Chapter 17
ဘုရင်မင်းမြတ် ဘားမန်း သည် ထိုင်နေရာမှ ဖြည်းဖြည်းချင်း ထကာ ပြတင်းပေါက်ရှေ့တွင် ရပ်လိုက်သည်။ မှန်ပြတင်းပေါက် အပြင်ဘက်တွင် ကြီးမားသော ဥယျာဉ်ကြီးကို အတိုင်းသား မြင်နေရသည်။ နွေဦးလေထဲမှာ ပွင့်အာလာသည့် အနီရောင်ပန်းပွင့်လေးများသည် ဧရာမ အနီရောင် နဂါးကြီး တုန်လှုပ်သွားသလို ယိမ်းနွဲ့နေကြသည်။ ရှားရှားပါးပါး မြင်ကွင်းတစ်ခုဖြစ်သော်လည်း ဘားမန်း သည် ကျောက်တုံးတစ်တုံးကို ကြည့်နေသလို စိမ်းစိမ်းကြီး ကြည့်နေတော့သည်။ သူ ငေးနေရင်း ဟိုးအရင်တုန်းက ကြားခဲ့ရသည့် သတင်းကို ပြန်သတိရသွား၏။
- တတိယမင်းသားက အမျိုးသမီးတစ်ယောက်နဲ့ ကလေးတစ်ယောက်ကို ခေါ်လာတယ်…ပြီးတော့ သူမက မြို့စားမင်း အက်စတာရော့ ရဲ့ ပျောက်နေတဲ့ အကြီးဆုံးသမီးပဲ…
ယခုအချိန်အထိ မကိုက်ညီသေးသော အပိုင်းအစများသည် တစ်ခုပြီးတစ်ခု နေရာမှန် ယူလာကြသည်။ ယခုအချိန်အထိ တော်ဝင်မိသားစုဝင်ဖြစ်ရန် ငြင်းဆိုခဲ့သော ရာဟန် သည် အဘယ်ကြောင့် သဘောတူညီချက်တစ်ခုကို ဦးစွာကမ်းလှမ်းခဲ့ကြောင်း သိသာပေသည်။
အင်ပါယာကို ပတ်ပြီး အဲ့ဒီမိန်းကလေးကို ရှာဖို့လား…
ဘားမန်း ပြုံးလိုက်မိသည်။ မိန်းမတစ်ယောက်ကြောင့် ရာဟန် သည် သူ့လွတ်လပ်ခွင့်ကို စွန့်လွှတ်ပြီး နန်းတော်ထဲ ဝင်လာလိမ့်မည်ဟု ဘားမန်း မထင်မိခဲ့။
"အရှင်မင်းကြီး"
တံခါးနားမှာရပ်နေသည့် အစေခံက ခေါ်လိုက်သည်။
"တတိယမင်းသားက အထဲ ဝင်ချင်လို့ပါတဲ့"
“သူ့ကို ဝင်ခွင့်ပြုလိုက်ပါ”
ဤအချိန်သည် အချိန်မှန်ပင်ဖြစ်သည်။ သူလည်း ရာဟန် မှာ ဘာကိစ္စရှိလို့ ရောက်လာမှန်း သိထားပြီးသားပင်။
အစေခံက တံခါးဖွင့်ပေးလိုက်ရာ ရာဟန် အထဲကို ဝင်လာ၏။ သေးသွယ်သော်လည်း တောင့်တင်းကျစ်လစ်သော ကြွက်သားကိုယ်လုံး၊ ကျယ်ပြန့်သောပခုံးများ၊ အဖြူရောင်ဖြစ်လုနီးနီး ရွှေရောင်ဆံပင်နှင့် အပြာရောင်မျက်လုံးများက မြင်ရသူတိုင်းကို လန်းဆန်းစေသည်။ သူ့ပုံစံသည် ဘားမန်း နှင့်တူသော်လည်း မျက်လုံးများနှင့် နှုတ်ခမ်းများကတော့ သူ့အမေနှင့်တူသည်။ ဘားမန်း သည် ရုပ်ရည်ချောမောသော ထိုအမျိုးသမီးကို ချက်ချင်း သတိရသွားပြီးနောက် အတွေးများကို ပြန်ဖျောက်လိုက်သည်။
"မတွေ့ရတာကြာပြီနော်"
ဘားမန်း က ဖခင်ကောင်းတစ်ယောက်လိုပင် ပြောလိုက်သည်။ ထို့နောက် ရာဟန် ကလည်း ကြင်ကြင်နာနာပင် နှုတ်ဆက်လိုက်သည်။
" ဘုရင်မင်းမြတ်ကို ကျွန်တော် နှုတ်ခွန်းဆက်သပါတယ်"
"ဘာကိစ္စရှိလို့လဲ"
ဘားမန်း သည် သူ့အား ထိုင်ခုံတောင်မပေးဘဲ ချက်ချင်း မေးလိုက်သည်။ လည်း နေရာ၌ ရပ်ကာ အလိုက်သင့် ပြန်ဖြေလိုက်သည်။
"ပြောစရာရှိလို့ပါ"
"ဘာများလဲ"
"ကျွန်တော် မကြာခင် မင်္ဂလာဆောင်ဖို့ စီစဉ်ထားပါတယ်"
ဤသည်မှာ တောင်းဆိုမှုမဟုတ်ဘဲ သတိပေးချက် တစ်ခုသာဖြစ်သည်။
ဘားမန်း သည် ရာဟန် ဘယ်လိုမျိုး မကောင်းဆိုးဝါးများကို တိုက်ခိုက်လိမ့်မည်ဟု ရင်တထိတ်ထိတ်နှင့် စောင့်နေခဲ့ဖူးသော်လည်း လက်ထပ်တော့မည်ဟု တွေးတောင်မတွေးဖူးပေ။
ဘားမန်း သည် ပြတင်းပေါက်ဘေးတွင် ရပ်လိုက်ပြီး ရာဟန် ဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်
ရာဟန် ၏ မျက်လုံးထဲက အကြည့်မှာလည်း ဖခင်နှင့် တစ်ထေရာတည်းပင်။
"သူမက ဘယ်မိသားစုကလဲ"
ယေဘုယျ အခြေအနေကို သိပြီးဖြစ်သော်လည်း မသိဟန်ဆောင်၍ ဘားမန်းက မေးလိုက်သည်။
"သူမက မြို့စားမင်းအက်စတာရော့ ရဲ့ အကြီးဆုံးသမီးပါ"
"မြို့စားမင်း အက်စတာရော့"
ဘားမန်း ရေရွတ်လိုက်သည်။မြို့စားမင်းတို့ မိသားစုသည် တစ်ချိန်က အင်ပါယာတွင် ဂုဏ်သိက္ခာအရှိဆုံး မိသားစုများထဲမှ တစ်ခုဖြစ်သော်လည်း ကိုယ့်နေရာကို မသိဘဲ ဘုရင်မင်းမြတ်၏ အာဏာကို လာစိန်ခေါ်ခဲ့တာကြောင့် ပျက်စီးလုနီးပါးဖြစ်ခဲ့သည့် မိသားစုတစ်ခုဖြစ်သည်။ အထူးသဖြင့် ယခင် မြို့စားမင်း ကွယ်လွန်ပြီးကတည်းက သူတို့သည် နာမည်သာ ကျန်တော့၏။
ဘားမန်း မေးစေ့ကိုပွတ်ကာ တွေးတောလိုက်သည်။ဤသည်မှာ တော်တော်ကောင်းသည့် ကိစ္စဟုပင် ဆိုရမည်ဖြစ်သည်။ ရာဟန် သည် ဘားမန်း အတွက် ကောင်းမွန်သော ဓားတစ်လက် ဖြစ်သော်လည်း အချိန်မရွေး ဓားဖြင့်ထိုးနိုင်သူ ဖြစ်သည်။ ထို့ကြောင့် ရာဟန် ကို ချည်နှောင်ထားရန် မိန်းမနှင့် ကလေးသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်သည်။ ထို့အပြင် သူမသည် အဆင့်နိမ့်သော မိသားစုမှဖြစ်တာကြောင့် ရာဟန် ကလည်း ဘုရင့်အာဏာကို မမျှော်မှန်းနိုင်တော့ပေ။
သေချာတွေးလိုက်ပြီး သူ ခေါင်းညိတ်လိုက်သည်။
"မင်း ကြိုက်သလိုလုပ်"
***
တော်ဝင်နန်းတော်ထဲကို ရောက်လာသည်မှာ နှစ်ရက်ရှိပြီဖြစ်သည်။
နှစ်ရက်လုံးလုံး ရိုစီနာ သည် အီလီယန် ကို ကြည့်ရှုနေရပြီး နန်းတော်ထဲမှ ထွက်မလာရပေ။ အခန်းထဲမှာ ပိတ်မိနေသဖြင့် ငြီးငွေ့ဖွယ်ကောင်းသော်လည်း ရာဟန် က ခဏခဏ လာနေတာကြောင့် သူမမှာ ပျင်းဖို့အချိန်မရှိပေ။
ယခုလည်း ရာဟန် သည် နောက်မှာရပ်ကာ သူမတို့နှစ်ယောက်ကို တိတ်တဆိတ် ကြည့်နေလေသည်။
နောက်ဆုံးတော့ ရိုစီန။ အငြိမ်မနေနိုင်တော့ဘဲ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။
"ရှင့်မှာ အလုပ်မရှိဘူးလား"
"ဟင့်အင်း…မရှိဘူး"
အေးစက်သော အဖြေနှင့်အတူ တစ်ခန်းလုံး တိတ်ဆိတ်သွားပြန်သည်။
ရိုစီနာ သည် အကြောင်းပြချက်မရှိဘဲ သူမ လက်ချောင်းများကို လှုပ်နေမိလိုက်သည်။ သူနှင့် အတူတူရှိနေရတာ သူမအတွက် စိတ်မသက်မသာဖြစ်နေဆဲပင်။
မကြာမီ ရိုစီနာက နောက်မှာရပ်နေသည့် ရာဟန်ကို မေ့ထားပြီး အီလီယန် ၏ပါးကို ထိကြည့်လိုက်သည်။ယနေ့ အစောကြီး အီလီယန် နိုးလာမည်ဟု သူ ပြောထားခြင်းဖြစ်သည်။
“မေမေ"
ရိုစီနာ အသံကြားရာဘက်ကို ခေါင်းလှည့်ကြည့်လိုက်သည်။တင်းတင်းစေ့ထားသည့် အီလီယန်၏ မျက်ခွံတွေက ပွင့်လာပြီး ကြည်လင်ပြတ်သားသော မျက်လုံးတွေက သူမကို ကြိုဆိုနေကြသည်။ချက်ချင်းပင်၊လက်ချောင်းကလေးများကို တွန့်လိမ်နေသည့် အီလီယန်က ထပ်ခေါ်လိုက်ပြန်သည်။
“ မေမေ…”
စက္ကန့်ပိုင်းမျှ စကားမပြောနိုင်ဘဲ ရိုစီနာ ပါးစပ်ကလေး ဟသွားရသည်။သူမ အခုချက်ချင်းပဲ ငိုချတော့မလိုနှင့် ကလေးလေးကို ပွေ့ဖက်လိုက်တော့သည်။
"အီလီယန်"
ရိုစီနာ သူ့ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်သည်နှင့် အီလီယန် က ခိုးခိုးခစ်ခစ် ပြုံးပြလိုက်သည်။ထိုအခါ ကျယ်လောင်ပြတ်သားသော ရယ်မောသံသည် သူမ နားထဲသို့ တိုးဝင်လာရ တော့သည်။ နှစ်လကျော်တိုင်အောင် မကြားရသည့် အီလီယန် အသံကြောင့် သူမ ပီတိဖြစ်လာရပြီး ပါးပြင်ချင်း ပွတ်သပ်လိုက်သည်။
“အင်း… ယားတယ်…မေမေရဲ့"
အီလီယန် က မရိုးမရွဖြစ်နေသည့် လေသံဖြင့် ရယ်မောလိုက်သည်။သူသည် ပုံမှန်အတိုင်း အိပ်ရာမှ နိုးလာခြင်း ဖြစ်သော်လည်း အမေဖြစ်သူ၏ တုံ့ပြန်ပုံက ထူးထူးခြားခြား ဖြစ်နေသည်။ သို့သော်လည်း မိခင်ဖြစ်သူ၏ ရင်ခွင်ထဲမှာ ရှိနေရသည့်အတွက် အခွင့်အရေးတစ်ခုလို တွေးပြီး တော်တော် ပျော်ရွှင်နေမိသည်။ထိုစဉ် အမေဖြစ်သူ၏ ပခုံးပေါ်ကို ညင်ညင်သာသာ တင်ထားသော လက်တစ်စုံကို တွေ့လိုက်ရသည်။ထိုမြင်ကွင်းကို ကြည့်နေသော အီလီယန် ၏ မျက်လုံးများသည် ပေါက်ထွက်လာတော့မလို ပြူးကျယ်ဝိုင်းစက်နေတော့သည်။
ထို့နောက် အီလီယန် ၏အကြည့်သည် ရိုစီနာ ပခုံးပေါ်ရှိ လက်ဆီသို့ တဖြည်းဖြည်း တိုးလာသည်။ အဆုံးတွင် ခန္ဓာကိုယ်ကြီးမားသော လူကြီးတစ်ယောက်ကို သူ တွေ့လိုက်ရ၏။ တောက်တောက်ပြောင်ပြောင်ရှိသော ရွှေရောင်ဆံပင်နှင့် သူနှင့်တူလှသော လူထွားကြီးတစ်ယောင်ပင်။
သူက ဘယ်သူလဲ…အမေ့ရဲ့ပခုံးကို ဘာလို့ထိနေရတာလဲ…
ရာဟန် ကို တစ်ခါမှ မမြင်ဖူးသော အီလီယန် သည် ကြောက်စရာကောင်းအောင်ပင် ကြည့်နေလေ၏။
သို့သော်လည်း ရာဟန် က ရိုစီနာ ကို အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
"စဉ်းစားကြည့်တော့…ကိုယ်က ကလေးနာမည်တောင် မသိရသေးပါလား"
ရိုစီနာ သည် အီလီယန် လက်ကို ကိုင်ထားရာမှ လွှတ်လိုက်ပြီး ရာဟန် အား စိုက်ကြည့်နေလိုက်သည်။
" အီလီယန်"
“နာမည်လေးက လှလိုက်တာ"
ထို့နောက် ရိုစီနာ က အီလီယန် ၏ ခေါင်းကို ပုတ်ပြီး နာမည်ခေါ်လိုက်လေသည်။
"အီလီယန်"
ရာဟန် ကို စိုက်ကြည့်နေဆဲဖြစ်သော အီလီယန် သည် သူ့အမေ၏ ခေါ်သံကြောင့် မျက်နှာထားမှာ ချက်ချင်း ပျော့ပြောင်းသွားရသည်။ ယခုအချိန်မှာ ဘာမှမသိ၊နားမလည်သည့် အပြစ်ကင်းသော ကလေးတစ်ယောက်လို ဟန်ဆောင်ရမည့်အချိန်ဖြစ်သည်။
" မေ…မေမေ... သူက ဘယ်သူလဲ"
ရိုစီနာ ခဏမျှတုံ့ဆိုင်းသွားပြီးမှ အမှန်တရားကို ဝန်ခံလိုက်သည်။
"သူက သားရဲ့ ဖေဖေပဲ"
ထို့နောက် အီလီယန် သည် ရိုစီနာ ကိုကြည့် နေရင်း မျက်နှာမှာ ဖြူဖတ်ဖြူလျော် ဖြစ်လာလေသည်။ အမေဖြစ်သူက နောက်ပြောင်လိုက်သည်ဟုသာ အစက ထင်မိသော်လည်း ဘာမှထပ်မပြောတော့သဖြင့် တစ်ကယ်ဖြစ်နေပုံရသည်။
"တောင်းပန်ပါတယ်…သား အရမ်းအံ့သြသွားမှာပဲ"
ရိုစီနာ က အီလီယန် ကို ချော့မော့လိုက်၏။
တစ်ခါမှ မမြင်ဖူးတဲ့ ဖခင်တစ်ယောက် ရုတ်တရက် ပေါ်လာတဲ့အတွက် ကလေး ဘယ်လောက်ထိ တုန်လှုပ်သွားရှာမလဲ။
ဖြည်းဖြည်းချင်း ရှင်းပြဖို့ အချိန်အနည်းငယ် ယူရပေမည်။ ယခုမှ အမှန်တရားကို ရုတ်တရက် ပြောဆိုလိုက်ရသည့်အတွက် သူမလည်း နောင်တ ရမိသည်။
"ကလေးနဲ့ ခဏလောက် စကားပြောလို့ရမလား"
မတ်တပ်ရပ်နေသော ရာဟန် က တိုးတိုးလေး မေးလိုက်သည်။ ယဉ်ကျေးသိမ်မွေ့စွာ တောင်းဆိုလိုက်တာကြောင့် ရိုစီနာည်း ထိုင်ခုံမှ ထပေးလိုက်သည်။ဤသည်မှာ သားအဖနှစ်ယောက် ပထမဆုံး အကြိမ်တွေ့ဆုံခြင်း ဖြစ်တာကြောင့် အချိန်ခဏလောက် အတူ ကုန်ဆုံးပေးလျှင် ကောင်းမည်ဖြစ်သည်။
"ဒါဆို ကျွန်မ အပြင်ထွက်လိုက်ဦးမယ်"
အပြင်မထွက်ခင်မှာ ရိုစီနာ က အီလီယန် ၏ ပါးပြင်ကို နှုတ်ခမ်းနှင့် ပွတ်လိုက်သေးသည်။
ထို့နောကိ အခန်းတံခါးပိတ်သံနှင့်အတူ ပူနွေးသောအခန်းထဲမှ လေထုသည် တစ်ခဏအတွင်း အေးစက်သွားသည်။ ရာဟန်လည်း စောစောက အပြုံးတို့ကို ဖျက်ပစ်ပြီး ခပ်တည်တည်ဖြစ်အောင် နေလိုက်သည်။
ကုတင်ပေါ်တွင် ခေါင်းအုံးကိုမှီထားသော အီလီယန် ကလည်း ရာဟန် ကို စူးစိုက်ကြည့်နေတော့သည်။
"ဦးဦးက ဘယ်သူလဲ"
အီလီယန် က လေသံပြတ်ပြတ်နှင့် ပြောလိုက်သောအခါ ရာဟန် အလိုလို လက်ပိုက်မိလျက်သားဖြစ်သွားရသည်။စောစောက ချစ်စရာကောင်းအောင် ပြောဆိုနေသည့် ကလေးမှာ ယခုတော့ ထိုသို့မဟုတ်တော့ပြီ။
" ဖေဖေက သားရဲ့ ဖေဖေပါ"
အီလီယန် က ချက်ချင်းပင် မျက်နှာကြီး ဆူပုတ်သွားပြီး လက်မခံနိုင်သော လေသံဖြင့် ပြောလိုက်သည်။
"သားမှာ အဖေမရှိဘူး"
အီလီယန် လေသံက စိတ်ပိုင်းဖြတ်ထားသည့် လေသံမျိုးပင်။ အီလီယန် သည် သူ့ဘဝတွင် အဖေဖြစ်သူကို တစ်ခါမှ မမြင်ဖူးသလို၊တမ်းလည်း မတမ်းတခဲ့ဖူးပေ။ အမေဖြစ်သူ၏ ချစ်ခြင်းမေတ္တာကသာ သူ့အတွက် လုံလောက်နေပြီး သူမအား အခြားသူတစ်ဦးမှ ခေါ်သွားမှာကို စိုးရိမ်နေမိသည်။ထိုမျှမကသေး၊ တစ်ခါတစ်ရံ အထီးကျန်ဆန် နေတတ်သော အမေဖြစ်သူ ကို မြင်ရသောအခါ အဖေကိုတောင် ဒေါသဖြစ်မိသေးသည်။ ထို့ကြောင့် ရုတ်တရက်ကြီး အဖေဖြစ်သူပါဟု ပြောနေသည့် လူတစ်ယောက်ကို လက်ခံနိုင်စရာ အကြောင်းမရှိပေ။
"အင်း…ဘာပဲဖြစ်ဖြစ် သားကိုကျေးဇူးတင်ရမယ်"
ရာဟန် သည် ကုတင်နားကို ခြေတစ်လှမ်းတိုးလိုက်သည်။ ထိုအခါ အမြီးဖွာနေသော ကြောင်တစ်ကောင်လို သူ့ကိုသတိထားနေသည့် အီလီယန် အပေါ် အရိပ်ကြီးတစ်ခု လွှမ်းမိုးသွားသည်။ ထို့နောက် အီလီယန် နှင့် တိုးနိုင်သမျှ တိုးလိုက်ပြီး ကိုယ်ကို ကိုင်းလိုက်သေးသည်။
“ကျေးဇူးတင်ပါတယ်…သားကြောင့် ဖေဖေ အဆင်ပြေသွားပြီ"
"ဘာကိုလဲ…"
အီလီယန် သည် မလှုပ်မယှက်ဘဲ မျက်လုံးအပြူးသားဖြင့် ရာဟန် ကို မော့ကြည့်လိုက်သည်။
ထို့နောက် ရာဟန်က အဖြစ်အပျက်တိုင်းကို ရှင်းပြမည့်အစား အတိုချုံးသာ ရှင်းပြလိုက်သည်။
“အခုကစပြီး ဒီနေရာက သားရဲ့ အိမ်ပဲ…ဖေဖေနဲ့ မေမေတို့ မကြာခင် မင်္ဂလာဆောင်တော့မှာမို့ သားရဲ့ အမေကို ဝန်မတိုနေပါနဲ့နော်"
အီလီယန် သည် တစ်ချက်မှ မလှုပ်နိုင်လောက်အောင် ထိတ်လန့်သွားသည်။ တခြားသူနှင့်မဟုတ်ဘဲ အမေဖြစ်သူနှင့် လက်ထပ်မည်ဆို၍ သိပ်ကို ရယ်စရာကောင်းလှသည်။
“…..”
"ဒီအရွယ်က သားအမေရဲ့ ရင်ခွင်ထဲကနေထွက်ရမယ့် အချိန်မဟုတ်လား"
အီလီယန် ဘာမှပြန်မပြောနိုင်ဘဲ လက်သီးကို သာ ဆုပ်ထားပြီး ရာဟန်ကို မျက်မှောင်ကြုတ်၍ တည့်တည့်ကြည့်လိုက်သည်။
"ဦးဦးဗျာ"
ယူကြုံးမရခံပြင်းနေသော အီလီယန် ကြောင့် ရာဟန် လည်း မလွယ်ဘူးဆိုသည့် သဘောနှင့် မျက်ခုံးပင့်မိသွားရ၏။
"မေမေက သားနဲ့ အတူရှိနေတုန်းက ဦးဦးကို လွမ်းတယ်လို့တောင် မပြောဖူးဘူး"
အီလီယန် စကားကြောင့် ရာဟန် တစ်ယောက် စိတ်ဆိုးသွားကာ သူ့ပုခုံးမှာလည်း သိသိသာသာ ငိုက်စိုက်ကျသွားရတော့သည်။
တစ်ချိန်တည်းမှာပင် ပီတိဖြစ်နေသော အီလီယန် က သူ့ခန္ဓာကိုယ်သေးသေးကို ရင်ကော့ထား၍ ပြောလေသည်။
"ဦးဦး သားကို အနိုင်ကျင့်ရင် မေမေ့ကို တိုင်ပြောမယ်"
“…..”
"မေမေက သားကိုချစ်လို့ မင်္ဂလာပွဲကို ဖျက်မှာ"
ထို့နောက် ရာဟန် က အီလီယန် ကိုကြည့်ကာ စောစောက ပျက်ယွင်းသွားသော မျက်နှာအမူအရာဖြင့်ပင် ရေရွတ်လိုက်သည်။
"ဒါဆိုရင်တော့ ဖေဖေလည်း မတတ်နိုင်ဘူးကွ"
ရာဟန်က ပြောပြောဆိုဆို ကိုယ်ကိုပြန်မတ်လိုက်တာကြောင့် သူ့ပုံစံမှာ သားရဲတစ်ကောင်နှင့် တူနေတော့သည်။
"သူမကို အပြင်လွှတ်ပြီး သားနဲ့ ဖေဖေ အတူနေဖို့ကလွဲလို့ ဖေဖေ ရွေးချယ်စရာမရှိတော့ဘူး"
သူဘာတွေပြောနေတာလဲ…
အီလီယန် မျက်နှာထားကို နားလည်သော်လည်း ရာဟန် က အာရုံမစိုက်ဘဲ ပြောနေသည်။
" သားက တော်ဝင် မိသားစုဝင် တစ်ယောက်ဖြစ်လို့ ဒီနန်းတော်ထဲကနေ ထွက်သွားလို့မရဘူး"
ထို့နောက် အီလီယန် မှာ လုံးဝပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။