Chapter 19
အက်စတာရော့ မိသားစု.....
လက်ဖက်ရည်သောက်နေစဉ် အေးချမ်းသော နံနက်ခင်းတစ်ခု၌ အရောင်အသွေးစုံသော စားပွဲပေါ်ရှိ ငွေရောင်သုံးဆင့် ဗန်းထဲတွင် အချိုပွဲများအပြည့် တင်ထားသည်။ မြင့်မြတ်သော မိသားစုအတွက် အသင့်တော်ဆုံးသော လက်မှုပညာရှင်များမှ ပြုလုပ်သော ပိုးထည် စားပွဲခင်းများနှင့် ထိုင်ခုံများကို မက်စယ်လာ နှင့် ရာနီယာ တို့က ဝယ်ယူထားသည်။
လက်ဖက်ရည်သောက်နေသည့် ရာနီယာအက်စတာရော့ က လက်ဖက်ရည်ခွက်ကို အတတ်နိုင်ဆုံး သပ်သပ်ရပ်ရပ် လှလှပပ ပြန်ချထားလိုက်သည်။ဤလက်ဖက်ရည်သည် သူမသောက်ဖူးသည့် လက်ဖက်ရည်များထက် အဆင့်အတန်း နိမ့်သော်လည်း သိပ်မဆိုးလှပေ။သို့သော် သူမ မျက်နှာမှာ ဆူပုပ်လျက်ရှိ၏။
“အမေ”
ရာနီယာ သည် အမေဖြစ်သူ မက်စယ်လာ ကို ခေါ်လိုက်ရာ သူမက ပြန်မထူးဘဲ မျက်လုံးသာ ပြန်ဝင့်ကြည့်လိုက်သည်။
"ကွာရှင်းချင်တယ်"
သူမ စကားက ဗုံးတစ်လုံးလိုပင် ပေါက်ကွဲအားပြင်း လှတာကြောင့် မက်စယ်လာ က ရာနီယာ ကို အံ့သြတကြီးနှင့် ကြည့်နေမိသည်
ထို့နောက် ရာနီယာ က သက်ပြင်းတစ်ချက်ချကာ ညည်းတွားလိုက်သည်။
"မနေ့က သမီးတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေ…ဒါပေမယ့် သမီး ယောက်ျားက သမီးကို ပန်းလေးတစ်စည်းတောင် မပေးခဲ့ဘူး…အမေ သိတယ်မဟုတ်လား"
“ဟုတ်တယ်…လွန်လွန်းတယ်"
အမေဖြစ်သူက ထောက်ခံလိုက်သောအခါ ရာနီယာသည် ပီတိဖြစ်ကာ ခင်ပွန်းဖြစ်သူ၏ အတင်းအဖျင်းကို ပြောဆိုနေတော့သည်။ထို့နောက် ကျက်သရေ မင်္ဂလာမရှိစွာပင်၊ ညည်းညူသံများက သူမ ပါးစပ်မှ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ထွက်ကျလာသည်။ ခင်ပွန်းသည်ကို အချိန်အတော်ကြာ ကျိန်ဆဲလိုက်ပြီးမှ ရာနီယာ သည် စိတ်သက်သာရာရသွားပုံဖြင့် သူမကိုယ်သူမ ရေရွတ်လိုက်သည်။
“သူက မြို့စားမင်းဖြစ်လာလို့…ကျေးဇူးတော့တင်ပါရဲ့"
လွန်ခဲ့သောတစ်နှစ်က ရာနီယာ သည် မြို့ဝန်မင်း မိသားစု၏ ဒုတိယသားနှင့်လက်ထပ်ခဲ့သည်။ သူ့မှာ အမွေဆက်ခံနိုင်သော ရာထူးမရှိတာကြောင့်၊ မြို့ဝန်မင်း ၏ ဒုတိယသားသည် မြို့စားမင်းဖြစ်လာသည်။ မြို့စားမင်း ရာထူးမှာ၊စင်စစ် ဂုဏ်အသရေပျက်သွားပြီး နာမည်တစ်ခုသာကျန်ရှိတော့သော ရာထူးတစ်ခုပင်။ မြို့စားမင်းဖြစ်လာသော သူသည် မြို့ဝန်မင်း မိသားစုမှ ပေးလိုက်သောငွေဖြင့် သူမတို့ မိသားစု၏ ကြွေးမြီများကို အတိုင်းအတာတစ်ခုအထိ ပြန်လည်ပေးဆပ်ခဲ့သည်။ သို့သော်လည်း ရာနီယာ နှင့် မက်စယ်လာ တို့ကတော့ မကျေနပ်ပေ။ အကောင်းဆုံးဆိုသည် စည်းစိမ်များကို စိတ်တိုင်းကျ သုံးဖြုန်းခဲ့သော သူမတို့အတွက်၊ ထိုချမ်းသာမှုအဆင့်သည် ကျေနပ်ဖွယ်မရှိပေ။
အထူးသဖြင့်၊ ရာနီယာ သည် သူမ ခင်ပွန်းအပေါ် မကျေနပ်မှုများ တစ်စတစ်စ ကြီးထွားလာသည်။ သူမကျေးဇူးကြောင့် သူသည် မြို့စားမင်း ဖြစ်လာသော်လည်း သူမအတွက် အကောင်းဆုံးမလုပ်နိုင်ခဲ့။ ထို့အပြင် ရုပ်ရည်သာမာန်သာရှိသော ခင်ပွန်းကြောင့် တစ်နေ့မှ စိတ်မချမ်းသာရပေ။သူမလို ရုပ်ရည်ချောမောသည့် ခင်ပွန်းကို မရလျှင်တောင် အနည်းဆုံး မြို့ဝန်မင်း သို့မဟုတ် ဝန်ထောက်မင်း ရာထူး ရှိသင့်သည်။
နောက်ဆုံးတွင် မကျေနပ်မှုများနှင့် ပြည့်နှက်နေသော ရာနီယာ သည် အရာအားလုံးအတွက် ရိုစီနာ ကို အပြစ်တင်ခဲ့သည်။ အကယ်၍ ရိုစီနာ သာ ထွက်မပြေးခဲ့ပါက၊ သူမသည် အဆင့်နိမ့်သော မြို့ဝန်မင်း၏ ဒုတိယသားနှင့် လက်ထပ်စရာမလိုဘဲ အရင်ကလိုပင် သူမလည်း ဘဝကို ဖြတ်သန်းနိုင်မည်ဖြစ်သည်။
"အမေ…သမီးတော့ အပြစ်တင်ခံရတော့မယ်"
ခင်ပွန်းဖြစ်သူကို ယခုမှ ဆဲဆိုထားသည့် ရာနီယာ မှာ မှုန်ကုပ်ကုပ်ဖြစ်နေသည်။
"ဘာကိုဆိုလိုတာလဲ"
“သမီးတို့ အိမ်ထောင်ကျတာ တစ်နှစ်ရှိပြီ…ဒါပေမယ့် သမီးတို့ ဘာသတင်းမှ မကြားရသေးဘူး…”
မက်စယ်လာ သည် စိတ်ဓာတ်ကျနေသော သမီးငယ်ကို မြင်သောအခါ လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး အော်ပြောလိုက်သည်။
"မြို့စားမင်းက ဆူမယ်လို့ ပြောချင်တာလား…သမီး ကလေးမရနိုင်တဲ့ ကိစ္စကို"
သူမ မတ်တပ် ထရပ်လိုက်ပြီး ရာနီယာကို ကြည့်လိုက်သည်။ ရာနီယာ သည် ဘာမျက်ရည်မှာမထွက်သော မျက်လုံးကို ဟန်ဆောင်ကာ သုတ်လိုက်သည်။
"မဟုတ်ပါဘူး…သမီး ထင်တာပြောတာပါ"
ရာနီယာ ၏ ညည်းညူသံကြောင့် မက်စယ်လာ မျက်နှာထား တင်းသွားသည်။အရင်တစ်ခါကလည်း မြို့စားမင်းကို ထိုကိစ္စနှင့်ပတ်သတ်၍ ရာနီယာအား မဆူရန် ငြင်းခုန်ရန်ဖြစ်ခဲ့ရသေးသည်။ သို့သော်၊တစ်ခါပြောပြီးဖြစ်၍ နောက်တစ်ခါထပ်ပြောလိုက်ပါက အခြေအနေများ တင်းမာလာနိုင်သည်။ မည်သို့ပင်ဆိုစေ၊ ယခု သူသည် မြို့စားမင်းအက်စတာရော့ အသစ်ဖြစ်လာတာကြောင်ြ သူမတို့နှစ်ယောက်အတွက် ငွေရှာပေးနေသော နွားကြီးတစ်ကောင်ပင်။
"ရာနီယာ…အမေက နောက်ကျရင် အဲ့ဒီ မြို့စားမင်းကောင်ကို ကောင်းကောင်းကြီး ဆူတော့မှာမို့ မငိုနဲ့တော့ "
ရာနီယာ လည်း ခေါင်းညိတ်လိုက်သည်။ ကမ္ဘာပေါ်ရှိလူတိုင်းက သူမကို နှိမ့်ချဆက်ဆံကြသော်လည်း ကံကောင်းစွာပင်၊ အမေက သူမဘက်တွင်ရှိနေသေးသည်။
စိတ်သက်သာရာ ရသွားသော ရာနီယာ သည် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
"အစ်မသာ ပြန်ရောက်လာရင် ဒီလိုဖြစ်မှာမဟုတ်ဘူး..."
ထိုစကားများသည် မက်စယ်လာ စိတ်ကိုဆွပေးလိုက်သလိုပင်။ထို့နောက် မက်စယ်လာ ကလည်း ယပ်တောင်ကို ဖျတ်ကနဲ ပြန်ပိတ်ကာ ပြောလိုက်သည်။
"မေ့လိုက်တော့… သူမက ငါတို့ကို တစ်ယောက်တည်း ရှင်သန်ဖို့ ထားခဲ့ပြီ…တစ်ကယ့်ကို တစ်ကိုယ်ကောင်းဆန်တဲ့ ကလေးပဲ”
မက်စယ်လာ ၏ နှုတ်ခမ်းများသည် ဒေါသကြောင့် တုန်ခါသွားသည်။
“သူမလို မြင့်မြတ်တဲ့ မိသားစုက လာတဲ့ သမီးက အိမ်ကနေထွက်ပြေးရင် ဘယ်သွားနိုင်မှာလဲ… လမ်းပေါ်မှာပဲ သေသွားမှာ”
ရာနီယာ က သဘောကျစွာ ပြုံးလိုက်ပြီး လက်ဖက်ရည်ခွက်ကို ထပ်ကိုင်လိုက်ရင်း အမေဖြစ်သူ ရှေ့တွင် အချိုပွဲ ချပေးလိုက်သည်။
“အမေ… ဒါ စားဖိုမှူးအသစ်လုပ်ထားတဲ့ ကွတ်ကီး…အမေ ကြိုက်မယ်ထင်တယ်…စားကြည့်ပါဦး"
"ငါ့သမီးကမှ အမေ့အပေါ်ကို အရမ်းသိတတ်တာ"
ယခုအချိန်သည် အမေနှင့်သမီးတို့ ဖော်ဖော်ရွေရွေ စကားစမြည်ပြောကြသည့် အချိန်ဖြစ်သည်။
ထိုစဉ် အစေခံတစ်ဦး ရောက်လာပြီး လက်ထဲမှ စာကို ပေးလိုက်သည်။
"သခင်မ… စာတွေ ရောက်နေပါတယ်"
"စာတွေ"
မက်စယ်လာ သည် ချက်ချင်းပင် စာများကို ကောက်ကိုင်လိုက်သည်။ စာနှစ်စောင်အနက် တစ်စောင်မှာ လက်ဖက်ရည်ပွဲ ဖိတ်စာဖြစ်သည်။သူမလည်း ချက်ချင်းပင် ဖတ်ပြီး အောက်ကို ပစ်ချလိုက်သည်။
"နင်က ငါတို့မိသားစုဆီက ဘာလိုချင်လို့လဲ"
သူမတို့သားအမိအား အဆင့်အတန်း မတူသူတစ်ယောက်က လာဖိတ်နေသဖြင့် စိတ်ဆိုးသွားရခြင်းပင်။သူ့ဘာသာသူ ဘာပဲ ဖြစ်နေပါစေ၊သူမက ယခင် မြို့စားမင်း အက်စတာရော့၏ ဇနီးသည် ဖြစ်၏။
စိတ်ဆိုးသွားသည့် မက်စယ်လာ သည် အခြားစာအိတ်ကို စစ်ကြည့်လိုက်သည်။ လေးထောင့်ရှိပြီး ရွှေရောင်ဖောက်ထားသော စာအိတ်သည် နေရောင်ထဲတွင် တောက်ပနေသည်။
မက်စယ်လာ သည် စာအိတ်ပေါ်ရှိ တံဆိပ်ကို ကြည့်လိုက်ရာ တော်ဝင် တံဆိပ်ဖြစ်နေတာကြောင့် သူမလည်း အံ့ဩသွားပြီး စာအိတ်ကို ဖတ်ကြည့်လိုက်သည်။ တော်ဝင်မိသားစုက သူမတို့ဆီကို ဆယ်နှစ်အတွင်း ပထမဆုံးအကြိမ် စာလာပို့ခြင်းပင်။အရေးကြီးသော ကိစ္စတစ်ခုရှိလျှင်ပင် တော်ဝင်မိသားစုသည် သူမတို့ မိသားစုအား မဖိတ်ဘဲချန်ထားလေ့ရှိသည်။
ဒါပေမယ့် ဒီတခေါက် ဘာလို့ စာပို့တာလဲ…
"အမေ"
စာအိတ်ကိုကြည့်နေသည့် ရာနီယာ စာအိတ်ကို ဖောက်ခိုင်းလိုက်သည်။ထိုအခါမှ မက်စယ်လာ သည် ဖယောင်းတံဆိပ်ကို ဖြည်းညှင်းစွာ ဆုတ်ဖြဲလိုက်သည်။ချောမွေ့နူးညံ့သော စာရွက်တစ်ရွက်ကို ထုတ်၍ ဖြန့်လိုက်သောအခါ ရေးထားသော စာလုံးပြောင်ပြောင်များကို မြင်လိုက်ရသည်။
မက်စယ်လာ နှင့် ရာနီယာ တို့သည် အချင်းချင်း ပူးကပ်ကာ စာကိုဖတ်လိုက်ကြသည်။ ကြီးကျယ်ခမ်းနားစွာ ရေးထားသော်လည်း အောက်ခြေစာကြောင်းရောက်မှသာ မင်္ဂလာပွဲရှိကြောင်း သဘောပေါက်သွားတော့သည်။သူမတို့လည်း အောက်ခြေမှာ ရေးထားသည့် သတို့သမီးနှင့်၊သတို့သား တို့၏ အမည်များကို ဖတ်ကြည့်လိုက်ရာ မျက်လုံးများက ပေါက်ထွက်တော့မတတ်ပင်။ သတို့သားဘက်မှ ရေးထားသော နာမည်မှာ တတိယမင်းသားဖြစ်သည်။ တတိယမင်းသားက လက်ထပ်တော့မည်ဟု ဆို၍ အတော်လေး အံ့ဩစရာကောင်းလှသည်။သို့သော်လည်း သူမတို့နှစ်ယောက်ကို ထိတ်လန့်စေမည့် ကိစ္စမှာ သတို့သမီး၏ နာမည်ပင် ဖြစ်လေသည်။
[သတို့သမီး – ရိုစီနာ အက်စတာရော့]
ရိုစီနာ အက်စတာရော့ ဟူသော အမည်ကို အကြိမ်ကြိမ် ဖတ်ကြည့်ပြီးပြီဖြစ်သော မက်စယ်လာ သည် စာကိုစားပွဲပေါ်တင်လိုက်သည်။ နာမည်တူသည့် တခြားတစ်ယောက်လားဟု တွေးမိသော်လည်း မိသားစုမျိုးရိုးနာမည်ကိုပါ ထည့်ရးထားခြင်းဖြစ်သည်။
ထို့နောက် သားအမိနှစ်ယောက် အကြည့်ချင်းဆုံသွားရသည်။ထိတ်လန့်တုန်လှုပ်သွားသည့် သားအမိမှာ မျက်လုံချင်စ စကားပြောနေပြီး တစ်ကယ်ဟုတ်မဟုတ် အချင်းချင်း မေးနေကြလေသည်။
“ဒီမှာ ရေးထားတာက အစ်မ နာမည် ဟုတ်လား”
"ထင်တာပဲ…သတို့သားကလည်း...တတိယမင်းသား မဟုတ်လား"
တတိယမင်းသား၏ ကောလဟာလများကို သူတို့အားလုံး ကောင်းကောင်းသိကြသည်။
တတိယမင်းသားနဲ့ ရိုစီနာ က လက်ထပ်ရတယ်လို့....
"သူမ ဘာလုပ်လိုက်တာလဲ"
မက်စယ်လာ သည် သူမ ပါးပြင်များကို လက်နှစ်ဖက်ဖြင့် ပွတ်သပ်ကာ သက်ပြင်းချလိုက်သည်။ မိသားစု၏ သဘောတူညီချက်ကို မတောင်းဆိုဘဲ အကြောင်းကြားစာကဲ့သို့ ဝင်လာသော မင်္ဂလာဖိတ်စာကြောင့် တစ်စုံတစ်ခု အဆောတလျင် ဖြစ်ခဲ့ပုံရသည်။
"သူမက စိတ်မနှံ့ပြီး ရုပ်ဆိုးတဲ့ တတိယမင်းသားကို လက်ထပ်ဖို့ အိမ်ကထွက်သွားတာလား"
ရာနီယာက ရှုတ်ချစွာ ညည်းညူလိုက်သည်။ သမီးငယ် စကားကို တိတ်တဆိတ်နားထောင်ရင်း မက်စယ်လာ သည် တစ်ကိုယ်တည်း တွေးနေမိလေသည်။ စာရွက်ကို သူမ ထိလိုက်တိုင်း တဖျစ်ဖျစ် အသံထွက်လာသည်။ တတိယမင်းသားသည် ရုပ်ဆိုးသော်လည်း၊ သူသည် တော်ဝင်မိသားစုဝင်တစ်ဦး ဖြစ်သည်။ တော်ဝင်မိသားစုနှင့် ယောက္ခမများ ရှိလျှင် သူမတို့မိသားစု၏ အနေအထား မှာ ကွာခြားသွားပေလိမ့်မည်။ထို့အပြင် သူမတို့ကို လျစ်လျူရှုထားသော မှူးမတ်များမှာလည်း တုန်လှုပ်သွားမည် ဖြစ်သည်။
"ရာနီယာ"
"ဟင်"
ရာနီယာ ကလည်း ချက်ချင်း ခေါင်းမော့လိုက်ရာ မက်စယ်လာ သည် အရေးအကြောင်းများ ပေါ်လာသည်အထိ ပြုံးပြလိုက်သည်။
“ဟိုးအရင်တုန်းက အမေတို့ရဲ့ ဂုဏ်သိက္ခာကို ပြန်ရဖို့ အခွင့်အရေးကတော့ ရောက်လာပြီ"
ရာနီယာ၏ မျက်လုံးများ ဝိုင်းစက်လာရပြီး အမေဖြစ်သူ ပြောသည်ကို သူမ နားမလည်သလိုပင်။ထပ်မရှင်းပြတော့သည့် မက်စယ်လာ က နောက်မှာ ရပ်နေသည့် ကျွန်ကို စာရွက်တစ်ရွက်နှင့် ဘောပင် ယူလာခိုင်းလိုက်၏။ အစေခံကလည်း သွားယူစဉ် သူမက စားပွဲကို ဗြန်းကနဲ ပုတ်လိုက်သည်။
“ဖိတ်ကြားချက်ကို ကြည့်လိုက်တော့ သူမက တော်ဝင်နန်းတော်မှာ နေနေတာဖြစ်မယ်"
"ဒါဆို အစ်မကို အိမ်ပြန်လာခိုင်းလိုက်မှ ရမယ်"
***
အိပ်ယာဘေးမှာ ရှိနေသည့် မီးခိုးရောင်အလင်းတန်းတွေက အုံ့ဆိုင်းနေသည့်ပန်းတစ်ပွင့်လိုပင်။ ရိုစီနာ သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော အီလီယန် ခေါင်းကို ပွတ်သပ်လိုက်သည်။အီလီယန်သည် မအိပ်ခင် သူမအား သီချင်းနှင့် ချော့သိပ်ခိုင်းခဲ့ခြင်းဖြစ်သည်။
ရိုစီနာ သည် အီလီယန် ဘေးတွင် တစ်စောင်းလေး လှဲနေလိုက်ပြီး အခန်းပတ်ပတ်လည်ကို ကြည့်လိုက်သည်။ စားပွဲတစ်လုံး၊ ကုလားထိုင်တစ်လုံး မှတစ်ပါး၊ ဘာမှမရှိပေ။
"ပုံပြင်စာအုပ်တွေ ရှိစေချင်တယ်"
သူမသည် တော်ဝင်နန်းတော်ထဲသို့ ဖုတ်ပူမီးတိုက် ဝင်လာသောကြောင့် ဘာမှ မယူခဲ့ရပေ။ သူမ အပြင်ထွက်ခွင့်ရလျှင် အီလီယန် အတွက် အဝတ်အစားများနှင့် အရုပ်များ ဝယ်ပေးချင်မိသည်။
ခဏကြာသောအခါ ရိုစီနာ သည် အိပ်မပျော်တာကြောင့် အိပ်ရာမှ ထလိုက်သည်။ ထို့နောက် စောင်ကို အီလီယန် ရင်ဘတ်ပေါ် ဆွဲတင်ပေးလိုက်စဉ် အပြင်ဘက်မှ စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။
ရိုစီနာ တံခါးကို ချက်ချင်းဖွင့်လိုက်ရာ လရောင်အောက်တွင် ရပ်နေသည့် ရာဟန်ကို တွေ့ရသည်။
"ဘာဖြစ်တာလဲ…"
"ကိုယ်တို့ စကားပြောရအောင်လို့ပါ"
သူမ သဘောပေါက်သွားပြီး ခေါင်းညိတ်လိုက်သည်။
- မင်္ဂလာဆောင်မယ့် ရက်ကို သတ်မှတ်ပြီးပြီ…
နေ့ခင်းဘက်တွင် သူပြောထားသည့်ကိစ္စကို ယခုမှ သတိရလာသည်။
နေ့လည်က အီလီယန် သည် သူမဘေးတွင် ရှိနေတာကြောင့် သူ့ကို နောက်မှ စကားပြောရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ရိုစီနာ သည် အီလီယန် ကို တစ်ချက်ကြည့်လိုက်သည်။စောစောကမှ အိပ်ပျော်သွားတာမို့ ဤအခန်းထဲမှာ စကားပြောလျှင် ပြန်နိုးလာနိုင်သည်။
"အပြင်မှာ စကားပြောရအောင်"
ရာဟန်ကလည်း နောက်ကိုဆုတ်၍ လမ်းဖယ်ပေးလိုက်သည်။ထို့နာက် ရိုစီနာ သည် တံခါးကို အသာပိတ်ပြီး သူ့ရှေ့မှာ ရပ်လိုက်သည်။
အားလုံး အိပ်ပျော်နေချိန်ဖြစ်၍ စင်္ကြံပေါ်က သူမတို့ ခြေသံများသာ တိတ်တဆိတ် ထွက်ပေါ်လာသည်။ နှစ်ယောက်သား နန်းတော်ထဉမှ ထွက်လာသည့်တိုင်အောင် ဘာစကားမှ မပြောဖြစ်သေးပေ။
"မင်္ဂလာဆောင်က ဘယ်အချိန်လဲ"
"နှစ်ပတ်အတွင်း"
“မြန်လိုက်တာ”
မင်းမျိုးမင်းနွယ် အများစုသည် လက်ထပ်ထိမ်းမြားဖို့ကိစ္စအား စီစဉ်ရန် လပေါင်းများစွာ စီစဉ်တတ်ကြသည်။
"နှစ်ပတ်အတွင်းဆို အကောင်းဆုံးမင်္ဂလာပွဲဖြစ်မှာပါ"
ရိုစီနာ သည် ထိုသို့ပြောလိုက်ပြီး သူ့ကို စိုက်ကြည့်နေသည်။
"ဘာဖြစ်လို့လဲ"
ထိုအကြည့်က ဘာမှန်းမသိတာကြောင့် ရာဟန် ကြောင်တက်သွားကာ ပြန်မေးလိုက်၏။သို့သော် သူမက ရိုစီနာ က ဘာမှပြန်မပြောသဖြင့် သူလည်း အိုးတိုးအမ်းတမ်းဖြစ်သွားရသည်။
ထို့နောက် ရိုစီနာသည် အတန်ကြာပြီးမှ စကားစလိုက်သည်။
"ရှင်က တတိယမင်းသား မဟုတ်လား"
ရာဟန် ဘာမှပြန်မပြောနိုင်။ အချိန်အတော်ကြာပြီးမှ သူလည်း အကြည့်ကို တစ်ဖက်လွှဲကာ ပြန်ဖြေလေသည်။
"ဟုတ်တယ်… ကိုယ်က တတိယမင်းသားပါ"
စကားဆုံးသည်နှင့် တစ်ပြိုင်နက်၊ တတိယမင်းသားနှင့် ပတ်သက်သည့် ကောလာဟလများသည် ရိုစီနာ ခေါင်းထဲကို ဝင်လာခဲ့သည်။ ထိုစကားများသည် ချီးမွမ်းစကားတစ်ခွန်းမှ မပါဘဲ ဆိုးသွမ်းသည့် စကားများပင်။
သူက အရုပ်ဆိုးတဲ့ အရူးဆိုတာလား…
ရိုစီနာ မယုံနိုင်စွာဖြင့် သူ့ကို ကြည့်နေမိလေသည်။