အပိုင်း ၁၈
Viewers 13k

Chapter 18


တုန်လှုပ်ချောက်ချားစရာ ကောင်းသော စကားကြောင့် အီလီယန်သည် ရာဟန် ကို သေချာကြည့်လိုက်သည်။ ကလေးလေးအတွက် ယုံချင်စရာကိစ္စမဟုတ်ပေ။ ဘယ်လိုပင်ဖြစ်ဖြစ်၊ ရိုစီနာ စိတ်ကို လှည့်စားဖို့ အီလီယန် ၏ အကူအညီကို လိုအပ်နေသည်။ထို့ကြောင့် အီလီယန် ကို သူ့ဘေးမှာ ထားဖို့ လိုအပ်၏။


ရာဟန် က အီလီယန် ကို တိုးတိုးလေးပြောလိုက်သည်။


 "သားသာ ဖေဖေနဲ့ ပူးပေါင်းမယ်ဆိုရင် သားရဲ့ မေမေနဲ့ အတူတူနေခွင့်ပေးမယ်"


ညင်သာစွာ ဖြားယောင်းသွေးဆောင်ခြင်း အတတ်ပညာသည် သူ့ဘဝတွင်တစ်ကြိမ် ၊ နှစ်ကြိမ်သာ ပြုလုပ်ခဲ့သော အရာမဟုတ်ပေ။ သို့သော် အီလီယန် သည် သူ့သားဖြစ်သည်။ အီလီယန် သည် ဘယ်လောက်ပင် ငယ်ရွယ်နေပါစေ၊ သကြားဖြူးထားသည့် စကားများနှင့် အလွယ်တကူ အရည်ပျော်ကျမည့်ကလေးတစ်ယောက်မဟုတ်ပေ။


အီလီယန် က ပြန်မဖြေသည့်အခါ  ရာဟန် နောက်တစ်ခွန်း ပစ်သွင်းလိုက်ပြန်သည်။


"သား မပူးပေါင်းရင် ဖေဖေလည်း မတတ်နိုင်ဘူး"


 ရိုစီနာ အတွက် သားအဖနှစ်ယောက် စစ်တိုက်‌‌ နေကြတော့သည်။ ရာဟန် သည် ခံစားချက်ကင်းမဲ့သော မျက်နှာထားဖြင့် အီလီယန် ကို ကြည့်လိုက်သည်။ အီလီယန် သည် သူနှင့် အလွန်တူသော်လည်း ကလေး အပေါ်ထားရှိသော ဖခင်မေတ္တာမှာ သူ့ရင်ထဲ၌ ရုတ်တရက် မပေါက်ဖွားနိုင်ပေ။ သူ့အတွက်၊ အီလီယန် သည် ရိုစီနာ ကို အနားခေါ်ထားရန် လိုအပ်သည့် ကိရိယာတစ်ခုမျှသာဖြစ်သည်။ ထို့အပြင်၊ အီလီယန် သည် လိမ္မာပါးနပ်စွာနှင့် အမေ ဖြစ်သူ၏ အချစ်တွေကို အရယူထားသူ ဖြစ်နိုင်သည်။ 


"နောက်ဆုံးအနေနဲ့ကတော့"


ထိတ်လန့်နေသော အီလီယန် သည် သူ့အကြည့်ကို ဖြည်းဖြည်းချင်း ရာဟန်ဆီ လှည့်လာသည်။ ရိုစီနာ နှင့် တူနေသော အီလီယန်၏ အနီရောင် မျက်လုံးများကို မြင်လိုက်ရသောအခါ Yerhan ပါးစပ်အဟောင်းသားပင်။ရိုစီနာ၏ မျိုးရိုးလက္ခဏာကို မြင်လိုက်ရတာကြောင့် သူ့ကိုယ်ဟန်က အလိုလို တောင့်တင်းသွား၏။


"စောစောကလို စကားထစ်ဟန်ဆောင်ထားတာ ပိုကောင်းတယ်"


“…..”


 "မဟုတ်ရင် ဘုရင်မကြီးက သားကို သတ်ဖို့ ကြိုးစားလိမ့်မယ်" 


ဘုရင်မကြီး သည် လိမ္မာပါးနပ်သောမိန်းမတစ်ယောက်ဖြစ်ပြီး အိမ်ရှေ့စံလမ်း၌ ပိတ်နေသော ဘယ်သူမဆို သုတ်သင် ရှင်းလင်းမည်ဖြစ်သည်။ ရာဟန် အတွက်မူ၊ မကောင်းဆိုးဝါးများကို တိုက်ခိုက်ရန်အတွက် အသက်ရှင်ကိုရှင်ရမည်ဖြစ်သော်လည်း အီလီယန် အတွက်မူ ကွာခြားလှပေသည်။သူမအတွက် ထီးနန်းဆက်ခံမည့် အလားအလာရှိများကို တတ်နိုင်သမျှ ဖယ်ရှားပစ်ချင်ပေလိမ့်မည်။


အီလီယန် သည် စကားတစ်ခွန်းမှ မပြောဘဲ စောင်ကို ကိုင်ထားရာ ရာဟန် က ပခုံးတွန့်ပြလိုက်သည်။


 "ကိုယ့်ဘာသာကိုယ်ရွေး"


အီလီယန် ၏ မျက်နှာပေါ်ရှိ အကြည့်သည် မမျှတကြောင်းကို အော်ဟစ်နေသလို ရှိသည်။ သူ့ပုံစံမှာ ဆက်တိုက် အရှုံးပွဲများ ရင်ဆိုင်ထားရသည့် ကစားသမတစ်ယောက်လိုပင်။


သူ ရာဟန် ကို စိုက်ကြည့်ရင်း တစ်ခုခုပြောခါနီးမှာ တံခါးခေါက်သံကြားလိုက်ရတယ်။ 


"ကျွန်မ ဝင်လာလို့ရမလား" 


ရိုစီနာ ၏ အသံကြောင့် စောစောက တင်းမာမှုများအားလုံး ပျောက်ကွယ်သွားသည်။ နှစ်ယောက်စလုံး မျက်နှာ အမူအရာများ ချက်ချင်းပြောင်းသွားကြပြီး စိတ်သစ်လူသစ်များ ဖြစ်သွားကြလေ၏။


ထို့နောက် ရာဟန် သည် တံခါးဆီ လျှောက်သွားပြီး တံခါးဖွင့်လိုက်ရာ ရိုစီနာ ဝင်လာလေသည်။ စိုးရိမ်နေသော မျက်နှာထားဖြင့် သူမသည် ရာဟန် နှင့် အီလီယန် ကို အလှည့်ကျကြည့်လိုက်သည်။ 


"ရှင်တို့နှစ်ယောက် စကားပြောဖို့ အချိန်လောက်ရဲ့လား" 


ရိုစီနာ က သတိကြီးကြီးထားပြီး မေးလိုက်သည့်အခါ နှစ်ယောက်သား ခေါင်းညိတ်ပြကြ၏။ သူမလည်း သက်ပြင်းတစ်ချက်ချလိုက်တာကြောင့် အပြင်မှာစောင့်နေရင်း စိုးရိမ်နေပုံရသည်။


ထို့နောက် ရာဟန် က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။


 "သူက အရမ်းကို နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်တဲ့ ကလေးပါ"


ထိုအလိမ်အညာစကားကြောင့် ရိုစီနာ စိတ်သက်သာရာရသွားသလိုပင်။ 


အီလီယန် သည် ရာဟန် ကို ဘာမှမပြောဘဲ  စိုက်ကြည့်နေပြီး ရိုစီနာ ဘက်ကိုလှည့်၍ ခါတိုင်းလိုပင် မလိမ်မိုး၊မလိမ္မာရုပ်လေး ဖမ်းထားသည်။


 "သား…သားတို့ တော်တော် ရင်းနီးနေပြီ" 


ရာဟန် က ရိုစီနာ ကို ပြဖို့ အီလီယန် အား လက်လှမ်းပေးလိုက်သည်။ ထိုအခါ အီလီယန် သည် ခဏမျှ တုံ့ဆိုင်းသွားပြီး နောက်ဆုံးတွင် အဖေဖြစ်သူ လက်ကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် နှစ်ယောက်သား လက်ဆွဲနှုတ်ဆက်လိုက်ကြ၏။ 


“အာ…” 


ရိုစီနာ သည် သားအဖနှစ်ယောက်၏ ပုံစံကြောင့် အံ့လည်းအံ့ဩသွားသလို ပီတိဖြစ်နေရသည်။ အချိန်တိုလေးသာ ရှိသေးသော်လည်း သားအဖနှစ်ယောက် တော်တော်လေး နီးစပ်နေကြပြီထင်သည်။


အီလီယန် က အဖေကို ကြိတ်လွမ်းနေခဲ့တာလား…


သူမ ထိုသို့တွေးမိပြီး အီလီယန် ကို တောင်းပန်ကြည့်ကလေးဖြင့် ကြည့်လိုက်မိသည်။


 " မေ…မေမေ…သားကို ဖက်ထားပေး"


စကားထစ်ပြီး ပြောလိုက်သော အီလီယန် သည် လက်နှစ်ဖက်ကို ဆန့်ပေးလိုက်ရာ ရိုစီနာ ကလည်း သူ့အနားတိုးလာပြီး ပွေ့ဖက်လိုက်သည်။ 


ထို့နောက် မကျေမနပ်ဖြင့် ကြည့်နေသော ရာဟန် က ပြောလိုက်သည်။


 “ဖေဖေ့ဆီ လာပါဦး”


ဖေဖေ…


အမေဖြစ်သူ၏ ရင်ခွင်ထဲ၌ ရှိနေသော အီလီယန် သည် ရူးနေလား ဆိုသည့်  မေးနေသော မျက်နှာပေးဖြင့် သူ့ကို ကြည့်လိုက်သည်။ ထို့နောက် ရိုစီနာ၏ ရင်ခွင်ထဲကို ပို၍တောင် တိုးဝင်ပစ်လိုက်၏။ ထို့နောက် အမေမသိအောင် လျှာထုတ်၍ ပြောင်ပြလိုက်သည်။


ထိုအချိန်တွင် သားအဖနှစ်ယောက်ကို မမြင်ရသည့် ရိုစီနာ က အီလီယန် နောက်ကျောကို လက်နှစ်ဖက်နှင့် ပွတ်သပ်ရင်း ပြောလိုက်သည်။


 "သူ ရှက်နေသေးတာ နေမှာပါ"


ရာဟန် အောင့်သက်သက်ဖြင့် ပြုံးသာပြုံးနေလိုက်ရသည်။


** 


အီလီယန် နိုးလာပြီးနောက်တစ်ရက်တွင် ရိုစီနာ သည် ကလေး၏ လက်ကို ကိုင်ထားပြီး မွန်းလွဲပိုင်းအချိန်၌ နန်းတော်မှ ထွက်ခွာသွားသည်။အီလီနာမှာ အကြာကြီး လမ်းမလျှောက်နိုင်သေးတာကြောင့် ပေါ့ပေါ့ပါးပါး လမ်းလျှောက်ထွက်ဖို့ ခေါ်သွားခဲ့ခြင်းပင်။ ရာဟန် မှာ လိုက်ချင်နေပုံပေါက်သော်လည်း လုပ်စရာအလုပ်များ ရှိနေ၍ လိုက်လို့မရပေ။


ရိုစီနာ သည် သူမ လက်ကို အားရပါးရကိုင်ထားပြီး လမ်းလျှောက်နေသော အီလီယန် ကို ငုံ့ကြည့်လိုက်သည်။ သို့တိုင်၊ သူမ မျက်လုံးထဲတွင် အီလီယန် သည် ကလေးလေးတစ်ယောက်လိုပင်။သူကလေး ကြီးပြင်းလာဖို့ အချိန်တွေ အများကြီး ကျန်သေးသည်။ ထိုအချိန်အထိ သူမသည် ရာဟန် နှင့်အတူ ဤနေရာတွင်နေရမည် ဖြစ်သည်။ 


ရိုစီနာ ကြည့်နေသည်ကို ရိပ်မိသွားသော အီလီယန် က အမေဖြစ်သူကို မော့ကြည့်လိုက်သည်။ထို့နောက် မျက်လုံးဝိုင်းဝိုင်းလေး ပြူးကျယ်သွားပြီးနောက် ရယ်မောလိုက်သည်။ရိုစီနာ ကလည်းအတူတူ လိုက်ပြုံးရင်း ပြောလိုက်သည်။ 


"အီလီယန်…နောက်ဆို ကိစ္စတွေ အများကြီးဖြစ်လာလိမ့်မယ်"


“…..”


 "သား အခုချက်ချင်း နားလည်ဖို့ခက်ပေမယ့်... မေမေက သားအတွက် အမြဲရှိနေမှာပါ" 


အီလီယန် အမေဖြစ်သူ၏ စကားကို နားလည်သယောင်ပင်။အမေက သူ့ဘေးနားမှာ အမြဲရှိနေမည်ဟု ပြောတာကြောင့် အားရဝမ်းသာ သွားဟန်လည်းရှိ၏။


ရိုစီနာ သည် အီလီယန် ဆံပင်ကို အသာ ပွတ်သပ်ပြီး နောက်ကိုပြန်ကြည့်လိုက်သည်။ ယခုနေရာသည် နန်းတော်နှင့် အနည်းငယ် ဝေးသည်။ရာဟန်၏ နန်းတော်သည် ပင်မနန်းတော်၏ နောက်ဆက်တွဲ ဖြစ်တာကြောင့် သေးငယ်လှသည်။ ခေါင်မိုးများမှာ မိုးရေများဖြင့် ပြာညိုရောင် စွန်းထင်းနေပြီး အဆောက်အဦး၏ နံရံများမှာလည်း အချိန်အတော်ကြာအောင် နေသူမရှိခဲ့တာကြောင့် အဝါရောင် ဖြစ်နေသည်။ နန်းတော် ပတ်ပတ်လည်ရှိ ဥယျာဉ်သည် ဥယျာဉ်မှူးများတောင် အလျှော့ပေးထားရသောကြောင့် ပေါင်းပင်များ အလွန်ကြီးထွားနေပြီဖြစ်သည်။ တူတူပုန်းတမ်း ဆော့ကစားလျှင်တောင် ထိုမြက်ပင်တွေကြားထဲ ဝင်ပုန်းနေလို့ရသည်။ 


ထို့နောက် ရိုစီနာ အတွေးဝင်လာသည်။ 


တော်ဝင်နန်းတော်မှာ ရာဟန် က ဘယ်လိုရာထူးရှိတာလဲ 


ဒီလိုနေရာမျိုးမှာ နေထိုင်ရတာကြောင့် သူ့ကို တော်ဝင်မိသားစုဝင်အဖြစ် ဘယ်တုန်းကမှ မဆက်ဆံဖူးသလိုပင်။တွေးကြည့်လိုက်ရာ ရာဟန် ဆိုသည်မှာ သူ့နာမည်အရင်း ဟုတ်မဟုတ်တောင် သူမ မသိလိုက်ပေ။ 


ရိုစီနာ သည် ခါးသီးမှုကို မေ့ပျောက်မျိုချလိုက်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ဘယ်လိုပင်ဖြစ်ဖြစ် ဤနေရာက အီလီယန် နေရမည့်နေရာပင်။ယခုလိုနေရာမျိုးသည် သီးသန့်ဆန်လှတာကြောင့် ကလေးသူငယ်များအတွက် မကောင်းပေ။သူမ နေနေစဥ်အချိန်အတွင်း ဤနေရာကို တစ်ဖြည်းဖြည်း ပြောင်းပစ်ဖို့ ဆုံးဖြတ်လိုက်သည် နန်းတော်ကို ပြုပြင်ပြီး ဥယျာဉ်ကိုလည်း အလှဆင်ရမည်။ တစ်ယောက်တည်းလုပ်ဖို့ရာ ခက်ခဲသော်လည်း မိုးရေစိုနေသည့် အဝတ်အစားတွေ ချောက်သွားသလို  မျိုး ဖြည်းဖြည်းချင်း ပြောင်းလဲရပေမည်။သူမတို့ အတော်ကြာ လမ်းလျှောက်လာခဲ့တာကြောင့် နန်းတော်၏ အုတ်တံတိုင်းကိုတောင် မြင်နေရပြီဖြစ်သည်။ ရာဟန်၏ နန်းတော်တွင် ကမ္ဘာကြီးနှင့် အဆက်ပြတ်နေသကဲ့သို့ ကာရံထားသော အုတ်တံတိုင်းတစ်ခုရှိသည်။ ထို့အပြင် ရေညှိများ ညိတွယ်နေတာကြောင့် အုံမှိုင်းမှိုင်းကြီးဖြစ်နေကာ ကြောက်စရာလည်းကောင်းသည်။


ရိုစီနာ ခဏတုံ့ဆိုင်းသွားသည်။


 သူမ အပြင်သွားလို့ရလား…


ရာဟန် က သူမကို အပြင်မထွက်ဖို့လည်း မမှာထားတာကြောင့် ထွက်လို့ရနိုင်သည်။ သူမလည်း သိချင်စိတ်ဖြင့် အုတ်တံတိုင်းမှ ခေါင်းပြူ၍ ချောင်းကြည့်လိုက်ရာ လုံးဝခြားနားသော ကမ္ဘာတစ်ခု ပေါ်လာသည်။ သူမတို့ ယခု နေနေသည့် အိမ်နောက်ဖေးနှင့် မတူဘဲ အုတ်တံတိုင်းအပြင်ဘက်တွင် လှပသောအလင်းရောင်များဖြင့် ပြည့်နေသည်။ ပန်းခင်းများရှိပြီး စည်းစနစ်ကျစွာ သပ်ရပ်လှသော လမ်းကျဥ်း၊လမ်းကျယ်များလည်း ရှိနေသည်။


ရိုစီနာ သည် နောက်ဆုံးတွင် အီလီယန် ကို လက်ဆွဲကာ အုတ်တံတိုင်းမှ ထွက်လာခဲ့သည်။သူမတို့ သားအမိ အပြင်သို့ ထွက်လာစဉ် ဖြတ်သွားဖြတ်လာသူများက သူတို့ အလုပ်ကို ရပ်ထားလိုက်ပြီး သူမတို့အား လှည့်ကြည့်လိုက်ကြသည်။ သူတို့ မျက်နှာ အမူအရာတွေကလည်း တစ္ဆေကို ကြည့်နေသလိုပင်။


အရိုင်းဆန်လှသော အကြည့်များကြောင့်  ရိုစီနာ သည် အီလီယန် လက်ကို ပို၍ဆုပ်ကိုင်ထားမိသည်။ သူမသည် အီလီယန် လေးကို အရှက်တကွဲမဖြစ်စေချင်ပေ။ သို့သော်လည်း အီလီယန်က တစ်စက်မှကြောက်ရွံ့ဟန် မပြချေ။ထို့နောက် ရိုစီနာ က အီလီယန် ကိုပြုံးပြပြီး ဂုဏ်သိက္ခာရှိစွာပင် အသာအယာ ထွက်သွားခဲ့သည်။ အကယ်၍ သူမသာ ဤအကြည့်များကို ကြောက်နေမည်ဆိုလျှင် နောက်တစ်ခါ အုတ်တံတိုင်းထဲကို ဖြတ်ချင်မှဖြတ်လာနိုင်မည်ဖြစ်သည်။သူမကတော့ နည်းနည်းမှမကြောက်ပေ။ထို့အပြင် သူမသည် တော်ဝင်နန်းတော်တွင် သူစိမ်းတစ်ယောက်သာ ဖြစ်တာကြောင့် သူမကို တစ်မျိုးတစ်ဖုံ ကြည့်ကြမည်မှာ သဘာဝကျသည်။ အစေခံဝတ်စုံများ ၀တ်ဆင်ထားသော အမျိုးသမီးများသည် လမ်းကူးနေကြရင်း ရိုစီနာ အကြောင်းကို တိုးတိုးလေးပြောကြသည်။


 "သူမက ဧကရာဇ်နန်းတော်ထဲကို ဝင်လာတဲ့သူပဲ မဟုတ်လား" 


“တတိယမင်းသားရဲ့နန်းတော်ကနေ ထွက်လာတာကို ကြည့်ရတာတော့ အမှန်ပဲ”


 တတိယမင်းသား…


ရိုစီနာ သည် နားမထောင်ရန် ကြိုးစားသော်လည်း သူမတို့စကားသည် အတင်းတိုးဝင်လာတော့သည်။


ရာဟန် သည် တတိယမင်းသားမှန်း သူမမယုံနိုင်ဖြစ်နေသည်။ ယခုထိ ရာဟန်သည် တော်ဝင်မိသားစု၏ ဆွေမျိုးတစ်ဦးဟုသာ ထင်ခဲ့သော်လည်း သားတော်တစ်ပါးမှန်း တွေးတောင်မတွေးကြည့်ခဲ့ပေ။ထို့နောက် သူမ သည် ယခုအချိန်အထိ ကြားသိခဲ့ရသည့် တတိယမင်းသားအကြောင်း ကောလာဟလများကို အလုံးစဒ့ ကြားဖထားသည်။


အရူး၊ ရုပ်ဆိုးကောင်၊ တစ္ဆေကောင်၊ စိတ်ဆိုးပြီး အကျင့်ပုတ်တတ်တဲ့ကောင်... 


ကောလဟာလတွေက တစ်ကယ့် ရာဟန် နှင့် ယှဉ်လျှင် တော်တော်လေး ကွာသည်။


“ငါတို့ ထင်ထားသလိုပဲ…သူမက ရာထူးအာဏာမက်လို့ပါဟယ်"


ရိုစီနာ အတွေးထဲ နစ်ဝင်နေချိန်တွင် အစေခံများက အဆက်မပြတ် ပြောဆိုနေကြသည်။ 


ထို့နောက် သူမ လက်ကိုကိုင်ထားသည့် အီလီယန် သည် အစေခံများဘက် လှည့်ကြည့်လိုက်သည်။ထိုအခါ အစေခံများသည စကားဆက်မပြောဝံ့တော့ဘဲ ပါးစပ်ကို ပိတ်ထားကြသည်။ အီလီယန် မှာ ကလေးလေးသာ ဖြစ်သော်လည်း သူ့အကြည့်များက ကြောက်မက်ဖွယ်ကောင်းလှသည်။ ထိုမှသာ အစခေံများသည် အမြန် ထွက်သွားကြသည်။ သို့သော်လည်း ရိုစီနာ ကိုကြည့်သော သူတို့ မုန်းတီးနေသည့် အကြည့်များက လုံးဝပျောက်ကွယ်သွားခြင်းမရှိပေ။


စိတ်ဆိုးသွားသည့်၊ အီလီယန် မှာ ရူတ်တရက် မြေကြီးပေါ် ဒူးထောက်ထိုင်ချလိုက်သည်။


 “ မေမေ… သား ခြေထောက်…”


 သူ့ညည်းသံကိုကြားသဖြင့် ရိုစီနာ စိတ်ပူသွားရ၏။


"ခြေထောက်နာနေတာလား…မေမေ ကုန်းပိုးပေးရမလား"


 “ဟင့်အင်း…မဟုတ်ဘူး” 


အီလီယန် ခေါင်းယမ်းပြီး ဘာမှမပြောတာကြောင့် သူမ ထပ်မေးလိုက်သည်။ 


"ပြန်ရမှာလား"


ထိုအခါ အီလီယန် က ချက်ချင်း ခေါင်းညိတ်ပြတာကြောင့်  သူမလည်းလက်ကို လက်ဆွဲထားလိုက်၏။ထိုအခါမှ အီလီယန် သည် အချိန်အတော်ကြာမှ ပထမဆုံးအကြိမ် လမ်းလျှောက်ခဲ့တာဖြစ်ကြောင်း သတိရသွားသည်။


 "ကောင်းပြီ… ပြန်ကြရအောင်" 


နန်းတော်သို့ ပြန်သွားနေစဉ် ရိုစီနာ စိတ်ရှုပ်ထွေးလာသည်။ ရာဟန် သာ တတိယမင်းသားဖြစ်ခဲ့လျှင် တော်ဝင်မိသားစု၏ ရာဟန်အပေါ် ဆက်ဆံပုံမှာ လွန်လွန်းလှသည်။မပြုပြင်ရသေးသော နန်းတော်၊ အချိန်အတော်ကြာ မထိန်းသိမ်းထားနိုင်သော ဥယျာဉ်တစ်ခုအပြင် အစခေံတစ်ယောက်မှပင် မထားပေးချေ။ ထို့အပြင် နန်းတော်၏ အစေခံများသည် တတိယမင်းသား မကောင်းကြောင်းကို ပြောဆိုကြသည်။ ထို့ကြောင့် ရာဟန်သည် တော်ဝင်မိသားစုထဲက နှင်ထုတ်ခံရလုနီးပါး ဖြစ်နေနိုင်သည်။


ရိုစီနာ သည် ရာဟန် မျက်နှာကို သတိရမိပြီး သနားစိတ်တို့ ဝင်လာရသည်။


 "ဘယ်သူ့ကို သနားတာလဲ" 


သူမ ထိုသို့ရေရွတ်လိုက်ရင်း ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ ယခုအချိန်တွင် သူမ ဘယ်သူ့ကိုမှ မစာနာသင့်ပေ။ သူမကိုယ်တိုင်ကသာ တော်ဝင်နန်းတော်ထဲတွင် ပိတ်မိနေမှာ ဖြစ်‌တာကြောင့် ပို၍ သနားစရာကောင်းလှသည်။သို့သ်ောလည်း တောဝင်နန်းတော်သည် သူမအတွက်  ခဏတာနေထိုင်ရန်နေရာ တစ်ခုသာဖြစ်ပြီး ရာဟန်အနားတွင် အမြဲမနေနိုင်ပေ။


ထို့နောက် ရိုစီနာ သည် အုတ်တံတိုင်းနားကိုသွား၍ ခြံဝင်းထဲ ပြန်ဝင်သွားလိုက်၏။ထိုအချိန်တွင် နန်းတော်ရှေ့၌ မတ်တပ်ရပ်ပြီး ဟိုဒီလှည့်ပတ်ကြည့်နေသော ရာဟန်ကို တွေ့လိုက်ရသည်။


"လမ်းလျှောက်နေတာလား" 


ရာဟန်က နံရံကိုမှီထားပြီ ရပ်နေရာမှ ရိုစီနာ အနားကို လာပြီး မေးလိုက်သည်။ ရိုစီနာ က တစ်ခုခုပြောဖို့ ပြင်လိုက်သော်လည်း သူက ကလေးကိုသာ အကြည့်ရောက်နေတာကြောင့် သူမလည်း မပြောမိတော့ပေ။


 "ကိုယ် ကလေးကို ပွေ့ထားပေးမယ်"


ပြောပြောဆိုဆိုနှင့်၊ရာဟန်က လက်ကမ်းပေးလိိုက်သော်လည်း အီလီယန်ကမူ အမေဖြစ်သူ၏ လည်ပင်းကိုသာ အတင်းဖက်ထားတော့သည်။


 "ကလေးကို ပွေ့ရတာ အကြာကြီး ဆိုတော့ မင်း ပင်ပန်းနေမယ် ထင်တယ်"


အီလီယန် သည် အမေဖြစ်သူ ပင်ပန်းနေမည်ဟု ရာဟန်က ဆိုလာတာကြောင့် ဖက်ထားရာမှ အသာလေး လွှတ်ပေးလိုက်သည်။သို့သော်လည်း ရာဟန်ရင်ခွင်ထဲကို ဝင်မလာဘဲ သူ့ဘာသာသူ မတ်တပ်ကလေး ရပ်နေလိုက်၏။


ရာဟန်သည်  အီလီယန် ၏ အပြုအမူကို အံ့သြသွားရသည်။ထို့နောက် ချက်ချင်းပင် နန်းတော်ထဲမဝင်ခင် ရိုစီနာအား သိသင့်သိထိုက်သည့်ကိစ္စအား ပြောပြလိုက်သည်။


 "အင်း… မင်္ဂလာဆောင်ရက်ကို သတ်မှတ်ပြီးပြီ"


ချက်ချင်းပင် တည်ငြိမ်နေသော အီလီယန်မှာ တုန်လှုပ်ချောက်ချားသွားသည်။