့ မနည်းစိတ်ကို တင်းထားရခြင်းသည် သူ့ကို ရူးသွပ်စေတော့သည်။
ရာဟန်သည် သူမကို လိုက်ရှာချင်သည့် ဆန္ဒကို ချိုးနှိမ်ပြီး မကောင်းဆိုးဝါးများကို အနိုင်တိုက်ရန် စူးစမ်းလေ့လာခဲ့သည်။တစ်နေ့၊ ဒေသတစ်ခုသို့ သွားလည်သောအခါ နံရံပေါ်တွင် စာရွက်တစ်ရွက်ကို တွေ့လိုက်ရသည်။ စာရွက်ပေါ်က ပုံတူပန်းချီမှာ လီဒန် မှလွဲ၍ အခြားလူမဟုတ်ပေ။
ရာဟန် သည် ထိုပုံတူကို ထပ်ခါထပ်ခါ ကြည့်လိုက်သည်။ ပန်းချီကား၏ အောက်ခြေတွင် မြို့စားမင်း၏သမီး ရိုစီနာ အက်စတာရော့ ကို ရှာဖွေနေကြောင်း အတိုချုံးဖော်ပြထားသည်။ ရိုစီနာ အက်စတာရော့ မှာ လီဒန် နှင့်အလွန်တူနေတော့သည်။
ရာဟန် ပုံတူကိုကြည့်ပြီး သဘောပေါက်သွားသည်။ သူရှာနေသည့် အမျိုးသမီးသည် စိတ်ကူးယဉ်မိန်းမ တစ်ယောက် မဟုတ်တော့ပေ။
သူသည် နံရံတွင် ချိတ်ထားသည့် စာရွက်ကလေးကို မြတ်နိုးစွာ ကြည့်လိုက်သည်။ ထို့အပြင်၊ လွန်ခဲ့သည့် ရက်သတ္တပတ် အနည်းငယ်က ဒေသခံမြို့တစ်မြို့ကို အလည်အပတ်သွားရင်း သတင်းအချက်အလက် အချို့ကို ပြန်တွေးကြည့်လိုက်၏။
- မင်း လျှောက်ပြောနေတာမလား…ဘယ်လိုလုပ် ကောင်မလေး ငယ်ငယ်လေး တစ်ယောက်က အင်ပါယာာထဲ ဝင်ခွင့်ပြုဖို့ ရွှေတွေပေးရမယ်လို့…
- ရွှေ…သူမက ထွက်ပြေးလာတဲ့ အစေခံများလား… ဒါမှမဟုတ် ရာဇ၀တ်ကောင်များလား…
-မထင်ပါဘူး…သူမကြည့်ရတာ တော်တော် ချစ်စရာကောင်းတယ်…
- ချစ်ဖို့ကောင်းတယ်ဆိုတော့ ဘယ်လိုပုံစံမို့လို့လဲ…
- ဟမ်...သူမက အနီရောင်ဆံပင်နဲ့ မျက်လုံးကလည်း နီညိုရောင်လေး…
-ဆံပင်နီနေတာက သာမာန်မဟုတ်ဘူးလား…
သူတို့စကားကို နားထောင်နေရင်း ရာဟန် ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားရသည်။ထို့နောက် စားသောက်ဆိုင်ထောင့်မှာ ငြိမ်ငြိမ်လေးစားနေရင်းက သူ တိတ်တိတ်လေးထပြီး သူတို့နားကို သွားလိုက်သည်။
-ကျွန်တော့်ကို အသေးစိတ်ပြောပြလို့ရမလား…
ထိုအခါ အစောင့်တွေကလည်း ရာဟန် ကို သူတို့သိသမျှ ပြောပြလိုက်ကြသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က ဆံပင်နီနှင့် အမျိုးသမီးတစ်ဦး ဤမြို့ကို ဖြတ်သွားခဲ့သည်။ အဲ့သည်အချက်ကနေ စပြီး အဆင့်ဆင့်လိုက်ရှာရင်း သဲလွန်စတွေ တစ်ခုပြီးတစ်ခု စုစည်းလာမိသည်။ သူမသည် မြို့တော်သို့ သွားနေခြင်း ဖြစ်သည်။ ထိုအမျိုးသမီးသည် ရိုစီနာ ဟုတ်၊မဟုတ် ရှင်းရှင်းလင်းလင်း မသိရပေ။သို့သော် ရာဟန် ကံကြမ္မာကို ယုံကြည်ပြီးလိုက်လာခဲ့သည်။
ရာဟန် နှင့် သူရဲကောင်းများသည် အိပ်ချိန်တောင်မရဘဲ မြို့တော်၏ လမ်းအသွယ်သွယ်တိုင်းတွင် သူမကို ရှာဖွေခဲ့ကြသည်။ထို့နောက် သူမကို မြင်ဖူးသူတိုင်းကို လိုက်ရှာမေးမြန်းခဲ့ရ၏။
သူ မြင်းစီးနေရင်း အတွေးပေါင်းများစွာ ဖြတ်သွားခဲ့သည်။
ဒီတစ်ခါ သူမ မဟုတ်ရင် ဘယ်လိုလုပ်မလဲ…
သို့သော်လည်း သူ့ခေါင်းထဲမှာ အတွေးတစ်ခုတည်းသာ သူ့ခေါင်းထဲရှိတော့သည်။ဤသည်မှာ သူမကို မရရအောင် ခေါ်ထားခြင်းဖြစ်ပေသည်။
သို့သော် သူမက ရာဟန် ကို တွန်းထုတ်လိုက်တာကြောင့် သူ့ရင်ဘတ်ကို ဓားနှင့် အထိုးခံရသလို ခံစားရသည်။ အသက်ရှုလိုက်လျှင်တောင် နာကျင်နေရသော်လည်း သူမကို ထပ်အဆုံးရှုံး မခံနိုင်တော့။ ထို့နောက် ရိုစီနာ ၏ ရင်ခွင်ထဲက ကလေးတစ်ယောက်ကို သူ တွေ့သွားတော့သည်
ကလေးကို မြင်သူတိုင်းက သူနှင့် တူကြောင်း အတပ်ပြောနိုင်ပေလိမ့်မည်။ မူးဝေနေခဲ့သည့် ထိုညက အဖြစ်အပျက်ကို သူ အမှတ်ရသွားတော့သည်။ ကလေးသည် သူနှင့် ရိုစီနာ တို့၏ ရင်သွေးကလေး ဖြစ်ပေတော့သည်။
ရာဟန် သည် ကလေး၏အခြေအနေကို တစ်ချက်ကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင်၊ ကလေးသည် သူ့လိုပင် ရောဂါခံစားနေရသည်။ ထို့ကြောင့် ကလေးကို အခွင့်ကောင်းယူဖို့ ဆုံးဖြတ်လိုက်သည်။
- မင်း သူ့ကို ဒီလိုမျိုးထားလိုက်ရင် ဘယ်တော့မှ နိုးလာမှာမဟုတ်ဘူး…
ရိုစီနာ သည် ရာဟန် ၏စကားကြောင့် သိသိသာသာ ထိတ်လန့်သွားပြီး နောက်ဆုံးတွင် ဂွင်ထဲကို ဝင်လာတော့သည်။ထို့နောက် သူသည် ရိုစီနာ နှင့် ကလေးအား တော်ဝင်နန်းတော်၏ ပင်မ တံခါးပေါက်မှတဆင့် တမင်တကာ ခေါ်သွားခဲ့သည်။ သူကိုယ်တိုင်တောင်မှ ပင်မတံခါးကိုဖြတ်၍ တစ်ခါမျှ မဝင်လာဖူးသော်လည်း ယခုတစ်ကြိမ်မှာ ခြွင်းချက်ဖြစ်သည်။ သူမ ပြေးမရအောင် တတ်နိုင်သမျှ ပြေးပေါက်များပိတ်ရန် စီစဉ်ထားခြင်းဖြစ်သည်။ ရိုစီနာ နှင့် ကလေးအကြောင်း လူသိများလာလေလေ၊ သူမ လွတ်လမ်း နည်းလေလေပင်။သူ အရင်ကလို သူမကို ထပ်အဆုံးရှုံးမခံတော့ပေ။
တစ်ရက်အကြာတွင် ရိုစီနာ နှင့် ကလေးအကြောင်းကို လူတိုင်းသိသွားကြသည်။ ရာဟန် သည် သူမကို ထိုကိစ္စအတွက် အသုံးချလိုက်သည်။ထိုကိစ္စမှာ ကလေးကို တစ်ယောက်တည်း ထားရစ်မလား၊သို့မဟုတ် သူ့ကို လက်ထပ်မလား ဆိုသည့် ရွေးချယ်ခွင့်ပင်။ သူမကို ရွေးချယ်ခွင့်ပေးခဲ့သော်လည်း သူမသည် ကလေးကို တစ်ယောက်တည်း မထားခဲ့နိုင်မှန်း သူ သိနေသည်။နောက်ဆုံးတွင်၊ သူ မျှော်လင့်ထားသည့်အတိုင်း သူမသည် လက်ထပ်ရန်သာ ရွေးချယ်ခဲ့သည်။
သို့သော် နောက်ဆက်တွဲအခြေအနေမှာ ရာဟန် မထင်မှတ်ထားသည့်အရာဖြစ်သည်။
- ကလေးကြီးလာရင် ကွာရှင်းကြရအောင်…
ကွာရှင်းခြင်း ဟူသော စကားကို ကြားသောအခါ ရာဟန် မျက်နှာ ပျက်သွားသည်။ သူ့မျက်နှာမှာ ထုတ်ဖော်မပြနိုင်သည့် ခံစားချက်တို့က ဖုံးမရဖိမရပင်။
ဆိုးသွမ်းသော ဆန္ဒများသည် ရာဟန် စိတ်ထဲတွင် ပြည့်လျှံနေခဲ့သည်။ သူသည် ရိုစီနာ ကို လိုချင်နေခဲ့တာ ကြာလှပြီဖြစ်သော်လည်း သူမကတော့ သူ့ကို နှင်လွှတ်ရက်သည်။သူ ဒေါသတွေထွက်ပြီး ၊စိတ်ထိခိုက်လာတာကြောင့် သူမကို နာကျင်အောင် လုပ်မိမတတ်ပင်။
သို့သော်လည်း ရာဟန်က သူ့ခံစားချက်များကို အတတ်နိုင်ဆုံး ဖုံးကွယ်ဖို့ ကြိုးစားလိုက်သည်။
- ကောင်းပါပြီ…,
တစ်ချိန်တည်းမှာပင် ဗျူဟာပြောင်းဖို့ ဆုံးဖြတ်လိုက်သည်။ သူမ သူ့ကို အခု မချစ်သေးလျှင် သူမအချစ်ကို ဖြည်းဖြည်းချင်း အရယူမည်ဟု ပြောင်းတွေးလိုက်လေ၏။
- တစ်ကယ်ချစ်ကြတဲ့ လင်မယားတွေလို ဟန်ဆောင်ပေးပါ… ဘာလို့လဲဆိုတော့ တတ်နိုင်သလောက် ကိုယ်လည်း ဖခင်ကောင်းတစ်ယောက် ဖြစ်ချင်တယ်…
ဤသို့ဖြင့် ရာဟန်သည် သူမကို ဘေးနားမှာထားဖို့ သူ့စိတ်ဝိညာဉ်ကိုတောင် ရောင်းစားခဲ့သူပင် ဖြစ်တော့သည်